Thursday, November 10, 2011

သရုပ်မှန် ( ၀ါ ) သရုပ်ဖော် ( ၀ါ ) ဘ၀ သရုပ်ဖော် ၀တ္ထုတို




အေးမြ ကွမ်းယာရောင်းသည်။ သူမ၏ အမေလက်ထက်ကတည်းက လုပ်ခဲ့သော မိဘလုပ်ငန်းတစ်ခုဖြစ်သည်။ အေးမြ အသက် 16 နှစ်မှာ
ကွမ်းယာဆိုင်ထိုင်ရသည်။ ဈေးကွက်စီးပွားရေးအရ ၀ယ်သူများ စိတ်ဝင်စားလာစေရန် ၀န်ဆောင်မှုပေးသောအနေဖြင့် သူမ အမေ၏
အမြော်အမြင်ရှိမှုတွင် အေးမြတစ်ယောက် ငယ်ငယ်ရွယ်ရွယ်ဖြင့် လုပ်ငန်းတစ်ခုကို ဦးစီးလုပ်ကိုင်ခဲ့ရသည်။ အေးမြ စလုပ်စဉ်က သို့မဟုတ်
စ ပြီး ကွမ်းယာဆိုင် ထိုင်စဉ်က ရောင်းအား အတော်တက်ခဲ့သည်။ အေးမြကလည်း ရုပ်ရှိသည်ကိုး။ သို့သော်သိပ်မကြာပါ။
ဖူးစာရေးနတ်၏ ၀ီရိယ စိုက်ထုတ်မှုဖြင့် အေးမြတစ်ယောက် ခပ်ပိန်းပိန်းယောကျားတစ်ယောက်ရပြီး ယခု ကလေးနှစ်ယောက် ပင်
တောက်တောက်နှင့် ပြေးလွှားဆော့ကစားနေပြီ။ အေးမြ ယောကျားရပြီး ကလေးတစ်ယောက်ရပြီးနောက် လုပ်ငန်း၏ေ၇ာင်းအား ကျဆင်း
လာခဲ့သည်။ အေးမြလည်း ဤအလုပ်မှ လွဲ၍ အခြားအလုပ်မလုပ်တတ်။ သို့ဖြစ်၍ လိမ်ဖယ်လိမ်ဖယ်နှင့်ပင် နေ့စဉ်ဘ၀ကို ရုန်းကန်နေရ
သည်။ အေးမြ အမေကြီး ဆုံးသွားခဲ့သည်မှာလည်း ကြာပြီဖြစ်သည်။ အဖေကတော့ အေးမြ ငယ်ငယ်ကတည်းက ဆုံးသွားသည်ဟု
အမေ့ပြောစကားအရ သိရသည်။
ခေတ်ကို ထင်ဟပ်သော ၊ ခေတ်တွင် ရှင်သန်နေရသော ဘ၀များ အကြောင်းကို အရှိအတိုင်း စာရေးသူ၏ စိတ်ကူးမပါ ရေးသားခြင်း
တင်ပြခြင်းကို သရုပ်မှန် ၀ါ သရုပ်ဖော် ၀ါ ဘ၀သရုပ်ဖော် စာပေဟု ဆရာသမားများက သတ်မှတ်ကြ၏။ ခေတ်ကိုထင်ဟပ်သော ဘ၀များ
တွင် ဤကဲ့သို့ ဆင်းရဲနုံချာသော ဘ၀များရှိသလို...

@

သင်းကြည် တစ်ယောက် ရုံးချိန်နီး၍ ခပ်သုတ်သုတ် အိမ်က ထွက်လာမိသည်။ ဘတ်စ်ကားလည်း မီတော့မည် မထင်။ ကိုကျော်ကို
ဖုန်းဆက်လှမ်းခေါ်ရင် ကောင်းမလား စဉ်းစားသေးသည်။ မဖြစ်သေး။ တော်ကြာ သူ့ကိုအထာပေးတယ်အထင်ခံရဦးမည်။ မတတ်နိုင်။
တက်စ်စီ ပဲ ငှားသွားတော့မည်။ ဖိနပ်ဝယ်ဖို့စုထားတဲ့ အထဲက နည်းနည်းတော့ ပဲ့သွားပြီ။ ဖိနပ်ကလည်း ၀ယ်ဖို့ ကြံနေတာ အတော်
ကြာနေပြီ။ အခုထိ အကောင်အထည် မမြင်သေး။ စုလိုက် ဟိုထဲ ဒီအထဲ ပါသွားလိုက်နှင့်။ နှစ်ကုန် ဘောက်ဆူးရမှပဲ ၀ယ်နိုင်တော့မည်
ထင်သည်။ အလျင်စလို အိမ်က ထွက်လာပြီးမှ တစ်ခုခု ကျန်နေခဲ့သလို စိတ်ထဲမှာ ထင်နေမိသည်။ ပစ္စည်းတွေ သွားရင်း စစ်ကြည့်တော့
ဘာမှမကျန်။ စိတ်က ထင်နေတာပဲ ဖြစ်မည်ထင်သည်။ ဘောက်ဆူးရလည်း ဖိနပ်က ၀ယ်နိုင်ချင်မှ ၀ယ်နိုင်မှာ။ ပြီးခဲ့တဲ့ ပိတ်ရက်က
မှော်ဘီမှာ နေတဲ့ အမေလာသည်။ အိမ်ကို ပြုပြင်ဖို့ ငွေလိုသည် ပြောသည်။ အမေ့ကို ပေးရဖို့ကလည်းရှိသေးသည်။ အမေ့မှာ ပြန်သာ
သွားတာ ဘာမှ ပါမသွား။ စိတ်တော့မကောင်း။ သို့သော်မတတ်နိုင်။ သင်းကြည်တို့မှာ အမေတစ်ခု သမီးတစ်ခု သာ ၇ှိသော်လည်း
ငွေပိုငွေလျှံက ဘယ်တော့မှ မရှိ။ ဘာတွေ ကုန်နေမှန်းလည်း သင်းကြည် မသိ။ ဘာပဲ ဖြစ်ဖြစ် အမေ့ကိုတော့ ပြန်ထောက်ရဦးမည်။
မှော်ဘီမှာ အမေတစ်ယောက်တည်း ပန်းရောင်းရတဲ့ ငွေ နဲ့ လောက်ငသည်ဆိုသော်လည်း အခြား သုံးစရာလေးတွေကလည်း ရှိနိုင်
သည်ပင်။ တွေးနေတုန်း တက်စ်စီ တစ်စီး သင်းကြည်ရှေ့မှာ လာရပ်သည်။
ဤကဲ့သို့ ဆင်းရဲ မနုံချာသော်လည်း ပြည့်စုံ ကြွယ်ဝမှု မရှိသော ဘ၀များအကြောင်းကို အရှိကို အရှိတိုင်း ရေးသားတင်ပြခြင်းသည်လည်း
သရုပ်မှန်စာပေ ဖြစ်သည်ဟု ဆရာကြီးများဆိုသူတို့က ပြောဆိုသတ်မှတ်ကြသလို...

@

တစ်နေ့ တစ်နေ့ ဒီလိုပဲ နေရတာ မေလေး တစ်ယောက် စိတ်တွေ ကျဉ်းကျပ်လာသည်။ သင်တန်းတွေ တက်၇အောင်လည်း တက်စရာ
သင်တန်းက မရှိ။ ခြံအကျယ်ကြီး အိမ်အကျယ်ကြီးထဲမှာ တစ်ယောက်တည်း တစ်ကိုယ်တည်း ဘယ်မှ သွားလို့ လာလို့မရ။ လိုချင်တာ
မှန်သမျှ အကုန်ရပေမယ့်လည်း တစ်ခုခုတော့ အဓိပ္ပာယ်ရှိတာ လုပ်ချင်သည်။ ဖေဖေကလည်း အလုပ်ကိစ္စတွေ နှင့် လုံးထွေးနေတော့
မေလေးကို အချိန်မပေးနိုင်။ သူ့ ကုမ္ပဏီမှာ လုပ်မည်ဆိုတော့လည်း ဖေဖေက လက်မခံ။ ကိုယ်ပိုင် အလုပ်လုပ်မည်ဆိုတော့လည်း
မေလေး နှလုံးရောဂါနှင့် က ဘာကိုမှ ပင်ပင်ပန်းပန်းလုပ်၍ မဖြစ်။ တစ်နေ့ တစ်နေ့ အိမ်အပေါ်ထပ် တက်လိုက် အိမ်အောက် ဆင်းလိုက်
ခြံထဲ လျှောက်လည်လိုက် အွန်လိုင်းတက်လိုက်နှင့် ။ ပျင်းရိလွန်း၍ ကိုယ့်ကိုယ်ကို သတ်သေချင်စိတ်ပင်ပေါက်နေသည်။
ဤကဲ့သို့ ပစ္စည်းဥစ္စာ ကြွယ်ဝသော်ငြားလည်း စိတ်ပျော်ရွှင်မှု စိတ်ငြိမ်းချမ်းမှု မရှိသော ဘ၀များအကြောင်းကို အရှိတိုင်း ရေးသားတင်
ပြခြင်းသည်လည်း သရုပ်မှန်စာပေ ဖြစ်သည်ဟု ဆရာကြီးများဆိုသူတို့က ပြောဆိုသတ်မှတ်ကြသလို

@

ထွန်းအောင် တစ်ယောက် ဒီလို နေထိုင်တာကို အချို့က ပေါတောတောနေသည်ဟု ဆိုကြသည်။ ထွန်းအောင်ကတော့ သူ့ကိုယ်သူ
ပျော်ပျော်နေတတ်တာဟု ပြန်လည် ခြေပ ကာကွယ်ပြောဆိုတတ်သည်။ ဟုတ်တော့လည်း ဟုတ်သည်။ ထွန်းအောင်က အဖေမရှိ အမေ
မရှိ။ တစ်ကောင်ကြွက်။ အဒေါ် ဖြစ်သူ အပျိုကြီးနှင့် နေသူ။ ဘ၀က သိပ်တော့ အဆင်မပြေ။ အဒေါ်က အိမ်ဆိုင်လေးဖွင့်သည်။
ထွန်းအောင်က ကုမ္ပဏီတစ်ခုမှာ စာရေး။ တူဝရီးနှစ်ယောက်ပေါင်း ၀င်ငွေက စားလောက်ရုံ။ သို့သော် သူတို့ က
ပျော်ပျော်ပဲ နေသည်။ သူများလို ဘာမရှိလို စိတ်ညစ်ရတယ်။ ဘာ မလုပ်နိုင်လို့ စိတ်ဆင်းရဲရတယ်။ ဆိုတာမျိုးတွေ ထွန်းအောင်ဆီက
တစ်ခါမှ မကြားရ။ ထွန်းအောင်က စိတ်သဘောထားကောင်းသည်။ ကူညီတတ်သည်။ ပျော်ပျော်ရွှင်ရွှင်ပေါတောတော နေတတ်သည်။
တစ်ခုတော့ ထွန်းအောင် စိတ်ညစ်တာရှိသည်။ ငယ်ငယ်ကတည်းက ကြုံရသော ဒုက္ခတစ်ခုလည်းဖြစ်သည်။ ထွန်းအောင်ရဲ့
အဖေနဲ့ အမေအကြောင်းကို ထွန်းအောင် မသိရ။ ဒေါ်လေးကတော့ သေပြီ ဟုပြောသည်။ ထွန်းအောင်ကတော့ သိပ်မယုံချင်။
အဖေနဲ့ အမေနဲ့ ပတ်သက်တာ မှန်သမျှ ဓာတ်ပုံလေးတစ်ပုံတောင် ထွန်းအောင် မမြင်ဖူး။ ဒီတော့ ရုပ်ရှင်တွေထဲကလို အဖေနဲ့
အမေက သူ့ကို ပစ်သွားတာလား ဘာလားပေါ့။ အချိန်အားလို့ ပျင်းတဲ့အခါတွေမှာ ထွန်းအောင်တစ်ယောက် ဒီကိစ္စကို အဖြေရှာရင်း
တွေးမိသည်။ ခက်တာက ဒီကိစ္စက သူတစ်ယောက်တည်း ရှင်းလို့၇တဲ့ ကိစ္စတော့မဟုတ်။ ဒီတော့ မတွေးတော့ဘဲ မေ့ထားကာ
ထွန်းအောင် တစ်ယောက် ပျော်ပျော်သာနေတော့သည်။ စားလည်း ပျော်အိပ်လည်းပျော် သွားလည်း ပျော် အကုန်ပျော်။
ဤကဲ့သို့ ဘ၀မှာ ပဟေဠိတွေ ရှိသော်ငြားလည်း စိတ်ညစ်စရာတွေ ရှိသော်ငြားလည်း ပျော်ရွှင်စွာ နေတတ်သူတို့ အကြောင်းကို
အရှိအတိုင်း တင်ပြခြင်းသည်လည်း သရုပ်မှန်စာပေဖြစ်သည်ဟု ဆရာသမားများက သတ်မှတ်ကြသည်။ သို့သော် လက်ရှိ ခေတ်တွင်
ရှင်သန်နေထိုင်သော ဘ၀များကို အရှိအတိုင်း ဖော်ပြရမည်ဆိုသော်ငြားလည်း သပွတ်အူတွေ အရှုပ်အထွေးတွေ ဆင်ပြီး
ဇာတ်လမ်းကို အမြင့်ဆုံးထိေ ခ်ါသွားတတ်ကာ နောက်ဆုံးမှ တဖြည်းဖြည်းခြင်းရှင်း ပြီး ဇာတ်သိမ်းတတ်သော သရုပ်မှန်ဝတ္ထုများ လည်း
ရှိလေ၏။ ထိုသို့ ဇာတ်လမ်းကို စိတ်ဝင်စားအောင် ဖန်တီးကြရာတွင် အချို့ မှာ မဖြစ်နိုင်တာတွေ ရှိသော်ငြားလည်း လောကမှာက
မဖြစ်သေးတာပဲ ၇ှိတယ် မဖြစ်နိုင်တာမရှိဘူး ပိတ်ပြောကြသောအခါ ကျွန်တော် မောင်မိုးအိမ်လည်း ဤကဲ့သို့

@

ဦးထွန်းနိုင်တစ်ယောက် စိတ်တွေ လေနေ၏ ။ အသက် ခြောက်ဆယ်ကျော်မှ စိတ်လေတော့ နည်းနည်းတော့ လူကြားမကောင်း။
စိတ်လေရတဲ့အကြောင်းက မနေ့က သူ့အလုပ်တစ်ခုနဲ့ စမ်းချောင်းဘက်ရောက်တော့ သူ့ဇနီးဟောင်း မမြင့်ကြည်နဲ့ တွေ့သည်။
မမြင့်ကြည်တစ်ယောက် အတော်ပင် အိုစာသွားသည်။ သူနဲ့ တွေ့တော့ နည်းနည်းအံ့သြပုံ ဖြစ်သွားသည်။ ပြီးတော့ ဟိုပြော ဒီပြောနှင့်
သမီးလေး သင်းကြည်အကြောင်းရောက်သွားသည်။ သမီးလေး သင်းကြည်တစ်ယောက် ကုမ္ပဏီတစ်ခုမှာ အလုပ်ဝင်နေသည်ဟု သိရ
သည်။ သမီးတောင် ဒီအရွယ်ေ၇ာက်နေပြီပဲ ဟု ဦးထွန်းနိုင်တစ်ယောက် တွေးမိသည်။ နောက်တော့ စကားဖြတ်ကာ လမ်းခွဲခဲ့သည်။
ဘာမှတော့ သိပ် ထွေထွေထူးထူးမပြောဖြစ်ခဲ့ကြပေမယ့် စိတ်ထဲမှာ အရင်တုန်းက အကြောင်းတွေ စဉ်းစားဖြစ်သွားသည်။ ဟိုတလောက
လည်း မျိုးသိန်းတစ်ယောက် မှော်ဘီဘက်သွားပြီး အပြန်မှာ ရင်မြရဲ့ သမီး အေးမြတစ်ယောက် ကွမ်းရောင်းနေကြောင်း သတင်းပေးသွား
သေးသည်။ ဒီကောင်က ရင်မြနှင့် ဦးထွန်းနိုင် သုံးလလောက် တိတ်တိတ်ပုန်း ပေါင်းစဉ်က အကုန် ကူညီခဲ့သူဖြစ်သည်။ ဦးထွန်းနိုင်လည်း
ရင်မြရှိတုန်းကတော့ လှမ်းလှမ်းထောက်သေးသည်။ ရင်မြဆုံးတော့ မထောက်ဖြစ်တာ ကြာပြီ။ ဘာပဲပြောပြော အေးမြကလည်း သမီးပဲ
မဟုတ်လား။ ဦးထွန်းနိုင် ကုမ္ပဏီမှာ အလုပ်လုပ်နေတဲ့ သား ထွန်းအောင်တစ်ယောက်ကတော့ ပေါတောတောနှင့် သူ့ဘ၀သူ ပျော်နေပုံ။
ဦးထွန်းနိုင်ကိုလည်း အဖေလို့ ယောင်လို့ တောင် ထင်တဲ့ပုံ မပေါ်။ ဘာပဲပြောပြော ထွန်းအောင်အမေ လှတင့် တစ်ယောက် စောစော
သေသွားတာပဲ ကောင်းတယ် တွေးရမည်။ မဟုတ်ရင် သားဖြစ်သူကို သူ့ အနားဘယ်ခေါ်ထားလို့ ရပါ့မလဲ။ အိမ်က တရားဝင်သမီးလေး
မေလေးအတွက်တော့ သူ့ရောဂါကလွဲပြီး ကျန်တာ စိတ်ပူစရာတော့မ၇ှိ။ ဦးထွန်းနိုင်ကလည်း အလုပ်က ရှုပ်သူမို့ မေလေးအတွက်
အချိန်မပေးနိုင်တာတစ်ခုတည်းရယ်။ ထိုသို့ တောင်စဉ်ရေမရ လျှောက်တွေးနေတုန်း ဦးထွန်းနိုင်၏ ဟန်းဖုန်းက အသံမြည်လာသည်။
ဦးထွန်းနိုင် ဖုန်းကိုင်လိုက်တော့
ဟဲလို အကိုကြီးလား
ချွဲချွဲပစ်ပစ်အသံနှင့် သီရီ ထိပ်ထားခင်။ သူလည်း ချစ်စရာလေးပဲဟု ဦးထွန်းနိုင် အမြဲ တွေးမိတဲ့ တစ်ယောက်။
သီရိ ဗိုက်ဆာတယ် အကိုကြီး။ ထရိတ်ဒါးမှာ နေ့လည်စာ ကျွေးနော်
အော် အေးပါ အချစ်လေးရယ်။ ခဏနေတွေ့မယ်နော်။
နေ့လည်စာ ပြီးရင်တော့ ဟဲဟဲ
ဟင် အကိုကြီးကလည်း ဟင်းဟင်း
ဤကဲ့သို့ စိတ်ပျက်ဖွယ်ရာ ဘ၀များလည်း ရှိသေးသည်မို့ ထိုဘ၀များအကြောင်းကို မချွင်းမချန် အရှိအတိုင်း ရေးခြင်းသည်လည်း
သရုပ်မှန်စာပေဖြစ်တဲ့အကြောင်း ဆရာကြီးများ ပြောဆိုကြသောအခါ ကျွန်တော်လည်း သရုပ်မှန် ၀တ္ထုကောင်းတစ်ပုဒ်ရရန်
ဘယ်အကြောင်းကို ရေးရမလဲ စဉ်းစားရင်း ရင်း ရင်း ရင်း...။

@  @  @

မိုးအိမ်လူ

10.11.2011
PM:3:50