Thursday, November 17, 2011

မိသားစု




လိပ်ပြာလေးတွေ
နှင်းဆီပင်ပေါ် ၀ဲတော့
သားငယ်လေးက
ပြေးဖမ်းတယ်

သားငယ်လေး
ကိုယ့်ခြေကိုယ် မနိုင်
ပြေးထွက်တော့
မေမေက လိုက် ထိန်းရတယ်

ဖေဖေကတော့
စိုးရိမ်တကြီး စကားသံတွေနဲ့
မေမေ့ကို မြန်မြန်ထိန်းဖို့
နှိုးဆော်လို့

ဒီလို ဖြစ်စဉ်တွေနဲ့
ခေတ်တွေပြောင်းသွားတယ်
အသက်တွေပြောင်းသွားတယ်
လူတွေ ပြောင်းသွားတယ်
ဝါဒတွေ ပြောင်းသွားတယ်

ဒီလို ဖြစ်စဉ်တွေနဲ့
သားငယ်ဟာ လိပ်ပြာလေးနောက် တကောက်ကောက် လိုက်တုန်း
မေမေဟာ သားငယ်နောက် တကောက်ကောက် လိုက်တုန်း
ဖေဖေဟာ မေမေနဲ့သားငယ်နောက်ကနေ တကြော်ကြော် အားပေးနှိုးဆော်တုန်း။

မိုးအိမ်လူ
17.11.2011

သံစဉ်တစ်ပိုဒ်နဲ့ ခြွေချခံလိုက်ရတဲ့ နွေ





တနင်္ဂနွေ တနလာင်္
ချိုးကလေး မှန်မှန်လာ

@

ကောင်းကင်မှာ ကြယ်တွေ စုံနေပြီ။ မကြာခင်မှာ ကျွန်မရဲ့ ငှက်ကလေး တေးဆိုဖို့ လာတော့မယ်။ ငှက်ကလေးရဲ့ သာယာနာပျော်ဖွယ်
တေးသံလေး ကြားရမှ နေ့တစ်နေ့ဟာ ပြည့်စုံသလို ကျွန်မ ခံစားနေမိတာ အတော်ကြာခဲ့ပြီ။ အင်း ကြာပြီသာ ပြောတာပါ နှစ်ပတ်
လောက်ပဲ ရှိဦးမလားပဲ။ ကျွန်မကလည်း ငှက်ကလေး တေးတစ်ပုဒ် ဆိုနေရင် ကမ္ဘာတစ်ခုကို ရောက်နေသလို ခံစား နေမိခဲ့လေတော့
အချိန်တွေဟာ ကျွန်မတစ်ယောက်တည်း အတွက် တစ်ကမ္ဘာစာ ကြာနေသလားပဲ။

ဒီတစ်ညတော့ ကောင်မလေးရာ
ဂစ်တာလေး တစ်လက် ကိုယ်ထမ်းလို့လာ
သံစဉ်လေးနဲ့ နင် အိပ်ဖို့ရာ
မီးလေး ဖွင့်ပါဦး

ဟော ကျွန်မ ငှက်ကလေး တေးဆိုနေပြီ။ ငှက်ကလေးတို့ အဖွဲ့ သီချင်းဆိုရင် အခြား အဖွဲ့တွေလို ပါသမျှ ကောင်လေးတွေ အကုန်
အပြိုင် ၀ိုင်းဆိုလေ့ မရှိကြဘူး။ ငှက်ကလေး တစ်ယောက်တည်း သီဆိုလေ့ရှိတယ်။ ငှက်ကလေး သီဆိုရတာ မောသွားရင်လည်း အခြား
ကောင်လေးတစ်ယောက်တည်းကပဲ သီဆိုတာ။ ဂစ်တာကိုလည်း ဖွဖွလေး တီးပြီး သီချင်း ငြိမ့်ငြိမ့်လေးတွေ သီဆိုလေ့ရှိကြတယ်။
အင်း သူတို့လာတဲ့ အချိန်ကပဲ ညဥ့်နက်ချိန် လူအိပ်ချိန်မို့လို့လားတော့မသိပါဘူး။ ဘာပဲပြောပြော အဲ့လို တစ်ယောက်တည်း သီဆိုပြီး
ဂစ်တာသံစဉ် ဖွဖွလေး တီးတဲ့ အသံလေးကို ကျွန်မ အရမ်း သဘောကျမိတယ်။

@

အင်္ဂါ ဗုဒ္ဓဟူး
ချိုးကလေး တကူးကူး

@

ငှက်ကလေးဟာ ဘယ်သူ့အတွက် သီချင်းတွေ လာလာဆိုမှန်း ကျွန်မ အစ က မသိဘူး။ နောက်မှ တစ်ခန်းကျော်က ဂျီတီစီ ကျောင်းသူ
ညီမလေးက ငှက်ကလေးတို့ အဖွဲ့ ကောင်လေးတစ်ယောက်က သူ့ကို ချစ်ရေးဆိုထားတယ်ပြောမှ အဲဒီညီမလေးအတွက် လာဆိုကြမှန်း
သိကြတာ။ အဲဒီညီမလေး ပြောစကားအရတော့ သူလည်း ငှက်ကလေးကို မသိဘူးတဲ့။ ကျန်တဲ့ကောင်လေးတွေ အကုန်လုံးကိုတော့
သူ သိသတဲ့။ ငှက်ကလေးကိုတော့ တစ်ခါမှ မမြင်ဖူးဘူးတဲ့။ အင်း ဟုတ်တော့ဟုတ်တယ် ။ နေ့ခင်းဘက်တွေမှာ လည်း မြို့ထဲဘက်တွေ
ဘာတွေ ကျွန်မထွက်ရင် ငှက်ကလေးကို အလိုလို ရှာမိတယ်။ အခုလို လမ်းမီးရောင်မှိန်မှိန်အောက်မှာ မြင်ရတဲ့ ငှက်ကလေးကို
နေ့ဘက် နေ့အလင်းရောင်အောက်မှာ ကျွန်မ ကောင်းကောင်းကြီး မြင်ဖူးချင်မိတယ်။ ဘာကြောင့်လဲတော့ ကျွန်မ ကိုယ် ကျွန်မလည်း
သေချာ ရေရာ မသိပါဘူး။ အဆိုကောင်းတဲ့ သူတစ်ယောက်ကို ကောင်းကောင်း မြင်ဖူးချင်ရုံ သက်သက်ပဲလို့ ကျွန်မကိုယ် ကျွန်မ
တွေးထင်နေမိတယ်။
လွန်ပါစေ အလွမ်းညတွေ
လွန်ပါစေ လွန်ပါစေ

ဆောင်းအကုန် နွေအကူး ရာသီဥတုက နေလို့ကောင်းနေပေမယ့် ညပိုင်းမှ အအေးဓာတ်က လုံးလုံးပျော်ကမသွားသေးတတ်ဘူး။
ငှက်ကလေးဟာ သီချင်းတွေ တစ်ပုဒ်ပြီး တစ်ပုဒ် သီဆိုလို့။ ကျွန်မရဲ့ ညကမ္ဘာလေးဟာ ငှက်ကလေးရဲ့ သီချင်းသံလေးနဲ့ သာယာ
ငြိမ့်ညောင်းလို့။

@

ကြာသပတေး သောကြာ
ချိုးကလေး ကူသံသာ

@

အဲ့ဒါ ဆက် လေ လို့ ရန်ကုန်က ခဏ ပြန်လာတဲ့ အဆောင်ပိုင်ရှင် သမီး အစ်မကြီး ပြောမှ ငှက်ကလေးရဲ့ နာမည်ကို သိရတယ်။
ဆက် ဟုတ်လား နာမည်ကလည်း တစ်လုံးတည်းလား လို့ ကျွန်မက အတွန့်တက်ပြီး မေးကြည့်တော့ မဟုတ်ဘူး ညီမရဲ့ သူနဲ့သိတဲ့
ခင်တဲ့သူတိုင်းက အဖျားဆွတ်ခေါ်တဲ့နာမည် နာမည်အရင်းက လင်းဆက် တဲ့ အစ်မတို့နဲ့ ဆယ်တန်း အတူတူအောင်တာလေ။
အင်း ဆက် က စာတော်တယ်။ ငယ်ငယ်တုန်းကပေါ့။ ဆေးကျောင်းဝင်တယ်လေ။ နောက်ပိုင်း သူတို့ တွဲနေကြ သူငယ်ချင်း တွေ
ဘာပြဿနာဖြစ်ကြတယ်မသိဘူး ဆက် တစ်ယောက် ပေပေတေတေ ဖြစ်သွားတယ်။ ဆေးကျောင်းကနေ လည်း စာမေးပွဲတွေ ကျလွန်း
လို့ ထွက်လိုက်ရတယ် အဝေးသေင် ပြောင်းသွားတယ် ပြောကြပေမယ့် ကျောင်း ဆက်တက်ပုံ မပေါ်ပါဘူး လို့ အစ်မကြီးက ပြောတော့
ကျွန်မ စိတ်ထဲ အစိုင်အခဲ တစ်ခု ၀င်ရောက်သွားသလို ဆို့နင့် မွန်းကြပ်သွားတယ်။ သူ့သူငယ်ချင်းတွေနဲ့က ဘာဖြစ်တာလဲ အစ်မ ။
အဲ့ဒါတော့ အစ်မလည်း သေချာမသိဘူး။ သူတို့ ငယ်ငယ်လေးကတည်း အတူတူ ပေါင်းလာတယ် သူငယ်ချင်း ငါးယောက်ရှိတယ်လေ။
ကောင်လေး သုံးယောက် ကောင်မလေး နှစ်ယောက်။ သူတို့ အချင်းချင်း ဘာပြဿနာဖြစ်ကြတယ်ဆိုတာတော့ သူတို့ကလွဲပြီး ဘယ်သူ
မှ မသိကြရှာဘူး။ အဲဒီနောက်ပိုင်း ဆက် အပါအ၀င် အဲဒီငါးယောက်စလုံး အကြောင်း အမျိုးမျိုးနဲ့ ဒီမြို့ကနေ ထွက်သွားကြတယ်။
ကောင်မလေးနှစ်ယောက်နဲ့ ကောင်လေးတစ်ယောက်ကတော့ နိုင်ငံခြား အထိ ပြောင်းသွားကြတယ်ဆိုလားပဲ။ အော် ဟုသာ ကျွန်မ
ပြန်ပြောမိတယ်။ ဘယ်လို ခက်ခဲမှုတွေက ကျွန်မရဲ့ ငှက်ကလေးကို အပေအတေ ဖြစ်စေခဲ့တာပါလိမ့်လို့ ကျွန်မ တွေးနေမိတယ်။
အခုလည်း ဆက် ဒီမြို့ကို ဘာလာလုပ်တယ် မသိဘူး။ ကလေးတွေနဲ့ပေါင်းပြီး ပေါက်တက်ကရလုပ်ဦးမယ်တူပါရဲ့။ သူတို့အဖွဲ့ထဲမှာ
ဆက် တစ်ယောက်က လူချစ်လူခင် အပေါဆုံးပဲ။ ဆက်က ဖော်ရွေတယ်။ ပျော်တတ်တယ်။ ဟာသဥာဏ်လည်း ရှိတယ်။ သူနဲ့တွေ့တဲ့
လူတိုင်း သူ့ကို ချစ်ကြ ခင်ကြတယ်။

ဘယ်ဆီကို မင်းရောက်နေလဲ
ဘာတွေကို မင်း လုပ်နေမလဲ

ကျွန်မရဲ့ ငှက်ကလေးကတော့ သီချင်းတွေ သီဆိုလို့ ကောင်းတုန်းပါပဲ။ ညီမက ဆက် ကို စိတ်ဝင်စားလို့လား လို့ အစ်မကြီးက မေး
တော့ ကျွန်မလည်း အင်းဟုတ်တယ် ဆိုပြီး ချက်ချင်းပြန်ဖြေလိုက်မိတယ်။ အော်အော် ဆက် က ချောပါတယ် လို့လည်း သူ နားလည်
သလို ကောက်ချက် ချလေတယ်။ အဲဒီတော့ ကျွန်မမှာ မနေသာဘဲ အဲ့လို မဟုတ်ဘူး အစ်မရဲ့။ ကျွန်မ သူ့ကို သေသေချာချာ တစ်ခါမှ
မမြင်ဖူးဘူး။ သူ က သီချင်းဆို သိပ်ကောင်းလို့ စိတ်ဝင်စားမိရုံ သက်သက်ပါ။ လို့ ရှင်းပြတော့ အင်း ဟုတ်တယ်လို့ ပြန်ထောက်ခံ
တယ်။ စိတ်ဝင်စားရုံက ပြဿနာ မရှိပါဘူး ညီမရဲ့ ။ အဟင်း ချစ်မိရင်တော့ သိပ်မကောင်းလှဘူး မိန်ကလေးတစ်ယောက်အတွက်လေ
လို့ ဆက်ပြောပြန်တယ်။ ချစ်တယ် မချစ်ဘူးဆိုတာ ညီမ သိပ်မသိဘူး။ ဆိုလိုတာက ညီမအနေနဲ့ အချစ်ဆိုတာကို မသိဘူး။
အချစ်ဆိုတာ ဒီလို အသံ ဒါမှမဟုတ် တစ်ခုခုကို ကြားလို့ မြင်လို့ စွဲလမ်းရုံနဲ့ ဖြစ်ပေါ်တတ်တဲ့ အရာလို့လည်း ညီမ မမြင်ဘူး။
စွဲလမ်းမှုနဲ့ အချစ်ဟာ သီခြား ဖြစ်တည်မှုကိုယ်စီနဲ့ ရှိကြတယ်လို့ ညီမ မြင်တယ်။ ချစ်လို့ စွဲလမ်းတာ စွဲလမ်းလို့ ချစ်တယ်ဆိုတာ
ဆင်ခြင်တုံတရားကို ကောင်းကောင်း အသုံးမချနိုင်တဲ့လူတွေပဲ ဖြစ်တတ်တဲ့ အမှားလို့ ညီမ မြင်တယ် လို့ ကျွန်မ ရှည်ရှည်ဝေးဝေး
ပြောပြမိတယ်။ ပြောပြီးမှ ငါ လျှာရှည်မိပြန်ပြီလို့လည်း ကျွန်မကိုယ် ကျွန်မ အပြစ်တင်မိပြန်တယ်။ အစ်မကတော့ ဘာမှပြန်မပြောဘဲ
ခေါင်းလေး တညိတ်ညိတ် လုပ်ရင်း ငှက်ကလေး ရဲ့ သီချင်းသံကို နားထောင်နေသလိုလို နဲ့ နံရံကို ငေးနေလေရဲ့။
ဒီညဟာ ကောင်းကင်မှာ သောကြာကြယ် တောက်ပနိုင်မယ့် နောက်ဆုံးည ဖြစ်တယ်ဆိုတာကို နောက်နေ့ ရောက်မှ ကျွန်မ သိခဲ့ရတယ်။

@

စနေ မှာ မလာအား
ချိုးကလေး ပြန်လို့သွား

@  @  @

မိုးအိမ်လူ
၁၇ နိုဝင်ဘာ ၂၀၁၁
ည ကိုးနာရီ ထိုးပြီး တစ်မိနစ်


#..# ၂၀၀၉ ၊ ၂၀၁၀ သူငယ်ချင်းများနှင့် အတူ ကောင်မလေး အဆောင်ရှေ့မှာ သီချင်းဆိုခဲ့တာတွေကို အမှတ်ရရင်း အိပ်မက်ရှည်တစ်ပုဒ်ကို ကျွန်တော် အစ ဆွဲထုတ်မိသွားပြီ။ #..#

အဖြူရောင်ရဲ့ ချစ်သူ




အပြင်ဘက်မှာ မိုးတွေရွာရင်
ပြတင်းတံခါးကို ပိတ်တော့မှာလား
ခရမ်းရောင် ပန်းခင်းကို
အလည် မလာတော့ဘူးလား …ချစ်သူ

ဒီမြို့ကနေ ငါ ထွက်ခွာသွားတော့မယ်
ဒီလို မိုးတွေ အေးတဲ့ နေ့တွေကို
ဘယ်လို စိတ်ဓာတ်နဲ့မှ
ငါ ရင်မဆိုင်နိုင်တော့ဘူး

ကြက်သွေးရောင် တောက် နေတဲ့
အနောက်ဘက်ကောင်းကင်မှာ
အိပ်တန်းဝင်ဖို့
ငါ သွားတော့မယ်

သတိရခြင်းတွေ အလျှံညီးညီး မတက်ခင်
ဦးနှောက် အိုမင်းအောင် ငါ မစောင့်ချင်တော့ဘူး
ရုပ်ရှင်ကားတစ်ကားလို
မင်း ဘက်က သရုပ်ဆောင်ချက်တွေကို ကြည့်ဖို့
ငါ မစောင့်ချင်တော့ဘူး

ဒီမြို့ကနေ ငါ ထွက်ခွာသွားတော့မယ်
ဘယ်သူမှ မသိအောင်
ဒီမြို့ကနေ ငါ ထွက်ခွာသွားတော့မယ်
ငါ့ခြေလှမ်းတွေ နောက်ပြန်လှည့်စေမယ့်
မင်းရဲ့ သတင်းတွေ မကြားခင်
ဒီမြို့ကနေ ငါ ထွက်ခွာသွားတော့မယ်

ဆံနွယ်ရှည်တွေ ဝေ့၀ဲနေတဲ့
အိပ်မက်တွေ ပီပြင်လာတဲ့ အထိ
ငါ မအိပ်စက်ရဲဘူး

မင်းရဲ့ ကိုယ်သင်းရနံ့တွေ
ငါ့ပန်းခင်းမှာ ထုံသင်းလာတဲ့အထိ
ငါ မနေရဲဘူး

အလွမ်းတွေ ပုံပေါ်လာတဲ့အထိ
မင်းကို
ငါ သတိမရရဲဘူး

အပြင်ဘက်မှာ
မိုးတွေ  တကယ်ရွာနေပါပြီ ချစ်သူ

ဘ၀ရဲ့ အနာကျင်ဆုံး
ဥပေက္ခာ တရား တစ်ခုကို
ယောကျာင်္းတစ်ယောက်ရဲ့ မျက်ရည်နဲ့ရင်းပြီး
မွေးဖွားခဲ့ရတာပါ

ဒီမိုးစက်တွေကို
မင်း ချစ်တယ်ဆိုတာ ငါ သိတယ်
ဒီ ပန်းခင်းလေးကို
မင်း ချစ်တယ်ဆိုတာ ငါ သိတယ်

ဖြူစင်မှုတို့ရဲ့ ဘုရင်မလေးရေ
မင်း ဘာကို မုန်းတယ်ဆိုတာ ငါ မသိဘူး
မင်း ဘာကို မနှစ်သက်တတ်သလဲဆိုတာ ငါ မသိဘူး

ဒီမြို့ကနေ ငါ ထွက်ခွာသွားတော့မယ်
ဒါကို မင်း မသိပါဘူး
ငါ့ဆီမှာ နှလုံးသား ပါမလာတော့ဘူး
ဒါကို မင်း မသိပါဘူး
ငါ့ဆီမှာ ငါ့ရဲ့ စိတ် ပါမလာတော့ဘူး
ဒါကို မင်း မသိပါဘူး

ရိုးစင်းလွန်းတဲ့ မင်းရဲ့ အလှ
ဖြူစင်လွန်းတဲ့ မင်းရဲ့ စိတ်ထားလေး
ဘယ်လို စိတ်ဓာတ်မျိုးနဲ့
ငါ ထားရစ်ခဲ့နိုင်မှာလဲ

ဒီခရမ်းရောင်တောအုပ်ကို
ဘယ်လို ခွန်အားမျိုးနဲ့
ငါ ၀င်ရောက်ရမှာလဲ

ကြယ်တစ်သောင်း ခြံရံတဲ့ လမင်းနဲ့ ဝေးတဲ့
ကောင်းကင်အောက်မှာ
ငါ မှောင်မိုက်နေတော့မယ်

ပြတင်းတံခါးကို
မင်း မပိတ်ဘူးဆိုတာ ငါ သိပါတယ်

အပြင်ဘက်မှာ
မိုးတွေ တကယ် ရွာနေပြီလေ

အအေးဓာတ်ရဲ့ ပြင်းထန်တဲ့ တိုက်ခိုက်မှုကို
ငါ ဘယ်လို ဖြေဆည်ရမလဲ
မင်းရဲ့ လက်ဖ၀ါးလေးပေါ်မှာ
မိုးရေစက်တွေ ခိုနားနေမယ်ဆိုတာ
ငါ သိပါတယ်

ဖြူစင်မှုတို့ရဲ့ ဘုရင်မလေးရေ
မင်း မငိုပါနဲ့
အဲဒီအဖြူရောင် မိုးစက်တွေကို
ငါ ကြောက်တယ်

ဒီမြို့ကနေ ငါ ထွက်ခွာသွားတော့မယ်
ဘ၀ပေးမကောင်းလို့
မင်းရဲ့ နှလုံးသား ဒဏ်ရာ ရခဲ့သလို
ဝဋ်ကြွေးရှိလို့
ငါ့နှလုံးသား သေဆုံးခဲ့ရတာပါ

မိုးတွေ စဲသွားပြီ ချစ်သူ

ကောင်ကင်ကြီးရဲ့ လက်ဆောင်
သက်တံကြီးကို မင်း ရှာနေမယ်ဆိုတာ
ငါ သိပါတယ်

နာကျင်ခြင်းများစွာနဲ့
သက်တံရဲ့ အစွန်းတစ်ဖက်မှာ
ငါ ရပ်နေပါတယ် ချစ်သူ

ရောင်စဉ်ခုနှစ်သွယ်ထက်
မင်းရဲ့ ဖြူစင်မှုလေးကိုပဲ
ငါ ပိုပြီး မြတ်နိုးတယ်

မိုးရေစက်တို့ရဲ့ အေးစက်မှုထက်
မင်းရဲ့ အေးချမ်းတဲ့  မူဟန်ကိုပဲ
ငါ ပိုပြီး မြတ်နိုးတယ်

ကမ္ဘာပေါ်မှာ အကောင်းဆုံး ဆင်ဖိုနီတွေထက်
မင်းရဲ့ ရယ်သံ လွင်လွင်လေးကိုပဲ
ငါ ပိုပြီး မြတ်နိုးတယ်

သုံးရာသီနဲ့ နာရီလက်တံတို့ရဲ့ တိုက်စားမှုနဲ့
မင်း ဦးနှောက်ထဲက
ငါ့ပုံရိပ်တွေ
ပျက်ပြယ်ပါစေ

မင်း မိဘတွေရဲ့ စိတ်ချမ်းသာမှု
မင်း သူငယ်ချင်းတွေရဲ့ ပျော်ရွှင်မှုတွေနဲ့အတူ
မင်း နှလုံးသားထဲက ငါ့ ပုံရိပ်တွေ
ပျောက်ကွယ်ပါစေ

အထိမ်းအမှတ်နေ့ရက်များစွာနဲ့
ငါတို့ရဲ့ ပျားရည်ပေါ်က ရက်စွဲတွေမှာ
ငါ့ရဲ့ ပန်းခင်းလေး ဘယ်လောက် လှပခဲ့တဲ့ အကြောင်း
ငါ့ရဲ့ အိပ်မက်လေး ဘယ်လောက် ချိုမြိန်ခဲ့တဲ့ အကြောင်း

ချစ်သူရယ်
သက်ပြင်းရှည် တစ်ခုကို
ခပ်လေးလေးချဖို့
ငါ ဘယ်လောက်နာကျင်ခဲ့ရမယ်ဆိုတာ
မင်း သိမှာပါ

နောက်ဆို
ငါ့ရဲ့ ယုံတမ်းစကားတွေ
မင်း နားမထောင်ရတော့ဘူး

နောက်ဆို
ငါ ပေးတဲ့ ပန်းကုံးလေးတွေ
မင်း မပန်ဆင်ရတော့ဘူး

နောက်ဆို
ငါ ညည်းဆိုနေကျ သီချင်းတွေ
မင်း မကြားရတော့ဘူး

တို့မြို့သားတွေ မဟုတ်တဲ့
သူစိမ်းတို့ရဲ့ အလယ်မှာ
ငါ တစ်ယောက်တည်း
အထီးကျန်ရတော့မယ်

စွန့်ခွာထားခဲ့သူအတွက်
နေ့ရက်တွေဟာ
ဆီးနှင်းတွေ ဖုံးနေတော့မယ်

ဒီမြို့ကနေ ငါ ထွက်ခွာသွားတော့မယ်

နောက်ဆို
မင်းရဲ့ ဆံနွယ်ရှည်တွေကို
ငါ မနမ်းရှိုက်ရတော့ဘူး

နောက်ဆို
မင်းရဲ့ ရယ်သံလွင်လွင်လေးတွေကို
ငါ မကြားရတော့ဘူး

နောက်ဆို
မင်းအတွက် ပန်းကုံးလေးတွေ
ငါ မသီကုံးရတော့ဘူး

မင်းနဲ့အတူ ဒီမြို့လေးကို
မြှုပ်နှံဖို့ မြေနေရာ
ငါ့မှာ မရှိခဲ့ဘူး

တဆစ်ဆစ်ကိုက်စားဦးမယ့်
မင်းနဲ့ ငါရဲ့ အတိတ်ကို
ဦးနှောက်ထဲက
ဖယ်ရှားနိုင်စွမ်း
ငါ့မှာ မရှိခဲ့ဘူး

ဒီမြို့ကနေ ငါ ထွက်ခွာသွားတော့မယ်

အနောက်ဘက်ကောင်းကင်မှာ
သက်တံတစ်စင်း
အိပ်စက်နေတယ် …. ချစ်သူ

အစိမ်းသက်သက် လတ်ဆတ်နေတဲ့ နှလုံးသားဒဏ်ရာ
နှလုံးခုန်တိုင်း
သွေးတွေ ၀င်ရောက်လည်ပတ်တိုင်း
ငါ့ရဲ့ အမြင်အာရုံတွေဟာေ၀၀ါးလို့

ဒါတွေဟာ မင်းရဲ့ အပြစ်မဟုတ်သလို
ငါ့ရဲ့ အပြစ်လို့လည်း မဆိုသာ
ဟို ကံကြမ္မာ လူဆိုး ကြောင့် ပါပဲကွယ်

ရှေ့ကို ရွေ့ဖို့ ငါ့ခြေလှမ်းတွေက
ဘာကို စောင့်နေကြတာလဲ
နာကျင်စရာတွေ ပြန်တွေးရင်း
ငါ အမြစ်တွယ်မိတော့မယ်

ချစ်သူရေ…
ဘယ်လို အကြောင်းနဲ့ ဖြစ်ဖြစ်
မင်း ငါ့ကို မနာကျည်းဘူးဆိုတာ
ငါ သိပါတယ်

မင်းက အကောင်းမြင်ဝါဒီတစ်ယောက်

အကြောင်းတစ်ခုခုနဲ့ မင်း ဖြေဆည်နေမယ်ဆိုရင်
ငါ့ရဲ့ စွန့်ခွာထားရစ်မှုမှာ
ဘယ်လို ကြယ်ပွင့်မှ ပွင့်လာမှာမဟုတ်ဘူး

သူတစ်ပါး စကားကို နားမယောင်တတ်တဲ့
မင်းကို
မင်းရဲ့သူငယ်ချင်းတွေက
ဘယ်လို စကားလုံးမျိုးတွေ သုံးပြီး
ငါ့ကို ယုတ်မာစေမှာလဲ

ခေါင်းမာလွန်းတဲ့ မင်း ကို
မင်းရဲ့ မိဘတွေက
ဘယ်လို ဇာတ်လမ်းမျိုးတွေ ဆင်ပြီး
ငါ့ကို ဆိုးသွမ်းစေမှာလဲ

မင်း ပြုံးနေမယ် ဆိုတာ
ငါ သိပါတယ်….ချစ်သူ
သူတို့ရဲ့ ဇာတ်လမ်းတွေက
ငါ့ရဲ့ ယုံတမ်းစကားတွေလောက်
မင်းကို ဆွဲဆောင်နိုင်မှာ မဟုတ်ဘူးလေ

မိုးစိုနေတဲ့ လေညှင်းလေးတွေ တိုက်ခတ်လာပြီ…ချစ်သူ

ငါ့ဘ၀ကို အမှောင်ထဲ သွတ်သွင်းနေတဲ့
အတွေးတွေကို
ငါ ဘယ်လို ခါချရမလဲ

အိပ်စက်တိုင်း နှိပ်စက်ဦးမယ့် အိပ်မက်တွေ
နေ့ နဲ့ ည မှားယွင်းခဲ့ရင်တောင်
ဒီ အိပ်မက်တွေက
ငါ့ကို တိုက်ခိုက်ကြဦးမှာ

ချစ်သူရယ်
ငါ့အတွက်တော့
အချစ်ဆိုတာ
ချစ်ရတဲ့သူကို လွမ်းနေရလည်း
ပြည့်စုံနေခဲ့တဲ့ အရာပါ

ညနေချိန်တွေ ရောက်တိုင်း
ငါ ပန်းထုပ်ပေးတဲ့ ပုဝါလေးကို ကြည့်ပြီး
အလွမ်းဖြေနေဦးမှာလား

ဒါမှ မဟုတ်
ငါတို့ရဲ့ အတိတ်ကို
ပြန်လည် တူးဆွရင်း
မင်း မျက်ရည်တွေ ကျနေဦးမှာလား

ငါ့ကို မေ့လိုက်ပါ လို့
လူတွေ ပြောကြတိုင်း
ငါ့ကို သတိရနေဦးမှာလား

နာကျင်ရပါတယ် …. ချစ်သူရယ်

ဟိုးအဝေးမှာ
ငှက်တစ်အုပ် အိပ်တန်းဝင်ဖို့
ငါ့ကို ခေါ်နေပြီ

ဒီမြို့ကနေ ငါ ထွက်ခွာသွားတော့မယ်။

မိုးအိမ်လူ