Friday, October 4, 2013

သေနေတဲ့ ဇာတ်လမ်း




တကယ်တော့ သစ်သီးက ပုပ်နေပြီ ဖြစ်သည်။ သို့သော်လည်း စားစရာ ရှိတာကို စားရမည်ဟု ခံယူထားသူများကတော့ ပုပ်ပုပ် သိုးသိုး စားကြသည်ပင်။ လက်နှိပ်ဓာတ်မီးများကို ပိတ်ထား၍ အမှောင်မှာ လမ်းလျှောက်တတ်သော လူများသည် နံနက်ခင်းနေရောင် ကို အော်ကြီးဟစ်ကျယ် တောင်းဆိုတတ်ကြသည်။ အချိန်ဆိုသည်ကို နားမလည် အလေးမထားလျှင် အစကတည်းက လက်မခံခဲ့ဖို့ ကောင်း သည်။ အခုတော့ နာရီဆိုင်တွေ စီးပွားတတ်တာပဲ အဖတ်တင်သည်။ လမ်းက အခုထိ မတွေ့။
အချစ် ဟု ဆိုလိုက်လျှင် မြီးကောင်ပေါက်ကလေးများနှင့် မရင့်ကျက်နိုင်သူ အရွယ်လွန်များက စိတ်ဝင်တစား ခေါင်းထောင် တတ်လေ့ ရှိသည်။ စီးပွားရေးသမားများသည် ထိုအကွက်ကို နင်း၍ ကျားထိုး၏။ မလွတ်လပ်သူ အနုပညာသမားများသည် ထိုအကွက်ကို နင်း၍ တစ်ကောင်ကျွေးနှစ်ကောင်စား၏။ အခုမှ အမည်တပ်မရတော့ခြင်းဖြစ်သည်။ တစ်ကိုယ်ကောင်းဆန်ခြင်း အနုပညာ ဟူ၍ ရှိပါသ လား။ ကျွန်တော် တတ်မြောက်ချင်သည်။ သို့မဟုတ်။ ကျွန်တော်ကပင် စ၍ တီထွင်လိုက်ပါမည်။ အဘယ်ကြောင့်ဆိုသော် ကျွန်တော် သည် တစ်ကိုယ်ကောင်းဆန်သူ တစ်ယောက်ဖြစ်သောကြောင့်ပင်တည်း။
မိုးလေးများဖွဲလာပြီဆိုလျှင် ပျော်တတ်ကြသည်။ ဘယ်သူတွေလဲ ဟုဆိုလျှင် ပျော်တဲ့သူတွေ သိလိမ့်မည်။ ငယ်ငယ်တုန်းက မိုးရွာလျှင် ကျောင်းကို ထီးဆောင်းပြီး သွားရမည်ကို ရှက်သည်။ မိုးကာလေးနှင့် စမတ်ကျကျ ကျောင်းကို သွားချင်သည်။ အခုကျတော့ မိုးကာကို မ၀တ်ချင်တော့။ ဒီအတိုင်းပင် မိုးရွာလည်း သွားစရာရှိတာ သွားပစ်သည်။ အခုအချိန်တွင် မိုးသည် ရှားပါးလာလေပြီ ဟု ထင်မိ သည်။ မလိုအပ်ဘဲ အကြောင်းအရာတွေ အများကြီး မပြောဆိုမိဖို့ ကိုယ့်ကိုယ်ကို ထိန်းကျောင်းရသည်မှာ မလွယ်လှပါ။ အရက်မမူးသော် လည်း ကျွဲခိုးက ပေါ်ချင်လျှင် ပေါ်တာပဲဖြစ်သည်။
သွားပုပ်တွေ လေလွင့်လျှင် ပတ်ဝန်းကျင်ကို များစွာ ထိခိုက်သည်။ တစ်နည်းအားဖြင့် အတင်းပြောခြင်းသည် မကောင်းပါ။ သို့သော် အတင်းပြောခြင်းသည် လူထု၏ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကို များစွာ အထောက်အကူဖြစ်စေကြောင်း စစ်တမ်းများအရ သိရသည်။ ( ကိုယ့်ဘာသာကိုယ် စစ်တမ်းကောက်ခြင်းသာဖြစ်သည်။ အတည်မယူစေလို )။ လူမှုရေးနှင့် ပတ်သက်၍ ကျင့်ဝတ်များ နီတိ များကို ရှေးလူကြီး ဆိုသူတွေက ဘာလို့များ များများစားစား ထားခဲ့ကြပါလိမ့် ဟု မကြာခဏ တွေးမိသည်။ ထိုကျင့်ဝတ်နီတိများသည် စာအုပ်ထဲတွင် မှတ်တမ်းတင်ထားသော ၊ ရံဖန်ရံခါ အပျင်းပြေ ဖတ်ကောင်းသော စကားလုံးများထက် မပိုချေ။ ထို့အပြင် စကားပြောခြင်း ကိစ္စတွင် ၎င်းတို့ကို သုံး၍ ကိုယ်ရည်ကိုယ်သွေးကို မြှင့်တင်ရာတွင်လည်း များစွာအသုံးဝင်သည်။ ထိုလောက်ပင် ဖြစ်သည်။ ထိုထက် မပို။
အချစ်ဆိုသည့် ကိစ္စကို ကျွန်တော် ပြန်၍ တူးဖော်နေမိသည်။ မတူးဖော်၍ မဖြစ်။ ကြံဖန်၍ ချစ်တတ်အောင် ကြိုးစားရမည်။ ဘာကြောင့် လဲ ဆိုတာတော့ ကျွန်တော်ကိုယ်တိုင် ရေရေရာရာမသိ။ ကျွန်တော့်ကိုယ် ကျွန်တော် ရှောင် နေခြင်းလည်း ဖြစ်နိုင်သည်။ အရင်တုန်းကတော့ အချစ်သည် အင်မတန်မှ ခံစား၍ ကောင်းသော အရာဖြစ်သည်။ ထိုကိစ္စနှင့်ပတ်သက်ပြီး စာတွေ အများကြီး ရေးနိုင် ခဲ့သည်။ အဲဒီကမှ တဆင့် အခြားအကြောင်းအရာတွေကိုပါ ချဲ့ထွင် လေ့လာဖြစ်ခဲ့သည်။ အရှုံးတော့မရှိခဲ့။ သို့သော် ယခု အချစ်ကို ပြန်၍ ခံစားတတ်ဖို့ ကျွန်တော် ကြိုးစားရဦးမည်။ ခက်သည်မှာ မလွယ်ကူခြင်း ဖြစ်သည်။
ပန်းတစ်ပွင့်၏ မွေးဖွားခြင်း တေးတွင် ကျွန်တော် မကျွတ်လွတ်နိုင်သေး။ ရနံ့တို့ ရှိခဲ့လိမ့်မည်။ သေဆုံးသွားသော စကားလုံးတို့ ၏ နေရာတွင် အခြားတစ်ပါးသော စိတ်ခံစားမှု ပုံရိပ်များ အစားထိုးဝင်ရောက်နေလေပြီ။ မငေးမောဖူးသော လမင်း၏ သေဆုံးခြင်း ဇာတ် လမ်းကို ငေးမောမိခဲ့ပြန်သည်။ ပျောက်ကွယ်ကာနီး မောဟလေးကိုမှ ကျွန်တော်က တပ်တပ်မက်မက် ချစ်နေမိခဲ့သည်။ အခုတော့ သေ သော်မှတည် သြော်ကောင်း၏ ဖြစ်နေသည်။ ထိုစကားစု၏ ဆိုလိုရင်းကို အမှန်တကယ် ကျွန်တော် နားမလည်ပါ။ ကျွန်တော်၏အဖြစ်သည် နာမည်ကြီးခဲ့သော ၀တ္ထု ဇာတ်လမ်းများထဲမှ မင်းသားတစ်ယောက်ယောက်၏ အဖြစ်နှင့် ယောင်မှားလို့တောင် မတူညီဖြစ်။ ကျွန်တော်၏ အဖြစ်သည် ကျွန်တော်၏ အဖြစ် အဖြစ်သာ တည်ရှိနေပြီး အခြား ဖြစ်ခဲ့ပြီးသည်များနှင့် လုံးဝ ကွဲလွဲဆန့်ကျင် နေခဲ့ခြင်းသည် ကျွန်တော်၏ ကံဆိုးမှု ဖြစ်ခဲ့ပြီး ကျွန်တော်၏ ၀ဋ်နာကံနာသက်သက်သာ ဖြစ်ခဲ့သည်။ ကျွန်တော် သီချင်းများကို အော်ဟစ် ညည်းညူ သီဆိုတတ်လာခဲ့ပြီ ဖြစ်သည်။


မိုးအိမ်လူ

၂ ဇူလိုင် ၂၀၁၃ ( နံနက် တစ်နာရီ ကျော်ကျော် )