Saturday, February 11, 2012

ပုံပြင် အပြင်ဘက်က ရက်စွဲများ





မျှော်လင့်ခြင်းတွေ တိတိကျကျ ပုံပေါ်လာတော့
မျှော်လင့်ထားသလို မပျော်ရွှင်မိတဲ့ စိတ်ရဲ့ မာယာ
နစ်မွန်းနေမှန်း သိရက်နဲ့
မိုးကလည်း ရွာရက်တယ်
ငါ ဟာ ငါ မဟုတ်ခဲ့တဲ့ ပုံပြင်တစ်ပုဒ်ပေါ့

နေပြောက်တွေကို တကယ်ပဲ ရတနာထင်မိခဲ့တဲ့ နေ့စွဲတွေ
တံဆိပ်ကပ်မှ ကိုယ့်ကိုယ်ကို အရူးမှန်း သိတာ မဟုတ်ပါဘူး
မီးပြတိုက်မလိုဘဲ ပင်လယ်ထဲမှာ ရွက်လွှင့်ရဲသလို
မြေပုံ မလိုဘဲ ဒီခရီးလမ်းကို လျှောက်လှမ်းရဲပါတယ်
လူမှန်း သိအောင် လူ ပီသပြလိုက်ရုံ သက်သက်ပါ

အမြစ်တွေ ကုပ်တွယ်မိကာမှ တောရိုင်းစာရင်း အသွင်းခံရသလို
တစ်ခါတစ်ခါ  သဘာဝတရားက နည်းနည်းရယ်
သူတို့ကကို ဆန္ဒတွေ များနေကြတာ
နောက်ဆုံး  သာတဲ့သူက  ကရုဏာလေး ပွားပြီး
နာ တဲ့သူက  အတိတ်ကံကို အသံတိတ်ဆဲ
မျက်ရည် မကျကြေးနဲ့ပဲ  ၀င်သက်ထွက်သက်ကို ရစ်သမ် ပြန်ထိန်းခဲ့ရတယ်။



မိုးအိမ်လူ


Mandalay Icon , February 2012

ကျွန်တော့် ၀ါကျတွေထဲကနေ လွတ်ကျသွားတဲ့ သဒ္ဒါမပြည့်မီသော ကဗျာ



အရာဝတ္ထုဆိုတာ ဘာလဲ ဘယ်အရာထဲက ၀တ္ထုလဲ ဘယ်ဝတ္ထုထဲက အရာလဲ အရာချည်းပဲ မရဘူးလား ဥပမာ နာဖူးပေါ်က အရာ လက်မောင်းပေါ်က အရာ အစရှိသဖြင့် နှစ်သက်ရာ အရာတွေ ပြောလို့ မရဘူးလား ၀တ္ထု ပါမှလား ဘယ်ဝတ္ထု ပါရမှာလဲ ၀တ္ထု ထဲက အရာမှ ရမှာလား ရှုပ်တယ် မေးခွန်းတွေလား ဂယောင်ချောက်ချားအော်သံတွေလား မသိကျိုးကျွံ ပြုခြင်း စိတ်နယ်လွန် အိပ်မက် ရက်လွန်များ ပြောမရ ဆိုမရ တီးမရ ခေါက်မရ အဓိပ္ပာယ်မဲ့ အဓိပ္ပာယ်ပြည့်ဝခြင်းများနှင့် တကွ ကွတတ ဖြစ်နေတာ ညက များသွားလို့လား ကြောင်ဆို ကီးမှ မသိဘဲ ကီးမသိတော့ တံခါးက ဖွင့်မရဘူး ဖွင့်မရခဲ့ဘူး ဒါပေမယ့် တံခါးကတော့ ပွင့်သွားခဲ့တယ် အလိုရှိနေသော အရာဝတ္ထုများ ခင်ဗျားတို့ဆီ သူတို့ ပစ်ပေးတယ် သို့မဟုတ် ပို့ပေးတယ် ဘယ်လိုပဲ ပေးပေး ရရင် ပြီးတာပဲ စက္ကူပေါ်မှာ နာမည်မပါခဲ့သူတွေအတွက် ဖြတ်ပြီ ဒီနားကစပြီး ဟိုအကြောင်း မပြောတော့ဘူး လက်ခံတယ်ဟုတ်

တိမ်တိုက်မြစ်ဖျားဆီမှ
ဂငယ်ကွေ့ ပြန်လာသော
ခိုငှက်တို့၏ ညည်းချင်းများ
မသာမယာ
စကားလုံးများ ကိုယ်ခံနည်းနေသော ကဗျာများ
ညက အိပ်မရဘူးဆို ကော်ဖီမသောက်ဘဲ အတွေးတွေသောက်ပြီး အိပ်မရခဲ့ဘူးဆို ရေးနေကျ ၀ါကျတွေဟာ သဒ္ဒါတောထဲမှာ ရွာလည် မဟုတ်သေးဘူး တောလည်သွား မျက်စိလည်သွား စကားလုံးတွေ လည် လည် သွားရင်း ခင်ဗျားရဲ့ အလိုဆန္ဒတွေ ဒီကဗျာမှာ မရတဲ့ အခါမှာ ခင်ဗျားလည်း စိတ်တွေ လည်သွား ပြီး တော့ နောက်သွား စိတ်နောက်သွားရင်တော့ မလွယ်ဘူး အဖြစ် အပျက်ထဲ ဗျည်းသရ မပါဘဲ သင်္ကေတတွေနဲ့ ရေးချွတ်ထားခြင်း သို့မဟုတ် စီရင်ထားခြင်း ခင်ဗျားရဲ့ နှလုံးသား ပူပူလောင်လောင်ပေါ်က ကဗျာပူပူလောင်လောင်ကြီးဟာ စကားလုံးတွေ အငွေ့ပျံသွားတော့
သတင်းစာမှာမပါတဲ့
ကျွန်တော့်ရဲ့ နာရေးအတွက်
လမ်းဘေးမြောင်းထဲက အင်းဆက်တွေ ငိုကြွေးကြတယ်
ဝေဒနာတွေ မပါဘဲ မျက်ရည်တွေ သွန်းပေးကြပါ
စစ်မှန်သော ပို့ဆောင်မှုဖြင့် ကျွန်တော်
ခင်ဗျားတို့ကို
နှုတ်ဆက်ခဲ့ပါတယ်
မိုး ( ကုန်ပြီ )
အိမ် ( ဝေးပြီ )
လူ ( ရူးပြီ )
ဒါဟာ ကဗျာလို့ ပြောလို့ ရခြင်း မရခြင်းမှာ ဘယ်သူစကားမှ အတည်ပြုလို့ မရသလို အတည်ပြုလိုက်လို့လည်း ဘာမှဖြစ်မသွားသလို ကဗျာအဖြစ်ကနေ လျှောကျခြင်း ဘာညာကွိကွတွေနဲ့ ကျွန်တော်တို့ တောင်စဉ်မှာ ရေမရခဲ့ကြ လိုအပ်သလောက်ပဲ ရေးပါ မလိုအပ်တာတွေ မရေးပါနဲ့ မလိုအပ်တာတွေ များလာရင် လိုအပ်တာတွေ ပျောက်ရှသွားပြီး မလိုအပ်တာတွေဟာ လိုအပ်လာလိမ့်မယ့် ကြောင်တောင်တောင် ပစ္စက္ခ နေ့လည်ခင်းကြီးထဲ ခင်ဗျားကော်ဖီကြိုက်သလား ကွန်နက်ရှင် မကောင်းလည်း ကဗျာတွေ ရေးဖြစ်နေမှာပဲ ဒီနေ့ စပြီးရင်းတော့ ပြောရင်းဆိုရင်း ကျွန်တော်တို့ မြို့ကြီး မီးပြတ်သွားတော့ ဒီကဗျာကို ဒီမှာ ရပ်လိုက်ရတယ် စိတ်ကတော့ မကုန်သေးဘူး လက်ကတော့ ကုန်နေတဲ့ ဖြစ်စဉ်မျိုးနဲ့
အားလုံးဖတ်ပြီးရင် ကွင်းစကွင်းပိတ်ခတ်ပြီး ဖျက်ပစ်လိုက် ပြီးရင် တိုးတိုးတိတ်တိတ်ပဲဖြစ်ဖြစ် ကျယ်ကျယ်လောင်လောင်ပဲဖြစ်ဖြစ် ဒီကောင် အရူးပဲလို့ ရေရွတ်ပြောဆိုလိုက် ဒါဟာ ခင်ဗျား ကျန်းမာရေးအတွက် လိုအပ်တယ် ဆိုတာ ယုံ။

မိုးအိမ်လူ