Monday, August 20, 2012

တောသီချင်း - ၁၃ . ၁၄ . ၁၅ . ၁၆ . ၁၇ .



တောသီချင်း ( ၁၃ )

ခပ်ဝေးဝေးလေး ခွဲခွာကြည့်တဲ့အခါ
ကြယ်တွေ ပိုတောက်ပလာတယ် ပိုစုံလာတယ်
ကံမကောင်းတဲ့ ရက်စွဲက ဘယ်ဟာလဲ မသေချာတော့ဘူး
နေ့စဉ် ရှုရှိုက်မှု အောက်စီဂျင် မှာ ဘ၀ကို လတ်ဆတ်။

1.1.2012

တောသီချင်း ( ၁၄ )

ကဗျာတွေ မရေးဖြစ်တာ
ကြာလာတဲ့အခါ
ကျွန်တော်နဲ့ငါ ဟာ
ဆုံချက်တစ်ခုမှာ ထပ်တူကျနေတယ်

ယုံမလားတော့ မသိဘူး

မယုံနိုင်စရာ တစ်ခု ပြုလုပ်ဖို့
စကားလုံးတစ်လုံးပဲ လိုအပ်တယ်။

1.1.12

တောသီချင်း ( ၁၅ )

ကကြီးကနေ စ တယ်
စာတွေသင် ဘွဲ့တွေယူ
ရည်းစားထား အိမ်ထောင်ကျ
အစရှိသဖြင့် လုပ်ထုံးလုပ်နည်းအတိုင်း
သူတို့ကတော့ ပြောနေကြတယ်
အ မှာ ဆုံးတယ်တဲ့။

1.1.12

တောသီချင်း ( ၁၆ )

ကဗျာကို ဖြန့်ခင်း
ကဗျာကို ဖြန့်မိုး
ကဗျာမှာ နေ
ကဗျာမှာ စား
ကဗျာလို ကျင့်
ကဗျာလို ကြံ
ကဗျာထဲကနေ ကဗျာတွေ ထုတ်
ကဗျာဟာ ကဗျာနဲ့
ကဗျာဟာ ကဗျာကို
ပျင်းရိဖွယ်။

1.1.12


တောသီချင်း ( ၁၇ )

ဓာတ်ခွဲခန်းထဲမှာ
စိတ်ခံစားမှု အကောင်းအဆိုးတွေ
ဖြစ်ရပ် အကောင်းအဆိုးတွေ
စကားလုံး အကောင်းအဆိုးတွေ
အချိုးအစားမှန်မှန် ထည့်စပ်ပေါင်း
သုံးမိနစ်ပဲ စောင့်
အိုင်စတိုင်းလောက်တော့ သနားတယ်။

1.1.12

မိုးအိမ်လူ

Sunday, August 19, 2012

တောသီချင်း ( ၁၂ )




မုန်တိုင်းများ လေပြင်းများ
အနားသတ် အဖျားခတ်
နေမသာလည်း စိတ်သာရမယ်
နေသာလည်း စိတ်သာရမယ်
သောက်နေတဲ့ ရေ
ပီအိတ်ခ်ျ ဆဲဗင်းမဟုတ်လည်း စိတ်သာရမယ်။

1.1.12

မိုးအိမ်လူ

တောသီချင်း ( ၁၁ )




နှစ်တစ်နှစ်က
ငါ့ကို ကန်ထုတ်လိုက်ပြီ
နှစ်တစ်နှစ်ကို
ငါ ချွတ်ချခဲ့ပြီ

ဘာမှတော့ မဟုတ်ဘူး
2011 ကနေ 2012ရောက်သွားလည်း
ဘာမှတော့ မဟုတ်ဘူး
မြင်နေကျ နံနက်ခင်းကြီးကိုပဲ
ဖြူဖြူ မှိုင်းမှိုင်း ချမ်းခိုက်နေရ
ဘာမှတော့ မဟုတ်ဘူး။

1.1.2012

မိုးအိမ်လူ

Friday, August 17, 2012

ဇာတ်လမ်း





သူ မဟုတ်ရင် ကျွန်တော့်ကြောင့်။ ဇာတ်လမ်းက ပြီး ပြီးသားကြီး။ စိတ်အားလို့ ပြန်လည် ရွတ်ဖတ်လိုက်ခြင်း သက်သက်။ နွေရာသီ ထီးတစ်လက်နဲ့ သူရော ကျွန်တော်ရော ။ ကဗျာစာအုပ်တစ်အုပ် ။ စကားပြေ အရေးအသား စာအုပ် တစ်အုပ် ကိုယ်စီနဲ့။ လောဘ စကား ။ ဒေါသ စကား ။ မောဟ စကား ။ ကိလေသာ တဏှာ စကား။ မပြော မဆိုမိဘဲ နှစ်နာရီ တိတိကြာပြီးတဲ့ အခါ။ အပြင်ဘက်က နွေရာသီထဲ မိုး တွေ ရွာကျလာတယ်။ ကျွန်တော်တို့မှာ ထီး တစ်လက် ရှိပြီးသားကြီး။ ပြီးခဲ့ပြီးတဲ့ ဇာတ်လမ်းကို ပြန်ပြောမိတဲ့ အပျင်းဖြေစရာမရှိ ဖြေစရာ ရှာမိတဲ့ မိုးမစိုတဲ့ မိုးသည်း နွေ နေ့လည်ခင်း တစ်ခု။ ကောင်မလေးကို သူက ထောက်ခံပြီး။ ကျွန်တော်က ဆန့်ကျင်တယ်။ သေလူလို ဖြစ်နေတဲ့ ကောင်မလေးဟာ ရေဒီယိုမှာ  သီချင်းတောင်းရင်း ။ တစ်ခါက ဘတ်စ်ကားပေါ်မှာ ဆုံဖူးတဲ့ လူရဲ့ နာမည်ကို ပြောမိတယ်။ ကျွန်တော်က ကောင်လေးကို ထောက်ခံပြီး သူက ဆန့်ကျင်တယ်။ မိုးတွေ သည်းသထက် သည်း သည်း လာတယ်။ မိုးရေစက်တွေထဲမှာ  ကောင်မလေး အလွမ်းတွေ သည်းဖူးတယ်။ ဘတ်စ်ကားပေါ်က လူ။ ကောင်လေး ဟာ ဘတ်စ်ကား စီးရင်း သူ့ နာမည်နဲ့ သီချင်း အတောင်းခံလိုက်ရတော့။ ဘေးလူတွေ ဘာမှ မဖြစ်လိုက်ပါဘူး။ ပန်းသီးတစ်လုံးဟာ အလိုအလျောက် ဓားနဲ့ ခွဲခံလိုက်ရသလို တိတိရိရိ ပြတ်တောက်သွားပြီ။ ကျွန်တော် ၀ီစကီ နှစ်ပတ်ထပ်မှာလိုက်တယ်။ ကောင်မလေးကတော့ သီချင်းလေးကို နားထောင်ရင်း။ သူ စောစောက ဖတ်ပြီးသွားတဲ့ ကဗျာစာအုပ်ကို။ ဖတ်နေတယ်။ ကဗျာတွေကို ကောင်မလေး နားမလည်ပါဘူး။ သေဆုံးခြင်း ပြင်ပ၌ ဖွဲ့တည်သော တိမ်တိုက်ပေါ်မှာ ….. ငါ ရှိ၏ ။ ဆိုတဲ့ စာသားကိုတော့ ကောင်မလေး နှစ်ခြိုက်နေမိတယ်။ နောက်ထပ်။ ၀ံပုလွေ မြေခွေး ဆိုးယုတ်တဲ့ အူသံတွေ ….. နားကွဲမတတ် အိပ်မက်ထဲ …… အသက်ရှူသံတွေ ကမ္ဘာပျက်ရတဲ့ အထဲ ဒရောသောပါး။ နားမလည်တော့ဘူး ။ ကောင်လေးဟာ သူ ဆင်းရမယ့် မှတ်တိုင်ကို ကျော်သွားပြီး ။ နောက်ထပ် နှစ်မှတ်တိုင် လောက်မှာမှ ဆင်းနိုင်တယ်။ အဲဒီမှာ ပန်းရင့်ရောင် ထီးတစ်လက်နဲ့ ကောင်မလေးကို ကောင်လေး သတိရသွားတယ်။
အစစ်အမှန် မဟုတ်ဘဲ တမင်လုပ်ကြံ ဖန်တီးထားမှန်း သိသိကြီးနဲ့။ မျောပါနေရတာ ဟုတ်ကို မဟုတ်ဘူး။ ကောင်မလေး ဖတ်ခဲ့တဲ့ စာအုပ်တွေ ခန်းလုံးပြည့်။ သူနဲ့ ကျွန်တော် နှစ်ယောက်ပေါင်း ဖတ်ခဲ့တဲ့ စာအုပ်တွေ ထက်တောင် များသေးတယ်။ စာအုပ်တွေ များများ ဖတ်တော့ကော ။ ဘာဖြစ်လဲ။ ဖတ်တာက ဖတ်တာပဲ ရှိတယ်။ ကောင်မလေးရဲ့ ဖုန်းနံပါတ်ကို ကောင်လေး ရသွားတဲ့ နေ့က။ နဂါးခေါင်း ဘယ်ဘက် လှည့်နေသလဲ မသိလိုက်ဘူး။ ပြက္ခဒိန်မှာ ရက်ရာဇာလား ပြဿဒါးလား ။ မသိလိုက်ဘူး။ ကျွန်တော် ရေးနေကျ စတိုင်လ် အတိုင်းဆို မိုးရွာပေးဦးမှာ။ တကယ်က မရွာပါဘူး။ ဖုန်းသံမြည်တော့ ဒုတိယ အိပ်မက်ကို အစပျိုးနေချိန်။ အမည်မသိပန်းတွေ ရောင်စုံပွင့်နေတဲ့ တောလမ်းကလေးမှာ ။ ကောင်မလေး ပြေးနေတယ်။ နောက်မှာ တောရိုင်းကောင်တွေ အုပ်လိုက် လိုက်လာကြတယ်။ တောရိုင်းကောင်တွေရဲ့ အော်သံက ကလေးရယ်သံကြီး ။ ကောင်မလေး ကြောင်သွားတယ်။ ပြီးမှ ဖုန်းမြည်တယ် ဆိုတာ ရိပ်မိသွားပြီး အိပ်မက်ထဲကနေ ထွက်လိုက်တယ်။ ကျွန်တော်ရဲ့ ရေခဲတုံးတွေ ၀ီစကီထဲမှာ အရည်ပျော်ပျောက် ရှ သွားတယ်။ ရေဒီယိုမှာ ကျန်းမာရေး ဆွေးနွေးချက်တွေ အကြောင်း လာနေတယ်။ အဓိက ကတော့ အကြောအချဉ်တွေ အလုပ်လုပ်ပုံ။ အဲဒီည က နံနက်လေးနာရီကျော် နာရီဝက်လောက်အထိ သူတို့ ဖုန်းတွေ မအားကြဘူး။ ကောင်းကင်ဘုံတစ်နေရာမှာ နတ်ဆိုးတစ်ကောင် အရသာရှိရှိ ပြုံးရယ်နေမလားပဲ။ အဲဒီလောက်ကြီး တော့လည်း ဆိုးဝါးတဲ့ ကိစ္စမဟုတ်ပါဘူး။ သူက ပြောသေးတယ်။ မနက်က ဘာလို့ နောက်ကျနေရတာလဲတဲ့။ ဇာတ်လမ်းအကြောင်း ပြောရင်းကနေ ဘယ်လိုလုပ် အဲဒီဘက် ရောက်သွားတယ် မသိဘူး။ သူ့ စိတ်က အဲ့ဒီလိုပဲ တောင်ရောက် မြောက်ရောက်နဲ့။ မနက်က ကိစ္စ ပြောရင်း မနက်ဖြန်ကိစ္စပါ ပိုပြောဖြစ်သွားတယ်။ တစ်ညလုံး ဖုန်း ပြောလို့ မအိပ်လိုက်ရပေမယ့်။ ကောင်မလေးကော ကောင်လေးကော လန်းဆန်းနေကြတယ်။ လူတွေရဲ့ ခန္ဓာဗေဒ နဲ့ ဆိုင်မလား။ စိတ်ပိုင်း ဆိုင်ရာပဲလား။ စိတ်နဲ့ ခန္ဓာကိုယ် အင်္ဂါတွေရဲ့ ဆက်ဆံပတ်သက်မှုနဲ့ ဆိုင်မလား။ လန်းချင်ရင် လန်း။ ဂွမ်းချင်ရင် ဂွမ်းနဲ့။ ကံကြမ္မာကကို စီမံ ဖန်တီးထားပြီးသလိုလို။ တစ်ပတ်လောက်အကြာမှာ ကောင်မလေးရဲ့ ကျန်းမာရေးက သိသိသာသာ တိုးတက်ကောင်းမွန်လာတယ်။ မျှော်လင့်ချက် ။ ကောက်ရိုးတစ်မျှင် နေခြည်တစ် စ ။ ဆိုပါစို့။ မိဘဆွေမျိုးမရှိ။ ပုံမှန်ဘဏ်တိုးကြီးကြီးနဲ့။ သူနာပြုတွေနဲ့။ သေလူလို ဖြစ်နေတဲ့ လူတစ်ယောက်အတွက် သံယောဇဉ်တစ်ခု ကောက်ရလိုက်သလိုမျိုး။ လူတွေရဲ့ အကြောင်း။ လူတွေအပေါ် ယုံကြည်စိတ် မရှိတဲ့။ ကောင်မလေး ဟာ မမြင်ဖူး တဲ့ လူတစ်ယောက်အပေါ် မျှော်လင့်ချက်တွေ ထားလိုက်တာက ။ တော်တော် မဖြစ်နိုင်တဲ့ ကိစ္စကြီး။ ဘယ်လိုပဲ ဖြစ်ဖြစ် ဇာတ်လမ်းကို ။ နှင်းဆီဖြူတွေ တပွေ့တပိုက်ကြီးနဲ့ ကောင်လေးက ကောင်မလေးကို လာတွေ့တယ်။ မိုးကလည်း မရပ်တော့ဘူး။ တအားကြီး  ပျင်းမနေပေမယ့် သူရော ကျွန်တော်ရော ပျင်းနေပြီ။ ဘ၀မှာ ဘာက အရေးပါဆုံးလဲ လို့ ပြောရင်းကနေ အဲဒီဇာတ်လမ်းဆီကို ရောက်သွားလိုက်တာ။ သူက ကဗျာတစ်ပုဒ် ရေးဦးမယ် ဆိုတော့ ။ ကျွန်တော်လည်း ဖတ်ပြီးသား စကားပြေ စာအုပ်ကို နောက်တစ်ကြိမ် ပြန်ဖတ်နေလိုက်တယ်။ စောစောက ဖတ်တုန်းက သိပ်နားမလည်လိုက်ဘူး။ စကားပြေ ဆိုပေမယ့် အရေးအသားတွေက ပုံမှန်ကနေ ခွဲထွက် ထားတာကို။ တစ်ခေါက်ဖတ်ရုံနဲ့ ခံစားချက်ကို မရနိုင်ဘူး။ နောက်တစ်ကြိမ် ပြန်ထပ်ဖတ်တော့ နည်းနည်း ခံစားလို့ ရသွားတယ်။ တော်တော်များများက နားမလည်နိုင်ဘူး။ တစ်စက်နှစ်စက် တဆက်ဆက် ကျလာခြင်း။ ရေစက်တွေထဲ အတောင်ရေစို ငှက်တို့ တုန်ယင်နေပုံ ကို ။ အင်္ကျီစို ပုဆိုးစို နဲ့ ငေးကြည့်ရတဲ့ အခါမျိုး။ နှင်းကွဲလို့ အလင်းမကွဲသေး ဘူး ဆို။ အိန်ဂျယ်လ်ရဲ့ ပိုက်ဆံအိတ်ထဲမှာ တစ်ထောင်တန် အရွက်ကြီးနှစ်ရွက်။ မနက်က ကျပျောက်ခဲ့တဲ့ မျှော်လင့် ချက်ထဲမှာ။ ဘာတွေမှန်းမသိဘူး။ ကဗျာလား။ စကားပြေလား။ မသဲကွဲဘူး။ ကောင်မလေး လမ်းလျှောက်နိုင်တဲ့အထိ ကောင်လေးက ။ နေ့စဉ် ။ မှန်မှန် ။ ရောက်လာတတ်တယ်။ နောက်ပိုင်းမှာတော့ ကောင်လေး ။ ပျောက်ဆုံးသွားတယ်။ သေဆုံး သွားတာတော့ မဟုတ်ဘူး။ ကောင်မလေးကတော့ ပြန်မလဲအောင် မနည်း အားတင်း ခံစားလိုက်ရတယ်။ တွေ့ နေကျ အချစ်ဇာတ်လမ်း တစ်ပုဒ်ပါပဲ။ ဘာမှတော့ ထူးထူးခြားခြား မရှိပါဘူး။ ခက်တာက သေဆုံးခြင်း မဟုတ်ဘဲ ကောင်လေးက ပြန်ရောက်မလာတော့ဘူး။ ဆယ်စုနှစ် တစ်ခု အထိ။ အဲ့ဒါနဲ့ ကောင်မလေးက ဒီလို အခြေအနေကို ပြန်ရောက်သွားတာပဲ လို့ သူက ပြောတယ်။ အတိတ်ဟာ နာကျင်စရာ ဇာတ်ထုပ်တစ်ခုဆို / ပစ္စုပ္ပန်က ကော သက်သောင့် သက်သာ ဖြစ်မှု /  တောရိုင်းကောင်တွေဟာ အခုထိ အိပ်မက်ထဲမှာ / နှလုံးသားကို စားသုံးလိုသူ မိစ္ဆာကောင်များ / ယဇ်ပလ္လင်ဟာ သိပ်တော့ မခမ်းနားလှပါဘူး// မိုးကြိုးတွေ ဆင်တယ် / မုန်တိုင်းတွေ ခတ်တယ် / ငလျင်တွေ လှုပ်တယ် / ဘ၀ပျက် အိပ်မက်ညတွေ သက်သက် / ပြန်မလာနဲ့တော့ ကြယ်စင်ပျို // အလင်းကို / ငါ / မုန်း / တယ် // သူ့ကဗျာကို ဖတ်ပြီး သက်ပြင်း ရှိုက်ရတယ်။ အကြောင်းတရားတွေ အများကြီး ရှိခဲ့ တယ်။ ဆိုင်ထဲကို ခေတ်ပေါ်ကောင်မလေးတစ်ယောက်။ ခေတ်ပေါ် ၀တ်စားဆင်ယင်မှုနဲ့။ ခေတ်စကားတွေကို ခေတ်ဟန်းဖုန်း နဲ့ ပြောရင်း ၀င်လာလို့။ သူရော ကျွန်တော်ရော အာရုံနောက်သွားတယ်။ တစ်ခဏ။ ကံဇာတာ အမှောင်ကျမှုဟာ အမြဲ ရှိမနေတတ်ပါဘူး။ အဲဒီလိုပဲ။ လင်းလက်ရင်လည်း။ ကျွန်တော်ပြောလိုက်တာက အားပေးစကားပါ။ ထိရောက်မှု ရှိမရှိတော့ မသိဘူး။ မိုးကတော့ နည်းနည်း စဲသွားပြီ။ နာရီကို ကြည့်လိုက်တော့ ဆယ့်ငါးမိနစ်တိတိ။ နာရီလက်တံက ပျောက်နေတယ်။ ကောင်လေးက ထားသွားတိုင်း ကောင်မလေးအနေနဲ့ အဲဒီလောက် ဖြစ်ဖို့ မသင့်ဘူး။ ဒါက သူ့ မျှော်လင့်ချက်ပဲလေ။ အချိန်ကာလ တစ်ခုကို လွန်မြောက်ပြီးတဲ့ အခါ ကောင်လေးက ကောင်မလေးဆီကို ပို့ပေးလိုက်တဲ့ ။ နာရီတစ်လုံး။ နာရီလက်တံ မပါဘူး။ ဆယ့်ငါးမိနစ် နဲ့ စက္ကန့် သုံးဆယ်မှာ ရပ်တန့်နေတဲ့ နာရီတစ်လုံး။ အလွမ်းတွေ ပေကျံလို့။ ဇာတ်လမ်းက တစ်ပတ်လည်သွားတယ်။ မတတ်နိုင်ဘူး။ ကောင်လေးနဲ့ ကောင်မလေး ။ အတိအလင်း ချစ်သူတွေ ဖြစ်တဲ့ နေ့က တောင်ပင်လယ်မှာ လှိုင်းအသင့်အတင့်။ ဒီလို ဇာတ်လမ်းတွေကို စိတ်ဝင်စားနေတာကိုက တို့တွေ မရင့်ကျက်သေးတာပဲ ။ လို့ သူက ပြောတယ်။ ကျွန်တော်လည်း ၀ီစကီ ရှစ်ပတ်သာ ကုန်သွားတယ်။ မမူးသေးဘူး။ မိုးက တိတ်သွားပြီ။ ကျွန်တော်တို့မှာ ထီးတစ်လက် မရှိတော့ဘူး။ ဇာတ်လမ်း မရှိတော့ဘူး။ ဇာတ်ကောင်တွေသာ။ ကိုယ်စားပြုတဲ့ အနေနဲ့။ ကျွန်တော်က ကောင်လေး ဖြစ်ပြီး။ သူက ကောင်မလေး ဖြစ်ပြီး။ ကျွန်တော်နဲ့ သူရဲ့ အတိတ်ဖြစ်စဉ်က ဇာတ်လမ်း ဖြစ်တယ်။ ဖြစ်ချင်မှလည်း ဖြစ်လိမ့်မယ်။ အခုချိန်မှာ ဖြစ်ခြင်း မဖြစ်ခြင်းဟာ အရေးကြီးတဲ့ ကိစ္စမဟုတ်တော့သလို။ အဆင်ပြေသည် ဖြစ်စေ မဖြစ်စေ။ နွေရာသီ မိုး တိတ်သွားတော့ ။ နွေရာသီ နေ ပြန်ပူလာတယ်။ စီစဉ်ထားတဲ့ သဘာဝ ဖြစ်စဉ် အတိုင်း။


*

မိုးအိမ်လူ


Idea,  2012,August , Issue