Thursday, October 27, 2011

လွမ်းလို့ မက်တဲ့ အိပ်မက်




ဘာတွေ မက်မောမိခဲ့သလဲ အိပ်မက်ငယ်.. နေ့တွေ ညတွေ  မဟုတ်ဘူး ညတွေ ညတွေဟာ ကဗျာမဆန်ခဲ့တာ နှစ်ရှည်ကြာခဲ့ပြီ။
လက်တွေ့ကျကျ နာကျင်မှုတွေကို တစိမ့်စိမ့်ကိုက်ဝါးရင်း ကိုယ် တစ်ယောက်တည်း ဆွေးနေမိခဲ့တယ်။
အမှောင်တိုက်တို့ သိပ်သည်းလှချည်ရဲ့။
လွင့်မျောခဲ့ပြီးသား တိမ်တိုက်တစ်အုပ်ပေါ်မှာ တွေဝေစွာ ထိုင်ပြီး မိုးကုပ်စက်ဝိုင်းကို ကိုယ်တစ်ယောက်တည်း ငေးမော..။
အသက်ရှူရတာ ကျပ်တည်းလာသလိုလို.. နောက်… အသက်ရှူရမှာ ရွံ့ထိတ်လာသလိုလို..
အိပ်တန်းပြန် ငှက်တို့ရေ… အိပ်မက်လှလှ တစ်ပုဒ်လောက် စွန့်ကြဲလှည့်ပါ။
*
အရပ်ဒေသတွေရဲ့ ဝေးကွာမှုမိုင်တိုင်တွေနဲ့အတူ စိတ်ခံစားမှုတွေလည်း ဝေးကွာခဲ့တာ ဘယ်လောက်ကြာခဲ့ပြီ လဲ   အိပ်မက်ငယ်။
ယုံကြည်မှု တစ်ခုနဲ့ပဲ ကိုယ့် အချစ်တွေကို အလွမ်းအဖြစ် ကူးပြောင်း ..ပျော်ရွှင်မှုတွေအတွက် အခုအချိန်မှာ နာကျင်နေရတယ်။
အချစ်မှာ တစ် နှစ် မရှိဘူး။ အဲဒါ သေချာတယ်။ အိပ်မက်ငယ်.. အချစ်မှာ တကယ်ပဲ အချစ် တစ် အချစ် နှစ် ဆိုတာ မရှိပါဘူး။
အချစ်ဟာ အချစ်တစ်ခုတည်းနဲ့။ အို .. ကိုယ် ဘာလို့ ဒီလောက် အားငယ် ဆွေးမြည့်နေမိပါလိမ့်။
အနောက်ဘက် အနက်ဖျော့ကောင်းကင်မှာ ကြယ်စင်တစင်း လင်းလက်တောက်ပလို့။ ကိုယ် အားကျမိခဲ့တယ်။
*
တစ်ချိန်ချိန်မှာတော့ တစ်ခုခု ဟာ သေချာမှုအဖြစ် တည်ရှိလာမှာပါ အိပ်မက်ငယ်။
အတိတ်က အနမ်းတွေ ကို လွမ်းခဲ့ပြီးပြီ။ အတိတ်က ရနံ့တွေကို တမ်းတပြီးခဲ့ပြီးပြီ။ အတိတ်က ပုံရိပ်တွေကို အောက်မေ့ပြီးပြီ။
ဘာတွေ ကျန်နေဦးမလဲ။ လွမ်းစရာလေးတွေကို စီစစ်ရေတွက်ရင်း ကိုယ့်မှာ အထီးကျန်မှုရဲ့ အနိုင်ကျင့်မှုကို လည်စင်းခံ။
လောကကြီးရယ်.. အလှတရားတို့ ဖူးပွင့်လှည့်ပါတော့။ ကြည်လင် လန်းဆန်းမှုတစ်ခု ဖြစ်ဖို့ ဘာတွေ လိုအပ်သလဲ မသိပေမယ့်
ကိုယ့်အတွက် အလှတရားတွေ ဖူးပွင့်ပေးလှည့်ပါတော့နော်။
ကိုယ်တစ်ယောက်တည်း မက်ခဲ့တဲ့ အိပ်မက်ငယ်လေး.. အခုအချိန်မှာ ချစ်စကားမဆိုနိုင်ပေမယ့် လွမ်းတေးလေးတွေတော့ ကိုယ် သီဆိုနေမိတယ် အိပ်မက်ငယ်ရယ်။
*
ကိုယ်စီ ကိုယ်စီ အချစ်တွေ ဖူးပွင့်နေကြတဲ့ ရောင်စုံ ဥယျာဉ်ကြီးထဲမှာ ကိုယ်တစ်ယောက်တည်း လွမ်းရနံ့တွေ သင်းဝေပြနေရတာတော့
သိပ်မကောင်းလှဘူး။
သို့သော်
ကိုယ် လွမ်းနေပါတယ် အိပ်မက်ငယ်။
ဖြူစင်ရိုးရှင်းစွာပဲ
ကိုယ်
လွမ်းနေပါတယ်
အိပ်မက်ငယ်။
*

မိုးအိမ်လူ

ငရဲတံတိုင်းမှာ လေလွင့်မိတဲ့သူ




အရှေ့ဘက်ကောင်းကင် နယ်နိမိတ် အစပ်မှာ အလင်း တစ်စ တိုးထွက်လာနေပြီ။ ကိုယ်တစ်ယောက်တည်း မှောင်မိုက်နေရတဲ့ ညတစ်ညဟာကုန်ဆုံးတော့မယ် ထင်ပါရဲ့။ မမျှော်လင့်ခဲ့ဖူးပါဘူး။ ဒီလို နာကျင်ရက်စက်မယ့် မီးအိပ်မက်တွေ ရွာသွန်းလာမယ်လို့။ ပြီးဆုံးခဲ့ပြီလို့ ကိုယ် မပြောပါဘူး။ ဒါပေမယ့် ဒါဟာ အစ လည်းမဟုတ်ပြန်ဘူး။
ဖေဖေ ၊ မေမေ အတွက် ကောင်းကျိုး မပေးနိုင်တဲ့ သားလိမ္မာတစ်ယောက်ပါ။ ချစ်သူအတွက် ပျော်ရွှင်မှုတွေ မပေးနိုင်တဲ့ လက်တွဲဖော်ကောင်းတစ်ယာက်ပါ။ မှားခဲ့သူက ကိုယ် လို့  သူတို့ ပြောကြတယ်။ တကယ် ကိုယ် မမှားခဲ့တာ ကိုယ် ကိုယ်တိုင်ပဲ သိခဲ့တဲ့ အမှန်တရား တစ်ခု။ နေခြည်ထွေးတို့ အနွေးဓာတ်လွန်ကဲနေပြီ။

သိဟ်ရာသီ ဦး မိုးကောင်းကင်ဟာ ကိုယ့်ဘ၀ရဲ့ ကိုယ်ပွားများလား။ တိမ်တိုက်တို့ ထွန့်ထွန့်လူးနေကြတာ ကောင်းကင်ရောင်ကို ပျောက်လို့။ ကိုယ် မဆိုချင်တဲ့သီချင်းတွေထဲမှာ ဒီသီချင်းလည်း ပါတယ်။ ကိုယ် တစ်ယောက်တည်း သွေး တစိမ့်စိမ့်ထွက်ခဲ့ရတဲ့ နေ့စွဲ နီတွေ..။ စေတန်ရဲ့ လက်ဖ၀ါးတော်မှာ ကိုယ့်နာမည်ကို သူတို့ အသေရေးထွင်းလိုက်တယ်လေ..။

သည်းခံလိုက်ပါ ...လူလေး ။ သည်းခံခြင်းဟာ အရာရာကို အောင်နိုင်ပါတယ်..... လို့
ကောင်းကင်ကြီးက ပြောတယ်။
ဒါတွေဟာ ခွန်အားတွေပဲ ..သူငယ်ချင်း..။ နာကျင်မှုတွေဟာ မီးတောက်ကောင်းတစ်ခုဖြစ်ဖို့ အကောင်းဆုံး လောင်စာတွေပဲ... လို့  
မြစ်ကျဉ်းက ပြောတယ်။
ကိုယ် တစ်ယောက်တည်း လူသံ ကင်းတဲ့ လွင်ပြင်ကြီးမှာ ရင်ကွဲပက်လက်...။
ဒါတွေဟာ အိပ်မက်တွေပဲ.... မိုးသောက်ရင် အလင်းနဲ့အတူ အရာအားလုံး ကွယ်ပျောက်သွားမှာပါ... လို့
လမင်းလေးက ပြောတော့
အရာအားလုံးထဲမှာ သစ္စာတရားကော ပါတာလားဟင်...လို့ 
ကြယ်ကလေးက ခရီးတစ်ထောက် ၀င်မေးတယ်။
ကိုယ်ကတော့ ကိုယ်ပိုင်ဆိုင်တဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ်ကို သူတို့ဆီ မှုတ်ထုတ်လိုက်တယ်။ ခုနှစ်စဉ်ကြယ်ဟာ အိပ်ရာကနေ လန့်နိုးသွားတယ်။

ဒီလိုနဲ့ ကိုယ်ထင်မိခဲ့တဲ့ မှောင်မိုက်ခြင်းညတွေဟာ နေရဲ့ အလင်းရောင် မပါဘဲ နှစ်ဆယ့်လေးနာရီ ဆက်လက် ခရီးနှင်လို့။
ဘ၀ရဲ့ အလင်းထောင့်ချိုးကို ကိုယ် မျှော်လင့်တကြီးလိုက်ရှာမိနေတာပါ..။

မိုးအိမ်လူ
12.8.2011

ဇော်က က နေသည်


ဇော်က က နေသည် နေတိုး အကယ်ဒမီ ရသွားသည်
အကယ်ဒမီ ရသွားသော အနုပညာရှင်များသည် ထူးချွန်ကြသည် ထူးချွန်ကြသူတိုင်း ကျော်ကြားကြသူများ မဟုတ်ပါ ကျော်ကြားကြသူတိုင်းလည်း အောင်မြင်ကြသူများ မဟုတ်ပါ အောင်မြင်မှုသည် ဆိုးကျိုးများလှသော လိုတရ လက်စွပ်ဖြစ်သည် လိုတရ လက်စွပ်တစ်ကွင်းကြောင့် လူငယ်တစ်ယောက် လေလွင့်ခဲ့ဖူးသည် လေလွင့်သူ ဟူသော စာအုပ်တစ်အုပ်ကို ဆရာမြသန်းတင့် ဘာသာပြန်ဖူးသည် ဆ၇ာမြသန်းတင့်၏ ဧကရာဇ် တို့၏ ဘဏ္ဍာတိုက်သည် လူငယ်တိုင်း ဖတ်သင့်သော စာအုပ်တစ်အုပ်ဖြစ်သည် စာအုပ် တစ်အုပ်၏ အနှစ်သာရသည် မည်သည့်အရာဖြစ်သည်ကို မည်သူမျှ သေသေချာချာမသိကြပါ မည်သူမျှ မသိကြသေးသော အရာကို ရှာဖွေနိုင်သူသည် လူတော်ဖြစ်သည် လူတော်သည် ပါရမီ၇ှုင် မဟုတ်ပါ ပါရမီရှိတိုင်း စာရေးဆရာ မဖြစ်နိုင်ပါ စာရေးဆရာဖြစ်တိုင်း ကဗျာမရေးနိုင်ပါ ကဗျာရေးနိုင်သူတိုင်း မောင်ချောနွယ် မဖြစ်နိုင်ပါ မောင်ချောနွယ်၏ ရထားသည် ယခုအချိန်အထိ ခုတ်မောင်းနေဆဲ ဖြစ်သည် ခုတ်မောင်း နေသော ရေစက်သံသည် ဆူညံလွန်းလှသည် ဆူညံသံတိုင်း မပူညံကြပါ ပူညံ ပူညံ လုပ်တတ်သူကို လူ မလေးစားပါ မလေးစားတတ်ခြင်းသည် မိုက်ရိုင်းခြင်း မဟုတ်ပါ မိုက်ရိုင်းခြင်းသည် မယဉ်ကျေးခြင်း မည်၏ ယဉ်ကျေးမှုသည် လူမျိုးတိုင်းအတွက် အရေးပါသည် အရေးပါသော မြန်မာအကများတွင် ခုနှစ်ထွေအကလည်း ပါဝင်သည် ခုနှစ်ထွေ အကတွင် ဇော်ဂျီကသော အကလည်း  ပါဝင်သည် ဇော်ဂျီ ကသော အက ကို ဇော်က ဟု ခေါ်ဆိုကြသည် ဇော်က က နေသည် ဟူသော ရုပ်ရှင်ဇာတ်ကားတွင် နေတိုး ပါဝင်သည် နေတိုး အကယ်ဒမီ ရသွားသော ဇာတ်လမ်းသည် ဇော် က ကနေသည် မဟုတ်ပါ သို့သော် ဇော်က  က နေသည်။   ။


မိုးအိမ်လူ

ကလေးတစ်ယောက်ရဲ့ အိပ်မက် ကမ္ဘာ




နှင်းဆီပွင့်လေးဟာ လေလွှာ လျှောစီးပြီး
မြက်တို့ရဲ့ တိုင်းပြည်ကို ရောက်လာခဲ့တယ်
သစ်ပင်အိုကြီးခဗျာ အိပ်မက်ဆိုးကနေ ရုန်းထွက်လိုက်ရသလိုမျိုး
ဇောချွေးတွေ ပျံလို့
ကော်ဖီစေ့ကို ကိုက်ချီလာတဲ့ ငှက်ကလေးကတော့
သီချင်း မဆိုအားရှာဘူးပေါ့
လိပ်ပြာလေး သုံးကောင်ဟာ
ကကွက်သစ်တွေ ဖန်တီး ကကြရင်း
ချုံနွယ်တွေထဲ တိုးဝင်ပျောက်ကွယ်
အသားမစားတော့တဲ့ ကေသရာဇာကတော့
ဥပုသ်လည်း မစောင့်တော့ပါဘူးတဲ့လေ
အလင်းကွက်လေးတွေ နောက် တကောက်ကောက်လိုက်ရင်း
ယုန်ဖြူလေးဟာ အိမ်အပြန်လမ်းကို မမှတ်မိတော့ဘူး
ပန်းပွင့်ရောင်စုံတို့ သံပြိုင်တေးဆိုနေကြတယ်
သစ်ခက်စိမ်းတို့ကတော့ အိပ်မက်မက်လို့ကောင်းတုန်း
ဒီလိုနဲ့ပဲ
ကလေးလေးဟာ သူ့အမေ လှုပ်နှိုးမှုနဲ့
အိပ်မက်ကနေ လူးလွန့်ထွက်ခဲ့ရတယ်။

မိုးအိမ်လူ

ဆူနာမီ တိုက်ရိုက် ထုတ်လွှင့်မှု








မြင်နေတဲ့ အတည်တကျ မြင်ကွင်းဟာ ရုတ်ချည်း ဖရိုဖရဲ
ကျောင်းဆင်းခေါင်းလောင်း မခေါက်လိုက်ရဘူး
ကလေးငယ်ဟာ မေမေ့ လက်ကို တင်းကျပ်စွာ ဆုပ်ကိုင်
ဖေဖေတွေဟာ မိသားစုကို မျက်ဝန်းထဲမှာ ပုံရိပ်ဖော်
စိတ်ကလွဲပြီး ကျန်တာ ဘာမှ လှုပ်ရှားခွင့် မရလိုက်ကြဘူး

ဘာတွေကို ဆက်လက် တန်ဖိုးထားကြမလဲ
ခန္ဓာကို ဒရကြမ်း ဆွဲခေါ်ကိုင်ဆောင့်ပစ်တဲ့အရာ
ဆုံးရှုံးသွားပြီလို့ စောစောက တန်ဖိုးထားနေမိတဲ့ အရာတွေကို မနှမြောမိ
သူတို့ ဘယ်လို နေကြမလဲ ဆိုတဲ့ သောက ကပဲ ရင်ကို ဆောင့်တက်
မနက်က ပြုံးတဲ့ အပြုံးတွေ အမှတ်ရမိသေးတယ်
မနေ့က ဆူပွက်ခဲ့တဲ့ စကားလုံးတွေအတွက် ရင်နာမိသေးတယ်
သူ/ သူတို့ အဆင်ပြေပါ့မလား
ခန္ဓာကိုယ်ရဲ့ အစိတ်အပိုင်း တစ်ခုခု ဒါမှမဟုတ် တစ်ခုမက ကို
အရာဝတ္ထုတစ်ခု ဒါမှ မဟုတ် တစ်ခုမက က
တိုက်မိ /  ရိုက်မိ / ဆွဲဆုပ်မိ / ၀ါးမြိုမိ / ထိခိုက်မိ ….. …  သွားပြီ
သွားပြီ…… … အခု အမှောင်ချလိုက်ရင် ပြန်ကော လင်းခွင့် ရှိပါ့မလား။

မိုးအိမ်လူ

ငရဲသား အိပ်မက်





မီးအလင်းအမှောင် မကောင်းတဲ့ ရုပ်ရှင်
မှိန်ပျပျ အသက်ရှုသံလေးနဲ့ ဘ၀တစ်ခုဟာ အကျီးတန်နေသလို
ပန်းရနံ့ ဖျော့ဖျော့ လေးကို မျက်စိမှိတ် အနံ့ ခံရင်း
နေတွေ လတွေ မှောက်လျက်လဲကုန်တယ်

နာကျင်ရတာ ပင်ပန်းလွန်းလှပါပြီ ဖေဖော်ဝါရီ
နီရင့်ရင့် နေ့စွဲတွေ အရောင်ပြောင်းဖို့ မေ့နေကြသလား
အဆင်မပြေမှုတွေ ထပ်ကာ ထပ်ကာ ရောက်လာ
ဒဏ်ရာတွေသာ များများ လာတယ် / နက်နက်လာတယ်
အိပ်မက်တွေမှာ အခုထိ အလင်းတစ်စ မပွင့်သေးဘူး

မိုးသောက်ချိန်မှာ ဖြာဝေမယ့် ရနံ့တွေကို မျှော်နေခဲ့တာ
ထိုးစိုက်ထားတဲ့ လောကဓံ ကျောက်ချွန်တွေက ရင်ဘတ်မှာ တန်းလန်း
အလိုရှိရာ အလိုရှိကြောင်း အဖြူရောင်သစ္စာတွေက
ဘယ်တော့မှ မျက်စိရှေ့မှာ ကိုယ်ထင်မပြကြဘူး
မှတ်သားတတ်တဲ့ ဦးနှောက်လည်း အလုပ်ကောင်းကောင်း မလုပ်ချင်
မနေ့ကတွေကို ကောင်းကောင်း မမှတ်မိချင်ပေမယ့်
မနှစ်က သွေးစတွေကို ခဏ ခဏ ရှုရှိုက်မိနေတဲ့ ဘဝ
တကယ့်မှ တကယ်ကို ငရဲသားဆန်လွန်းတယ်။

မိုးအိမ်လူ

အတွင်းနာ

မပြောသင့်တဲ့ စကားတွေထက်
မတွေးသင့်တဲ့ အတွေး တွေပဲလား
ကိုယ့် အဘိဓာန် ကိုယ် ကမ္ဘာခြားမှာ သွားရှာရ
အမှားမှား အယွင်းယွင်း လက်ရှိနေထိုင်မှု
စိတ်ထဲရှိတဲ့ အတိုင်း ပြောပြဖို့ သင့်မသင့်
ကြိုးတွေက လပြည့် လကွယ် တစ်ရစ်ပြီး တစ်ရစ်

ကိုယ်တစ်ယောက်တည်း ပိုင်ဆိုင်တဲ့ ပြဿဒါးနေ့
အဲဒီ မိုးမျှော်မြစ်ကမ်းဆိုတဲ့ နေရာမှာ
ရွှေရောင် ဖောင်းကြွ စကားလုံးနင့်နင့်တွေ
စီတန်း ချရေး အမှတ်အသားတစ်ခုလို
မျက်လုံး စုံမှတ် အောက်မေ့မှုအတွက်
နေ့ပြန်တိုးရတဲ့ အိပ်မက်တွေဟာ အသက်ရှုရကျပ်ကျပ်လာ

လက်အုပ်ချီပြီး ဆုတောင်းပါ
လျော့ရဲလွန်းတဲ့ သမာဓိအားနဲ့
သစ္စာတွေ မြှင့်တင်ကြ မေတ္တာတွေ ရေကြီးပြ
တောင်တန်းတွေရဲ့ စကားပြောသံ တရှပ်ရှပ်မှာ
ညတွေနဲ့ အကျွမ်းတ၀င်ရှိခဲ့တာ မဆန်း
သစ်ခက်စိမ်းမှာ ကျနေတဲ့ အလင်းကွက်ဖြူဖြူ
ကိုယ် သန်ရာ စိတ်ကူးရင်း သွေးဟာ ရဲရဲလာသလို

လမ်းသလားနေတဲ့ ခံစားမှုကို
ကော်ဖီနက်နက်ထဲ ထည့်နှပ်ရင်း
မီးလင်းဖို မလိုတော့တဲ့ ရာသီ အစ ရဲ့ ပုံပြင်တစ်ပုဒ်
သစ္စာမွှန်းထားတဲ့ သီချင်းတစ်ပုဒ်အတွက်
ရာသီဥတုလည်း ဖောက်ပြန်ပါစေတော့။


မိုးအိမ်လူ

လွဲချော်မှုတွေနဲ့ ချော်ထွက်သွားတဲ့.......






မရပ်မနား မောင်းနှင်ခဲ့တဲ့ အင်ဂျင်
တရေးအိပ်လိုက်တော့ ရနံ့ လန်းလန်းလေးတွေ ဖူးပွင့်
ဒါဟာ ကိုယ့်ရဲ့ ကောင်းကင်ပဲလို့  မှတ်ယူတိုင်း
ရာသီဥတုက ဖောက်လွဲဖောက်ပြန် တိမ်တွေ အထပ်ထပ်
သက်ဆိုင်ရာ နေ့ နံမှာ ရပ်ရင်း ယတြာမလိုတဲ့ လူ ဆိုပဲ
ရေမျောကမ်းတင် ကံကြမ္မာဆုလာဘ်လေးတွေနဲ့ 
အိပ်မက်တွေ ရှည်ခဲ့တဲ့  ဇွန်ဖြူရနံ့  လှိုင်လှိုင်တွေ
လွှင်ပစ်ဖို့  ကြိုးစားတိုင်း ပြဒါး နောက်က အသံထွက်
စိတ်တွေလည်း ရစရာ မရှိတော့ဘူး
ထောင်တိုင်း ကြေရလွန်းလို့  ကိုယ်လည်း ပျောက်
ရထားတစ်စင်းနဲ့  သံသရာ ပတ်ရင်း
ရထားခေါင်းတိုင်က တိမ်တွေနဲ့  ဘယ်တော့မှ မလွတ်ခဲ့
ဖြစ်နိုင်ရင် အာကာသထဲကို သွားထားချင်တယ်

တစ်ရက်မှာ တစ်ခါပဲ တခါး လာခေါက်တယ်
အိပ်ပျော်သွားရင်တော့ အဲဒီနေ့ ဟာ သွေးထွက်သံယို များတာပဲ
ခြေထောက်အောက်မှာ ခဏခဏ ကျွံတတ်တဲ့ မြေကြီး နဲ့ 
ခေါင်းပေါ်မှာ ခဏခဏ ပြိုတတ်တဲ့ ကောင်းကင်က
အမြဲတမ်း အချိန်မရွေး တာဝန် ကျေပွန် ထမ်းဆောင်ဖို့  အဆင်သင့်
အ၇က်ကြမ်းကြမ်းနဲ့ ဦးနှောက်ရဲ့ စွမ်းဆောင်ရည်ကို တိုက်ဖျက်
မသင့်မြတ်တာတွေ အရောင်ပိုတောက်လာပြီး
သင့်မြတ်တာတွေ အငွေ့ ပျံ
နေ့ နေ့ ညည  နွေနွေ မိုးမိုး နံနက် ညနေ
ကာလတွေကို တွက်ချိန်ရင်း
အမှားမ၇ှိတဲ့ ရွေးချယ်မှုတွေက
မျက်တောင်ပေါ်မှာ လမ်းလျှောက်ထွက်ကြတယ်။

မိုးအိမ်လူ

ဓာတ်ခွဲခန်းမှာ ကတဲ့ ပြဇာတ်





လက်ဗွေရာတွေ များခဲ့တဲ့
သက်ရှိ သစ်သီး တစ်လုံးအပေါ်
မှားယွင်းမှုက
တံဆိပ်နက်နက် ထွင်း

ဥာဏ်မမီလောက်အောင်ကို
အတွေးတွေက ထူထပ်နေတာ
တသွေးမတိမ်း လိုက်နင်းခဲ့တဲ့
ရှေးဦးသူရဲ့ ခြေရာတွေ အပေါ်
ထက်ကြပ်မကွာ

သစ်ပင်တွေဟာ စိမ်းလန်းလွန်းနေတယ်
အသိစိတ်နဲ့ တိုးတက်လာတဲ့
ဟောဒီ တောအုပ်ငယ်ကို
ဘုံခုနှစ်ဆင့်မှာ သိမ်းထား

လေတွေ ဝေ့တိုင်း
ကြွတက်လာတဲ့  လှိုင်းတွေနဲ့
သူသူ ငါငါ ပိုင်ဆိုင်တဲ့ ပင်လယ်က
ရာသီဥတု
သာယာကောင်းမွန်လို့နေတယ်

သန်းခေါင်ထမင်းနဲ့ ပေါ့ဆိမ့်တစ်ခွက်
တိုက်တိုက်ဆိုင်ဆိုင်
ခုနှစ်စဉ်ကြယ်မှာ
မနှစ်က အပြုံးတွေ ဝေဆာလို့

ဘယ်နေ့မှာ ပန်းတွေ ပွင့်ဦးမှာလဲ
မိုးကြိုးသွားတွေရဲ့ ရိုက်နှက်မှုနဲ့
လူငယ်တစ်ယောက်ရဲ့ ပစ္စုပ္ပန်တွေဟာ
အခေါက်ခေါက် တွန့်ကြေ

နာကျည်းမှုတွေနဲ့ ထုဆစ်ထားတဲ့
စိတ်ဓာတ်အဆောက်အအုံ
မီးလောင်ရာ လေပင့်ကြ
အနက်စစ်စစ်နဲ့ ည သက်သက်ဖြစ်နေတဲ့ အမှောင်

နှင်းဆီနီ အပါအ၀င်
အမည်မတပ်ရသေးတဲ့ ရောင်စဉ်တွေနဲ့
နှင်းဆီတွေ နှင်းဆီတွေ
အဖတ်လိုက်ကြွေကျ

ဆောင်းဝင်စားတဲ့ နွေအတု
သိမ်းဆည်းလို့လည်း မရတော့ဘူး
စွန့်ကြဲသင့်တန် စွန့်ကြဲ
လက်ခံသင့်တန် လက်ခံပြီး
ကောက်ရိုးဖိနပ် နဲ့
ကြိုးတန်းပေါ်မှာ လမ်းဆက်လျှောက်

ငိုရလွန်းလို့
သစ္စာပန်းတွေလည်း
မျက်လုံးတွေ နာလှပြီ
အမှားပါရင် ခွင့်လွှတ်ပေးလိုက်ကြပါ

ဘာရယ် ညာရယ် မသိဘဲ
ဖော်စပ်ခဲ့တဲ့ ဓာတုပေါင်းစပ်မှုက
အဆိပ်တစ်ခုပဲ
ဖြစ်နေခဲ့တယ်။

မိုးအိမ်လူ

ခွဲခွာခြင်းများနှင့် … အကြောင်း





မှတ်မိရာ မှတ်မိကြောင်း
ရေးခြစ်ခဲ့တဲ့
မှတ်စုစာအုပ်ထဲက
မျက်ရည်စ ပူပူနွေးနွေး

ကျောင်းတက်ခေါင်းလောင်းသံတွေ
ဆိတ်ငြိမ်တော့မှ
လေနုအေးက အမောတကော ရောက်လာ
ပိတ်ထားတဲ့ တံခါးနဲ့
ဖွင့်ချင်တဲ့ လက်တို့ရဲ့ ဆွေးနွေး ညှိနှိုင်းမှု

လမ်းလျှောက်ရင်း
ခြေထောက်ရှေ့ကို ကျလာတဲ့
နေ့စွဲက
တိမ်အထပ်ထပ်
နောက်ဆုံး လွှတ်လိုက်တဲ့ ထိတွေ့မှုက
ဂန္တ၀င်တေးသွားတွေနဲ့
ဆွေမျိုးစပ်လို့….။

မိုးအိမ်လူ

ခုမှ စ က တဲ့ ကချေသည်




ဝါဒတွေ မစွဲတဲ့ ၀ါဒီ
အရည် စက်စက် လေထုက
အငွေ့ဟပ်လို့ ကျုံ့သွားသတဲ့

ဒုတိယအကြိမ်သာ ကြားနာမိရင်
ခပ်လျော့လျော့ကြိုးကို အပြတ်ဖြတ်ပစ်မယ်
လွန်ခဲ့သော နေ့စွဲတွေကတည်း
အစစ်တွေ မဟုတ်ခဲ့တာလေ
ကြယ်ကြွေလို့တော့ သေခန်း မဖြတ်ပါနဲ့.။

မိုးအိမ်လူ

ယမန်နေ့က ယနေ့



ပျောက်ဆုံးသွားတာလား
ဖျောက်ဖျက်ပစ်တာလား

ဟေတီငလျင် ၊ ဟေတီ မီးလောင်မှု
ဟေတီ အကြမ်းဖက်မှု
ဟေတီ ရန်ပုံငွေ
ထောက်ခံစာ မလိုတဲ့ ဘေးဒုက္ခတွေ

ရေခဲ့အမှတ် ဘယ်လောက်
တရုတ်ပြည်က နှင်း မုန်တိုင်း
အမေရိကန်က ရေခဲပန်းဆွဲ
မှတ်ပုံတင်မထားတဲ့ သဘာဝ ဘေးအန္တရာယ်တွေ

မျက်စိဖွင့် နားစွင့် မျက်ရည်ပြိုသံတွေ တညံညံ
အနိစ္စ ၊ ဒုက္ခ ၊ အနတ္တ ပဲ တ နိုင်တဲ့ ဘဝ
မြန်မာပြည်က အညာဆောင်းက ဒီနှစ်ပိုအေးလာတယ်

ဆာလောင်မှုတွေ ကင်းဝေးတယ်
မွတ်သိပ်မှုတွေ ပွားများမလာဘူး
ဘုရားရိပ် တရားရိပ်မှာ
ပရိတ်၇ွတ်သံနဲ့ အိပ်စက်လို့ ရတယ်

ကိုယ်ချင်းစာ တရားလက်ဖြစ်တစ်တွက်နဲ့
ကြားစဉ်ခဏ မြင်စဉ် ခဏ
စိတ်မကောင်းဘူး

ဝင်ငွေ နဲ့ ထွက်ငွေ အံလွဲနေတဲ့
နေ့စဉ်ဘ၀မှာ
ကိုယ့်ထက် ဆိုးတဲ့သူတွေ ရှိပါလားလို့
မဖြေသာနိုင်ဘူး

ဂုဏ်တော်ကိုးပါး မမေ့ပါဘူး
မေတ္တာတွေလည်း ပွားများပါတယ်
ဒါပေမယ့် ဆိုတဲ့ နောက်က
အငြင်းဝါကျတွေကြောင့်
မရှိလို့ မလှူတာလည်း မဟုတ်
မလှူလို့ မရှိတာလည်း မဟုတ်
သူ့ထက်ကဲ  သပွတ်အူတွေနဲ့
ကိလေသာတွေ ၀ိုင်းကြီးပတ်လည်
အဆိုးတွေပဲ ရှိတော့မယ့် ကမ္ဘာအတွက်
မကောင်းမှုတွေပဲ မွေးဖွားတော့မယ့် ကမ္ဘာအတွက်
ခန္ဓာမှာ Antivirus ထည့်
မနေ့က သတင်းအတွက်
တကယ် စိတ်မကောင်းဘူး။

မိုးအိမ်လူ

နွေနှင့် တွဲဆက်ထားသော





မျက်လုံးဟာ
မြင်တွေ့မှုသက်သက်နဲ့
ဦးနှောက်ကို မှိုင်းတိုက်တယ်

ဒီဂရီ မြင့်တက်လွန်းနေတဲ့
နွေရဲ့ သရုပ်မှာ
နေထိုင်မှုတွေ
လှုပ်လှုပ်ရွရွ

မိုးတိမ်များ၏ အဝေးသို့ ပြေးထွက်ခြင်း

ခြေရာမဲ့ လမ်းဆွေးက
ရူးချင်ယောင်ဆောင်ခဲ့တဲ့
အားငယ်သူတို့ရဲ့ ကိုးကွယ်ရာ
သစ္စာတွေ
အထပ်ထပ်ပြိုကျရင်း
ရွက်ကြွေတွေက
နွေကို အားနာလို့။

မိုးအိမ်လူ

နွံ




မှတ်တမ်း မှတ်ရာနဲ့
စေစားခဲ့တဲ့
သစ်ပင် မဟုတ်

ရင့်ရော်သွားတဲ့
ရိုးအီမှုမှာ
ကိုယ်လည်း
လက်မှတ်ထိုးချင်နေပြီ။

မိုးအိမ်လူ

လေး မလိုတဲ့ မြား



ဒဏ်ရာကြောင့်
နာကျင်မှုဟာ
နာမည် ပျက်ခဲ့တယ် တဲ့

အပြုအမူမပါတဲ့
လှုပ်ရှားမှုတွေ နဲ့
ပင်လယ်ရေမျက်နှာပြင်က
ကိုယ့်ကို ဆွဲနှစ်ခဲ့တယ်

ရောင်စဉ် ခုနှစ်ထပ်
ပြိုကျတုန်းကလေ..။

မိုးအိမ်လူ