Wednesday, November 9, 2011

ဒိုင်ယာလောခ့် ကဗျာ



ကိုယ်က မင်းရဲ့ နားရွက်လေးကို သိပ်ချစ်တာ
အဲဒီဝတ္ထုကို ကျွန်မ ဖတ်ဖူးတယ်
မင်းရဲ့ ဆံနွယ်ရှည်တွေကိုလည်း ကိုယ် စွဲလမ်းတယ်
ကဒါဖီပြီးရင် ဘယ်သူထပ်ပြီး ဇာတ်ခုံပေါ် တက်ဦးမလဲ မသိဘူးနော်
မင်းနဲ့ ပတ်သက်ရင် အားလုံးကို ကိုယ် ချစ်တာပါပဲကွာ
သဘာဝ ဘေးအန္တရာယ်တွေ မြန်မာနိုင်ငံမှာ အဖြစ်များလာတယ်နော်
မင်း ကိုယ့်ကို ပြန်ချစ်နိုင်မလား ဟင်
ကျွန်မက ကိုရီးယား မင်းသားတွေ မကြိုက်ဘူးရှင့်.. နုလွန်းတယ် သူတို့က
ကိုယ်သာ မင်းအချစ်ကို ရခဲ့ရင် လောကမှာ အပျော်ဆုံး လူသားဖြစ်မှာ သေချာတယ်
စတိဗ်ဂျော့ကြီး စောစော သေတာ နှမြောဖို့ကောင်းတယ်နော်
ကိုယ်တို့ နှစ်ယောက် ချစ်သူတွေဖြစ်ရင် ကိုယ်မင်းကို အရမ်းဂရုစိုက်မှာပါကွာ
တရုတ်ကိုတော့ ကျွန်မ ကြည့်မရချင်တော့ဘူး
မင်း  ဖြစ်ချင်တာ မှန်သမျှ အကုန် ကိုယ် ဖြည့်ဆည်းပေးပါ့မယ်
တော်သေးတယ် ကျွန်မတို့ ဧရာဝတီ ရေတိမ်နစ်တော့မလို့
ကိုယ်မင်းကို အပျော် မတွဲပါဘူး
ပတ်ဝန်းကျင်ထိန်းသိမ်းရေးဟာ အနာဂတ်ကမ္ဘာအတွက် အရမ်းကို အရေးကြီးလာပြီပဲ
တစ်နှစ်လောက်တွဲပြီးရင် ကိုယ်တို့ လက်ထပ်ကြမယ်လေ
လူတိုင်း ကိုယ်စီ အသိစိတ်ဓာတ်ရှိရင် ကမ္ဘာကြီး သက်ဆိုးရှည်မှာပါလေ
ကိုယ်တို့ လက်ထပ်ပြီးရင် အခြားမြို့တစ်မြို့မှာ အခြေချကြမယ်
ကျွန်မကတော့ ပရဟိတကို စိတ်ဝင်စားတယ်ရှင့် ..ရှင်ကော
ကိုယ်ပိုင်စီးပွားရေးလေးလုပ်ပြီး ဘ၀ကို အေးအေးချမ်းချမ်း ဖြတ်သန်းကြမယ်
သက်ကြီးရွယ်အိုတွေကိုလည်း ဒီအတိုင်း ပစ်မထားသင့်ဘူး
ကိုယ်တို့ ကလေး လေးတွေလည်း အများကြီး မွေးမယ်နော်
အမေရိကန်မှာ အိုဘားမား သမ္မတ ဆက်ဖြစ်ရင် ဘယ်လိုနေမယ်လို့ ၇ှင်ထင်သလဲ
တစ်ယောက်က မင်းနဲ့တူမယ် နောက်တစ်ယောက်က ကိုယ်နဲ့ တူမယ်
မြောက်ကိုရီးယားကိုလည်း သတိထားသင့်တယ်
ကိုယ့်ကို ပြန်ချစ်နိုင်မလားဟင်
ကျွန်မက ခေတ်လူငယ်ရှင့် တစ်လမ်းသွားမဟုတ်ဘူး

မိုးအိမ်လူ

ကျပ်စည်းထားတဲ့ ၀ိဥာဉ်




ဆွဲခွာချခဲ့တဲ့
ငါ  .. က
နောက်က တကောက်ကောက်

အတ္တတွေထဲ
ကျွံကျခဲ့တဲ့
ဆုံးဖြတ်ချက် အယိုင်အနဲ့တွေ
ကိုယ်မှ ထွေးပိုက်ခွင့် မရှိတာပဲ

လည်ပင်းနဲ့ မလောက်လို့
တုတ်ကူထားရတဲ့
ဦးခေါင်းက
အရေခွံနွှာထားသလို

မိုးခါးရေတွေပါ
ခံမထားလို့
နောင်တရစရာ မရှိပါဘူး။

မိုးအိမ်လူ

ရက်စွဲ တစ်ခုရဲ့ ဖြောင့်ချက်



ခြားနားခြင်းရဲ့ အကျိုးဆက်
လေဟာနယ် ခံစားချက်တွေနဲ့
ဘယ်ကာလမှာ တစ်တောလုံး ကြွေခဲ့မိ

တိုးဂှေ့လာတဲ့ သစ်ခက်သံရဲ့
ခပ်ဆတ်ဆတ် လှုပ်နှိုးမှု
ကိုယ်ရေးကိုယ်တာ ခက်ဆစ်အဖွင့်
ဖွင့်အန်ပြရဦးမှာပေါ့

နွေလှိုင်းတို့ရဲ့ ခက်ထန်မှုနဲ့
မျှော်လင့်တောင့်တခြင်း
ဦးနှောက်ရဲ့ ရိုက်ချိုးမှုမှာ
တစ်စစီ တစ်စစီ

ရွက်ကြွေပြက္ခဒိန်ရဲ့
နောက်ဆုံး နံပါတ်မှာ
မီးအိပ်မက်တွေ အငွေ့ပျံသွားခဲ့ပြီ။

မိုးအိမ်လူ

ကြယ် မျှား သူများ




တိမ်တွေပြိုတဲ့နေ့
ငါတို့ရဲ့ ကိုယ်ပိုင်ကောင်းကင်မှာ
စီးဆင်းမယ့် ကြယ်စင်တွေနဲ့အတူ
လမင်းကို ခွဲတမ်းချ

မတည်မြဲဘူးဆိုတာ သိရက်နဲ့
ဆုပ်ကိုင်ထားချင်မှတော့
ဒုက္ခဆိုတာ
ပျားရည်ထက် ပိုချိုပါတယ်။

မိုးအိမ်လူ

ကိတ်ဝင်းစလက် လေးချိုး





မြင်တွေ့မှု မြင်ကွင်းထဲသို့ အလှတစ်ပါး ကြွချီလာ၏။ နှလုံးခုန်နှုန်းတို့ ပရမ်းပတာ ။ ပြုမူ လှုပ်ရှားမှုတို့ ကချော်ကချွတ်။ ရုပ်ပျက်ဆင်းပျက်
ဟူသော စကားလုံးအား တတ်စွမ်းသမျှ ပုံဖော်မိခဲ့လေပြီ။ ထိုအတွက် ပရစ်တီ တစ်ယောက် ရယ်မောနေမည်လား။ ပရစ်တီအတွက်တော့
ဒါတွေဟာ မထူးဆန်းတဲ့ နေ့စဉ် ကြုံတွေ့မှုတွေ ဖြစ်နေခဲ့ပြီ။ လှရက်ပါပေတယ် ပရစ်တီရယ်။ လျှောက်လှမ်းလိုက်တိုင်း ဝေ့ကနဲ လွင့်ပျံ
သွားတဲ့ ဆံနွယ်တွေက ကိုယ့်ညတွေကို အသေသတ်နေခဲ့ကြတယ်။ မခို့တရို့ ကြည့်တတ်တဲ့ မျက်ဝန်းတွေက ကိုယ့်နေ့တွေကို အဆိပ်
ခတ်တယ်။ အစရှိသဖြင့် ပရစ်တီနဲ့ ပတ်သက်သမျှအရာအားလုံးဟာ ကိုယ့်ကို အစဉ်သဖြင့် တိုက်ခိုက်လို့သာ နေတော့တယ်။
ပရစ်တီကတော့ သိပါ့မလား။ သိမှာပါ။ ပရစ်တီက ငတုံးမှ မဟုတ်တာ။ ပရစ်တီက ပါးနပ် ထက်မြက်တဲ့ မိန်းမတစ်ယောက်။ မာနတ၀င့်ဝင့်နဲ့
အနှောက်အယှက်မှန်သမျှကို အနားကပ်မလာအောင် စွမ်းဆောင်နိုင်တဲ့ နတ်ဘုရားမ။ အို ကိုယ်တော့ ရူးပြီ ထင်ပါရဲ့။ ဒီလို မိန်းမကိုမှ
ဘာလို့ စွဲလမ်းမိရတာပါလိမ့်။

@

ဟောလီဝုဒ် မင်းသမီးတွေထဲမှာ ကိုယ်ကြိုက်တဲ့ မင်းသမီးတွေက အများသား။ အဲဒီအထဲက တစ်ယောက်ကို ရွေးပြရရင် ကိတ်ဝင်းစလက်
ဆိုပါတော့။ အဲ အခု အသက်သုံးဆယ်ကျော်ကိတ်ဝင်းစလက် မဟုတ်ဘူးနော်။ ဟိုး တိုက်တန်းနစ် ရုပ်ရှင်ရိုက်တုန်းက အသက်နှစ်ဆယ်
အရွယ် ကိတ်ဝင်းစလက်။  အင်း ပရစ်တီလည်း ကိတ်ကို အရမ်းကြိုက်တယ်။ ( ကိတ် ဆိုသည်မှာ စားသော ကိတ်မုန့်ကို ပြောခြင်းမဟုတ်။
ကိတ်ဝင်းစလက်နာမည်ကို အဖျားဆွတ်၍ ကိတ် ဟု ခေါ်ခြင်းဖြစ်သည်။ ပရစ်တီသည် နာမည်ကြီး ဆယ်လီဘရစ်တီများအား သူမ၏
ဆွေမျိုး ရင်းချာများလို သဘောထား၍ ဤကဲ့သို အဖျားဆွတ်ခေါ်တတ်သည်။ ) ။ သူ့ကိုတော့ အခုထိ ကြိုက်တုန်းပါပဲ။ သူက အရမ်း
တော်တဲ့ မင်းသမီးပဲလေ။ အင်း ဟုတ်တယ် အခုတော့ ကလေးနှစ်ယောက်နဲ့ အိမ်ထောင်ကွဲနေတယ်။ အော် ဒါကတော့ သူတို့ဆီမှာ
ထူးဆန်းတဲ့ ကိစ္စမှ မဟုတ်ဘဲ။ အင်း ။ ကိတ်ရဲ့ ဖက်ရှင်တွေကိုလည်း အရမ်းသဘောကျတာ။ ကိတ်မှ မဟုတ်ပါဘူးလေ အခြား ဟောလီ
ဝုဒ် မင်းသမီးတွေ မော်လ်ဒယ်တွေရဲ့ ဖက်ရှင်ကိုလည်း သဘောကျတာပါပဲ။ အခု ကျွန်မ ၀တ်ထားတာ ရီဟာနာ ဖက်ရှင်လေ။
ရှင် သိပါ့မလား မသိဘူး။ ပြီးခဲ့တဲ့ အမ်တီဗွီ ဆုပေးပွဲတုန်းက သူ ၀တ်တဲ့ ဖက်ရှင်ပေါ့။ ကျွန်မနဲ့ လိုက်ရဲ့လား။ အင်း လိုက်ပါတယ် ။
ကျွတ်မှ မကျဘဲ။ ဒီစကားကိုတော့ မပြောဖြစ်ခဲ့ပါ။

@

ဘယ်လိုပဲ ဖြစ်ဖြစ်ပါ ပရစ်တီ ။ ကိုယ်ကတော့ မင်းကို ရူးနေအောင်ကို ချစ်ခဲ့မိတယ်။ လရောင်ဆမ်းစရာမလိုဘူး။ မင်း အပြုံးနဲ့တင်
အေးမြပါတယ်။ နေရောင်ခြည်ရဲ့ အလင်းမလိုဘူး။ မင်း မျက်ဝန်းနဲ့တင် လင်းလက်ပါတယ်။ အို အခြားအခြားသော ဘာအရာမှ ကိုယ်
မလိုပါဘူး။ မင်း ရှိနေရင်ကို ကိုယ့်အတွက် အရာအားလုံးဟာ ပြည့်စုံခဲ့ပြီးပြီ ပရစ်တီ။ အဲဒီလို ချစ်ခြင်းရဲ့ အခြားတစ်ဖက်မှာ
ဆန့်ကျင်ဘက် အရာတွေ တွဲဆက်နေတတ်တာကိုတော့ ကိုယ် လည်း မတတ်နိုင်ခဲ့ဘူး။ လူတစ်ယောက်ရဲ့ ဗီဇစိတ်ဆိုတာ ဘယ်လို
ပြောင်းလဲလို့ရမှာလဲ။ ချစ်တာက ချစ်ခဲ့တာပဲ။ ချစ်ခြင်းနဲ့ ပတ်သက်လို့ အဆုံးအစွန်ထိ ကိုယ် လိုက်လျောခဲ့ပြီး ချစ်ခဲ့တယ်။ အဲဒီလိုပဲ
မင်းရဲ့ အသုံးမ၀င်တဲ့ အကာတွေအပေါ် ရွံရှာမိတာကတော့ ကိုယ် လည်း မတတ်နိုင်ဘူး ပရစ်တီ။ ကိုယ့်မှာ မင်းနဲ့ တွေ့တိုင်း
မင်းကို ချစ်လိုက် မင်းကို ကြည့်မရလိုက် မင်းကို ပြန်ချစ်လိုက် မင်းကို စက်ဆုပ်လိုက်နဲ့။ တစ်ခါတစ်ခါ မင်းကို ဘယ်လို မိန်းကလေးပါ
လိမ့်လို့ စိတ်ထဲမှာ ပြောမိသလို ကိုယ်ကကော ဘယ်လို ကောင်ပါလိမ့်ကို ကိုယ့်ကိုကိုယ် ပြန်ပြန်မေးမိတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ်ပါ
ပရစ်တီ။ ကိုယ်ကတော့ မင်းကို ရူးနေအောင် ချစ်ခဲ့မိတယ်။

@

မင်း ဟောလီဝုဒ်မှာ ရုပ်ရှင်မင်းသမီးများ သွားလုပ်မယ်လို့ စိတ်ကူးထားသလား။ အင်း ကမ်းလှမ်းလာရင်တော့ မငြင်းရက်ပါဘူး။
( သေစမ်း )။ မင်း တစ်နေ့တစ်နေ့ ဒါတွေ ၀တ်ဝတ်ပြီး လူရှေ့ လျှောက်ပြ ဘာမှ အကျိုးမရှိတာတွေကို ဘာလို့ လုပ်နေရသလဲ။
သူတို့တွေ ဖက်ရှင်ဆိုတာဘာလဲလို့ နားလည်လာအောင်လို့ပါ ...စေတနာသက်သက်နဲ့ ငွေအကုန်ခံ လူ အပင်ပန်းခံပြီး ၀တ်စား
လမ်းသလားပြနေရတာ။ ( ထပ် သေစမ်း )။ မင်း ကျောင်းမတက်တော့ဘူးလား။ ကျောင်းတက်တော့ ဘာလုပ်ရမှာလဲ။ အော် ဘွဲ့လေး
ဘာလေးရ ။ အလုပ်လေးဘာလေးလုပ်ပေါ့ကွ။ အလုပ်ရဖို့ကတော့ ဒယ်ဒီသေရင် သူ့ကုမ္ပဏီက တို့အတွက်ပဲလေ။ ( အန် နှစ်ထပ်ကွမ်း
သေစမ်း )။ ဒါဆို မင်းက မင်း အဖေ မသေမချင်း ဒီအတိုင်း ပေါက်တတ်ကရတွေ ၀တ်စားလမ်းသလားနေဦးမှာပေါ့။ ဒါပေါ့။ အခြား 
ဘာလုပ်စရာ ရှိတာ မှတ်လို့။ ဟင်း ရင်လေးတယ်။ နေစမ်းပါဦး ။ ရှင်ကကော ဘာလို့ ရှင့်ဘ၀အတွက် ဘာမှမလုပ်ဘဲ တို့အနားမှာ
တစ်ချိန်လုံး လိုက်ကပ်နေရတာလဲ။ အဲ။

@  @  @


မိုးအိမ်လူ

9 November 2011
PM:9:20