Wednesday, November 16, 2011

ရေခိုးရိုက် နှလုံးသား အချို့



မေမေနဲ့ ပတ်သက်လို့တော့ ကျွန်မ စိတ်ထဲ သိပ်မခံစားရဘူးလို့ ရှင်ထင်နေတယ်လား လို့ သူမက ကျွန်တော့်ကို မေးရင်း မြောက်ဘက်
က မြူတန်းတွေကို ဝေရီစွာ ငေးမောနေပုံက တစ်ခုခုကို ခံစားနေရပုံကို သိသာ ပေါ်လွင်စေတယ်လို့ ကျွန်တော်စိတ်ထဲ မှတ်ချက်ပြုမိရင်း
အဲ့လိုလည်း မဟုတ်ပါဘူး သူများတွေ ဆို အမေတစ်ယောက်လုံး ဆုံးပါးသွားရင် သည်းခြေပျက်မတတ် ခံစားနေတတ်ကြတယ်လေ လို့
ပြောတော့ အဟင်း ဟုတ်မှာပါ ကျွန်မက အဲ့လို မှ မခံစားတတ်တာ ဒါပေမယ့် ကျွန်မ အဲ့လို မခံစားရဘူးလို့ကော ရှင့်ကို ဘယ်သူက
ပြောလိုက်ပါလိမ့်လို့ ခနဲ့သလိုလို ကျွန်တော့်ကို ပြန်ပြီး မေးခွန်းထုတ်ပုံက တကယ့်ကို ချဉ်စရာ ကောင်းနေပေမယ့် သူ့ခဗျာ အမေဆုံးပါး
ထားတာပါလေဆိုပြီး ဘာမှ ပြန်မပြောမိအောင် ကျွန်တော်လည်း သူ ငေးတဲ့ဘက် အကြည့်တွေကို ရွှေ့ပစ်ရင်း ဆောင်းတောင် ရောက် နေ
ပြီနော် လို့ စိတ်ထဲ အစီအစဉ်မရှိဘဲ ပြောမိသွားပြီးမှ ဘာမှလည်း မဆိုင်ပါလားဆိုပြီး ကိုယ့်ကိုယ် ပြန်ရှက်နေမိပေမယ့် သူမကတော့
ဘာမှမဖြစ်သလို ငေးမြဲငေးနေရင်းက ဒီလိုဆောင်း မဟုတ်ပါဘူး ဆောင်းတော့မဟုတ်ဘူး အခုလို အရမ်းမအေးသေးဘူး မြူတွေတော့
ဆိုင်းနေပြီ အဲဒီတုန်းက မေမေက ကျွန်မကို ပုံပြင်တစ်ပုဒ် ပြောပြဖူးတယ် ကျွန်မတို့ အိမ်ရှေ့ ဒန်းလေး ပေါ်မှာ ကျွန်မက မေမေ့ ပေါင်ပေါ်
မှာ ခေါင်းအုံး ပြီး မေမေ့ မျက်နှာကို ငေးကြည့် မေမေက ခြံထဲက နှင်းဆီပင်တွေကို ငေးကြည့်ရင်း တစ်ခါတုန်းက သိပ်ပြီး ရိုးအတဲ့
ကောင်မလေးတစ်ယောက်နဲ့ သိပ်ပြီး လူရည်လည်တဲ့ ကောင်လေးတစ်ယောက်ဟာ မျက်စီလည် လှမ်းမှားပြီး ချစ်သူတွေ ဖြစ်ခဲ့ကြပြီး
ချစ်သူသက်တမ်း သိပ်မကြာလိုက်ဘဲ အိမ်ထောင်ပြုလိုက်ကြသတဲ့ ကောင်လေးက ကောင်မလေးအပေါ် သိပ်နိုင်စားပြီး ကောင်မလေးက
တော့ အရာရာ ကောင်လေးသဘောအတိုင်း သူ့ဘ၀ကို ကောင်လေးအပေါ်လုံးလုံးပုံအပ် ယုံကြည်ကိုးစား ပြီးနေခဲ့တယ်တဲ့ ဒီလိုနဲ့
သူတို့မှာ ရင်သွေးလေးတစ်ယောက်ရလာခဲ့ပြီးနောက် ကောင်လေးဟာ ပုံစံတွေ ပြောင်းလာခဲ့သတဲ့ နောက်ပိုင်း ကြာလာတော့
ကောင်လေးဟာ သူ့အလုပ်ကို အကြောင်းပြပြီး ခရီးတွေ ခဏခဏထွက်လာတတ်ပြီး ကောင်မလေးနဲ့ သူ့ရင်သွေးလေးအပေါ်မှာလည်း
လုံးဝ ဂရုစိုက်ခြင်း မရှိခဲ့သလို တစ်ခါမှာပေါ့ ကောင်လေး ခရီးတစ်ခု အရမ်းကို ကြာတဲ့ ခရီးတစ်ခုက အပြန်မှာ ကောင်လေးဟာ
ကောင်မလေးဆီကနေ ကွာရှင်းခွင့်တောင်းသတဲ့ ဘာဆိုဘာမှ မသိနားမလည်လွယ်တဲ့ ကောင်မလေးဟာ ဘာဆိုဘာမှကို နားမလည်
နိုင်လောက်အောင် ဖြစ်ခဲ့ပြီး ခွင့်မပြုဘူးလို့ အတန်တန် ငြင်းဆိုခဲ့တယ် ပြောရင်းဖြင့် သူမ သက်ပြင်း ချလိုက်ပြီး အဲဒီနောက်
ကောင်လေးက ကွာရှင်းခွင့်ပေးပေး မပေးပေး သူ ဒီအိမ်ကနေ ထွက်သွားတော့မယ် လို့ပြောပြီး အပြီးအပိုင် ကောင်မလေးနဲ့ သူ့ရင်သွေး
လေးကို ထားခဲ့ပြီး ထွက်သွားခဲ့တယ် ဘယ်လောက်တောင်ကြာပြီလဲဆို မေမေက ကျွန်မကို ငုံ့ကြည့်တော့ ကျွန်မက အိပ်ပျော်နေပြီ
လေ အဟား ဒီအကြောင်းတွေ နောက်မှ အန်တီလေး ပြန်ပြောပြ သိခဲ့ရတာ ကျွန်မကိုယ်ကျွန်မ အဲဒီတုန်းက ဘာလို့ အိပ်ပျော်သွားမှန်း
မသိခဲ့ဘူး တကယ်ဆို ကျွန်မ အိပ်မပျော်သင့်ခဲ့ဘူး အဲဒီတုန်းက မေမေ့ မျက်နှာကို ကျွန်မ မြင်ခဲ့ရမှာ ကြည့်ခဲ့ရမှာ အခုတော့ ဒါတွေက
ပြီးခဲ့ပါပြီ လို့ ပြောရင်း ကျွန်တော့်ဘက် တစ်ချက် လှည့်ပြီး ပြုံးပြတော့ သူမကို ငေးနေတဲ့ ကျွန်တော့်မှာ အမ်းတမ်းတမ်းဖြစ်သွားလို့
အမြန်ပဲ အကြည့်ကို အဝေးပို့ပစ်ပြီးမှ ဒါပေမယ့် ကိုယ် သိခဲ့တဲ့ တစ်လျှောက်လုံးမှာ မင်းနဲ့ မင်းအမေရဲ့ ဆက်ဆံရေးက အေးစက်
လွန်းတယ်လို့ ကိုယ် ခံစားမိတယ်လို့ ကျွန်တော့်စိတ်ထဲ ရှိတဲ့ အတိုင်း သူမကို ပြောမိပြီး မှ အားနာသလိုလို ဖြစ်သွားရပေမယ့်
ရုတ်တရက် အသံတိုးတိုးလေး ထွက်အောင်ရယ်လိုက်တဲ့သူမ ရယ်သံကြောင့် ကျွန်တော်တောင် နည်းနည်း ကြောင်ချင်သလိုလို
ဖြစ်မိသလို သူမကိုလည်း ကြောင်များသွားပြီလားလို့ စိတ်ထဲ တွေးမိတုန်း ဒါကတော့ ၇ှင်ရဲ့ ပုဂ္ဂလအမြင်လေ ရှင့်ရဲ့ ခံစားချက်ပဲ
ကျွန်မတို့ သားအမိနှစ်ယောက်ရဲ့ ဆက်ဆံရေးဟာ အေးစက်ပါတယ် မနွေးထွေးပါဘူးလို့ ရှင့်ကို အင်း ရှင်တို့ကို မေမေက
ပြောဖူးမယ် မထင်သလိုပဲ ကျွန်မလည်း တစ်ခါမှ မပြောမိဘူးလို့ ထင်ပါတယ်လို့ ရယ်ဟဟနဲ့ ပြောပုံက လောလောလတ်လတ်
အမေဆုံးထားတဲ့ သမီးတစ်ယောက်မဟုတ်သလိုလို ပုံစံနဲ့ ဆိုတော့ ရှည်မိတဲ့လျှာကို ကိုယ့်ဘာသာကိုယ်ပဲ ဖြတ်ပစ်ချင်စိတ် ပေါက်
သွားမိရင်း အခု မင်း ပုံစံလည်း ကြည့်ပါဦး ကိုယ့်အမေတစ်ယောက်လုံး ဆုံးတာ ဘာမှမဖြစ်သလိုနဲ့လို့ ကျွန်တော်လည်း စိတ်ထဲက
အတိုင်း ပြောမိသွားတော့ သူမက ထပ်ရယ်ပြီးမှ အမေသေရင် သားသမီးတွေက အရူးတစ်ယောက်လို့ ငိုကြွေးနေရမယ်လို့ ဘယ်သူက
သတ်မှတ်ခဲ့လို့လဲ ကျွန်မအထင်တော့ အဲ့လို ငိုကြွေးတတ်တဲ့လူတွေဟာ မိဘ အသက်ရှင်စဉ်မှာ မိဘကို စိတ်ဆင်းရဲအောင် အများဆုံး
လုပ်တဲ့ လူတွေပဲ လို့ထင်တယ် သေကာမှ ကြွေးဆပ်ခွင့်တောင်းနေကြတာလေ တဲ့ ကျွန်တော်ဖြင့် ဘာပြောလို့ ပြောရမှန်းမသိတော့တာ
နဲ့ထားပါဗျာ အေးလာပြီ အထဲ သွားရအောင်လို့ စကားမြန်မြန်ဖြတ်ဖို့ ကြိုးစားတဲ့အခါ ဟင်း ဟင်း ဒေါက်တာကြီး စိတ်ရှုပ်သွားပြီ
ထင်ပါရဲ့ so sorry ပါရှင် လို့ ရယ်ဟဟ ပြောပြီး ရှေ့ကနေ အိမ်ထဲကို သွက်သွက် ၀င်သွားတော့ ကျွန်တော့်မှာ ကိုယ့်ကိုယ်ကို
ဘာကို စိတ်ရှုပ်လို့ ရှုပ်မှန်းမသိ အီလည်လည်ကြီး နဲ့ နေရာက မရွေ့နိုင်ဘဲ စောစောက သူမ ငေးတဲ့ မြောက်ဘက် မြူတန်းဘက်
လှမ်းကြည့်လိုက်တော့ မြူတွေဟာ သိပ်သည်းသည်ထက် သိပ်သည်းလာပြီး အဲဒီမှာ ဘာရှိလို့ ရှိမှန်းတောင် မမြင်ရတော့ဘူး။

မိုးအိမ်လူ

၁၆  နိုဝင်ဘာ ၂၀၁၁
ည ကိုးနာရီ ဆယ့်နှစ် မိနစ်

ကဗျာကကဗျာ ရေးတယ်




နေမထိထိုင်မသာ လောဘ ပိုး ထိုးမှုနဲ့ မနေ့တစ်နေ့( သောကြာနေ့ ) က အကြောင်း
ပြန်မတွေးချင်ဘူး
ဆိုလိုတာက ပြန်မတွေးချင်လောက်အောင် ဆိုးရွားမှု အမြင့်စားနဲ့ ထိခိုက်မိလို့ပဲ
ထိခိုက်မိတော့ နာသွားလားလို့ မေးမယ့်လူ မရှိအောင် ဆိုးရွားလွန်းတဲ့  အဲ ကံကြမ္မာလို့ပြောရမလား
ကံကြမ္မာက ကဗျာဆရာတွေ တော်တော်သုံးထားလွန်းလို့ နွမ်းကြေစုတ်ပြတ်နေပြီ ဆိုတော့ကာ
ဘာလို့သုံးရင်ကောင်းမလဲ ကောင်းမလဲ ကောင်းရင် မလဲဘူးတဲ့ မဖြစ်နိုင်ဘူး ကောင်းလို့ လဲတဲ့သူတွေ တစ်ပုံကြီး

ဒီလို အရေးအသားမျိုးကို ကဗျာလို့ ခေါ်မလား မခေါ်ဘူးလား မခေါ်ရင် စိတ်ဆိုးမှာ
စိတ်ဆိုးလည်း မတတ်နိုင် စကားလုံး အရူး တွေ တောင်ပျံ မြောက်ပျံ လုပ်နေတာမျိုးကိုတော့
အနုပညာလို့ သတ်မှတ်မပေးနိုင်ပေါင် ဘယ်သူပြောလဲ ဘယ်သူ မပြောလဲ
စိတ္တဇကို စကားလုံးနဲ့ အစာသွပ်ထားတဲ့ ကဗျာတွေ စာသားတွေကို အချိုးမညီ
ဝက်အူစုပ်ထားတဲ့ ကဗျာတွေ လိုင်းတွေကို ချိုးဖဲ့ပြီး ဂဟေ ဆက်ထားတဲ့ ကဗျာတွေ

တကယ်တော့ အနုပညာထဲမှာ မင်း မရှိလို့ ဘာမှမဖြစ်သလို ငါ မရှိလို့လည်း ဘာမှမဖြစ်ဘူး
အဲဒီလိုပဲ အနုပညာမရှိလို့လည်း ဘာမှမဖြစ်ဘူး ဆိုတဲ့ စကားမျိုးတွေက လွန်ခဲ့တဲ့ အနှစ်နှစ်ဆယ်လောက်ကတည်း
က လူပြောသူပြော မများခဲ့တဲ့ အယူအဆ တွေ ဆိုသလိုမျိုးပဲ
ဓာတ်လိုက်နေတဲ့ ဆက်ဆံရေးတွေနဲ့ အတ္တဟိတ က နေ့လွဲညစာ လွတ် လွတ် လွတ်
ထွက်သွားပြီးတဲ့နောက် သမိုင်းဟာ စာအုပ်ထဲကနေ ကွန်ပျူတာ မက်မိုရီထဲ ပြောင်း ၀င်
ဗိုင်းရပ်စ် အပြင်းစားတွေနဲ့ အနုပညာဟာ အရောင်တွေ ဖျော့ ဖျော့ ဖိုလ်ဒါတွေ ပျောက် ဒေါ့ကူမန့်တွေ ပျောက်
ဖိုင်တွေ ပျောက် စကားလုံးတွေဟာ ကိုယ်စားပြုနိုင်စွမ်း ကျဆင်းမှုနဲ့ ကဗျာဟာ ကဗျာဟာ ကဗျာဟာ ဟာ ဟာ
ဟာ ဟာ ဟာ ဟာ ဟာ ဟာ  ဟာ လက်ညောင်းတော့ ဒီမှာ ရပ်လိုက်ပြီ။

မိုးအိမ်လူ

အရောင်မဲ့ ရုပ်နာမ်




ဒြပ်မဲ့ နှောင်ထုံးတစ်ခုရဲ့
ရောင်စဉ် ဖြာလွှတ်မှုမှာ
နှုတ်ခမ်းတွေ စေးကပ်လာ
စကားလုံးတွေဟာ
စကားလုံးတွေပဲ ဖြစ်ခဲ့တယ်

အဓိပ္ပာယ်များစွာကို
အရောင်ခြယ်ပြီးတဲ့နောက်
လိမ္မော်ရောင် ကောင်းကင်နဲ့
မှိုင်းညှို့နေတဲ့ မြစ်တစ်စင်းနဲ့
ရင်ဝမှာ သက်တံရဲ့ အစွန်းနှစ်ဆက်
ထိပ်တိုက် တွေ့ဆုံခဲ့

ချည်တိုင်မှာ ရုန်းဆန်မိတဲ့
အိပ်မက်တွေက
ဆည်းဆာချိန်မှာ လက်ပန်းကျလာသလို
မိုးနှောင်းဟာ
ဘယ်အချိန်မှာ ရပ်တန့်ရမလဲ မသိခဲ့ဘူး

လွန်ခဲ့တဲ့ နှစ်နှစ်က
အပြီးမသတ်ခဲ့တဲ့
ပန်းရောင် ရုပ်ထုက
သူ့ဘာသာ အ၀ါရောင် ဖန်ဆင်းပစ်တဲ့အချိန်
ငါဟာ မှန်ထဲမှာ အရောင်မဲ့လို့ နေတယ်။

မိုးအိမ်လူ

အိပ်ဆေးသောက်ခြင်း



အရေခွံ ချွတ်ခံထားရတဲ့
အိပ်မက်အချို့ရဲ့ ဖြောင့်ချက်မှာ
နောင်တက မီးလိုပူ

မကုန်နိုင်သေးတဲ့
ရှေးရေစက်ရဲ့ ဆောင်မမှုနဲ့
တွေ့ဆုံမှုတို့က အဆိပ်ဖြစ်

ဘယ်အချိန် ဘယ်ကာလ
မသိပေမယ့်
အချိန်တန်ရင် ဆိုတာက
ဝင်သက်ထွက်သက်ကို
အဓွန့်ရှည်စေ

အားလုံးကို ခ၀ါချဖို့
ကြိုးစားတဲ့အခါ
အားလုံးဟာ မာနမှာ ထစ်နေခဲ့တယ်

ရောင်းမှား ၀ယ်မှား သံသရာမှာ
ရှုံးနိမ့်ခဲ့တဲ့ အရင်းက
ဘ၀တွေ ဖြစ်တဲ့အခါ

မျက်လုံးမှိတ်လို့ အိပ်စက်တိုင်း
အိပ်မက်တွေ ၀င်မလာစေချင်။

မိုးအိမ်လူ

အိမ်


တိမ်တွေကို အမျှင်လိုက်ဆွဲထုတ်ပြီး ကွက်စိပ် ယက်ထားတဲ့ နံရံတွေ
အဲဒီနံရံတွေရဲ့ နူးညံ့မှုကို သက်ဝင်ခံစားရင်း ငြိမ်းအေးမှုတွေ ပွေ့ဖက်ကြ
ပွေ့ဖက်ထားသမျှဟာ အစစ်အမှန်တရားတွေပဲ ဖြစ်ရမယ်လို့ သတ်မှတ်လို့ မရသလို
သတ်မှတ်ထားတဲ့ အစစ်အမှန်ပျော်ရွှင်မှုမှာ အမှောင်ရနံ့တွေ စွန်းပေမနေသင့်ဘူးပေါ့

တံခါးလေးက လောကကြီးကို ဆက်သွယ်ထားတဲ့ တံတားလေး
ဘာတွေလိုအပ်နေသလဲ အရေးတကြီး မွတ်သိပ်စွာ ဘာတွေ လိုအပ်နေသလဲ
တစ်ယောက်ရဲ့ လိုအပ်ချက်ကို တစ်ယောက်က ဆန်းစစ် ဆင်ခြင်
ဖြည့်ဆည်းခြင်းမှာ လျှံထွက်မသွားဖို့ ဂရုတစိုက်

ပြတင်းပေါက်လေးက အလင်းတွေ သယ်လာတယ် လေပြေတွေ သယ်လာတယ်
ဒီလိုပဲ ဖုန်မှုန့်တွေ သယ်လာတယ် ပိုးမွှားတွေ သယ်လာတယ် သတင်းစကားတွေ သယ်လာတယ်
ထင်းထင်းရှင်းရှင်း မြင်တွေ့မှု နဲ့ အတူ သာသာယာယာ ဆိုတဲ့ စကားလုံးလေး
အဓိပ္ပာယ်ပြည့်စုံပြီး တန်ဖိုးတက်လာသလိုမျိုး
အညှိအကြေး ကပ်ငြိမှုတွေက အဆိုးတရားကို ကောင်းကောင်းကြီး ပုံသွင်းထုဆစ်
လိုချင်ခြင်း  မလိုချင်ခြင်း နဲ့အတူ  ရယူခြင်း  လက်ခံရခြင်း  တွေလည်း အများသား
သက်ပြင်းတွေနဲ့ မောရတဲ့ ပြဿဒါးတွေ ရှိသလို
ရယ်ခြင်းတွေနဲ့ မောရတဲ့  ရက်ရာဇာတွေလည်း ကြိုကြား ကြိုကြား

ညဥ့်ဦးယံ ကြယ်တောက်ချိန်မှာ ဗုဒ္ဓအရှင်မြတ်ရဲ့ ကျောင်းသင်္ခမ်းမှာ
ပန်းလန်းတွေ  ဆီမီး ထိန်ညီးတွေ  ယိမ်းနွဲ့ အခိုးအငွေ့ အမွှေးနံသာတွေ နဲ့
မိခင်က ပရိတ်ရွတ် ၀တ်ရွတ် ၊ ဖခင်က သမ္ဗုဒ္ဓေဂါထာတော်ကြီးကို ဋ္ဌာန်ကရိုဏ်းကျကျ
သားငယ်ရဲ့ သရဏဂုံ ဆောက်တည်သံ ၊ သမီးငယ်ရဲ့ မေတ္တာပို့ အမျှဝေသံ
ငြိမ်းအေးမှုကို နိုင်သလောက် မွေးမြူကြရင်း
လွှမ်းခြုံထားတဲ့ ကောင်းကင်ရောင်  အမိုးပေါ်က
ပြောင်းလဲ တိုးပွားနေတဲ့ လောကဓံတရားတွေကို သပ်ချရင်း
ချစ်ခြင်း မေတ္တာတွေ အနွေးဓာတ်  ဒီဂရီမြင့်စေခဲ့ကြ..။


   မိုးအိမ်လူ

အိပ်မက် အော်သံ




မိုးနှောင်းမှာ ရွှဲရွှဲစိုခဲ့တဲ့
အိပ်မက် တစ်ပိုဒ်
သပွတ်အူထဲမှာ ငိုကြွေးနေတဲ့
ငါ့ ၀ိဥာဉ်အတွက်
ဘယ်နေ့ ဘယ်နံ ဘယ်ယတြာ
အတိတ်မဲ့ ဦးနှောက်ရဲ့
စီစဉ်ပိုင်းဖြတ်ခြင်းမှာ
အော်ပရေးရှင်း အခန်းထဲက
အော်သံ အချို့နဲ့
သံလမ်းပေါ်မှာ ရထားတစ်ကောင်
ဟစ်အော်လို့
ကုန်ဆုံးကာနီး သက္ကရာဇ်တစ်ခုက
ဆွေးဆွေးမြေ့မြေ့ သံစဉ်တွေနဲ့
လုံးကြေနေတဲ့ ရက်စွဲထဲမှာ
ကြက်ခြေခတ် အချို့ ၀ပ်တွား
မိုးသောက်ယံ အိပ်မက်နိဂုံးဟာ
အဖျားတက်လို့ နေခဲ့တယ်။

မိုးအိမ်လူ

တစ်စက္ကန့် အတ္ထုပ္ပတ္တိ




စက္ကန့်မလပ် မွေးဖွားသေဆုံးနေသော
ခံစားမှု ကုဋေ ကုဋာများရဲ့ အဆုံး
ေ၇ာင်းတန်းဝင် သံယောဇဉ် အချို့
စွမ်းဆောင်ရည် ကျဆင်းလာခြင်း
ဘုံခုနှစ်ဆင့်မှ မေတ္တာတရားရဲ့
ရောင်စုံမိုး ဖြာသွန်းခြင်း
ဇာတ်မြုပ်သွားသော သစ္စာတရားရဲ့
ကောလဟာလ သတင်းအချို့
ဖိနပ်ပါးအောင် လျှောက်ခဲ့ပြီးမှ
လိပ်စာမှားခဲ့တဲ့ နေ့ရက်တွေနဲ့
မိုးလေ၀သ အထူးကြေငြာချက်ကြောင့်
အိမ်ခေါင်မိုး ပေါက်ပြဲသွားခြင်းမှာ
ဟိုမှာ တက်သစ်စ မော်ဒယ်လ်လေးရဲ့ ကြော်ငြာအသစ်
စက္ကန့်မလပ် မွေးဖွား သေဆုံးနေသော
ခံစားမှု ကုဋေ ကုဋာများရဲက အဆုံး..။

မိုးအိမ်လူ

လမင်းလေးနဲ့ ငါ ဝေးနေတယ်လို့ ဘယ်သူပြောသလဲ




အိပ်မက်လေးက ပြောတယ်
လွမ်းရလွန်းလို့
ညတွေကို ကြောက်နေပါပြီ တဲ့

ပန်းပွင့်လေးက ပြောတယ်
သတိရလွန်းလို့
သိမ်းထားတဲ့ ရနံ့တွေတောင် သိုးတော့မယ် တဲ့

ကောင်းကင်က ပြောတယ်
မျှော်ရလွန်းလို့
အပြာရောင်တွေ တောင် လွင့်တော့မယ် တဲ့

ကြယ်ကလေးက ပြောတယ်
အထီးကျန်ရလွန်းလို့
ကိုယ့်ကိုယ်ကို ကြွေဆင်းပစ်လိုက်တော့မယ် တဲ့

ငါ  ဘာမှပြန်မပြောမိဘူး
သူ ပြန်လာမှ ငါ့ အသက်ဓာတ် ပါလာမှာလေ
ငါ ဘာပြန်ပြောနိုင်မှာလဲ
ပြန်လာပါတော့လို့ လည်း
မပြောနိုင်ဘူး
လွမ်းလှပြီလို့လည်း
မညည်းညူနိုင်ဘူး

ဒါပေမယ့်

အခုချိန်ဆို
ငါ့ အသက်ဓာတ်လေး
ပျော်ရွှင်နေရော့မယ်။

မိုးအိမ်လူ

စကားလေး တစ်ခွန်း





စကားလေးတစ်ခွန်းရှိတယ်
ကြားဖူးကြလား
လေတစ်ပွေ့မှာ
ဘ၀တွေ ခြွေသွားတဲ့

စကားလေးတစ်ခွန်းရှိတယ်
ကြားဖူးကြလား
ပန်းပွင့်ခိုက်မှာ
ရနံ့တွေ ခြွေသွားတဲ့

စကားလေးတစ်ခွန်းရှိတယ်
ကြားဖူးကြလား
ကြယ်ပွင့်သံမှာ
အလွမ်းတွေ လွန့်လူးသွားတဲ့

စကားလေး တစ်ခွန်း
စကားလေး တစ်ခွန်း
စကားလေး တစ်ခွန်း

ချစ်တယ်
တဲ့။

မိုးအိမ်လူ