Friday, November 25, 2011

သံစဉ် မဖြစ်ခဲ့တဲ့ သံစဉ်





တိမ်တိုက်တို့ ပြန်ပေးဆွဲခံလိုက်ရတဲ့ ရာသီ။ လေထုညစ်ညမ်းမှု နဲ့အတူ စိတ်ဓာတ်တွေ ယိုယွင်းလာတဲ့ ပစ္စုပ္ပန် အခင်းအကျင်း။
လက်ဖ၀ါးများအား ရှေ့သို့ ဆန့်တန်းထားရင်း တစ်စုံတစ်ခုကို ကိုယ် တောင့်တလိုက်တယ်။ ဘာတွေ ကျလာမလဲ။ ဘာတွေ ထိတွေ့
လာမလဲ။ စိတ်ဟာ ကိုယ့်ရင်ထဲကနေ ထိုးထွက် ဟိုး အမြင့်ဆုံးအထိ လွင့်တက်သွားတယ်။ တိမ်တိုက်တွေ မရှိတော့ ကွန်းခိုစရာလည်း
မရှိခဲ့ဘူး။ ကျေးဇူးပြု၍ ခဏလောက် နှုတ်ဆိတ်ပေးလို့ရမလား။ ကျေးဇူးပြု၍ ခဏလောက် စိတ်ငြိမ်ပေး၍ ရမလား။ မရလည်း နေပါစေ။
အတင်း မပြုလုပ်ပါနဲ့။ မရလို့လည်း ဘာမှတော့ ဖြစ်မသွားပါဘူး။ ကိုယ် သီချင်းတစ်ပုဒ် သီဆိုချင်လို့ပါ။ ကိုယ့် ဆန္ဒကို အရောင်တင်
ချင်ရုံ သက်သက်ပါ။ ဘာမှ အရေးမကြီးပါဘူး။ ကျေးဇူးပြု၍။

မိုးစက်များ အဝေးသို့ ထွက်ပြေးခြင်း။ ကြောင်။ လေတိုးသံများ တဟူးဟူး။ ရနံ့ချိုအီမွှေး။ သင်္ချိုင်းကို ကြောက်သူများ။ ကမ္ဘာမြေ၏
အမှောင်ဘက်ခြမ်း။ ပြေးနေတယ်။ ပြေးနေတယ်။ မောဟိုက်သံတွေ တညံညံ။ စကားလုံး အကျိုးအပဲ့များ။ တယောအို၏ တေးချင်း။
စစ်မြေပြင်သို့ ပါလာသော မေတ္တာတရား။ ရွှေနားကွပ် ကြက်ခြေခတ် နှစ်ရာ့သုံးဆယ်။ လွယ်လွယ်လေးပါ။ ဘယ်အချိန်လဲ။
နှုတ်ပိတ်ပေးကြပါ။ ပြည်တွင်းစစ်။ ပြည်ပစစ်။ ၀ါဒကွဲများ။ အမေ ထမင်း မကျက်သေးဘူးလားဗျာ။ အပေါစား ခံစားချက်များဖြင့်။
စာသင်ခန်းထက် ကောင်မလေးဘေးမှာ။ ပန်းများ။ အရောင်များ။ ပြယ်လွင့်ခြင်း နိဒါန်း။ စကားတွေရယ်လေ။ ပွလိုက်ကြတာ။
ဖောင်းလိုက်ကြတာ။ ကဗျာတဲ့။ မေမေ သားကို မေတ္တာရေတိုက်ပါဦး။ အနှစ်မဲ့ ခမ်းခြောက်ခြင်းများ။

ကိုယ်က သီချင်းလေး တစ်ပုဒ် ဆိုရုံရယ်ပါ။ သူတို့တွေလေ ရနံ့ရိုင်းတွေ လွှတ်လိုက်ကြတာ ဇက်ကြိုးပြတ်။ နှလုံးသွေးတို့
အသိုက်အအုံ ကွဲတဲ့အထိ။ ကိုယ် မမှုပါဘူး။ ဘယ်လိုပဲ ဖြစ်ဖြစ် ကိုယ်ပိုင်ဆိုင်တဲ့ အောက်စီဂျင်တော့ ၇ှိသေးတယ်မဟုတ်လား။
ကိုယ်မမှုပါဘူး။ ကိုယ့် သီချင်းအတွက် သူတို့ နှလုံးသားမှာ နေရာမရှိလည်း ကိုယ်မမှုပါဘူး။ တစ်ချိန်ချိန် တစ်နေရာရာမှာတော့
ကိုယ့်သီချင်းလေးကို နွေးထွေးပေးနိုင်မယ့် နှလုံးသားတွေ ဟာ ရှိနေမှာပါ။ ကိုယ် ယုံကြည်တယ်။ ကိုယ့် သီချင်းရဲ့သစ္စာကို
ကိုယ် ယုံကြည်တယ်။ ဗုဒ္ဓရဲ့ သစ္စာလမ်းကြောင်းအတိုင်း ကိုယ့်သီချင်းရဲ့သစ္စာဟာ စီးမျောသွားလိမ့်မယ်။ ကိုယ် ယုံကြည်ပါတယ်။

စမ်းသပ်ခန်းထဲက ကုတင်ထက်မှာ ကိုယ် မေ့မျောနေတာ ဘယ်လောက်ကြာပြီလဲ။ တစ်ဘ၀ လား။ နှစ်ဘ၀လား။ မရေမတွက်နိုင်သော
ဘ၀များစွာနဲ့လား။ ဘယ်အချိန်ထိ ကိုယ့်ကို စမ်းသပ်နေကြဦးမှာလဲ။ ဘယ်အချိန်ထိ ကိုယ်ဟာ အစမ်းသပ်ခံ ဖြစ်နေဦးမှာလဲ။
သံသရာဟာ စက်ဝိုင်းဆိုတာ သေချာရင် ။ ထားလိုက်ပါ။ ဒါဟာ သံစဉ်တစ်ပုဒ်မှမဟုတ်ဘဲ။ သံစဉ်တစ်ပုဒ်လို့ ဆိုခဲ့ရင်တောင်
ကိုယ်နှစ်သက်တဲ့ သံစဉ်တစ်ပုဒ် ဖြစ်မှာမဟုတ်ဘူး။ ဒီလိုနဲ့ ကိုယ်လည်း နာကျင်မှုတွေ အထပ်ထပ်။ ကမ်းပါးပြိုလို့ ပါသွားတဲ့
အိမ်ငယ်လေးတွေထဲမှာ ဘ၀အချို့ သံစဉ်မမှန်ခဲ့တဲ့ အကြောင်း။ အင်း ပြောရင် ရှည်ဦးမယ်။ အဲ့လို သံစဉ်မမှန်တဲ့ ဘ၀တွေကို
မြင်နေပါလျက်နဲ့ ကြိုးဖျက်ရက်သူတွေ ပွဲဖျက်ရက်သူတွေ။ အမုန်းတွေ ဖြေလျော့ပါတော့။ ကမ္ဘာမြေအတွက် သံစဉ်တွေ စိုက်ပျိုးပေး
ကြပါ။ ချိုသာသော။ နူးညံ့သော။ သံစဉ်တောအုပ်မှာ ကိုယ် တို့ ပျော်ချင်လှပြီ။

မိုးအိမ်လူ
၂၄ နိုဝင်ဘာ ၂၀၁၁
ည ကိုးနာရီ လေးဆယ့်တစ်