Monday, October 7, 2013

သေတယ်ဆိုတဲ့ ကိစ္စဟာ….





အဲဒီနေ့က သူ သေသွားတယ်။ သူသေတဲ့အကြောင်းကို သူကိုယ်တိုင် ဂရုမမူမိလိုက်ဘူး။ ဘယ်လိုလဲဆိုတော့။ သူ့ အာရုံက စာအုပ်တစ်အုပ်ထဲ ၊ ရုပ်မြင်သံကြားကလာနေတဲ့ အစီအစဉ်တစ်ခုခုထဲ ၊ လမ်းပေါ်က စီးဝင်လာတဲ့ အသံတစ်သံ ထဲ ။ တစ်ခုခုထဲမှာ နစ်မြုပ်နေလို့ပဲ။ သူ သေတာကို သတင်းစာဖတ်ရင်းနဲ့မှ သိလိုက်ရတယ်။ သူ သေတဲ့အကြောင်းကို ပြောပြဖို့ သူ့သူငယ်ချင်းတွေဆီ ဖုန်းဆက်တယ်။ အိုဘားမားက လက်ခံတယ်။ ကျန်စီပင်းကလည်း လက်ခံတယ်။ ယင်လပ်က သိပ်လက်မခံချင်ဘူး။ သူက အမျိုးသမီးကို။ ဦးသိန်းစိန်ကို ပြောတယ်။ သူလည်း လက်မခံပြန်ဘူး။ ဘာလို့လဲ ဆို သူနဲ့က မနက်ကမှ လက်ဘက်ရည်ဆိုင်မှာ တွေ့ခဲ့သေးတာကို။ ဒေါ်အောင်ဆန်းစုကြည်ကို ပြောတယ်။ သူလည်း လက်မခံပြန်ဘူး။ သူနဲ့က စောစောလေးကမှ လူချင်းခွဲလာတာ။ ဟောပြောပွဲတစ်ခုမှာ။ သူ ပြောတာ လက်မခံတဲ့ အပြင် သူ ဟောပြောသွားတဲ့အကြောင်းကို ချီးကျူးနေသေးတယ်။ နောက် အခြားသူငယ်ချင်းတွေကတော့ ထူးထူးခြားခြား ဘာမှ မပြောကြဘူး။ ဟုတ်လား ။ ဘယ်အချိန် အသုဘ ချမလဲ။ ဖိတ်ဦး ဘာဦး ပြောပြီး ဖုန်းချသွားကြတယ်။ သူ သေပြီဆိုတော့ ကိစ္စတစ်ခုတော့ ပြီးသွားတာပေါ့။ ခက်တာက ။ သေခြင်း ကိစ္စက ပြတ်ပေမယ့် အသုဘ ချတဲ့ ကိစ္စက ကျန်သေးတယ်။ ဒီအတိုင်း ကျီးထိုးထိုး ခွေးစားစားထားလို့ မဖြစ်ပြန်ဘူး။ အဲဒီတော့ ဦးကျော်သူဆီ ဖုန်းထပ်ဆက်ရပြန်တယ်။ သူနဲ့ စောစောက ပြောတုန်းက အသုဘကိစ္စမပြောလိုက်ရဘူး။ သူကလည်း မေ့သွားတာလား ဘာလား မသိဘူး မမေးဘူး။ အခု ထပ်ပြောမှ အိုကေ သူလုပ်ပေးမယ်ဆိုပြီး ပြီးသွားတယ်။ သူ သေပြီဆိုတော့ ဘာလုပ်မလဲ။ သေပြီးတဲ့နောက် လူတွေ ဘာလုပ်တတ်ကြသလဲ။ သူ ဘာမှမသိဘူး။ သူ့အရင် သေပြီးတဲ့လူတွေကော ဘာလုပ်တတ်ကြသလဲ။ ဟုတ်တယ်။ သူ့အရင် သေတဲ့လူတွေနဲ့ ဆက်သွယ်ရမယ်။ အရင်ကတော့ အဲ့လို ဆက်သွယ်လို့ မရဘူး။ သူက အသက်ရှင်နေတဲ့ လူရှင်ကို။ လူရှင်တွေဟာ လူသေတွေနဲ့ ဆက်သွယ်လို့ မရဘူးလို့ ကြားဖူးတော့ သူလည်း မဆက်သွယ်ဖြစ်ဘူး။ ကြိုးစား ပြီး စမ်းသပ်တာလည်း မလုပ်ဖြစ်ခဲ့ဘူး။ အခု သူက သေပြီဆိုတော့ လူသေတွေနဲ့ ဆက်သွယ်လို့ ရနိုင်တယ်။ သူ့အရင် သေပြီးတဲ့ လူတွေထဲက သူနဲ့ သိတဲ့လူ ဘယ်သူရှိမလဲ သူ စဉ်းစားတယ်။ မရှိဘူး။ သူ့ အသိုင်းအ၀ိုင်းမှာ သူဟာ ပထမဆုံး သေလူ ဖြစ်နေတယ်။ ခေါင်းစားသွားရပြန်တယ်။ လူတစ်ယောက်ဟာ သေပြီးတဲ့နောက် ဘာလုပ်ရမလဲ ။ ဘာလုပ်သင့် သလဲ ။သေပြီးနောက် ဘာလုပ်ရမယ် ဘာလုပ်သင့်တယ်ဆိုပြီး စာအုပ်တွေဘာတွေ ရှိတယ်လို့လည်း သူမကြားဖူးဘူး။ သူ စိတ်တော်တော် ရှုပ်သွားတယ်။ ဒီအတိုင်း အိမ်မှာနေနေလို့တော့မဖြစ်ဘူး။ အပြင်ထွက်ပြီး မေးစမ်းဦးမှဆိုပြီး သူ အိမ်အ ပြင် ထွက်လာတယ်။ သူတို့ ရပ်ကွက်လမ်းဟာ ထုံးစံအတိုင်း ခြောက်ကပ် တိတ်ဆိတ်နေတယ်။ အဲဒီမှာ အိမ်အမှတ်( ၆ ) က အဘိုးကြီးတစ်ယောက် အမှိုက်သွန်ထွက်လာတာကို တွေ့လိုက်တော့ သူ လှမ်းနှုတ်ဆက်လိုက်တယ်။ အဲဒီအဘိုးကြီး က အသက် ရာကျော်နေပြီ။ ဘယ်နှစ်ရာမှန်းကို မသိဘူး။ သူ့ကို တွေ့တော့ ပြုံးပြတယ်။ သူလည်း အဘိုးကြီးနားသွားပြီး သူ ရင်ဆိုင်နေရတဲ့ ဒုက္ခကို ပြောပြလိုက်တယ်။ အဘိုးကြီးက အံ့သြတကြီးနဲ့ သူ့ကို ကြည့်တယ်။ အဘိုးကြီးက သူလည်း သေချင်နေတဲ့ အကြောင်း။ သူ အခုလို သေတာဟာ အလွန်ကြီးမားတဲ့ အခွင့်အရေးကြီးတစ်ခုကို ရလိုက်တာ ဖြစ်တဲ့ အကြောင်း။ အလွန်ကံကောင်းတဲ့အကြောင်း။ နားညည်းအောင် ပြောပြီးမှ သေပြီးတဲ့လူဟာ ဘယ်လုပ်ရမယ်ဆိုတာ သူ ကိုယ်တိုက်လည်း မသေဖူးလို့ သေသေချာချာ ရေရေရာရာ မသိတဲ့ အကြောင်း ပြောတယ်။ သူ စိတ်တော်တော် လေသွား တယ်။ မသိရင် မသိဘူး အစကတည်းက မပြောဘဲ ချီးမွမ်းခန်းတွေ ဖွင့်နေသေးတယ်။ မင်း မိတ်ဆွေတွေ မေးကြည့်ပါ လားလို့ အကြံပေးတော့ သူ့မိတ်ဆွေတွေလည်း သေဖူးတဲ့လူတွေ မဟုတ်တော့ သိမှာ မဟုတ်လောက်တဲ့ အကြောင်း ပြန် ပြောလိုက်တယ်။ ဟုတ်တော့လည်း ဟုတ်တယ်။ သေဖူးတဲ့လူမှ သေပြီးရင် ဘာလုပ်ရမယ်ဆိုတာ သိမှာ။ အခုဟာက မသေသေးတဲ့လူတွေ လိုက်မေးနေရင် ဘယ်သူမှ သေချာ ဖြေနိုင်မှာ မဟုတ်ဘူး။ သူ မြို့ထဲဘက် ထွက်ခဲ့လိုက်တယ်။ စူပါမားကတ် တစ်ခုကို ၀င်ပြီး လျှောက်ပတ်ကြည့်နေလိုက်တယ်။ အဲဒီအချိန်မှာ ဦးကျော်သူဆီက ဖုန်းဝင်လာတယ်။ ဘယ်ရောက်နေလဲ မေးတော့ သူက စူပါမားကတ် ရောက်နေတယ်လို့ ဖြေလိုက်တယ်။ ဦးကျော်သူက ဆဲပါလေရော။ လူသေက လူသေလို မနေဘဲနဲ့ လျှောက်လည်နေရသလားပေါ့။ လူသေမရှိဘဲနဲ့ သူတို့က ဘယ်လို အသုဘ သွားချရမလဲ။ ဘာလဲ ဆိုပြီး အခုချက်ချင်း ပြန်ခဲ့ဖို့ ပြောတယ်။ သူလည်း အခု လာခဲ့မယ်ဆိုပြီး ဖုန်းချလိုက်တယ်။ အသုဘ ချဖို့ပဲ လူသေက ဘာလုပ်ပေးရဦးမှာတုန်း လို့ ရေရွတ်မိသေးတယ်။ သူ အိမ်ပြန်ရောက်တော့ အိမ်ရှေ့မှာ နာရေးကားကြီး စိုက်လို့။ ကားဘေးမှာ ဦးကျော်သူကို တွေ့တယ်။ ကဲ ဘာလုပ်ကြမလဲ လို့ သူက မေးတော့။ မင်းဘာသာ ကုတင်ပေါ် ပက်လက်လှန်နေ။ ညနေသုံးနာရီ သဂြိ င်္ုဟ် မယ်လို့ ပြောတယ်။ သူလည်း အဲဒီအခါမှ ဦးကျော်သူကို မေးဖို့ ပြန်သတိရ တယ်။ သေပြီးတဲ့လူက ဘာလုပ်ရမှာလဲလို့ မေးတော့။ ဦးကျော်သူက ဟ သေတဲ့လူက ဂူထဲ ၀င်ရမှာပေါ့ကွ။ မင်းကို မီးရှို့ ပြီး ဂူသွင်းမယ်။ မင်း ဘာမှ လုပ်စရာမလိုဘူး။ ငါတို့ အကုန်လုပ်ပေးမယ်လို့ ပြောတော့။ သူ ဇဝေဇ၀ါ ဖြစ်သွားတယ်။ မီးရှို့ ခံပြီး ဂူထဲ သွင်းပြီးရင် အဲဒီအထဲမှာပဲ အမြဲတမ်းနေရတော့မှာပေါ့ ဟုတ်လားလို့ မေးတော့။ ဦးကျော်သူက မင်း ရူးနေလား လို့ မေးတာ ခံရကော။ သေပါပြီဆိုမှတော့ အဲ့လိုပဲ နေရတော့မှာပေါ့။ အေး မင်း ဂူထဲမနေချင်ရင် မင်းအရိုးပြာကို ပင်လယ် ထဲ မျှောပေးမယ်။ မင်းဘာသာမင်း သွားချင်ရာသွား တဲ့။ အဲဒီအစီအစဉ်ကိုတော့ သူ သဘောကျသွားတယ်။ အဲ့လိုပဲ လုပ်ပေး လို့ ဦးကျော်သူကို ပြောလိုက်တယ်။ အဲ့ဒါနဲ့ ကုတင်ပေါ်သွားပြီး ပက်လက်လှန်နေလိုက်တယ်။ နာရီကြည့်လိုက် တော့ ဆယ့်နှစ်နာရီပဲ ရှိသေးတယ်။ ပျင်းတာနဲ့ ကွန်ပျူတာဖွင့်ပြီး အွန်လိုင်းပေါ်တက်နေလိုက်တယ်။ ဦးကျော်သူကတော့ စီစဉ်စရာရှိတာ စီစဉ်လို့ပေါ့။ သူ့ကို မသာက မသာလို မနေဘူးဆိုပြီး တဗျစ်တောက်တောက် ပြောနေသေးတယ်။ သူက တော့ ဂရုမစိုက်ဘူး။ ပြာမဖြစ်ခင်တော့ နေချင်သလို နေဦးမယ်လို့ သူတွေးတယ်။ ကုတင်ပေါ် ပက်လက်လှန်နေရတာ ပျင်း စရာကောင်းတယ်လေ။ ဖေ့ဘွတ်မှာ သူ သေတဲ့ အကြောင်း စတေးတပ် တင်လိုက်တယ်။ ခဏလေးနဲ့ လိုက်ခ် ပေါင်း ထောင်ချီ ရတယ်။ ကွန်မန့်တွေလည်း အများကြီးပဲ။ ကောင်းရာသုဂတိလားပါစေ တို့။ သွားနှင့် ဘော်ဒါကြီးရေ တို့။ တစ်ချိန်ချိန်မှာ ပြန်ဆုံကြတာပေါ့ တို့။ ၀မ်းသာပါတယ် တို့။ ဂုဏ်ယူပါတယ်တို့ ။ စုံလို့ပဲ။ သူလည်း ဟို သတင်းဖတ်။ ဟိုပုံ ကြည့်။ ဒီပုံကြည့်။ ကွန်မန့်တွေ လျှောက်ရေးနဲ့ ။ သုံးနာရီ ထိုးသွားတယ်။ ဦးကျော်သူက သွားရအောင်လို့ လာခေါ်မှ သူ လည်း ထ တယ်။ အိမ်အပြင် ထွက်လိုက်တယ်ဆိုရင်ပဲ တစ်ခါမှ မမြင်ဖူးတဲ့ လူတွေက သူ့ကို ဂုဏ်ပြုဖို့ စောင့်နေကြတယ်။ နည်းတဲ့ လူတွေ မဟုတ်ဘူး။ ဆိုင်းဘုတ်တွေလည်း အများကြီး ။ ဖေ့ဘွတ်မှာ ၇တဲ့ ကွန်မန့်တွေလိုပဲ။ သူ့အတွက် ဂုဏ်ယူ ၀မ်းမြောက်ကြောင်းနဲ့ ဆုတောင်းပေးတဲ့ ဆိုင်းဘုတ်တွေပေါ့။ သချို င်္င်းသွားရာ လမ်းတစ်လျှောက်လည်း အဲ့လိုပဲ ။ ဘယ်က ဘယ်လို သတင်းရတယ် မသိဘူး။ သူ့ ကို နှုတ်ဆက်နေတဲ့ လူတွေ အများကြီးပဲ။ နောက်မှ အိုဘားမားနဲ့ ဦးသိန်းစိန် လက်ချက်ဖြစ်မှန်းသိရတယ်။ ဒါပေမယ့် မနက်က သတင်းစာထဲမှာ ပါကတည်းက လူတွေက အကုန်သိနေကြတာတဲ့။ သူ နည်းနည်း မြောက်ချင်သလိုလိုတောင် ဖြစ်သွားတယ်။ သဂြို င်္ဟ် စက်ထဲ ရောက်ပြီး မီးအရှို့ခံရတဲ့ အချိန်တစ်ခုပဲ နည်းနည်း ပူပူလောင်လောင် နိုင်လိုက်တယ်။ သူ့ ပြာတွေ ပင်လယ်ထဲ မျှောလိုက်တဲ့အချိန်ကတော့ သူ့အတွက် အပျော်ဆုံး အချိန်ပဲ။ ပြာတွေ တစစီ လွင့်ထွက်သွားတော့ သူ့ မှာ ဘာမှ မရှိတော့ဘူး။ ဆိုလိုတာက။ အတွေးလည်း မရှိတော့ဘူး။ ခံစားမှု လည်း မရှိတော့ဘူး။ သူ အဲ့လို မဖြစ်တာ ကြာခဲ့ပြီမလား။ အခုတော့ သူ ဆိုတာ လောကကြီးမှာ လုံးဝ မရှိတော့ပါဘူး။ လူတွေကတော့ သူ့ရဲ့ အရိုးပြာတွေ ပင်လယ်ထဲ လွင့်ဝဲ မျောပါ နစ်မြုပ် ပျောက်ကွယ်သွားတာကို ကြည့်ပြီး အားကျလို့ နေတယ်။ သူတို့လည်း သေချင်နေကြပြီလေ။


မိုးအိမ်လူ
၇ အောက်တိုဘာ ၂၀၁၃

တူရိယာ တစ်ခုခုမှ မပါရင် ဒီတောလမ်း ဘယ် ခရီးပေါက်မလဲ လမ်းညွှန်



အဲဒီမှာ ကိုယ်ဟာ တောက်တဲ့။ အခြားဘာသာစကား မရှိခဲ့ဘူးလို့ ထင်လို့ ကိုယ် သတ်မှတ်မိလိုက်တဲ့ တောက်တဲ့။
ဇီဝဖြစ်စဉ် ပြောင်းလဲမှု အရမဟုတ်ဘူး။ ယနေ့ အမှန်တရားများ မနက်ဖြန်အထိ ရပ်တည်နိုင်စွမ်းဖို့ တောက်တဲ့။
သင် နားလည် မှတ်ယူထားတဲ့ တောက်တဲ့ က ဘယ်လိုမျိုးလဲ။ ကိုယ် သိသလိုလိုနဲ့ မရေရာဘူး။ ကိုယ် နားလည် သိမှတ်
ထားတဲ့ တောက်တဲ့ ကတော့..အင်း.. ကိုယ်လည်း ဝေေ၀ ၀ါးဝါးပဲ။ မြို့ပြကဗျာတွေထဲကနေ မြို့ရဲ့ ရနံ့ကို ပြန်လည် မီးမွှေး
တစ်ခါသေဖူးတော့ ပျဉ်ဖိုး နားလည်းသွားကြပြီ တောက်တဲ့ တွေလေ။ ကိုယ်ကတော့ ဘာလာလာ ဒေါင်း နိုင်ပါတယ်။
Connection ကောင်းဖို့တော့ လိုတာပေါ့ ဆိုသလို။ အပြင်မှာ ထိခတ်လိုက်တဲ့ အရာက နည်းနည်းလေးနဲ့ အတွင်းကနေ
လှိုက်တက်လာတဲ့ မီးတောက်ကြီးကနေ ခန္ဓာရဲ့ နေရာအနှံ့ လောင်ကျွမ်း။ မီးခိုးတွေ မွှန်တော့ အတိအကျ မရှိတော့ဘူးပေါ့
နေ့တစ်နေ့ပဲ။ မဆိုစလောက် နေ့တစ်နေ့ပဲ။ ဘယ်သူမှ ဖန်ဆင်းထားခြင်း အလျဉ်းမရှိတဲ့ ရိုးရိုးစင်းစင်း နေ့တစ်နေ့ပဲ။
သင် ကြုံတွေ့ဖူးနေကျ ရင်ကျပ် ချောင်းဆိုး မူးဝေ အော့အန် ။ အထိုင်များရင် ကျောက်ကပ် တည်နိုင်တယ်လို့ ကြားဖူး
ပျစ်ခနဲ ကွမ်းတံတွေး ပါးစပ်တစ်ပေါက်စာ ထွေးထုတ်ပစ်ပြီး ကိုယ် ဆက်ထိုင်နေမိတယ်။ ဆုံးမသူများ ခွင့်လွှတ်စေချင်။
ကိုယ်ဆီကနေတော့ တစ်ခုခု ရဖို့တော့ မမျှော်လင့်လေနဲ့။ ကိုယ်ဆီမှာ ကိုယ် က လွဲပြီး စကားလုံး တောင် မရှိဘူး။
အဟုတ် ။ ကိုယ်က တရုတ် မဟုတ်ဘူး။ စီးပွားရေး ဈေးကွက်ဆန်မှုဟာ ဒီနေရာမှာ အသုံးမတည့်ကြောင်း မိတ်ဆွေ လည်း
အသိ။ တောင်တောင်အီအီ ရောရောယောင်ယောင် လုပ်နေမိသမျှ ကာလာပတ်လုံး အညှိအကြေးက လွဲလို့ အခြား မရှိ။
ဆက် လျှောက်။ ကိုယ်နားထောင်နေကျ သီချင်းတွေလည်း လွမ်းလွမ်း အိုအို ငေါင်စင်းလို့။ တကယ်တော့ ကိုယ်လည်း
အဟောင်းထည် ဆိုတာထက် မပို။ စီးဆင်းလည်ပတ်နေတဲ့ အဲဒီ ယဉ်ကျေးမှု ပတ်လမ်းမှာ ရှော့တွေ အဖြစ်များလာခြင်း
အကြောင်းရင်း တဲ့ ကိစ္စကတော့ ညှော်မရှောင်လို့ ပဲ နေမယ်။ နောက်ဆုံးတော့ ဖာဂူဆန်ဟာ ဖာဂူဆန်ဖြစ်အောင် အနိုင်နဲ့
အခုချိန်ဆို MAHASAN ဘယ်ရောက်နေပြီလဲ။ ကိုယ်တို့ရဲ့ THE DAY AFTER TOMORROW လား။ ကြိုတင် အတိတ်။
အခုလောက်ဆို တောက်တဲ့ အကြောင်း ခြုံငုံမိပြီပေါ့။ တကယ်တော့ ဘာမှမှ မဟုတ်တာကြီး။ တောက်တဲ့က တောက်တဲ့။
လူက လူ။ သူက သူ။ ကိုယ်က ကိုယ်။ ရောထွေး မှု တစ်ခုအရလည်း မဖြစ်နိုင်ဘူးဆို။ တောက်တဲ့ ဟာ သူ ပဲ ဖြစ်နေတယ်။
သန်းခေါင်ယံ အချိန်မှာ ။ နေညို လ ညို ချိန်မှာ။ အသိတရား မှောက်မှားချိန်မှာ။ ချိတ်ထားသမျှ ချိတ်တွေ အကုန်ပျက်ကျ။
တစ်ခါတုန်းက ဘာညာသရကာတွေ ဆီ ပြန်ရောက်။ HAPPY MOTHER DAY../ I LOVE ..MOM!။ အဲဒီမှာ ရွှေကိုယ်နတ်
လည်း ဒိန်း ဒိန်း ဒိန်း …ဒိန်း ဒိန်း ဒိန်း ဂျား…။ ကိုယ့်ရဲ့ LOVELY တွေလည်း ကိုယ့်ကို စိတ်ကောက်နေကြရောပေါ့။
ရာသီဥတုကမှ မကောင်းဘဲကိုး။ တစ်နေ့ တစ်နေ့။ အဲဒီ အသက်က ကြီးလာတာ ဆိုးတာပဲ။ ကျောက်စရစ်တွေကြားမှာ
ကိုယ် ရှိတယ်။ လှမ်းခေါ်ကြည့်လိုက်။ ကိုယ့် ကို။ ဦးရေပြားက စ ပြီး နွှာချလိုက်တော့ စိတ်မကောင်းစရာပဲ။ စိတ်ညစ် တွေ
အဖတ်လိုက် ထွက်ကျ။ သင် တို့ အော့အန်နေကြမလား။ နောက်တော့လည်း ဆေးဖက်ဝင်တယ်ဆိုပြီး ဖွယ်ဖွယ်ရာရာ စီမံ
လည်ပင်းနင်အောင် မျိုကြဦးပေါ့။ အဲ့ဒါကို ဘယ်လို ခေါ်မလဲ။ အထက်အောက် ဖိစီးတယ်ခေါ်မလား။ ဗဟိုချက်ကို ထိမိ
တယ် ခေါ်မလား။ ထားပါ။ အဆင်ပြေရာ ဘာသာစကားတစ်ခုခုနဲ့ပဲ။ GOOD NIGHT.. BYE BYE ပါ။

မိုးအိမ်လူ
၁၂ မေ ၂၀၁၃
နံနက် ၀း၃၂

Friday, October 4, 2013

သေနေတဲ့ ဇာတ်လမ်း




တကယ်တော့ သစ်သီးက ပုပ်နေပြီ ဖြစ်သည်။ သို့သော်လည်း စားစရာ ရှိတာကို စားရမည်ဟု ခံယူထားသူများကတော့ ပုပ်ပုပ် သိုးသိုး စားကြသည်ပင်။ လက်နှိပ်ဓာတ်မီးများကို ပိတ်ထား၍ အမှောင်မှာ လမ်းလျှောက်တတ်သော လူများသည် နံနက်ခင်းနေရောင် ကို အော်ကြီးဟစ်ကျယ် တောင်းဆိုတတ်ကြသည်။ အချိန်ဆိုသည်ကို နားမလည် အလေးမထားလျှင် အစကတည်းက လက်မခံခဲ့ဖို့ ကောင်း သည်။ အခုတော့ နာရီဆိုင်တွေ စီးပွားတတ်တာပဲ အဖတ်တင်သည်။ လမ်းက အခုထိ မတွေ့။
အချစ် ဟု ဆိုလိုက်လျှင် မြီးကောင်ပေါက်ကလေးများနှင့် မရင့်ကျက်နိုင်သူ အရွယ်လွန်များက စိတ်ဝင်တစား ခေါင်းထောင် တတ်လေ့ ရှိသည်။ စီးပွားရေးသမားများသည် ထိုအကွက်ကို နင်း၍ ကျားထိုး၏။ မလွတ်လပ်သူ အနုပညာသမားများသည် ထိုအကွက်ကို နင်း၍ တစ်ကောင်ကျွေးနှစ်ကောင်စား၏။ အခုမှ အမည်တပ်မရတော့ခြင်းဖြစ်သည်။ တစ်ကိုယ်ကောင်းဆန်ခြင်း အနုပညာ ဟူ၍ ရှိပါသ လား။ ကျွန်တော် တတ်မြောက်ချင်သည်။ သို့မဟုတ်။ ကျွန်တော်ကပင် စ၍ တီထွင်လိုက်ပါမည်။ အဘယ်ကြောင့်ဆိုသော် ကျွန်တော် သည် တစ်ကိုယ်ကောင်းဆန်သူ တစ်ယောက်ဖြစ်သောကြောင့်ပင်တည်း။
မိုးလေးများဖွဲလာပြီဆိုလျှင် ပျော်တတ်ကြသည်။ ဘယ်သူတွေလဲ ဟုဆိုလျှင် ပျော်တဲ့သူတွေ သိလိမ့်မည်။ ငယ်ငယ်တုန်းက မိုးရွာလျှင် ကျောင်းကို ထီးဆောင်းပြီး သွားရမည်ကို ရှက်သည်။ မိုးကာလေးနှင့် စမတ်ကျကျ ကျောင်းကို သွားချင်သည်။ အခုကျတော့ မိုးကာကို မ၀တ်ချင်တော့။ ဒီအတိုင်းပင် မိုးရွာလည်း သွားစရာရှိတာ သွားပစ်သည်။ အခုအချိန်တွင် မိုးသည် ရှားပါးလာလေပြီ ဟု ထင်မိ သည်။ မလိုအပ်ဘဲ အကြောင်းအရာတွေ အများကြီး မပြောဆိုမိဖို့ ကိုယ့်ကိုယ်ကို ထိန်းကျောင်းရသည်မှာ မလွယ်လှပါ။ အရက်မမူးသော် လည်း ကျွဲခိုးက ပေါ်ချင်လျှင် ပေါ်တာပဲဖြစ်သည်။
သွားပုပ်တွေ လေလွင့်လျှင် ပတ်ဝန်းကျင်ကို များစွာ ထိခိုက်သည်။ တစ်နည်းအားဖြင့် အတင်းပြောခြင်းသည် မကောင်းပါ။ သို့သော် အတင်းပြောခြင်းသည် လူထု၏ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကို များစွာ အထောက်အကူဖြစ်စေကြောင်း စစ်တမ်းများအရ သိရသည်။ ( ကိုယ့်ဘာသာကိုယ် စစ်တမ်းကောက်ခြင်းသာဖြစ်သည်။ အတည်မယူစေလို )။ လူမှုရေးနှင့် ပတ်သက်၍ ကျင့်ဝတ်များ နီတိ များကို ရှေးလူကြီး ဆိုသူတွေက ဘာလို့များ များများစားစား ထားခဲ့ကြပါလိမ့် ဟု မကြာခဏ တွေးမိသည်။ ထိုကျင့်ဝတ်နီတိများသည် စာအုပ်ထဲတွင် မှတ်တမ်းတင်ထားသော ၊ ရံဖန်ရံခါ အပျင်းပြေ ဖတ်ကောင်းသော စကားလုံးများထက် မပိုချေ။ ထို့အပြင် စကားပြောခြင်း ကိစ္စတွင် ၎င်းတို့ကို သုံး၍ ကိုယ်ရည်ကိုယ်သွေးကို မြှင့်တင်ရာတွင်လည်း များစွာအသုံးဝင်သည်။ ထိုလောက်ပင် ဖြစ်သည်။ ထိုထက် မပို။
အချစ်ဆိုသည့် ကိစ္စကို ကျွန်တော် ပြန်၍ တူးဖော်နေမိသည်။ မတူးဖော်၍ မဖြစ်။ ကြံဖန်၍ ချစ်တတ်အောင် ကြိုးစားရမည်။ ဘာကြောင့် လဲ ဆိုတာတော့ ကျွန်တော်ကိုယ်တိုင် ရေရေရာရာမသိ။ ကျွန်တော့်ကိုယ် ကျွန်တော် ရှောင် နေခြင်းလည်း ဖြစ်နိုင်သည်။ အရင်တုန်းကတော့ အချစ်သည် အင်မတန်မှ ခံစား၍ ကောင်းသော အရာဖြစ်သည်။ ထိုကိစ္စနှင့်ပတ်သက်ပြီး စာတွေ အများကြီး ရေးနိုင် ခဲ့သည်။ အဲဒီကမှ တဆင့် အခြားအကြောင်းအရာတွေကိုပါ ချဲ့ထွင် လေ့လာဖြစ်ခဲ့သည်။ အရှုံးတော့မရှိခဲ့။ သို့သော် ယခု အချစ်ကို ပြန်၍ ခံစားတတ်ဖို့ ကျွန်တော် ကြိုးစားရဦးမည်။ ခက်သည်မှာ မလွယ်ကူခြင်း ဖြစ်သည်။
ပန်းတစ်ပွင့်၏ မွေးဖွားခြင်း တေးတွင် ကျွန်တော် မကျွတ်လွတ်နိုင်သေး။ ရနံ့တို့ ရှိခဲ့လိမ့်မည်။ သေဆုံးသွားသော စကားလုံးတို့ ၏ နေရာတွင် အခြားတစ်ပါးသော စိတ်ခံစားမှု ပုံရိပ်များ အစားထိုးဝင်ရောက်နေလေပြီ။ မငေးမောဖူးသော လမင်း၏ သေဆုံးခြင်း ဇာတ် လမ်းကို ငေးမောမိခဲ့ပြန်သည်။ ပျောက်ကွယ်ကာနီး မောဟလေးကိုမှ ကျွန်တော်က တပ်တပ်မက်မက် ချစ်နေမိခဲ့သည်။ အခုတော့ သေ သော်မှတည် သြော်ကောင်း၏ ဖြစ်နေသည်။ ထိုစကားစု၏ ဆိုလိုရင်းကို အမှန်တကယ် ကျွန်တော် နားမလည်ပါ။ ကျွန်တော်၏အဖြစ်သည် နာမည်ကြီးခဲ့သော ၀တ္ထု ဇာတ်လမ်းများထဲမှ မင်းသားတစ်ယောက်ယောက်၏ အဖြစ်နှင့် ယောင်မှားလို့တောင် မတူညီဖြစ်။ ကျွန်တော်၏ အဖြစ်သည် ကျွန်တော်၏ အဖြစ် အဖြစ်သာ တည်ရှိနေပြီး အခြား ဖြစ်ခဲ့ပြီးသည်များနှင့် လုံးဝ ကွဲလွဲဆန့်ကျင် နေခဲ့ခြင်းသည် ကျွန်တော်၏ ကံဆိုးမှု ဖြစ်ခဲ့ပြီး ကျွန်တော်၏ ၀ဋ်နာကံနာသက်သက်သာ ဖြစ်ခဲ့သည်။ ကျွန်တော် သီချင်းများကို အော်ဟစ် ညည်းညူ သီဆိုတတ်လာခဲ့ပြီ ဖြစ်သည်။


မိုးအိမ်လူ

၂ ဇူလိုင် ၂၀၁၃ ( နံနက် တစ်နာရီ ကျော်ကျော် )

Thursday, October 3, 2013

မပီမသ တေး






သွေးသားတော်စပ်မှု ရှိခြင်း မရှိခြင်း ဖြစ်ရပ်မှန် ဇာတ်လမ်းများထဲ
နေရောင်ခြည်ဟာ တောက်လောင်ဆ ခပ်များများနဲ့ပဲ အရေပြားတွေအပေါ်ရွာကျလို့ ကျ
ဘ၀ရဲ့ အစိတ်အပိုင်း တော်တော်များများမှာ မြက်ခင်းစိမ်းတွေ မလန်းခဲ့ဘူး
လွတ်လွတ်ကျွတ်ကျွတ်ကြီး ရုန်းရကန်ရ နေ့စဉ်ရက်ဆက်တွေကို တသသ ထမ်းပိုးပြီးမှ
ဘယ်သူ သတ်မှတ်လိုက်သလဲ
လှေကား
တစ်ထစ်ချင်း
ပြုတ်ကျ သွားခဲ့ရတယ်
ဘ၀အခွံကြီးထဲမှာ မွန်းကျပ်သံတွေ တလှိုင်လှိုင် ထ နေတုန်း ကြယ်မြင် လ မြင် လောကဓံ ဆိုတာ ကြုံဖူးပြီ
အိ          က                      
မှတ်တိုင်တစ်ခုခုမှာတော့ ရပ်စောင့်နေရတုန်းပဲ ဆယ်စုနှစ်တွေသာ အသားလွတ်ပုပ်သိုးသွားတယ်
တစ်ခါတစ်ခါ မြို့အိုအိုလေးမှာ ကော်ဖီအိုအိုလေး သောက်ပြီး ဘ၀ကို ခပ်အိုအိုလေး အိုသွားချင်တယ်
အို
အဲဒီသင်္ကေတမှာ အခါခါ ညှိစွန်း ဖောက်ပြားမိသမျှ အနာဂတ်တေးတွေ အသံကြောင်ခဲ့ပြီ
တိတိပပ အကြောင်းအရာတစ်ခုခုနဲ့ လမ်းတွေ မလျှောက်တတ်တော့ဘူး လွင့်မျောမိတတ်ခဲ့ပြီ

မိုးအိမ်လူ
31.5.13