Friday, October 21, 2011

အိပ်မက်များအား ငြိမ်းချမ်းစေပါ

အိပ်မက်များအား ငြိမ်းချမ်းစေပါ


          မောပန်းခြင်းများ ခွာချဖယ်၇ှားဖို့  ကျောက်စက်ရေတစ်ခွက်ကို ကျွန်တော် အပြင်းအထန်လိုက်ရှာနေမိပါသည်..။ ဘ၀သည် ဘယ်လို အရာမျိုးလဲ။ သူများရဲ့  အဓိပ္ပါယ် ဖွင့်ဆိုချက်ဖြင့် ဘ၀ကို ယုံကြည် ပုံဖော်ဖို့  ရာ ပျင်းစရာကောင်းလှပါသည်။ အိပ်မက်များ မျက်နှာဖုံးတပ်ပြီး ဘ၀ထဲသို့  ခပ်တည်တည် နေရာယူနေကြပြီ။ မေ့သင့်သည့်အရာများ မှာ များလွန်းနေသောကြောင့် မည်သည့်အရာကို စပြီး မေ့ရမည်ဆိုတာ ကို ကျွန်တော် ဝေခွဲရခက်နေခဲ့သည်။ လရောင်များ ရွက်ကုန်လွှင့်ကာ မြေပြင်ပေါ်ကို ခုန်ဆင်းနေကြသည်။
         လွဲချော်ခဲ့သော အကြောင်းတရားများထဲတွင် နေ့လည်စာ နှင့်  မနက်စာ မှားစားခဲ့သည့်အကြောင်းမှာ အဓိက အကြောင်းအရာ တစ်ခု ဖြစ်ကြောင်း ကျွန်တော်ပြောလျှင်လက်ခံပေးကြပါ.။ အိပ်ရာဝင်ပုံပြင်များထဲမှာ လိုတရလက်စွပ်များ ရွှေပုံငွေပုံများ ရတနာသိုက်များ စသည် စသည်တို့သည် မည်သည့် အရပ်ဒေသမှာ ပုန်းကွယ်နေကြပြီလဲ။ လိုအင်ဆန္ဒများမှာ ရွှေနားကွပ်တို့ဖြင့် တောက်ပလျက်ရှိပါသည်.။ လွဲခဲ့သည့် အကြောင်းတရားများအားလွဲခဲ့သလိုပင် ပစ်ထားလိုက်ကြပါ။ ညများတွင် ကြယ်စင်တို့  ထွန်းတောက်သည့်အကြောင်းကိုတော့ စာဖွဲ့ မနေသင့် တော့ပါ..။
        ဒေါသတရားများကို ခ၀ါချကာ နေ့ စဉ် ရှင်သန်မှုတစ်ခုအတွက် ခြေလှမ်းများအား ကိုယ့်ဘာသာ ခြေကျင်းကြိုးဖြင့် ထိန်းချုပ်ခဲ့ရသည် မှာ ရာသီတွေ ထပ်ခဲ့ပြီ.။ ပိတောက်နှင့်  ငုဝါ တို့  အရောင်တူ ကျော်ကြားမှု ကွဲပြားပုံမျိုးနှင့် ကျွန်တော်နှင့် ကျွန်တော့် ဘ၀ ကွဲပြားနေသည်မှာ အသည်းနာစရာကောင်းလှသော ပြဇာတ်တစ်ပုဒ်နှင့် ပင် တူညီနေသည်.။ ပြောသင့်သည့် စကားလုံးများကို ပြောဆို အန်ချပြီးသောအခါ မပြောသင့်သော စကားလုံးများက ထကြွပုန်ကန်ကြသည်မှာ ညစဉ်ညတိုင်း ကျွန်တော်ခံစားရသော ဝေဒနာတစ်ခုဖြစ်ပါသည်.။
        အလွမ်းသင့်ဖို့  မလိုတော့သော ပုံပြင်တစ်ပုဒ်အတွက် ကောင်းကင်ကြီးကို ဆဲဆို ခဲ့သော ကျွန်တော်သည် ရူးမိုက်သူ တစ်ဦးသာ ဖြစ်ပါသည်။ ရွှေအိုရောင် နေ့စွဲများ အညှိတက် တန်ဖိုး ကျဆုံးသွားခဲ့သည်မှာ လွန်ခဲ့သော နွေဦးကတည်းက ဖြစ်ပါသည်.။ အမှန်တရားများ အိုးနင်းခွက်နင်း လမ်းပျောက်နေခဲ့သည်မှာလည်း လွန်ခဲ့သော နွေဦးကတည်းက ဖြစ်ပါသည်.။ စွဲလမ်းခြင်း ဥပါဒါန်ရဲ့ နှိပ်စက်မှု တွေကြားတွင် ခုနှစ်စဉ်ကြယ်မှာ အမြီးခွေနေခဲ့ရသည်.။
       တစ်စုံတစ်ရာသော တောင့်တမှုမရှိပါဘဲ နေ့ တစ်နေ့ သည် နေခြည်နွေးတို့ဖြင့်  လှပတောက်လက်နေပါသည်..။ ပျော်ရွှင်ခြင်းများ လာခြင်းနောက်ကျစွာဖြင့် ပန်းဝင်ခဲ့ပြီ.။ အရယ် အပြုံးများ မွေးဖွားသန့်စင် ပြီးခဲ့ပြီ.။ လောကတရားကြီးတစ်ခုလုံး ပန်းပေါင်းစုံနှင့် ဝေဆာ ပွင့်လန်းတောက်လင်းဖို့  ရာ အိပ်မက်တို့  မျက်ရည်တို့ ဖြင့် ငိုကြွေးနေကြပြီ.။ ဆန္ဒများ ဖြူစင်ဖို့  အတွက် ကန်ရေပြင်တွင် ကြာပန်းဖြူများ ကန်လုံးပြည့် ပွင့်ဝေလျက်ရှိသည်..။ ကျွန်တော်သည် ကျွန်တော် မဟုတ်သော ကျွန်တော် ရဲ့ ကိုယ်ပိုင်အိပ်မက်တစ်ခုအား လပြည့်ည တွင် ကောင်းကင်ယံသို့  လွှတ်တင်လိုက်ပါသည်.။ ကြယ်စင်များ အပြိုင်းအရိုင်းရွာသွန်းလျက်ရှိပါသည်..။
      ယုံကြည်ခြင်းသည် လူတစ်ယောက်အတွက် နေ့လည်စာ တစ်နပ်လောက် အရေးမကြီးကြောင်း သိသင့်သူများ သိကြပါလိမ့်မည်.။

မိုးအိမ်လူ

ပါတီပွဲ

လွန်ခဲ့သော သုံးလေးရက်က ဆင်ယင်ထုံးဖွဲ့မှုမျိုး
ကြည့်လေရာ မြင်လေရာ ရောင်စုံ စိတ်မီးသီးတွေ တလက်လက် / တမှိန်မှိန်
ပွဲဖျက်မယ့် မိုး ဟာ အတွေးတွေ နဲ့ ပိလို့
ကော်ဖီမလိုတဲ့ ဒီညမှာ အနည်းဆုံးတော့ ၀ိုင် တစ်ခွက် သောက်
ပြားနေတဲ့ ကမ္ဘာကို အသားကျအောင် အထပ်ထပ် ထုချေ
ဝင်ပေါက်က ဆိုင်းဘုတ် ရွဲ့နေပြီတဲ့
ဝီစကီ အသစ်တစ်လုံး ထပ်ဖွင့် တစ်ပက် နှစ်ပက် ရေချိန်ကိုက် / ကျော်
တီးဝိုင်းက စ လိုက်ပြီ  နားတွေ အူထွက်နေပြီ
အပြုံးတွေလည်း ဒယီးယိုင်
စကားတွေလည်း ကသောင်းကနင်း
စားစရာ ဘယ်နားမှာရှိသလဲ / ထားသလဲ
ကာလာ ရင့်ရင့် အရည်အပြည့် ဖန်ခွက်ကိုင်တွေရဲ့
အောင်မြင်မှု ၊ လူမှုရေး ၊ စီးပွားရေး ၊ အိမ်ထောင်ရေး
ဘာရေး  ညာရေး  တောင်ရေး   မြောက်ရေး
ခေါင်းလေး တဆတ်ဆတ် လှုပ်တယ်
ခြေဖျားလေး တဆတ်ဆတ် လှုပ်တယ်
နက်ခ်တိုင်လေး နည်းနည်း လျှော့တယ်
အနောက်ဘက်က စီးပွားရေး စကားလုံးတွေ ကြားရတယ်
မြောက်ဘက်က ကြွယ်ဝမှုတွေ ကြားရတယ်
မီးသီးတွေ အလင်းဖျော့လာပြီ
ဆူတာပဲ သိတဲ့ တီးဝိုင်းသံက အဆက်မပြတ်
ကုတ်အမည်းနဲ့ လူ ဘာပြောသွားသလဲ
ကုတ် အဖြူနဲ့ လူ ဘာပြောသွားသလဲ
ကုတ်အညိုနဲ့ လူ ဘာပြောသွားသလဲ
ကုတ်ရောင်စုံတွေ ဘာတွေ ပြောနေကြတာလဲ
ထိုင်ခုံလွတ်တွေ ထိုင်ခုံလွတ်တွေ
မီးသီးတွေ ပိတ်သွားပြီ။

မိုးအိမ်လူ