Saturday, September 10, 2016

လမ်းမကြီးရဲ့​ဘေး ​ပေမယ့်​ ဝိုင်းစုခိုင်​သိန်းနဲ့ မ​တွေ့ခဲ့ဘူး



အဲ့ဒီ​နောက်​ ခြင်​ဟာ ​ကျောက်​​ခေတ်​ထဲ ပျံ​ပြေးဝင်​သွားတယ်
အသဲကွဲပုံစတစ်​ကာကပ်​ထားတဲ့ အကျိင်္ီဝတ်​ထားတဲ့ ​ကောင်​​လေးဟာ ​စီးကရက်​ကို​ နောက်​ဆုံးအကြိမ်​အဖြစ်​ ရှိုက်​ဖွာပြီး
မီးခိုး​ငွေ့​တွေထဲမှာ အတိတ်​ကို ရှာတယ်
သုဓမ္မာလမ်းမကြီးမှာ ဘယ်​နံပါတ်​ကို ​စောင့်​ရမလဲ မ​သေချာဘဲ ​စောင့်​​နေခဲ့တာလည်း
မ​နေ့က ​တွေ့လိုက်​တဲ့ ဂျာနယ်​ထဲမှာ ၂၁ရာစုရဲ့ ပင်​လုံညီလာခံ​တောင်​ ကျင်းပ​နေခဲ့ပြီ
မိုးတဖွဲဖွဲကျလာ​တော့ မိုးအတု​တွေအ​ကြောင်း ကဗျာကို သတိတရ
အဲကွန်းဘတ်​စ်​ထဲက အ​အေးဓာတ်​နဲ့ အပြင်​ဘက်​က ရွာ​နေဆဲ မိုးပုံရိပ်​ဟာ သဟဇာတဖြစ်​ခဲ့ပြီး
လက်​​တွေ့မှာ​တော့ ဘယ်​​တော့မှ လက်​​တွေ့မရှိလှဘူး
ပိုကီမွန်​ဂိုးထဲက အ​ကောင်​​တွေ​ကော မိုး​ရေထဲမှာပဲလား
ကောင်​​လေးဟာ စီးကရက်​အသစ်​တစ်​လိပ်​ကို ထုတ်​​သောက်​ပြန်​တယ်
ပရိုဂရမ်​တစ်​ခု run ​နေသလို ကားမျိုးစုံ အရှိန်​ပြင်း အရှိန်​​လျှော့ ရပ်​တန့်​ အရှိန်​ပြန်​တင်
အမှိုက်​​တွေသွန်​သလို သွန်​သွားလိုက်​ အမှိုက်​​တွေသိမ်းသလို သိမ်းသွားလိုက်
ရုပ်​​ပေါက်​​နေတဲ့ ခရီးသည်​တင်​ဘတ်​စ်​ကား​တွေဟာ အကြည့်​တစ်​မျိုးနဲ့ကြည့်​သွား အလျင်​တစ်​မျိုးနဲ့ ကြည့်​သွား
စပ်​ကြား..နိုင်​တီတူး..ဂျမ်း...ယူဦးမလား အစ်​ကို ကွမ်းယာသည်​​လေးက​မေး​တော့
မင်းအသက်​ ဘယ်​နှနှစ်​လဲလို့ ခပ်​ချာချာ ပညာ​ပေးဇာတ်​လမ်း​တွေထဲကလို ပြန်​မ​မေးမိဘဲ ငါ ကွမ်းမစားဘူးလို့ ခပ်​ပြတ်​ပြတ်​ ပြန်​​ပြောပြီးမှ တစ်​မျိုးတစ်​မည်​ ဖြစ်​ရပြန်​တယ်
ကောင်​​လေးက​တော့ နိုင်​တီတူး တစ်​ထုပ်​​ပေး ဆိုပြီး ပိုက်​ဆံထုတ်​တယ်
မိုးဟာ ရုတ်​ချည်းရပ်​တန့်​သွားပြန်​​ရော
အဲ့ဒီ​နောက်​ ခြင်​ဟာ ​ကျောက်​​ခေတ်​ထဲ ပျံ​ပြေးဝင်​သွားတယ်​။


မိုးအိမ်​လူ
၁၁.၉.၂၀၁၆

နံနက် ၂ နာရီ ခန့်

မင်းတို့ရဲ့ သစ္စာတရား ငါ့ဆီမရောက်ဘူး...အားတီတို့



ငါ့ကို အခု ပြောပါ
ငါ့ကို အခု ထပ် ပြောပါ
ငါ့ကို အခု ထပ် ထပ် ပြောပါ
ငါ့ကို အခု ထပ် ထပ် ထပ် ပြောပါ
ငါ့ကို အခု ထပ် ထပ် ထပ် ထပ် ပြောပါ
ငါ့ကို အခု ထပ် ထပ် ထပ် ထပ် ထပ် ပြောပါ
ငါ့ကို အခု
             ထပ်
                   ထပ်
                         ထပ်
                               ထပ်
                                     ထပ်
                                            ထပ်
ပြောပါ။


မိုးအိမ်လူ
၉.၉.၁၆

ည ၁၀ နာရီ ၁၁ မိနစ်

မူးနေတဲ့ ဖယောင်းတိုင်



အလင်းရောင်ဟာ မြတ်နိုးစရာ
ဖန်သေတ္တာထဲ ထည့်ထားလိုက်တော့ ရုပ်ရှင်တွေထဲက တန်ခိုးရှင်ရောက်လာသလိုမျိုး
မကြည်လင်တဲ့အခါ အလင်းရောင်ဟာ မြားဦးချွန်နဲ့ မျက်လုံးကို ထိုးစိုက်နေသလိုမျိုး
(တကယ်က အဲ့ဒီလောက်မဆိုးပါဘူး )
တွေးနေတဲ့အတွေးတွေဟာ အလင်းရောင်ပျံသန်းရာ လမ်းတလျှောက်
မှာထားတဲ့ ဒဿနစာအုပ်ဟာ အခန်းနံပါတ်မှားပြီး နေ နေလိုက်တာ အလင်းရာသီကုန်တဲ့အထိ
ဝီစကီနှစ်ပက်ထည့်ထားတဲ့ ဖန်ခွက်ကို အလင်းရောင်မှာ ကိုင်မြှောက်ကြည့်လိုက်တဲ့အခါ
တဏှာရာဂဟာ ဟုန်းခနဲ ထ တောက်လာလို့ ဂွတ်ခနဲ မော့ချပစ်လိုက်ရ
လမင်းကြီးရဲ့ အလင်းရောင် ခမ်းတဲ့အထိ
စပျစ်သီးအချဉ်တွေဟာ အလင်းရောင်ထဲမှာ မက်မောဖွယ်ရာ
အလင်းရောင်ကိုမြင်တဲ့အခါ အမှောင်ကို သတိရတတ်သလိုလို ရှိနေတတ်သေး
ပိတ်ထားတဲ့ တံခါးကို ဖွင့်လိုက်တော့
ဘာလင်တံတိုင်းကို အလင်းရောင်ထဲမှာ အထင်အရှား။


မိုးအိမ်လူ
၈.၉.၁၆

ည ၁၁ နာရီ ၁၀ မိနစ်

ကော်ဖီဆိုင်



အများအားဖြင့် စုံတွဲလေးတွေပေါ့
ကော်ဖီထက် အရသာပိုတဲ့ အကြည့်တွေနဲ့ ခေတ်အကြောင်း
သာမညစကားတွေ အခြေအတင် ဆွေးနွေးနေကြတယ်
နံရံနဲ့ မျက်နှာကြက်က အလင်းမှိန်မှိန်ဟာ စွဲမက်ယစ်မူးဖွယ်
တိုင်ပေါ်က နာရီဟာ အနားမနေဘဲ ပုံမှန်ရွေ့နေခြင်းကို ဘယ်သူတရားကျကြမလဲ
မုန့်ချို အချို့ကို ကိုက်ဝါးရင်း ဆီးချိုရောဂါအကြောင်း အကျယ်တဝင့်ဆွေးနွေးနေသူ
အသက်ငါးဆယ်ကျော်တို့ခဗျ ဘယ်ခရီးမှ မနီးနေသလို အထာအပြည့်
စမတ်ကျကျဝတ်ဆင်ထားတဲ့ စားပွဲထိုးလေးဟာ စားပွဲဝိုင်းတွေကို မျက်ခြေမပြတ် လှည့်ပတ်
ကြည့်တော့ကြည့်တယ် မမြင်ဘူး အထာအပြည့်
သေသပ်ကျနစွာ ခေါက်ချိုးထားတဲ့ တစ်ရှူးစက္ကူ တစ်သိုက် ပျင်းရိငိုက်မြည်းနေကြသလို
ကောင်တာက မန်နေဂျာ အမျိုးသားကြီးဟာ ဝင်ပေါက်ကို အဓိပ္ပာယ်မဲ့ ငေးကြည့်နေသလို
မီနျူးစာအုပ်ကို တစ်ရွက်ချင်းလှန်ရင်း ကိုယ်နဲ့ ကျန်းမာရေးအရ စီးပွားရေးအရ ဓာတ်မတည့်တဲ့ စားသောက်ဖွယ်ရာတွေကို ရှောင်ရှားနေတဲ့ လက်တွေ ခပ်လေးလေး လှုပ်ရှားနေကြသလို
ရေနွေးတစ်အိုး အရင်ပေးကွာ...မိတ်ဆွေကို စောင့်လိုက်ဦးမယ်
အဝင်တံခါးမှာချိတ်ဆွဲထားတဲ့ ကဒ်ကလေးကို ဆိုင်ထဲကနေမြင်နေရတာကတော့
CLOSE.... ။


မိုးအိမ်လူ
၈.၉.၁၆

နံနက် ၉ နာရီ ၂၉ မိနစ်

အသံစကား



တိတ်ဆိတ်သံဟာ လမ်းမပေါ်မှာ တွားသွားနေ
အရိုင်းစိတ်ရဲ့ အနံ့ဟာလည်း တစ်လွှာချင်း မှိုင်းဝေလာ
လျှောက်နေတဲ့ ခြေထောက်ဟာ ခြေသံကို မြုံထား
မြို့တော်ရဲ့လမ်းတွေဟာ စိတ္တဇရုပ်ရှင်ဆန်ဆန် ခြောက်ခြားဖွယ် ဖြစ်နေတယ်


ဘယ်မြို့တော်လဲ
အားလုံးရဲ့မြို့တော် သို့မဟုတ် မြို့တော် အားလုံး

အားလုံးက မြှောက်တင်ထားလို့ ကောင်းကင်အမြင့်မှာ ဝဲနေသူ နာမည်ကျော်များ
စိတ်မလာတဲ့အခါ အားလုံးက ဆွဲချဖို့ ဖြစ်လာတဲ့ နာမည်ကျော်များ
နာမည်ကျော်တွေကို မကြိုက်တတ်ရင် အစကတည်းက နာမည်ကို အကျော်မခံဖို့ကောင်းတယ်
စိတ်ထဲမှာပဲ သိုသိပ်ဝှက်ကွယ်ထားတတ်တဲ့ အကျင့်ကို ကျင့်ကြစမ်း

မခြုံလို့ မလုံဘူး သီလကိုယ်ကျင့်တရားများစွာ
ဟင်းလင်းပြင်

ဘာသာစကား ဘေးကျပ်နံကျပ် ခေတ်ထဲ ချစ်စကားများ အဆန်းတကြယ်
အမုန်းစကားများ အံ့ချီးဖွယ် ဖွံ့ထွားဝဖီးလာကြ အက်ဖ် စတား စတား ကေ
ဖတ်နေသတင်းခေါင်းစဉ်ကအစ ကမ္ဘာအနှံ့ ယဉ်ကျေးမှုတွေ တိုးတက်လာနေတယ်

တဝုန်းဝုန်း စည်ကားပြီးမှ တိတ်ဆိတ်သံဟာ ဟောလီဝုဒ်ရုပ်ရှင်ထဲကအတိုင်း ခြောက်ခြားရပြန်။

မိုးအိမ်လူ
၆.၉.၁၆

ည ၁၁ နာရီ ၂၁ မိနစ်

အခြားသူတို့ရဲ့အကြောင်းဟာ အကြောင်းမဟုတ်တဲ့ နေ့



ကိုယ့်တစ်ကိုယ်ရည်စာ
စိတ်ရဲ့အမှောင်ရည်တွေ အငွေ့ပျံသွားစေခဲ့
ဝေဝါးခဲ့သမျှ လင်းထင်းဖို့ မသေချာသည့်တိုင်
စာရွက်ပေါ်မှာ စကားလုံးအချို့ အထင်အရှား
ခေတ်တစ်ခေတ်စာ အလင်းမိုးရွာခဲ့တယ်


ကိုယ့်တစ်ကိုယ်ရည်စာ
နောက်ဆုံးပေါ် အရည်မရ အဖတ်မရတွေကို
ခွင့်လွှတ် နားလည် စိတ် ပွင့်ဝေခဲ့
ဘယ်သူမှ မထွန်းညှိဘဲ လင်းခဲ့
ဘယ်သူမှ မမှုတ်ငြှိမ်းဘဲ ငြိမ်းခဲ့
ကြယ်တွေရဲ့ ဒုက္ခသစ္စာတေးကို
ပီပီသသ တွေးခေါ်မိခဲ့တဲ့ ညနေခင်း
တစ်ခဏ နဲ့ တစ်ဘဝစာ ရနံ့တွေ ပျံဝဲခဲ့တယ်

ကိုယ့်တစ်ကိုယ်ရည်စာ
ပြတင်းပေါက်လေးတစ်ခု ဖွင့်ထားတယ်
သစ်ခက်လေးတစ်ခု ချိတ်ဆွဲထားတယ်
စကားစုတစ်ခု ရေးထွင်းထားတယ်
ခေတ်သစ်တစ်ခု အဓိပ္ပါယ် ဖော်ထားတယ်
အိပ်မက်တစ်ခု အုတ်မြစ်ချထားတယ်

ကိုယ့်တစ်ကိုယ်ရည်စာ
သီးသန့်။

မိုးအိမ်လူ
၅ စက်တင်ဘာ ၂၀၁၆

ည ၁၁ နာရီ

စိတ်ရေးစက္ကူ အိပ်မက်


မကိုင်တွယ်ရတာ ကြာပြီဖြစ်တဲ့ စာရွက်များကို ညက အိပ်မက် မက်တယ်
မမြင်ရတဲ့ စကားလုံးတွေနဲ့ ကြားနေရတဲ့ ကြားနေကျ အဓိပ္ပါယ် ဝိုးတဝါး များ
ရန်ကုန်မိုးလို တဝေါဝေါ တဖွဲဖွဲ အုံ့သည်း တိုးဝင်
ခေါက်ထားတဲ့ စိတ်ကူးကို လွယ်အိတ်ထဲ အလျင်စလို သိမ်းလိုက်ရတယ်။


အမှတ်တရများကို တေးမှတ်ထားခြင်း အချက်အလက်
အစီအစဉ် မကျမှုများဟာ စိတ်ရဲ့ ပုံရိပ်စစ်ဖြစ်တယ်
ချိုးထားတဲ့ စက္ကူ ရုပ်တွေဟာ စိတ်ထွက်ပေါက်
အခု
စက္ကူ ရုပ်တွေ ဘယ်ဆီ ပြေးထွက်သွားကြသလဲ ပျံသန်းသွားကြသလဲ
လွမ်းစိတ်ကို တေးမှတ်ဖို့ရာ စာရွက်များဟာ အနားကို မရောက်လာနိုင်ကြသလား.. လာရောက်ခွင့်မရှိခဲ့ကြသလား
လမ်းမကြီးဟာ ရှုပ်ထွေးနေတယ်
လူတွေဟာ ရောင်စုံတောက်လောင်နေတယ်
အနံ့အသက်တွေဟာ အနီးအဝေး ကစားကောင်းနေတုန်း။

စိတ်ရဲ့ဖြစ်ပျက်တွေ ပုံရိပ်ဖော်ဖို့ စာရွက်ဖြူတစ်ရွက်လောက်ဆို လုံလောက်ခဲ့မလား။

မိုးအိမ်လူ
၎ စက်တင်ဘာ ၂၀၁၆
နံက် ၉:၅၆

ဝါကျ ပုံပြင်



ထိုနေ့က ကိုယ့်အားကိုယ်ကိုး ဝါကျများ ငလျင်ထဲ ပါသွားသည်
အနာတရ ဝေဒနာအဖွဲ့အနွဲ့များ လှိုင်လှိုင်ပွင့်ခဲ့ကြသည်
မြန်မာသဒ္ဒါကယ်ဆယ်ရေးအဖွဲ့များ လမ်းခုလတ်တွင် လုပ်ကြံခံလိုက်ရသည်
ဝါကျတုများ ပျော်သံသည်းသည်းရွာကြသည်
ဝါကျတုများ ဝတ်စုံသစ်ဟုခေါ်သော အရေးအသားအဟောင်းများကို ဝတ်စုံပြည့် တူညီဝတ်ခဲ့ကြသည်
ဝါကျတုများသည် ဘဝတုများကို စုစည်း၍ ပါတီထောင်ကြသည်
ကိုယ့်အားကိုယ်ကိုးဝါကျများ၏ သမိုင်းပုံရိပ်များကို အစဖျောက်ပစ်ခဲ့ကြပြီးနောက်


ယနေ့ သင် ရေးသားဖတ်ရှုသမျှ အရာရာဟာ
ထိုနေ့က ကိုယ့်အားကိုယ်ကိုး ဝါကျများ ငလျင်ထဲပါပြီးသည့်နောက်ပိုင်း
ဝါကျတုများ၏ ဝါကျတုများ ဖြစ်တဲ့အကြောင်း။

မိုးအိမ်လူ
၂၉.၈.၁၆
ည ၇ နာရီ ၃၆ မိနစ်

အချစ်သီချင်း



ငါ သတိရတဲ့အခါ
ငါတို့ခေတ်က သီချင်းတွေ နားထောင်တယ်

ငါ လွမ်းတဲ့အခါ
အိပ်ရာထက်မှာ အသက်ရှူသံတိုးတိုးလေးနဲ့
အိပ်မက်တွေကို မျှားခေါ်တယ်

ငါ အောက်မေ့တဲ့အခါ
ငါတို့အနာဂတ်အကြောင်း ဖွဖွလေး စိတ်ကူးယဉ်ကြည့်တယ်

ငါ တမ်းတတဲ့အခါ
ဝရန်တာ ထွက်ပြီး အိပ်တန်းပြန်ငှက်တွေကို မျှော်ငေးတယ်

ငါ နင့်အကြောင်းတွေးတဲ့အခါတိုင်း
နင် ငါ့အကြောင်းတွေးနေရမယ်လို့
ဘယ်တော့မှ အတ္တ မီးမတောက်ဘူး

အဲဒီလိုပဲ
ငါရဲ့အချစ်ဟာ အပူငွေ့ပျပျလေးနဲ့ ဖြူစင်အေးချမ်းလျက်ရှိတဲ့အကြောင်း။

မိုးအိမ်လူ
၂၄.၈.၁၆

ရွှေပေါက်ကံက အခန်းထဲမှာ သီးနေကြ ပွင့်နေကြ



မယုံမကြည် သက္ကရာဇ် အခိုးအငွေ့များ ဘယ်ကောင်းကင်ဆီသို့
လမ်းဟာ မဖောက်ဘဲ ပေါက်ခဲ့တယ် အဲ့ဒီနေ့တွေကို ကဗျာမဆန်တဲ့ ကဗျာနေ့များလို့ သတ်မှတ်တယ်
ဟမ်ဘာဂါကြားမှာညပ်နေတဲ့ ဝက်တစ်ကောင်ဟာ ဒီမိုကရေစီကို တောင့်တသလိုမျိုး
အဖွင့်အပိတ်တိုင်းမှာ တကျွီကျွီမြည်နေတတ်တဲ့တံခါးဟာ ဓမ္မ
အစဉ်တိုင်း လိုက်နင်းထားတဲ့ သူသူငါငါ ဝေဒနာပတ်ပျိုးများ
ထိုစာရွက်များဟာ ကမ္ဘာကို ပြောင်းလဲစေတယ် ဘဝကို ပြောင်းလဲစေတယ်
ပတ်လည်ရိုက်နေတဲ့ သီချင်းစာရင်းထဲမှာ ကိုယ်သိပ်မကြိုက်တဲ့အဆိုတော်ရဲ့ ကိုယ်သိပ်ကြိုက်တဲ့သီချင်း တစ်ပုဒ်နှစ်ပုဒ်
စကားလုံးနွံအိုင်ထဲမှာ တစ်ဘဝလုံးကျွံနေခဲ့ပြီးပြီမို့ ငါ၏ချစ်လှစွာသော စန်ဒီလည်း ခွင့်လွှတ်
အခုပဲ သီချင်းနားထောင် အခုပဲ ကဗျာရေး အခုပဲ အင်ဂျင်နီယားရင်းဘုတ်အုပ်ကို ဖတ်
အခုပဲ လွမ်းတမြမြ စိတ်နုထွေးတွေ တယုတယ ထိုင်ကြည့် အခုပဲ တရုတ်ပြန်လက်ဆောင် မျှော်
နေ့များပေါ်မှာ ဝဲအုပ်နေကြ နယူးစ်ဖိဒ် ၁၈+ အကြမ်းစား မိုးကြိုး လျှပ်စီးများကို ထိတ်တလန့်လန့် စတေးတပ်များကို ထောက်ခံမဲပေး
မပြောတော့ဘူး အနည်းဆုံး အဖြစ် စတစ်ကာလေးတောင် မပေးတော့ဘူး
ဒေတာပိတ်ပြီး ၂၁ ရာစုအစပ်က စာအုပ်တစ်အုပ်အုပ်ကိုပဲ ဖတ်ချင်လျက်။

 
မိုးအိမ်လူ
၂၀.၈.၁၆

ကြောင်အူသံတွေ မကြားရတဲ့အခါ



မြင်သိစိတ် အမှတ်မှားမှုတွေ တစ်သီတစ်တန်းကြီး ချရေး
စက္ကူ ပေါ်မှာမဟုတ်ဘဲ ဖြစ်ခဏပျက်ခဏ ဆိုရှယ်နက်ဝက်ဘ်ပေါ်မှာ
စိတ်ညစ်တယ်တို့ ပျော်တယ်တို့ တစ်တို့ပြီး တစ်တို့ ဟင်းလျာတွေမြည်းစမ်း
အမြင်နဲ့ပဲ အနီးအနားမှာ ဒီဆိုင်ပဲ ဟင်းလုပ် ဝယ်နေရတော့
အရောင်တင်ဆီတွေနဲ့ရဲတက်နေတဲ့ ရှမ်းတရုတ် ငရုတ်သီးစားထားတဲ့ရုပ်နဲ့
ကိုယ့်လက်ထဲက လောဘ ကိုယ် ပြန်ပြီး မြင်ပြင်းကပ် ဒေါသပါလာရ
စကားလုံးချို့တဲ့မှုကနေ ထစ်အပြီး ရှေ့ဆက်မတက်နိုင်ချိန်နဲ့
မိုးသည်းသည်းရွာလို့ ဆူညံသွားချိန် ရောကြိတ်
ချောလဲရောထိုင် အလှူထမင်းဝိုင်းများမှာ မချစ်ခင်မနှစ်သက်ရတဲ့မျက်နှာများကို မေ့ထား
အစဉ်အဆက် လက်ဆင့်ကမ်းခဲ့သမျှ ရိုးရာအမွေ သဖွယ် ဆက်လက် ယုတ်မာရမှာ လိုလို
တစ်စက်စက် ယိုနေတဲ့ ရေလှောင်သံကန်ဆီက ချစ်ခြင်းဖွဲ့ဂီတသံသဖွယ် ရေကျသံ
မတွေ့ချင်လောက်အောင် တွေ့နေခဲ့ရပြီးသည့်တိုင် ချစ်သူခင်သူတွေဟာ တွေ့လို့်မဝနိုင်။


မိုးအိမ်လူ
၁၅.၈.၁၆
နံနက် ဝ နာရီ ၃၃မိနစ်
At C-5,S.P.K

တသည်းသည်းနဲ့ ချွေးစို့နေရချိန် မိုးရေစက်တွေကြား



အားတိုင်းယားတိုင်းတော့ ရွာနေတဲ့ မိုးတော့ဟုတ်ပုံမရပါဘူးဆိုပြီး
ဦးထွန်လွင် နံရံကို ဝင်ဖတ်ပြီး မုန်တိုင်းရှာကြည့်ရ

ပြတ်ရွေ့ကြောင်းပေါ်က စကားလုံးတွေရဲ့ စိုးရိမ်ပူပန်မှုမျိုး
လည်နေတဲ့ နာရီလက်တံအဖျားက အိုမင်းရင့်ရော်ခြင်း ဖွားလျားလွင့်

စိတ်ရှိလက်ရှိလျှောက်ပစ်သည့်တိုင် ခရီးဟာ တိုဝင်မသွား
မျက်နှာဖူးယောင်ပြီးတော့ ဝမ်းဗိုက်ပူလာမယ့် မြစ်မိခင်ကြီရဲ့ သတင်းပုတ်သံ

လွှင့်တင်လိုက် လွှင့်တင်လိုက် ဆေးကွဲတာလိုလို ကျပ်မပြည့်တာလိုလို
နောက်ပြောင်ခြင်း စိတ်ရင်းအမှန်တွေ ရှယ်ကြ ကွန်မန့်ပေးကြ ရဲရဲတောက် စိမ်းစိမ်းထ

ဝေဒနာဟာ ရှုနေရင်းက အတိတ်ကို ရောက်သွားတဲ့အခါ
အနာဂတ်တွေ ပူပန်စိတ်ကလည်း ခုန်ပေါက် ဆော့ကစား

ပိုကီမွန်ဂိုးနဲ့အတူ ငါ့တည်နေရာကိုရှာကြ အလုံးလိုက်ပစ်ပေါက်ကြ
ဒေါ်နယ်ထရမ့်ကို မဲမပေးစေချင်ရင် ငါ့ကို တစ်ဒေါ်လာ ပေးကြ
မထူးချွန်ချင်တဲ့အခါ ကားကြပ်တာကို ဝမ်းသာအကြောင်းပြချက်ပြ

တစ်နယ်စီဝေးတဲ့အခါ သတိရစိတ်ကို ပြန်ထုတ် ပြီးတဲ့အခါ
မတူပေမယ့် အတူတူပါပဲကွာ လို့ လေးလေးပင်ပင်ပြောပြီး
ဘီယာလက်ကျန်ကို ပါးစပ်ထဲ သွန်ပစ်ချလိုက်တယ်။

မိုးအိမ်လူ
၁၁.၈.၁၆

ရက်ပ်သီချင်းတွေထဲမှာမပါတဲ့ ကိုယ့်အကြောင်းတွေ



ကိုယ်က တိုးတိုးတိတ်တိတ်ပဲ နာကျင်တတ်တဲ့သူ
ဝေဒနာစကားတွေဟာ နှစ်ခြောက်ဆယ် ကျော်တဲ့အထိ
လန်းမြဲ လန်းဆဲ ခိုက်ဆဲ လူဖြစ်ရခြင်းရဲ့ ကံကောင်းမှုတစ်ခုလို
အော်ဟစ် ညည်းညူခဲ့ကြ ဆုတံဆိပ်တွေ ရတဲ့အထိ သမိုင်းမှတ်တမ်းဝင်တဲ့အထိ
ဂူဂဲလ်မြေပုံမှာ ညွှန်းဆို ပြနေတဲ့ မုန့်ဟင်းခါးဆိုင်ဟာ လမ်းဖြတ်ကူးတိုင်း ဖုန်းလာတယ်
ဖတ်လက်စ ဝတ္ထုတိုပေါင်းချုပ်ကြီး ပြီးဆုံးသွားမယ့်နေ့ဟာ
မြန်မာပြည် ချမ်းသာကြွယ်ဝတဲ့နေ့ဖြစ်ရင်ကောင်းမယ်လို့
အပိုင်းပိုင်းအစစ ဒိုင်ယာရီ မှာ ရိုက်သွင်းထားချင်ရဲ့
သစ္စာလမ်းဟာ ကိုယ်နဲ့အကျိုးပေးသန်တဲ့ လမ်းအမည်သက်သက်သာဖြစ်ခဲ့ပြီး
ပူအိုက်လာတဲ့အခါ ရှေးဟောင်းလေအေးပေးစက်ကြီးကိုပဲ နားညည်းခံပြီးဖွင့်ရ
ရွာနေတဲ့မိုးအတုတွေကိုပဲ စိတ်ရှိလက်ရှိ ဆဲရေးပစ်လိုက်မိတယ်။


မိုးအိမ်လူ
၁၁.၈.၁၆