Monday, September 19, 2016

အငွေ့တွေနဲ့ အတူ ပျံ




နွေရာသီ ခုနှစ်ဆယ့်ငါး ရာခိုင်းနှုန်း မိုးရာသီ နှစ်ဆယ့်ငါး ရာခိုင်နှုန်း ကို
မိုးဥတုလို့ သတ်မှတ်ထားတဲ့ မြို့/နိုင်ငံတော်။
လှမ်းကြည့်တော့ နေလုံးဟာ ဒီအကွာအဝေးအတိုင်းပါပဲလား
သိပ္ပံပညာမှာ ညံ့ဖျင်းခဲ့လေခြင်း နိုင်ငံတော်သစ်တစ်ရပ် တည်ဆောက်ရာမှာ
ဖုတ်ဖတ်ခါပြီး ထ သွားတဲ့ ရှေးဦးလူသားများအတိုင်း အားလုံး လည်း ဖုတ်ဖတ်ခါ။

မြစ်ကြမ်းပြင်မှာ ထိုင်နေရင်းက လေယာဉ်ပျံတွေကို ရေတွက်ရ
ဒိုက်သရိုက်တွေဟာ မျက်နှာပေါ်မှာ သစ်ငုတ်တစ်ခုအမှတ်နဲ့ ရစ်ပတ်တင်ကျန်
စမတ်ဖုန်းထဲက နုတ်ထဲမှာ ဒီနေ့အတွက် ၀ယ်ခြမ်းစရာတွေ ပြန်ကြည့်
ပြီးနောက် အမေရိကန် ညွှန့်ပေါင်းအဖွဲ့ရဲ့ မှားယွင်းပစ်ခတ်မှုကို ခုံရုံးစစ် အရေးယူမှာလား
တစ်ခါတစ်ခါ သတင်းခေါင်းစီးတွေလို ကြီးကြီးကျယ်ကျယ် တွေးဖြစ်ရုံကလွဲလို့
မှတ်ချက်ပေး မျှဝေရုံအပြင် ဘာမှမတတ်နိုင်ဘူး

ဘယ်သူ့ဒိန်ခဲတွေ ရွှေ့လာသလဲ မသိ။ ကြွက်တွေနဲ့ လမ်းမှာတိုးပြန်တယ်။
မင်းတို့ ဒိန်ခဲ ငါ ထပ်ရွှေ့ကြည့်ချင်တယ် ရမလား လို့ လှမ်းအော်တော့
ကြွက်တွေ ခဏ ရပ်တန့်သွား။ ပြီးတော့။ ပြိုင်တူ အော်ရယ်သွား။ ပြီးတော့။ ခပ်သုတ်သုတ်ပဲ ရွေ့လျားသွား။
ကိုယ့်မှာသာ လေးကန်နေတဲ့ ခြေလှမ်းတွေနဲ့ မြန်လှပြီ သတ်မှတ်ထားရ။

နွေအပူနဲ့ မိုးဥတုထဲ အစတွေ ပြန်ကောက်။
ကောက်သမျှ ပြန်ဖြောင့်။
ဖြောင့်သမျှ ပြန် စီစဉ်။
စီစဉ်နေတုန်းမှာပဲ ပြန်ကောက်သွား။
ကိစ္စတွေဟာ ကိစ္စ ဖြစ်လို့ကို မဆုံးနိုင်ဘူး။ ဘာရယ်ညာရယ်မဟုတ်
စိတ်လိုလက်ရကို ဆဲရေပစ်လိုက်မိတယ် ကိုယ်မဟုတ်တဲ့ အခြား ကိစ္စတွေကို။

မိုးအိမ်လူ
၁၉.၉.၂၀၁၆
ညနေ ၃ နာရီ ၁၅ မိနစ်

ပြုတ်ထွက်သွားနေတဲ့ ၀ါကျတစ်ကြောင်းရဲ့ အရိုးအဆစ်တွေ



ပင်လယ်ကို မျှားထားတဲ့
စိတ်တစ်ဖက်က
တန်းလန်း။


 ဝေဟင်မှာ လွှင့်ထားတဲ့ လှိုင်းအလျားတွေ
ဖမ်းယူနေတဲ့ စိတ်တစ်ဖက်က
တန်းလန်း။

အမှောင်ခေတ်က အလင်းသတ္တုတစ်ခုကို
ဓာတ်ခွဲစမ်းသပ်နေခဲ့ခြင်း။

များစွာ။ လမ်းခွဲတွေ ဟာ
အီလက်ထရောနစ် ဆားကဒ်ပြားပေါ်က
လမ်းကြောင်းတွေလို။

ကမ္ဘာတစ်ခြမ်းလုံး ပုပ်သိုးသွားပြီးတဲ့နောက်
နယ်မြေသစ်လာရှာတဲ့ ဂြိုဟ်သားတွေရဲ့ ယာဉ်ပေါ်ကို
တိတ်တခိုး လိုက်ပါသွားဖို့
လက်ရွေးစင် လူပြိန်းတွေဟာ ၀တ်စုံပြည့်။

မကွေးမြို့ရဲ့ ဗိုလ်ချုပ်ပန်းခြံဟာ
ခေတ်မီအေးချမ်းတဲ့ မြို့တစ်မြို့ရဲ့ အသွင်ကို ဆောင်ယူလျက်။
ညများမှာ မူးနေတဲ့ ဆိုင်ကယ်တွေကို ရှောင်ရှားရင်း။

စာရိုက်မှားရုံတင်မဟုတ်ဘဲ အမှားကို မေ့တတ်တဲ့ အကြိမ်အရေအတွေက်
စာမျက်နှာကို မှတ်သားထားတဲ့ မွန်းစတားလေး
ဘယ်ကို ထွက်ပြေး။

နံရံရဲ့ ညာဘက် တစ်ခြမ်းကို စာအုပ်စင်အဖြစ် ထားမယ်
အဂါင်္ဂြိုဟ်ပေါ်မှာ ရေရိပ်ရေယောင် တကယ်ရှိသလား
ငါးခုမြောက် ဒိုင်မစ်ရှင်း
Intersteller ရုပ်ရှင်ကြည့်ပြီး ဂေါက်သွားသလားပဲ
ခြေလှမ်းတွေဟာ လိုရင်းမရောက်ပြန်ဘူး။

အမည်။ မိဘ အမည်။ အဘိုး အမည်။ အဘေး အမည်။ အဘီအမည်။
သူတို့ရဲ့ အလုပ်အကိုင်။ သူတို့ရဲ့ မှတ်တိုင်။
အကုန်ဖြည့်စွက်ပြီးတဲ့နောက်
ခရုငယ်ဟာ မပုကြွယ်ကို တွေ့သွားခဲ့တယ်
မပုကြွယ်ဟာ သိပ်ပြိန်းတယ်လို့ သိသွားခဲ့တယ်။

ထိပ်ဆုံးမှာ တွေ့ကြပြီပေါ့.....ကြွက်တွေ
ခရင်းသွားချွန်ထက်ပေါ်မှာ တွေ့ကြပြီပေါ့ ...ကြွက်တွေ
ကြောင်တွေဟာ ကြွက်တွေကို မစားခင် အနည်းငယ်တော့ ဆော့ကစားတတ်သေးတယ်။
အခုတော့ ဒီလိုမဟုတ်
ကြွက်တွေကို မစားခင် ကြွက်တွေ နားမလည်တဲ့ နိုင်ငံရေးစကားတွေ
ဟိတ်ဟန် အပြည့် အော်ဟစ် ငြင်းခုံ
ပြီးတော့
ဒေါသတကြီးပဲ ကိုက်ဝါးလိုက်ကြ။

ပထမဆုံး လန့်နိုးရတဲ့ အိပ်မက်ထဲမှာ
ပုရွက်ဆိတ်တွေဟာ ပုရွက်ဆိတ်လူသားကို သစ္စာဖောက်လိုက်ကြတယ်

 ချွေးသံရွှဲရွှဲနဲ့ အခြေခံဥပဒေကို အလောတကြီး
လှန်ဖတ်။
အတည်ပြုတဲ့ ခုနှစ်သက္ကရာဇ်ဟာ အရေးမကြီးခဲ့ဘူး။

ဆံပင်သာ ကုန်သွားတယ်
ပညာမကုန်သေးတဲ့ ဆံသဆရာရဲ့ လက်အောက်က
ဦးခေါင်းတွေပေါ့။

ကမ္ဘာမတည်ခင်
အားလုံး
Selfie!
....။

မိုးအိမ်လူ
၁၈.၉.၂၀၁၆
မွန်းလွဲ ၁ နာရီ ၄၀ မိနစ်