Sunday, October 23, 2011
သံတူ ကြောင်းကွဲ
နေညိုချိန်တိုင်း
ဒီမြင်ကွင်းကိုမှတ်မှတ်ရရ
အဆိပ်တောက်သီးတွေ ပြည့်နှက်
ငါကတော့
သူမကို ဘာသစ်သီးမှ မစားစေချင်ဘူး
အိပ်စက်ချိန်တိုင်း
အိပ်မက်မက်လိုက်ပါ
စံချိန်မီ ညှို့မျက်ဝန်းတွေရဲ့ ရာဇ၀င်
ငါ တတ်စွမ်းသမျှ ရေးသား
ဒီမိုးစက်တွေ
ငါ့ဦးခေါင်းကို မထိခင်
ဟော ဟိုသစ်ပင်အိုမှာ
ငါ့ မှတ်တမ်းတွေ ရှိတယ်
Someone ရေ
ကဗျာဆရာဆိုတာ
မျက်ဝန်းတွေတင် မကဘူး
မျက်မှန်တွေကိုပါ ရင်ခုန်ခံစားတတ်ရတယ်
မင်းရဲ့မျက်မှန် သမိုင်းကြောင်းနဲ့ 
ငါ့ရဲ့ ဂန္တ၀င်မျက်ဝန်း အိပ်မက်
ခံစားတတ်ရင်
ငါတို့ နှလုံးသားတွေ ခုန်နှုန်းမြန်လို့ ရပါသေးတယ်
အချစ်မှာ မူးယစ်ရီဝေခြင်းနဲ့ 
အရက်မှာ မူးယစ်ရီဝေခြင်း
နှိုင်းယှဉ် ဆုံးဖြတ်ရင်း
ငါတို့ ရဲ့ စကားလုံးတွေမှာ
အယ်လ်ကိုဟော နံ့ သင်းခဲ့သလား
နှင်းဆီနံ့  သင်းခဲ့သလား
Someone ရေ
မင်းက မိုးစက်တွေကို သက်ဝင်ရင်ခုန်
ငါကတော့ မိုးရာသီကို အိမ်ဖွဲ့ 
ငါတို့ ကမ္ဘာဦးကို မမီကြပေမယ့်
ကမ္ဘာဦး ပုံပြင်တွေကို
ရင်ခုန်ကြတယ်
မင်းက မင်းရဲ့ ရင်ခုန်သံ ကျယ်ကျယ်မှာ
သီတာမြစ်တစ်စင်း စီးဆင်းစေခဲ့ဖူးသလို
ငါကတော့
ငါ့ဘ၀ အိပ်မက်တွေကို
နတ်သမီး တစ်ပါးဆီမှာ ရင်းနှီးမြုပ်နှံ ခဲ့
တမ်းတချင်တိုင်း တမ်းတ
ရူးသွပ်ချင်တိုင်း ရူးသွပ်ခွင့်ရတဲ့
လူငယ်ဘ၀ရဲ့ ရွှေစင်အချိန်တွေကို
ငါတို့ ဘယ်လို ဈေးဖြတ်ခွင့်ရကြမလဲ
မင်းလည်း မေ့လိုက်ပါ
ငါကတော့
ငါ့ခေါင်းကို အရက်ပုလင်းနဲ့ ရိုက်ခွဲ
ဟိုး အတိတ်တွေကို
မဟူရာ ပိတ်ကား ချလို့ 
မင်းလည်း မေ့ လိုက်ပါ
ပြောခွင့်ရရင် ပြောလိုက်ချင်ပါတယ်
အဲဒီ မျက်ဝန်းဘုရင်မကို
Someone ရေ
မင်းက ကဗျာဆရာ
မင်းလို ငါက မဖွဲ့ နွဲ့ တတ်
အချစ်ဆိုတာ
ဟောဒီ မျက်ဝန်းမှာပဲ လှပတဲ့
အလှတစ်ပါးရဲ့ ကကြိုးဆိုတာ
မင်းသိမှာပါ
ငါက အချစ်ရူး
ရေခဲမုန့် ကလွဲရင်
ရွှေပုစွန်ကိတ်တောင် အကောင်း မမြင်တတ်ခဲ့ဘူး
ဒီလို ရူးမိုက်ရင်းနဲ့ ပဲ
ငါက
မိုးရာသီရဲ့ ဘုရင် ဖြစ်ချင်တာ
လမ်းကြုံရင်ပြောလိုက်ပါ
ငါ လွမ်းနေတဲ့ အကြောင်း
ငါက ငါ့ရဲ့ ဧဒင်ဥယျာဉ်မှာ
ခရမ်းရောင်ပန်းတွေပဲ စိုက်ပျိုးခဲ့
မှားယွင်းခဲ့တဲ့ မျိုးစေ့တွေအတွက်
ဥတုသုံးပါးကို
ခွဲခြမ်းစိတ်ဖြာပြီး ရှင်းမပြချင်ခဲ့
ငါက အမြဲ လက်ကမ်းခဲ့သူပါ
ကမ်းတဲ့လက်ကို
တွဲဆက်ဖို့ နဲ့ ပုတ်ချဖို့ က
သက်ဆိုင်သူတို့  အခွင့်အရေး
ငါ မေ့ခဲ့ပါတယ်
Someone ရေ
အခုချိန်ဆို
မင်းလည်း မင်းအိပ်မက်နဲ့ မင်း
မင်း ဆဲချင်တိုင်း ဆဲလို့ ရတဲ့ မင်း ကမ္ဘာနဲ့ 
မင်း ဖြစ်ချင်တိုင်း ဖြစ်လို့ ရတဲ့ မင်းကမ္ဘာနဲ့ 
မင်းလည်း သိပြီပေါ့
အသည်းကွဲတယ်ဆိုတာ
လူအချို့မြင်တွေ့ခွင့် မရလိုက်တဲ့
နေကြတ်ချိန်ဆိုတာ
မေ့လိုက်ပါ မင်းရဲ့ အမှတ်တရ နှစ်တွေကို
မေ့လိုက်ပြီ ငါ့ရဲ့ အမှတ်တရ နေ့ ရက်တွေကို
ဒီလိုနဲ့ 
မင်း ရင်ခုန်သက်ဝင်ခဲ့တဲ့ မိုးစက်တွေနဲ့ 
ငါ အိမ်ဖွဲ့ ခဲ့တဲ့ မိုးရာသီကြားမှာ
သူတို့ ပြောတဲ့ ရေပွက်တွေ
ဗွက်အိုင် ဖြစ်ခဲ့ပြီ
မင်းလည်း မေ့လိုက်ပါ။
မိုးအိမ်လူ
13 Jun 2009
No comments:
Post a Comment