Friday, October 28, 2011

ဆုတောင်းသူတစ်ယောက်ရဲ့  ဆုလာဘ်

ပြီးဆုံးရာ ပြီးဆုံးကြောင်း
ရေးခြစ်ခဲ့တဲ့
အတိတ် ရွဲ့ ရွဲ့ တွေအတွက်
မနက်ခင်းတွေမှာ
မျှော်လင့်ချက်တွေ ဖွာလန်ကြဲ

အိပ်မက်များခဲ့သူပါ
ဆန္ဒတွေလည်း ခပ်များများနဲ့ မို့ 
ဒီလူရဲ့ ကောင်းကင်မှာ
ကြယ်မစုံတာ ကြာခဲ့ပြီ

တောင်းဆုတစ်ခု အတွက်
ပေးဆပ်ခဲ့ရတဲ့
အရင်းက
စကြာဝဠာ နယ်နိမိတ်အဆုံးထိ
ခရီးနှင်ခြင်းတဲ့…
ဒဏ်ရာတွေကို ထားခဲ့ပါတော့
နာကျင်မှု စက္ကန့် ပိုင်းလေးအတွက်
ငိုကြွေး ဖို့  မျက်ရည် ဆိုတာ
အရည် ကော ဟုတ်ရဲ့လား…။

မိုးအိမ်လူ

ပိတောက်သို့ -----

သူ့  ရနံ့ တွေနဲ့ 
တိမ်တွေကို ဆွဲဆောင်ခဲ့
သူ့  အဆင်းနဲ့ 
ငါတို့ ကို  ဆွဲဆောင်ခဲ့
ချစ်ရပါသော ပိတောက်ရေ…
နှစ်သစ်အတွက်
အိပ်မက်ချိုချိုတွေ သယ်ယူခဲ့ပါ
အတာရေမှာ
မျက်နှာသစ်ပြီး
မင်းနဲ့ အတူ တစ်နှစ်ပတ်လုံး
လက်တွဲချင်တယ်..
မင်း ရဲ့ ရောင်ဝါတွေကို
ရောင်ပြန်ပေးရင်းပေါ့…..။  ။
 
 
                             မိုးအိမ်လူ

သင်္ကြန်အတွက် အတွေး

သူတို့  ရဲ့  ဧပရယ်နဲ့ အတူ
ငါတို့  ပွဲတော်က
ရောက်လာဦးမယ်
တစ်နှစ်ပတ်လုံး ညစ်ပတ်ခဲ့သမျှ
သုံးရက်နဲ့  အပြီး ဆေးကြောကြမယ့် ပွဲ
အတာကူးတဲ့ နှစ်ဦးမှာ
ဘယ်လို လိုဂိုဆန်းဆန်းတွေနဲ့ 
အာရုံတွေ လန်းကြဦးမလဲ
ငါကတော့
ပိတောက်ရနံ့ နဲ့ ပဲ
ဒီပွဲတော်ကို ဖြေသိမ့်တော့မယ်။    ။

                 မိုးအိမ်လူ

လိမ်ဆင်

မုန့်စားခဲ့မိလို့ ပြန်ကြိုက်တာ မဟုတ်ဘူး
ဒီလို   ဒီလို
ရောက်တတ်ရာရာ လျှောက်သွားမိခဲ့တဲ့ ခြေထောက်
ရွှံ့လည်းပေ ။ ဆူးလည်း ဆူး ။ ခပ်ပြုံးပြုံးလေး  ပြုံး ။
အပေးအယူတွေ သဘောမထားပါဘူး
သူတို့ပျော်ရင် ၀မ်းသာပါတယ်
ဝမ်းသာ ။ မိုးလင်းကတည်းက ညနေ မိုးချုပ်အထိ
ချုပ်ထားတဲ့ ပါးစပ်ကို ဖြည်ပေးလိုက်တော့
လက်ဖက်ရည်ဆိုင်။ သူငယ်ချင်းတွေနဲ့ အားပါးတရ
နောက် အကူအညီလိုရင် ပြောပါ
နောင် အကူအညီလိုရင်ပြောပါ
ညည်းရလွန်းလို့ အာလည်း ခြောက်နေပြီ
မယုံဘူး ။ သိသားပဲ ။ ဘာပဲဖြစ်ဖြစ်ပေါ့။
တင်းတိမ်ရောင့်ရဲ ။ တွေ့တွေ့ချင်းတက်
ပြီးနောက်မှ ။ နောက်ပြီးမှ ။ နောက်မှာ ပြီးမယ်။
လ၀န်းနီ ။ တွေ့မယ်တွေ့တော့ လူစုံတက်စုံ
နောင် အကူအညီလိုရင် ပြောပါ
နောက် ထပ် အကူအညီလိုရင်ပြောပါ
ရင်ထဲက ပါတဲ့အတိုင်း ပါးစပ်က အလုပ်လုပ်တာ
နောက်တွေ့ရင် အကူးအညီတောင်းပါ
မစားရပါဘူး ။ မုန့်လည်း မစားရဘူး ။ စကားလည်း မစားရဘူး။
အခွင့်အရေး လည်း မစားရဘူး။ အကြည့်တွေပဲ။
ယုံပါတယ် ။ ဘယ်လိုပဲ ဖြစ်ပါစေ ။ မည်သို့ပင်ဖြစ်ပါစေ။
ကြိုက်တယ်။ မည်သို့ပင် ဆိုစေကာမူ ။
ရင်ထဲက ပါတဲ့အတိုင်း ကြိုက်တယ်။
နောက် အကူအညီလိုရင်ပြောပါ
အပေါင်းအသင်း ။ လက်ဘက်ရည်ဆိုင် ။ မိန်းမ ။
စကားလုံး ။ ကျောင်းကား ။ ကဗျာ ။
မည်သို့ပင် ဆိုစေကာမူ
နောက်အကူအညီလိုရင် ပြောပါ
နောင် အကူအညီလိုရင် ပြောပါ။
             *  *  *
မိုးအိမ်လူ
ဒီကဗျာလေးက ကျောင်းမှာ ဒုတိယအကြိမ် ဇင်သော့ ၊ မိုးသည်း တို့နဲ့အတူ ထုတ်တဲ့ ဤစာအုပ်သည် ကဗျာစာအုပ်ဖြစ်သည် ဆိုတဲ့ စာအုပ်ထဲက ကဗျာလေးပါ။
ကျောင်းကဗျာတွေထဲမှာတော့ နည်းနည်း ဖတ်ရတာကို့လို့ကန့်လန့်နိုင်တဲ့ ကဗျာပါပဲ။

ကမ္ဘာဦးသစ်ပင်ရဲ့ ပန်းရနံ့နဲ့ လွဲခဲ့သူတွေ

တိမ်စတွေ အနောက်ဘက်ကောင်းကင် မှာ ရောင်စုံ ပြန့်ကျဲနေတဲ့ ညနေခင်းတစ်ခု…။ နေလုံးကြီးဟာ တိမ်တိုက်တွေကြားကနေ ရောင်ခြည်တွေ ဖြာလွှတ်နေတယ်..။ တငြိမ့်ငြိမ့်စီးဆင်းနေတဲ့ မြစ်တစ်စင်းရဲ့ ကမ်းနဖူး တစ်နေရာ…။ ကမ်းနဖူးဆိုပေမယ့် ကမ်းနဲ့ အတန်ငယ် အလှမ်းဝေးတဲ့ သစ်ပင်ကြီးရဲ့ အရိပ်ဖျားမှာ ကောင်လေးနှစ်ယောက် … ကောင်မလေးတစ်ယောက်ရဲံ့မျက်နှာချင်းဆိုင်မှာ မိုးပျံပူဖောင်းကိုယ်စီ ကိုင်ပြီး ထိုင်နေကြတယ်။ လေပြေလေးဟာ ညင်ညင်သာသာနဲ့ သူတို့သုံးယောက်ကို တိုးဝေ့ ဖြတ်သန်းသွားတဲ့ အခါ  ကောင်လေးနှစ်ယောက်ရဲ့ လက်ထဲကမိုးပျံ ပူဖောင်းလေးတွေဟာ ယိမ်းနွဲ့ လှုပ်ခတ်သွားလေရဲ့.။
                                                                                   *
ကောင်လေး( ၁ )
                     အချစ်ဆိုတာ ဘာလဲ ကျွန်တော် မသိဘူး။ မသိချင်တာ…။ ဒါပေမယ့် မသိချင်တဲ့ အရာတစ်ခုက တစ္ဆေတစ်ကောင်လို့ အချိန်တိုင်း ကျွန်တော် နှလုံးသားကို လာလာ ခြောက်လန့်နေတယ်။ ကျွန်တော့်ဘ၀မှာ အချစ်ထက် အရေးကြီးတာတွေ အများကြီးဆိုတာ ကျွန်တော် သိနေတဲ့ အတွက် အဲဒီ အချစ်ကို ခံစားဖို့ ကျွန်တော့်ရဲ့ အချိန်တွေကို ခွဲဝေ မပေးချင်ဘူး။ အတတ်နိုင်ဆုံး အချစ်ဆိုတဲ့ အရာနဲ့ ဝေးဝေးနေတယ်။ ခက်တယ်ဗျာ…။ အချစ်က တော်တော် နတ်ကြီးတယ်။ ကျွန်တော် မသိလိုက်တဲ့ အချိန်မှာ ကျွန်တော့်ဝိဥာဉ်ကို ပူးဝင်နေပြီး ကျွန်တော်လည်း သိရော… အရာရာ ဟာ နောက်ပြန်လှည့်လို့မရအောင်ကို နောက်ကျနေပြီလေ။
ကျွန်တော့်ဘ၀မှာ ကျွန်တော်လိုချင်တာကို မရခဲ့တာ မရှိခဲ့ဘူး။ လိုချင်ပြီဆိုရင်လည်း မရရအောင်လုပ်တတ်တယ်။ ဘယ်လောက်ပဲ ခက်ခဲ နေပါစေ.. ကျွန်တော် ရအောင် လုပ်တယ်။ အခု အချစ်…။
                       နှင်း က ကျွန်တော့်ရဲ့ သူငယ်ချင်း..။ အင်း သေချာအောင် ပြောရရင် ကျွန်တော်တို့ သူငယ်ချင်း အဖွဲ့ ငါးယောက်ရှိတယ်။ ကျွန်တော်ရယ်.. သူရရယ်… ဆက်  ရယ်( အဲဒီကောင် နာမည်က လင်းဆက်..ကျွန်တော်တို့က ခင်လို့ အတိုကောက်ခေါ်တာ ..ဆက် လို့ … သူက အဲ့လိုခေါ်သံကြားရင် သူ့ကိုယ်သူ ဆတ်ကြီးလို့ မြင်မြင် မိတယ်လို့ပြောတယ် ).. နှင်းလို့ ခေါ်တဲ့ နှင်းဝေမိုးရယ်.. မေရီအောင် ရယ်…။ ကျွန်တော်တို့ ငါးယောက်လုံး ငယ်ငယ်လေးကတည်းက အတူတူ တွဲခဲ့ကြတဲ့ အရမ်းချစ်ကြတဲ့ သူငယ်ချင်းတွေပေါ့..။ တက္ကသိုလ်တွေရောက်လို့ ကျောင်းမတူကြပေမယ့်လည်း အမြဲလိုလို တွေ့ဖြစ်ကြတယ်လေ..။ သူရရယ် ကျွန်တော်ရယ် နှင်းရယ်က တစ်ကျောင်းတည်း။ ကျွန်တော်တို့သုံးယောက် က ပိုပြီး တွဲဖြစ်နေတာပေါ့။ ဟိုနှစ်ကောင်ကတော့ ကျောင်းကွဲသွားကြလေတယ်။..။
                      လိုရင်းကို ပြောရရင် ကျွန်တော်နဲ့ သူရ က နှင်းကို ချစ်ခွင့်ပန်ထားတယ်။ နှင်းက ကျွန်တော်တို့ နှစ်ယောက်ထဲက တစ်ယောက်ကို ရွေးရမယ်။ အဲဒါဟာ နှင်းအတွက် ခက်ခဲမယ့်ကိစ္စတစ်ခုလို့ ကျွန်တော်မြင်မိတယ်။ ဒါပေမယ့် ကျွန်တော်ကတော့ နှင်းရဲံ အချစ်ကို ဘယ်လိုပဲ ဖြစ်ဖြစ် ရအောင်လုပ်မယ်လို့ ရည်ရွယ်ထားတယ်။ အခု ကျွန်တော်တို့ကို နှင်းက အဖြေပေးမယ့်နေ့။ ကျွန်တော့်လက်ထဲမှာ အပြာရောင် မိုးပျံပူဖောင်းလေး။ သူရလက်ထဲမှာ အဖြူရောင် မိုးပျံပူဖောင်းလေး..။ နှင်းက သူချစ်တဲ့သူရဲ့ မိုးပျံပူဖောင်းလေးရဲ့ ကြိုလေးကို သူ့လက်ထဲက ကတ်ကြေးသေးသေးလေးနဲ့ ဖြတ်ပြီး အဖြေပေးမယ်တဲ့..။မိုးပျံပူဖောင်းလေး နေရာမှာ သူ နေတော့မယ်ဆိုတဲ့ သဘော ထင်ပါရဲ့။ ကြောင်တောင်တောင် စိတ်ကူးတွေ အမြဲ လုပ်တတ်တဲ့ နှင်းကို ကျွန်တော် ဘာမှစောဒက မတက်ချင်တော့ဘူး။ ဒါလည်း ဟိုကောင် ဆက် ရဲ့ အကြံပဲ ဖြစ်မှာ။ ဆက် ဆီမှာ အဲ့လို ကြောင်တောင် တောင် စိတ်ကူးတွေ အပြည့်၇ှိတယ်လေ။ နှင်းကလည်း ဆက်ဆီက အဲ့လို စိတ်ကူးတွေ အမြဲ တောင်းလေ့ရှိတယ်။
                                                                               *
ကောင်လေး ( ၂ )
                     နှင်း ကျွန်တော်နဲ့ မိုးထက် ထဲကနေ ဘယ်သူ့ကို ရွေးမလဲ …။ အဲ့ဒီအကြောင်းကိုတော့ ကျွန်တော် ပြီးခဲ့တဲ့ ညက တစ်ညလုံးနီးပါး စဉ်းစားနေမိတယ်။ ကျွန်တော် ကို ရွေးရင် ကျွန်တော် ဘာဖြစ်မလဲ။ ကျွန်တော့်ကို မရွေးရင် ကျွန်တော် ဘာဖြစ်မလဲ။ အမှန်တိုင်းပြောရရင် ကျွန်တော် မချစ်သင့်တဲ့ အချစ်တစ်ခုကို ချစ်မိသွားပြီလို့ ထင်မိနေတယ်။ ကျွန်တော့်ကို ရွေးရင် မိုးထက် ခံစားနေရမှာကို မမြင်ရက်ဘူး။ ကျွန်တော့်ကို မရွေးရင်လည်း ..အင်း… ကျွန်တော် အသဲကွဲမယ်ထင်ပါရဲ့။ အချစ်ဆုံးသူငယ်ချင်းကို ချစ်မိသွားပြီး အချစ်ဆုံးသူငယ်ချင်းနဲ့ အချစ်တစ်ခုကို ပြိုင်ယူရတာတော့ သိပ်တော့အဆင်မပြေလှဘူး
                    ဒါပေမယ့် ကျွန်တော် လုပ်မိနေပြီလေ။ ဘယ်လိုက ဘယ်လို ဒီလိုအခြေအနေထဲမှာ ကျွန်တော်ရပ်တည်နေမိသလဲ..။ ကျွန်တော် မသိလိုက်ဘူး။ အမှန်တိုင်းပြောရရင် ကျွန်တော် မသိချင်ဘူး။ အချစ်ဆိုတဲ့အရာ ဟာ လူတွေအတွက် သိပ်မကောင်းလှဘူး လို့ ထင်တယ်။ ဒါပေမယ့် ဘယ်သူမှလည်း အချစ်နဲ့ ကင်းအောင် မနေနိုင်ခဲ့ကြဘူး။ အချစ်ရဲ့ ပူလောင်မှု ပျော်ရွှင်မှု တွေ ခံစားဖူးမှ လူ့ဘ၀ က ပြည့်စုံနေခဲ့သလား။ ကျွန်တော် မသိဘူး။ ဟုတ်တယ်။ ကျွန်တော်မှာ မသိခြင်းတွေအရမ်းကို များနေပြီ။ အဲဒီ မသိခြင်းတွေကို သိအောင် လုပ်ဖို့လည်းကျွန်တော်က ပျင်းတယ်လေ။
                      အချိန်အတိုင်းအတာ တစ်ခုကို ကျွန်တော်တို့ ခရီးနှင်ပြီးတဲ့ နောက် တစ်စုံတစ်ရာဟာ သေချာမှုတစ်ခုကို ယူဆောင်လာတော့မယ်။ အဲဒီနောက် အရယ်အပြုံးတွေ နာကျင်ခံစားမှုတွေ အရှုံးတွေ အနိုင်တွေ..အင်း …လူ့ဘ၀ဆိုတာာ ဒါတွေနဲ့ပဲ လုံးချာပတ်ပြီးနောက်ဆုံးတော့ လည်း … ကိုယ့်အတွက် အောက်စီဂျင်ပြတ်တောက်မယ့် နေ့ကို … အဲဒါတွေလုံးချာပတ်ပြီး စောင့်နေရတာပဲ မဟုတ်လား။
                       ကျွန်တော့်လက်ထဲက အဖြူရောင် မိုးပျံပူဖောင်းလေးဟာ ကောင်းကင်ထက်ကို တလွင့်လွင့်..။ သူ့ချည်တိုင်က နေ ရုန်းထွက်ချင်နေပုံမျိုး…။
                                                                                *
အချပ်ပို
                          သူတို့ သုံးယောက်ဘာတွေဖြစ်လာမလဲ ဆိုတာ ကျွန်တော် အရမ်းသိချင်နေတယ်။ ကျွန်တော်ကတော့ဘယ်သူနဲ့ ဖြစ်ဖြစ် သဘောတူတယ်လေ။ နှင်းက တော့ ဘာမှ ဖြစ်တဲ့ပုံ မပေါ်ဘူး။ မနေ့ညနေက ကျွန်တော့်ဆီရောက်လာသေးတယ်။ ကျွန်တော့်အထင်က ဘယ်သူ့ကို ရွေးရမလဲ မဲခွဲ ခိုင်းမယ်ထင်တာ။ အဲ့လို ခိုင်းရင် ဘယ်လို အကောင်းဆုံးဖြစ်အောင် ပြောရမယ်ဆိုတာလည်း ကျွန်တော် စဉ်းစားထားပြီးသား။ ဒါပေမယ့် နှင်းက အခြား အကြောင်းတွေပဲ ကျွန်တော်ကို ပြောသွားတာ။ သူတို့ကျောင်းက ဆရာတွေ အကြောင်း သူငယ်ချင်းတွေ အကြောင်း။ အခြား ကျွန်တော် စိတ်မ၀င်စားတဲ့ အရာတွေပေါ့။..။
ဒါပေမယ့် သူ့ မျက်နှာမှာ တစ်ခုခုကို သေချာ ဆုံးဖြတ်ပြီးတဲ့ ပုံ ပေါ်နေတယ်။ ကျွန်တော်လည်း အဲဒီ အကြောင်းတွေကို သူ့ကို မမေးတော့ပါဘူး။ သူ မပြောချင်လို့ တမင်မပြောခဲ့တာ မလား။ ဒါပေမယ့် ဒီနေ့ သူတို့ ဘယ်လိုပုံစံနဲ့  ကျွန်တော်တို့ဆီပြန်လာမလဲ ..။
ကျွန်တော်ရော မေရီ ရော ရင်ခုန်နေကြတယ်။
                                                                                        *
ကောင်မလေး
                         
                   အချစ် ..တဲ့။ လောကမှာ ရယ်စရာအကောင်းဆုံးပြက်လုံးတွေဟာ အချစ်ကနေ မွေးဖွားလာကြတယ်။ အဲ့လိုပဲ ကျွန်မ ယုံကြည်တယ်။ ယောကျားလေးနဲ့ မိန်းကလေးတွေ ကြားမှာရှိတဲ့ အချစ်ဆိုတာကို ကျွန်မ မယုံကြည်ဘူး။ ယုံကြည်လို့လဲ မရဘူး။ ယောကျားတွေဟာ သူတို့ ဘ၀ရဲ့အရေးကြီးဆုံး အရာတွေကို နံပါတ်စဉ်ကြည့်လိုက်ရင် သူတို့ ဘ၀နဲ့ ရင်းပြီးချစ်ပါတယ်ဆိုတဲ့ ကျွန်မတို့ မိန်းကလေးတွေက ဟိုးအောက်ဆုံးမှာ ရောက်နေကြတယ်လေ။ မိန်းမတွေကသာ ယောကျားတွေကို သူတို့ဘ၀ရဲ့ နံပါတ်တစ်လို သဘောထားပြီး အရာရာ ဦးစားပေးစဉ်းစားခဲ့ကြရတာ …ယောကျားတွေကတော့ ပြောင်းပြန်ပဲ။ ကျွန်မတို့ အချစ်ကို မရခင်အထိတော့ ယောကျားတွေ ရဲ့ နူးညံပုံတွေ ကြင်နာပုံတွေဟာ တကယ့်ကို သူတို့ဘ၀အတွက် အရေးကြီးသလိုမျိုး ရှိတတ်ကြပါတယ်။ ဒါပေမယ့် ကျွန်မတို့ အချစ်ကိုလည်း ရပြီးရော..အဲဒါတွေဟာ အံ့သြစရာကောင်းလောက်အောင် ပြောင်းပြန်တွေဖြစ်သွားတတ်တယ်။ အဲ့ဒီအခါ အချစ်ဆိုတဲ့ အရာလည်း မရှိတော့ဘူး။ အချစ်ဆိုတာ နေ့ခင်းမှာ သာတဲ့ လ လိုမျိုးပဲ။ တကယ့်တကယ်က သိပ်အရေးမပါလှပါဘူး။
                          အခု ကျွန်မ ရွေးချယ်ရမယ့် ယောကျားနှစ်ယောက်။ ကျွန်မရဲ့အချစ်ဆုံးသူငယ်ချင်းတွေ..။ တစ်ယောက်က စာအုပ်ကြီးသမား။ နောက်တစ်ယောက်က ပျော်ပျော်နေတတ်ပြီး ဘာမှ မသိချင် စိတ်မ၀င်စားချင်တဲ့သူ ( အဲဒီတစ်ယောက်ကတော့ မာယာများတယ်လို့ ထင်မိတယ်။ ဘယ်ယောကျားမှ ဘာကိုမှ စိတ်မ၀င်စားဘဲ မနေနိုင်ဘူးလေ။ ဒါ သူ ဟန်ဆောင်နေတာ။ )
                          ကျွန်မ ဘယ်သူ့ကို ကျွန်မ ဘ၀အတွက် ရွေးချယ်ရမလဲ။ ဘယ်သူဟာ ကျွန်မကို သူ့ဘ၀ရဲ့ နောက်ဆုံးအချိန်ထိ အရေးပါတဲ့ နေရာမှာ ထားနိုင်မလဲ။ ကဲ စာဖတ်သူမိတ်ဆွေရော… ကျွန်မ ဘယ်လိုလူကို ရွေးချယ်သင့်ပါသလဲ။
ကျွန်မကတော့ ကျွန်မ လက်ထဲက ကတ်ကြေးသေးသေးကို တိုက်ပွဲဝင်ဖို့ အဆင်သင့်ပြင်ထားလိုက်ပြီ…။
                                                                                    *
                            ကောင်းကင်ထက်မှာေ၇ာင်စဉ်တွေဟာ စောစောကထက် ပိုပြီး စုံလင် လှပလို့လာတယ်။ နေလုံးကြီးဟာ အနောက်ဘက်ကောင်းကင်မှာ မရှိတော့ဘူး။ အလင်းလက်ကျန်တွေဟာ အစွမ်းကုန် ဖြာဝေလို့…။
                    ကောင်းကင်ထက်ကို အရာနှစ်ခု လွင့်တက်လာတယ်။ မိုးပျံပူဖောင်းလေး နှစ်ခု။ တစ်ခုက အပြာရောင်…တစ်ခုက အဖြူရောင်…။ အိပ်တန်းပြန် ငှက်တစ်အုပ် လေးတွဲစွာ အနောက်ဘက်တောင်တန်းတွေထဲ တိုးဝင် ပျံသန်းသွားလေရဲ့။


မိုးအိမ်လူ
21.8.2011
PM : 1;47

အလကားကောင်များ၏ အလကား လူများ




အရှေ့ဘက်အိမ်က အဒေါ်ကြီး ပြောစကားအရဆို တောင်ဆိုးပလုံးဆိုးပေါ့
လွယ်တော့ မလွယ်ဘူး သူတို့သိတာက သြကာသ ဘုရားရှိခိုးလောက်သိတာ
ဒီမှာက ဗုဒ္ဓအဘိဓမ္မာနဲ့ ပိုစ့်မော်ဒန် ကို တိုင်ပတ်နေရတာ အတော်ကြာပြီ
စာမျက်နှာ အလွတ်ရရုံနဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ်တွေ အလုံးအရင်း ထုတ်လွှတ်မနေနဲ့လေ
ကိုရီးယား ဇာတ်လမ်းတွဲတွေ ခေတ်ပေါ်မြန်မာ ဗွီဒီယို ဇာတ်လမ်းတွေထဲမှာသာ
ဟယ်လိုဇာတ်လမ်းတွေက ခြေချင်းထပ်နေတာ
ဒီမှာက ငါးသိန်းတန်တောင် စူပါမားကတ်ထဲက မှန်ဗီဒိုမှာ သွား သွားငေးနေရတုန်း

နယူတန် တက္ကသိုလ်မတက်တာ ကမ္ဘာကို အကျိုးပြုတယ်
မင်းလိုလူ တက္ကသိုလ် မရောက်တာက အမေ့ဆန်ကုန်ပြီး အဖေ့မိသားစု ၀န် လေးတာပဲ ရှိတယ်
နှုတ်ခမ်းမွှေး၇ှိရုံ နဖူးပြောင်ရုံနဲ့ အိုင်စတိုင်း မဖြစ်ဘူး
ပြောလိုက်ရင် စကားလုံးက မနိုင်မနင်း လုပ်လိုက်ရင် အကောင်းတစ်ခုမှ မဖြစ်ဘူး
ရုပ်ခန္ဓာကိုပဲ မှန်ကြည့်ပြီး သ မနေနဲ့လေ စိတ်ကလေးကိုလည်း နည်းနည်း လမ်းကြောင်းပေါ် တင်ကြည့်ဦး

ဘယ်သူ ရွေးချယ်တာကို စောင့်နေတာလဲ မျှော်မနေနဲ့ နေ က ၀င်သွားပြီ
လမ်းသွားလမ်းလာ ရည်မှန်းချက် ကျပန်းနဲ့ လွယ်အိတ်ထဲလည်း အမှိုက်အပြည့်
ဝေလေလေ သီချင်းတွေ ဆိုပြီး ညဥ့်နက်သန်းခေါင် ထ ထအော်တာ ဘာအကျင့်လဲ
မီးလာတုန်း ရေမောင်းနေတာ ပြတ်လပ်မှုတွေ အသွားမစိပ်ဖို့ကလည်း အရေးတကြီး
မှန်တာပြော သစ္စာပါဗျာ သောက်နေကျ အရက် နို့ဆီထက် ချိုပါစေ
ကျိန်လည်း မယုံ ကတိလည်း လက်မခံ လက်မှတ်ပဲ လိုချင်တယ်ပြော
ဒီလိုလွယ်လွယ် ဘယ်ရမလဲ ကိုယ်ကကျူး ကိုယ့်ဒူးကိုယ်တောင် ယုံရတာ မဟုတ်ဘူး

အမေက ဓမ္မနဲ့ ငြိမ်းအေးပြီးသားမို့ စကားတွေ မကားဘူး
သူတို့ထမင်း သူတို့စားပြီး ကိုယ့်အကြောင်း ပြောနေသူတွေကိုသာ ကြောက်နေရတာလေ
လက်ဘက်ရည်ဆိုင်မှာ ငါးနာရီ ခြောက်နာရီ ထိုင်မိတာလည်း အပြစ်
ပီစီအိုမှာ နှစ်နာ၇ီ သုံးနာရီ ဖုန်းပြောမိတာလည်း စောင့်ကြည့်ရမယ့် အပျက်သတင်း
ပြောမဆုံးပေါင် မြို့သုံးထောင်ပဲ ရေရေလည်လည် စိတ်ပျက်စရာ
ရှုရှိုက်သမျှ အောက်စီဂျင်ကို အပုပ်ကောင်ထဲ အကျိုးရှိရှိ ဒရစ်သွင်း
ထွက်လာသမျှ အကျိုးမဲ့ပုံများ ခွေးဝဲစားတောင် အနားနား ကြာကြာနေနိုင်ဘူး

လက်ညှိုးထိုးပြီး မျက်ချေးမမြင်တဲ့ အကျင့်စရိုက်တဲ့
ကမ္ဘာပြား တာထက် သုံးဆယ့်တစ်ဘုံ ကိစ္စက ပိုအရေးကြီးနေတယ်
ဝိပဿနာပဲ..။ စိတ်ရဲ့ ဖြစ်ပျက်ကို အသေအချာ ရှုတာပဲ ။
ရုပ်ရဲ့ ဖြစ်ပျက်လည်း  သေချာရှုတာပဲ ခက်တာက သူများခန္ဓာကို ရှုနေတာပဲ
ဘယ်မလဲ နိဗ္ဗာန်  တရားခွေ အကျယ်ကြီး ဖွင့်ပြီး သန်း နဲ့ အတင်းကို မလွတ်တုပ်
သာရေး နာရေး  ဘာရေး ညာရေး နဲ့ ၀ါးရေး တီးရေး လည်း မလွတ်
နောက်ဆုံး ရှည်မိတဲ့ လျှာကပဲ အဆိုး။

မိုးအိမ်လူ

ငွေ့ရည်တွေနဲ့ လေးကန်နေတဲ့ အိပ်မက်

မိုးရေစက်တွေ အလုအယက် ကျွန်တော့် မျက်နှာပေါ်ကို ထိုးစိုက် စိုစွတ်နေကြတယ်။ အိပ်မက်တွေ မကောင်းတဲ့ အကြောင်း
ကျွန်တော် သူ့ ဆီကို မေးလ်ပို့ ထားတယ်။
ညတွေဟာ
လ တစ်စင်းတည်းနဲ့  တိတ်တဆိတ်လေး ကြေကွဲနေခဲ့တာ အတော်ကြာခဲ့ပြီလေ။
မေ့ တတ်သူ လို့ 
သူ့ ကို ကျွန်တော် မစွပ်စွဲခဲ့ရိုး အမှန်ပါ။ ငှက်ပြာလေးလည်း အခုချိန်ဆို တောင်ပင်လယ်ကို ရှာတွေ့လောက်ေ၇ာပေါ့။
ရက်စက်တတ်သူတို့ 
ဆက်လက် ရက်စက်ဖို့  ခွန်အားပြည့်နေချိန်မှာ နာကျည်းတတ်သူတို့ ဆက်လက် ကျည်ဖြည့်နေခဲ့ကြတယ်။
လောကကြီးမှာ
စစ်ပွဲတွေ နေ့ ရော ညရော ဖြစ်နေကြတာ မီးခိုး မဆုံး မိုးမဆုံး။ ကြားရတဲ့ သတင်းတွေ သိပ်မကောင်းလှဘူးကွယ်။
သစ္စာတရားဟာ
အဖြူရောင်မပျက် ဘုံခုနှစ်ဆင့်မှာ စံမြန်းတုန်း..။ ရောင်စဉ်တန်းတို့  နွမ်းလျစွာ လူသားတို့အပေါ် နွေးနွေးလေး ရွာကျနေလေရဲ့။
မျှော်လင့်ခြင်းတွေ
ဘယ်တောင်စဉ်မှာ အခြေစိုက်နားခို နေပြီလဲ။ လွမ်းမိပါတယ်ကွယ်။
ရင်ခွင်တစ်ခုလုံး နာကျည်းသမျှကို စီစစ်ကြည့်လိုက်တော့
ထားရစ်ခဲ့သူ ချစ်ရသူရယ်.. ရက်စက်ခဲ့သူ ချစ်တဲ့သူရယ်..
အချိုးမကျ နေ့ စဉ်ပေါင်းဖက်နေရတဲ့ အနံ့ဆိုးဆိုးလောကဓံ တွေရယ်
သူတို့ ကို ကျွန်တော် အပြစ်မဆိုရက်ပါဘူး
မနက်ဖြန်ဟာ
နေသာဖို့  သေချာချင်မှ သေချာမယ်။ အသက်ရှူရဖို့ သေချာချင်မှ သေချာမယ်။
ပျက်စီးယုတ်လျော့ဖို့ တော့ သေချာနေသလိုမျိုးပဲ…။ အဆိုးတရားတွေ ဘာလို့များ ဒီလောက် မင်းမူနေရတာလဲ။
ကျွန်တော် တစ်ယောက်တည်းအတွက် မိုးရာသီဟာ ချစ်ဖို့ ကောင်းနေတုန်း..။
နာကျင်မှုတွေ ဆက်လက် …နောက်ထပ် ….ဆက်လက်   ..။
ကျွန်တော်
မိုးရာသီကို ချစ်နေတုန်း။


မိုးအိမ်လူ
15.7.2011

လိုအပ်ချက်အရ အသေခံ ဖောက်ခွဲပြီးနောက် အားလုံး၏မလိုအပ်မှုများ

ရွေ့လာတဲ့ အမှောင်ထဲမှာ လိုအပ်ချက်တွေ အသံတိတ် အော်ဟစ်နေတယ် အာခေါင်ခြစ်ပြီးတော့  အော်ဟစ်နေတယ်
ဘာလိုသလဲ ဘာကို လိုတာလဲ ဘာအတွက် လိုတာလဲ နေ့များညများ ထိုအထဲမှ ခွဲထွက် အစုအဖွဲ့အဖြစ် နာရီများ မိနစ်များ
မျှော်လင့်ရင်း ရူးကြသူများ အရူးသည်းသည်ထက် ပိုမို သည်းလျက် ပိုမို အရူးသွေး တက်လျက် မြို့တစ်မြို့၏ စံတော်ချိန်တစ်ခုတွင် ဖြစ်သည်
မလိုအပ်ခြင်းရဲ့ အဓိပ္ပာယ်ကို နားမလည်ခြင်း သို့မဟုတ် နားလည်မပေးနိုင်ခြင်း စသည် စသည်ဖြင့် နေရောင် မလိုသော မိုးရာသီ နေ့များတွင် ပန်းများလည်း ရနံ့ မလိုကြ လိပ်ပြာများကို မလိုအပ်ကြ ခူးခြွေမည့်လက်များကို မလိုအပ်ကြ လေပုပ်များကို မလိုအပ်ကြ ရပ်နေတာမဟုတ်ရင် ရွေ့နေတာပဲ အရှေ့ကိုလား အနောက်ကိုလား သေသေချာချာ ဝေေ၀ခွဲခွဲ ဂဃနဏ မသိခြင်း ဖြစ်စဉ်
လေရူးတို့ တိုက်ခတ်လျက် တစ်စုံတစ်ဦး၏ လိုအပ်ချက်အရ သို့မဟုတ် အများစု ၏ သဘောဆန္ဒ အရ အသေခံ ဗုံးခွဲ တိုက်ခိုက်သူများ၏ စစ်သွေးကြွ အရူးသွေးကြွ အ၀ိဇ္ဇာသွေးကြွ့ပုံမျိုးဖြင့် လက်သီးလက်မောင်းတန်း၍ အစွန်းရောက် နေသော အစွန်းလွန်သော အစွန်းထွက်နေသော အစွန်းမှတစ်ဆင့် တစ်ဖက် ချောက်ထဲသို့ ကျသွားသော အတွေးအခေါ် အဟောင်းအမြင်း အပုပ်အသိုး အဆိပ်အတောက် များကို အံတကြိတ်ကြိတ် မာန်တ၀င့်ဝင့် ခက်ကြမ်းထန်ထန် အော်ဟစ်ရင်း ကမ္ဘာကြီးအား လုပ်ကြံသတ်ဖြတ်
အခြားသော သူများ၏ နားမလည်နိုင်ခြင်း ဖြစ်စဉ်တွင် အသက်ဓာတ်များ မျှော်လင့်ချက်များ ဆန္ဒများ ဘ၀များ အားလုံး အငွေ့ပျံ ပြာကျ
လိုအပ်ချက်ဟူသည်လည်း နိတ္ထိတံ ကမ္ဘာမြေအတွက် ကောင်းခြင်းလား ဆိုးခြင်းလားမသေချာသော ရွက်ကြမ်းရေကျို နေ့များထဲမှ လိုအပ်ချက်များ စီကာစဉ်ကာ စစ်ထုတ် ဖြန့်ကား ဆင်ခြင်သုံးသပ် ရင်း ဒီနေ့ ဘာလိုနေသလဲ။
 

မိုးအိမ်လူ

နတ်ဆိုး ဟောတဲ့ တရားတစ်ပုဒ်

ငါတို့ ရဲ့ နားမလည်ခြင်းတွေ ငါတို့ကို ပြန်သတ်တဲ့နေ့
တစ်ကြောင်းဆွဲ ပုံရိပ်နဲ့ ဘ၀တစ်ခုဟာ အလိုလို ရုပ်လုံးပေါ် အဆုံးသတ် ပျောက်ဆုံး
အောက်စီဂျင်တွေ မသန့်တော့ဘူး ထင်ရဲ့
ဒါမှမဟုတ်
ငါ့အဆုတ် မကောင်းတော့ဘူး ထင်ရဲ့
တစ်စုံတစ်ယောက်က နမော်နမဲ့နိုင်စွာ ဖန်တီးခဲ့တဲ့ အရာလား
နတ်ဆိုးတစ်ကောင်လက်ထဲက လွတ်ကျလာခဲ့တဲ့ ကျိန်စာလား
နာကျင်မှုတွေဟာ ကောင်းကင်ထက်ကနေ ရာသီအလိုက်ကြွေကျတတ်တဲ့
မိုးရေစက်တွေ မဟုတ်ဘူး
ကျောက်သားထက်မှာ အက္ခရာအချို့ သွေးအလိမ်းလိမ်းနဲ့  စစ်သွေးကြနေလေရဲ့
တိမ်တိုက်တွေကို မုန်းတယ်
အိပ်မက်တွေကို မုန်းတယ်
နှင်းဆီပန်းကို မုန်းတယ်
မှန်ထဲက ပုံရိပ်ကို မုန်းတယ်
ရှိပါတယ်လို့ ကြွေးကြော်ပြီး အမြဲ ပုန်းနေတတ်တဲ့ သစ္စာတရားကို
မုန်းတယ်
ချစ်ပါတယ်လို့  တေးသီပြီး အမြဲ မုန်းယောင်ပြတဲ့ ချစ်ခြင်းတရားကို
မုန်းတယ်
ကံကောင်းပါမယ်လို့  မျှော်လင့်ချက်တွေ ပေးပြီး ယတြာတွေ ချေခိုင်းတဲ့ ဗေဒင်ဆရာကို
မုန်းတယ်
ဘာတွေ ကျန်သေးသလဲ သစ်ပင်အို….
ခင်ဗျားရဲ့ ပင်စည်မှာ ကပ်ငြိနေတဲ့ ရေညှိစမ်းတွေတောင် ခြောက်သွေ့ခဲ့တာ ကြာပြီ
မနှောင်တွယ်ပါနဲ့လို့  ခင်ဗျား ကျွန်တော့်ကို တရားလာလာမပြပါနဲ့
ရွေ့လျားမှုရဲ့အရသာကို ခင်ဗျားမသိဘဲ ပညာရှိတရားတွေ သံယောင်မဖမ်းပါနဲ့
ခင်ဗျားအပါအ၀င် ခင်ဗျား ဆွေမျိုးပေါက်ဖော် သဘာဝတရားတစ်အုပ်စုလုံးကို
မုန်းတယ်
ကြယ်တစ်သန်း ကြွေမယ့် ညမှာ
အိပ်မက် တစ်သန်း မကြွေခဲ့တာ
ကြေကွဲစရာ
သက္ကရာဇ်မျဉ်းတွေကို
ခဲတံနောက်က ခဲဖျက်နဲ့ ဖျက်ရင်း
ဘ၀အတွက်
အချစ်ဟာ
ပုံရိပ်ယောင်လေးပါပဲ…။


မိုးအိမ်လူ

အရေး မကြီး တကြီး




ဘာတွေ ဆန်းကြယ်နေတာလဲ နှစ်ထောင့် ဆယ့်နှစ်လောက်နဲ့ ရင်ခုန်မနေနဲ့
ဟိုမှာ နဂါးတွေ ကျားတွေက နှစ်ထောင့်နှစ်ဆယ်အတွက်တောင် တွက်ပြီးနေပြီ
စိတ်မှန်းနဲ့ ရောက်မယ့် ခရီးတွေ မဟုတ်မှန်း သိတယ်လေ
ဒါက ဖျော်ဖြေရေး ၊ အားကစား ၊ အနှစ်သာရ အနည်းဆုံး ဂုဏ်ပကာသန
ဒီ ရာသီက စွန်တွေ လွှတ်တဲ့ ရာသီ ဆိုပေမယ့် အခုလို ထိုင်းမှိုင်းပုံမျိုးနဲ့ကတော့
နည်းနည်းလောက် အစ ဖြည်ကြည့်ပါဦး ခင်ဗျား ညည်းညည်းနေတဲ့ ဒုက္ခကို

တွေးနေရုံနဲ့ မပြီးဘူး ခေါ်လည်း ခေါ်တတ်ရတယ်
မုန်တိုင်းအလွန် နှစ်နှစ်ပြည့် လယ်တွေ ယာတွေ ပြန်လည် စိမ်းလန်း
ရွာထိပ်က ရေနောက်ကန်ကြီးလည်း ရေကြည်ကန်ဖြစ်သွားပြီ
ပြောင်းလဲမှုတွေနဲ့  အလျားလိုက် ရွေ့နေတဲ့ အေ၇ွ့ကို သတိကပ်ပါဦး
ဟိုလမ်းကြားဝင် ဟိုအိမ်ပေါ်တက် ဒီမြောင်းထဲဆင်း ဒီချောက်ထဲ ခုန်ချ
လွှတ်ထားလို့ မရမှန်းသိသိကြီးနဲ့ ကြိုး ချည်မထားတော့လည်း
ကံ ကံ၏အကျိုးကို ရိုးမယ်ဖွဲ့ နောက်ဆုံးကျတဲ့ မျက်ရည်ရဲ့ေ၇ှ့က မျက်ရည် ဒီဟာက

စိုစိုစွတ်စွတ်လေး ညည်းတွားပြလိုက်တော့ မျက်လုံးတော်တော်များများ ကရုဏာရောင် တောက်သွားကြတယ်
အရိုးမရှိတိုင်း မွှေနေတာ မဟုတ်ရပါဘူး  ပြေရာပြေကြောင်း စေ့စပ်ကြည့်တာပါ
စကားမပြောတဲ့ သီချင်းတွေ ခဏခဏ မဖွင့်ပါနဲ့လား သောက်နေကျ လက်ဘက်ရည် အရသာ ပျက်ပျက်သွားလို့
ဆိုစေတဲ့ မြဲစေ  တဲ့ နော်  ဒီနေရာမှာ အချိုမှုန့်မသုံးဘူး  ရေမရောဘူး
အလွှာလိုက် ငိုပြနေလိုက်တာများ ရုပ်ရှင်မင်းသား မြင့်မြတ် ရှုံးတယ်
မသိရင်ဘဲ လောကဓံရှစ်ပါးကို ညှင်းပန်းနှိပ်စက်မှုနဲ့ တိုင်ချက်ဖွင့်ရတော့မလိုလို

ဘ၀ ဘ၀ နဲ့ လဒ တစ်ကောင်လို သူများပုပ်မယ့်အချိန်မျှော်နေတာလေ
တကယ်ပဲဗျာ ပြောပြန်ရင်လည်း ဒေါကန်ဦးမယ့် စတိုင်လ်
တစ်နေ့ တစ်ခါ မှန်ကြည့်ရင်း  ပြုပြင်ပေးမယ်ဆိုရင်တောင်
အနည်းဆုံး  ဆိုက်ကားသမားကတော့ ဆ၇ာ ခေါ်တယ် အခုတော့
ခေတ်ပေါ် တေးဂီတတစ်ခုနဲ့ ခေတ်ပေါ် ကောင်မလေးတစ်ယောက်ကို စိတ်ထဲမှာ မှတ်
ကျန်တဲ့ အကြောင်းတရားတွေ ပေါက်ဈေးနဲ့ ထုတ်ရောင်းလိုက်တော့

ရှေးဟောင်း မြို့တော်က တူးဖော်ရရှိတဲ့ ပစ္စည်းမဟုတ်ဘူး
မှားမှန်းသိရင်တော်ပြီလေ  ဘာလို့ မှန်တဲ့ အထိ သွားနေမှာလဲ
တစ်နေ့ နှစ်ထောင် ဆိုတာ လက်ဘက်ရည်တစ်ခွက်နဲ့တင် နေ့လည်စာ လွှတ်ရမယ့်ကိန်း
ကဲပါ  ဒုက္ခသစ္စာကို အကျယ်ချဲ့မနေပါနဲ့
ရခဲတဲ့ လူ့ဘ၀မှာ လူပီသအောင် အရင်ဆုံးကြိုးစားစမ်းပါဦး

ပါးစပ်က တတွတ်တွတ် ရွတ်ရင်း အင်္ဂါဂြိုဟ်ပေါ်ရောက်တော့မယ်
ဒီခေတ်မှာ ဓူဝံကြယ်က ဇာတ်လိုက်မဟုတ်တော့တာ အားလုံးအသိ
ချန်ပီယံဖြစ်ဖို့ အရိုးအဆစ်သန်မာဖို့ လိုတယ်ဆိုတော့ ကယ်လ်ဆမ် ကွေကာ သောက်ရင်ကောင်းမလား
စဉ်းစားတုန်းရှိသေး  မင်းဘ၀ရဲ့ နိဗ္ဗာန်က ဘာလဲလို့ ဂျေမီက လာမေးတော့
ရှောခ့် အဲ့ဒါ ရှောခ့် လို့ပဲ ပြန်ပြောမိတယ်။

မိုးအိမ်လူ

ကိုယ်ရေးကိုယ်တာ အိပ်မက်



နာရီလက်တံဟာ တချက်ချက်နဲ့  အလွမ်းတွေကို ခြွေချသွားတယ်
ပေးပို့ထားတဲ့ မေလ်းကို ဖတ်ရပါတယ်
စကားလုံးတွေနောက်က
အချစ်ရဲ့ လှုပ်ခတ်သံတွေ ၊ အလွမ်းရဲ့ အထီးကျန်သံတွေ
မီးတောက်တစ်ခုက နှလုံးသားကို ထုတ်ချင်းဖောက် တောက်လောင်သွားတယ်
ပြာလဲ့လဲ့… ခရမ်းလဲ့လဲ့…. ၀ါလဲ့လဲ့…. လွမ်းလဲ့လဲ့
မှန်းဆတတ်တဲ့ စိတ်တစ်ခုနဲ့ တစ်ယောက်သောသူရဲ့ အိပ်မက်တွေကို မှန်းမျှော်
မိုးတွေ မရွာတဲ့ ဒီနေ့မှာ အလွမ်းတွေ ရွာတယ်
ချစ်တဲ့ အကြောင်း စာလုံးပေါင်းပြခဲ့တာ စာအုပ် ဘယ်နှအုပ်
တိမ်တွေဟာ သရော်တော်တော် လုပ်ရင်း ချစ်သူရဲ့ ပုံရိပ်ကို ရေးဆွဲသွားတယ်
ဘ၀က သေသေသပ်သပ် ရေးဆွဲထားတဲ့ သရုပ်ဖော် ပန်းချီကားတစ်ချပ် မဟုတ်
စိတ်ရောင်စုံတွေ ဒုက္ခ ကောက်ကြောင်းတွေ  သောကစုတ်ချက်ကြမ်းတွေ
အဓိပ္ပာယ်တွေက ပြေးလွှားမနေပေမယ့် ဖမ်းဆုပ်မရ
ဧဒင်ဥယျာဉ်ဟာ ဒီလိုနဲ့ပဲ ပန်းရနံ့တွေ သင်းထုံခဲ့လေတယ် မဟုတ်လား
သတိရတဲ့ အကြောင်း စာလုံးပေါင်းပြခဲ့တာ စာအုပ်ဘယ်နှအုပ်
ဆွေမျိုးပေါက်ဖော်တွေနဲ့ ပျော်ရွှင်နေနိုင်ပါစေ သူငယ်ချင်းမိတ်ဆွေတွေနဲ့ ရယ်ပြုံးနေနိုင်ပါစေ
အနာတရ အက်ကြောင်းတွေ ပျောက်ကွယ်ပါစေ
လောကရဲ့ အလှပဆုံး တေးဓမ္မကို ဆင်ခြင်ဥာဏ်နဲ့ ထိန်းချုပ်ထားတဲ့
နှလုံးသားသား နွေးနွေးနဲ့ သီဆိုကြမယ် ငြိမ့်ငြိမ့် ညောင်းညောင်း
အချစ်ဟာ ဘာလဲလို့ ချစ်သူ သိပါစ…
ဓာတ်ပုံထဲက အပြုံးမျက်နှာလေးကို အစဉ်အမြဲ မြင်တွေ့ချင်နေတယ်
ဒါဟာ အိပ်မက် မဟုတ်သေးဘူး…. အစစ်အမှန်တရားတစ်ခု…
အိပ်မက်ထဲကို သယ်ဆောင်သွားရမယ့် အစစ်အမှန်တရား တစ်ခု..။


မိုးအိမ်လူ
26.7.2011
PM : 11:50

အချစ်အချစ် နဲ့ တောင်ခြစ် မြောက်ခြစ် အခုတော့ တခစ်ခစ်နဲ့ အရူးကြီးလိုမျိုး

 လရောင် ရွှန်းမြ ညတစ်ညမှာ လေပြေလေးက တသုန်သုန် ကြယ်စင်တွေက တလက်လက်နဲ့ ငါ့ရဲ့ အထီးကျန်မှုတွေ ဟာ အားငယ်လို့ သူတို့ နဲ့ အပြိုင် မတောက်ပနိုင်တော့ဘူးလေ..အဲဒီလိုမျိုး လှလှပပ စာသားလေးတွေ အချစ် ကဗျာ/၀တ္ထုတွေ ထဲကလိုမျိုး အချစ်နဲ့ ဓာတ်မတည့်တဲ့ အခါ သိပ်ကို ခံစားလို့ကောင်းတဲ့ အနေအထားတစ်ရပ်အဖြစ် သို့ပေမယ့်လည်း နေရာမရွေး အခြေအနေ မရွေး ဘာကိုပဲ ဖြစ်ဖြစ် လွမ်းလွမ်းဆွတ်ဆွတ်ကြီးကို အချစ်အတွက် ဆွေးနေတဲ့သူကတော့ စုတ်ပြတ်သတ်နေတဲ့ ၀တ်စားဆင်ယင်မှုနဲ့ ဖိုသီဖတ်သီ စိတ်ခံစားမှုတွေ နဲ့ ညစ်ထေးနေတဲ့ ခန္ဓာကိုယ်ကြီးနဲ့ အကာအကွယ်မဲ့ ခြေဖ၀ါးနဲ့ တွေ့ကရာလမ်း အကုန်လျှောက် ပါးစပ်က အချစ် အချစ် တစ်ရံရော အခါက ဇာတ်လမ်းချိုချို တစ်ပုဒ် သို့မဟုတ် ချိုပြီးမှ ခါးသွားသော ဇာတ်လမ်းတစ်ပုဒ်ကြောင့် အခုလို ရဲရဲရင့်ရင့် လူရှေ့မရှောင် လူအုပ်မရှောင် အချစ်ကို အော်ဟစ်ရဲခဲ့သလို လူတွေကတော့ သူ့ကို သိပ် အရေးမထားတော့ဘူး ဆိုတာ သိလိုက်ပေမယ့် သူ့ခဗျာ အရေးမထားလည်း အချစ်ပဲ အရေးထားလည်း အချစ်ပဲ အိုဘားမား သမ္မတဖြစ်တာလည်းအ ချစ်ပဲ ဗြိတိန် အဓိကရုဏ်း ဖြစ်တာလည်း အချစ်ပဲ ဧရာဝတီ မြစ်ကြီး စီးဆင်းတာလည်း အချစ်ပဲ မော်ဂန်ဖရီးမန်း တစ်သက်တာ ဂုဏ်ထုးဆောင်ဆု ရသွားတာလည်း အချစ်ပဲ နေသာတာလည်း အချစ်ပဲ မိုးရွာတာလည်း အချစ်ပဲ ပန်းတွေ ပွင့်တာလည်း အချစ်ပဲ ပန်းတွေ ကြွေတာလည်း အချစ်ပဲ အချစ်က ဘ၀ တစ်လျှောက်လုံး မဟုတ်ဘူး သံသရာတစ်လျှောက်လုံး အရေးပါအရာရောက်တဲ့ အရာတစ်ခု ဖြစ်ခဲ့သလို ရိုမီယို ဂျူးလိယက် လောက်တော့ သူက သနားသေးသတဲ့ ဒီလိုနဲ့ ရှင်သန်မှုတစ်ခုလုံးဟာ အချစ်နဲ့ ပဲ  အလုံးစုံ ပြည့်စုံ လူတွေ သူ့ကို ထမင်းကျွေးတာလည်း အချစ်ကြောင့်တဲ့ အဲဒီလို အချစ်ကို စိတ်ကမချ အချစ်ကဗျာတွေ ကဗျာတွေလို့ သူက ပြောတာ အုတ်နံရံတွေပေါ် အုတ်နီခဲနဲ့ ရေး မီးသွေးခဲနဲ့ ရေး အချစ်သီချင်းတွေ အဆွေးသီချင်းတွေ မကွေး – ဧရာဝတီကောက်ကြောင်း ကမ်းနားလမ်းတစ်လျှောက် စုံတွဲလေးတွေ ရှေ့ သွားသွား အော် ကာလသားအချို့ သူ့ကို ကြည့်ပြီး တဟားဟား လှောင်ရယ်တော့ သူက မျက်နှာလေးကွယ်ပြီး ငါ့ထက် ထူးချွန်မယ့် မျိုးဆက်ပဲဆိုပြီး တခစ်ခစ်နဲ့ တစ်ယောက်တည်း လှောင်ရယ်တဲ့သူတိုင်းကို အဲ့လို တခစ်ခစ်နဲ့ တစ်ယောက်တည်း အချစ်နဲ့ ဆွေမျိုးစပ်လို့…။


မိုးအိမ်လူ

ပုံပြင်ထဲက အိပ်မက်

ကျွန်တော်တို့ ဘာတွေ မှားယွင်းခဲ့သလဲ ။
လောကကြီးကို မေးကြည့်တယ်။ ကမ္ဘာကြီးကို မေးကြည့်တယ်။ ကောင်းကင်ကြီးကို မေးကြည့်တယ်။ စကြာဝဠာကြီးကို မေးကြည့်တယ်။
ပြီးတော့..
ဧဒင် ဥယျာဉ်ကို မေးကြည့်တယ်။ ကမ္ဘာဦး သစ်ပင်ကြီးကို မေးကြည့်တယ်။ အာဒံနဲ့  ဧ၀ကို မေးကြည့်တယ်။
မုန်တိုင်းတွေ ခက်ထန်ပုံက ရက်စက်လွန်းတယ် ထင်မိရဲ့။
ကျွန်တော်တို့ ရဲ့ ကံတရားဟာ ဘာလဲ။ ဘယ်လို ဆိုးယုတ်မှုမျိုးနဲ့  ဖွဲ့စည်းထားတဲ့ ပုံပြင်တစ်ပုဒ်လဲ။ မေးခွန်းတွေ … မေးခွန်းတွေ… ညတွေဟာဒီလိုနဲ့  အနက်ရောင်ထက် ပို ပိုပြီး နက် နက်လာခဲ့တယ်။ ကြယ်စင်တွေ မထွန်းတောက်ရဲလောက်အောင်ပဲပေါ့။
ကံကြမ္မာ ရဲ့ စေစားမှုတဲ့…။ ဘယ်လိုမျိုးလဲ… လောကကြီးရယ်…။ အဆင်မပြေမှုတွေနဲ့ အတူ နာကျင်ရက်စက်မှုတွေပါ တပါးတည်း ပါလာခဲ့ တာဟာ ကံကြမ္မာရဲ့ စေစားမှုပဲလား။ ကျွန်တော့်ရဲ့ နတ်သမီးလေး ငိုရလွန်းလို့  မျက်ဝန်းတွေ နာနေလှပါပြီ။ ကျေးဇူးပြုပြီး… အိမ်ပြန်ကြပါတော့ မုန်တိုင်းတို့ ရယ်။
ဒါဟာ မဆိုသင့်တဲ့ တေးတစ်ပုဒ်။ မဟောပြောသင့်တဲ့ တရားတစ်ပုဒ်။ မခံစားသင့်တဲ့ ကဗျာတစ်ပုဒ်။
အခါလွန်အိပ်မက်တွေနဲ့   မိုးတွေ သည်းတဲ့ ညက ကျွန်တော်တို့  ကိုယ်စီ အိပ်ရာထက်မှာ ကိုယ်စီ ခြောက်ခြားမှုလေးတွေနဲ့  ကိုယ်စီ အိပ်ရေးပျက်ခဲ့ကြတယ်။
ကမ္ဘာစစ်ကြီးပြီးတော့ တစ်ကမ္ဘာလုံးမှာ ရှိတဲ့ ပန်းတွေ တစ်ပြိုင်တည်း အစွမ်းကုန် ပွင့်လန်းကြတယ်  တဲ့။ ကမ္ဘာစစ်ဒဏ်ကြောင့် ကောင်းကောင်း ပွင့်လန်းခွင့် မရခဲ့တဲ့ ပန်းလေးတွေ ဟာ ကမ္ဘာစစ်အပြီးမှာ လွတ်လပ်စွာပဲ ပွင့်လန်းနေခဲ့ကြလေရဲ့။
ကမ္ဘာသူ ကမ္ဘာသားတွေက အဲဒီ ပန်းလေးတွေကို ငြိမ်းချမ်းရေး ပန်းလေးတွေ လို့  နာမည်ပေးခဲ့ကြတယ်။ ကျွန်တော့် သူငယ်ချင်း ကဗျာဆရာတစ်ယောက်ကတော့ ငြိမ်းချမ်းရေးပန်းလေးတွေကို သက်ဝင်ခံစားပြီး ကဗျာလေးတွေ ရေးခဲ့ဖူးတယ်။ အခုကော… ငြိမ်းချမ်းရေး ပန်းလေးတွေ ပွင့်ဝေနေတုန်းပဲလား။
မျက်ရည်တွေကို မလိုချင်ဘူး။ ၀မ်းနည်းမှုတွေကို မလိုချင်ဘူး။ နာကျင်ခံစားရမှုတွေကို မလိုချင်ဘူး။ ဆိုးယုတ်မှုတွေကို မလိုချင်ဘူး။
ဖြစ်နိုင်မယ်ဆိုရင်ပေါ့လေ…။
မက်ခွင့်မရှိတဲ့ အိပ်မက်ပဲ ဖြစ်ဖြစ် ။ ကြားနာခွင့်မရှိတဲ့  တရားတော် တစ်ပုဒ်ပဲဖြစ်ဖြစ်..။ မထိုက်တန်ဘူးဆိုရင်လည်း တစ်ခါလောက်တော့.. နေခြည်တစ်ဖြောက်စာလောက်တော့… မျက်တောင် တစ်ခတ်စာလောက်တော့…
ပုံရိပ်ယောင်လေးပဲ ဖြစ်ဖြစ်…
ဖြစ်နိုင်မယ်ဆိုရင်ပေါ့…။


မိုးအိမ်လူ
21.7.2011
AM: 9;09

ရိုးရိုးလေးပဲ နံနက်ခင်း တစ်ခု


လွတ်ကျလာတဲ့ နံနက်ခင်းတစ်ခု ..ဘယ်ကလွတ်ကျလာသလဲ မသိတဲ့ နံနက်ခင်းတစ်ခု . ကျွန်တော်ကတော့ ချစ်သူဆီက လွတ်ကျလာတာလို့ သတ်မှတ်ထားတဲ့ နံနက်ခင်းတစ်ခု… ကျွန်တော့်ရင်ဝမှာ ပန်းတစ်ခင်း ပျိုးသွားတဲ့ နံနက်ခင်းတစ်ခု…
၁။ ဝေ့ရီ အုံ့မှိုင်းနေသော မြူနှင်းများ ၂။ နှင်းရည်တို့ဖြင့် စိုလက် စိမ်းလန်းနေသော သစ်ပင်ကြီးငယ်များနှင့် ပန်းပွင့်ရောင်စုံတို့ကို ကိုက်ချီထားသော ပန်းပင်လေးများ ၃။ လှပသော ၀ိဥာဉ်တစ်ခုကို သေဆုံးစေနိုင်အောင် လှပသော ပုံရိပ်တစ်ခု ၄။ ဖြောင့်ဆင်း နက်မှောင်သော ဆံနွယ်ရှည်..လေအဝေ့မှာ ပုဝါ စ လေးလို ၀ဲလွင့်သွားသော ဆံနွယ်ရှည် ၅။ မျက်ဝန်းနက် တစ်စုံ ညှို့ဓာတ် ပြင်းထန်သော မျက်ဝန်းနက်တစ်စုံ ၆။ ကကြိုးလှတစ်ခုလို့ လှုပ်ရှားနေသော နီထွေး နှုတ်ခမ်း။ ထိုအရာတို့ဖြင့် ကျွန်တော် မိန်းမူးပျော်ဝင် နံနက်ခင်းတစ်ခုမှ အစပြု၍ လာမည့် ရာသီပေါင်းမြောက်မြားစွာ တစ်စုံတစ်ခုထံ ယဇ်ပူဇော်ခဲ့မိသည်။ သမားရိုးကျ လူ့ဘ၀ ဇာတ်လမ်းတစ်ပုဒ် ဖြစ်ပျက်အပြီး သမား၇ိုးကျ နာကျင်မှုများနှင့် ကျွန်တော် ရိုးသားစွာ အသဲကွဲသမားဟူသော ဘွဲ့တံဆိပ် ချီးမြှင့်ခံလိုက်ရ။ လောကကြီးဟာ မကောင်းဘူးလို့ ကျွန်တော် မတွေးမိတာကိုက ကျွန်တော်ရဲ့ လူသားမဆန်မှု။ လူတွေဟာ အတ္တကြီးကြတယ်လို့ မတွေးမိတာကိုက ကျွန်တော့်ရဲ့ လူသားမဆန်မှု။ အရာရာကို ခွင့်လွှတ်နားလည်စိတ်နှင့် ကြည့်မိတတ်တာကိုက ကျွန်တော်ရဲ့ လူဖြစ်ရှုံးမှု။ ဤသို့ဖြင့် အချစ်ကဗျာများ ၊ အလွမ်း သီချင်းများ ကြေကွဲ ရုပ်ရှင်များသည် ကျွန်တော့်ဘ၀ရဲ့ တစ်စိတ်တစ်ပိုင်းလိုလို ဖြစ်လာခဲ့သော ပြင်ပ ရုပ်ဝတ္ထုလွှမ်းမိုးမှုများနှင့် စိတ်ခံစားမှုများ သုံ့ပန်းအဖြစ် သိမ်းသွင်းခံလိုက်ရ။ ယခု ကျွန်တော် မဖန်တီးထားသော နံနက်ခင်းတစ်ခု ကျွန်တော်ရှေ့တွင် ရှေးရှေးတုန်းကလို ပုံရိပ်တစ်ခုနှင့် သူ၏ အဆက်အစပ်များ မပါဝင်ဘဲရောက်ရှိလျက်။ ကျွန်တော် မည်သို့ ခံစားရမည်ကို ကျွန်တော်ကိုယ်တိုင် ရွေးချယ် ထုဆစ်နိုင်စွမ်းမရှိသော နံနက်ခင်းတစ်ခု။ ရူးတတ်သူမို့ ရူးနေခြင်းသာ ဖြစ်ပြီး သဘာဝတရားသည် သဘာဝ ကျကျ ဖြစ်ပျက်တရားကို ဆင်ယင်ထုံးဖွဲ့နေခြင်းသာ ဖြစ်သည်။ ခံစားမှုများ ယောင်မှား၍ စိတ်မှာ ထင်ယောင် မလာစေလို။


မိုးအိမ်လူ

အိပ်မက်တွေဟာ မိုးရေတွေနဲ့ ခိုက်ခိုက်တုန်လို့




အချိန်မှန် လိုက်… အချိန်မမှန်လိုက် …. တဖွဲဖွဲ သွန်းလိုက် … တစဲစဲ ဖြိုးလိုက်… မိုးရေတွေဟာ ကျွန်တော့် နေ့စွဲတွေထဲကနေ မထွက်ခွာ နိုင်ကြသေးဘူး။ ဒါဟာ ပျော်စရာလား.. ။ ပျော်စရာဖြစ်ချင် ဖြစ်မှာပါလေ..။ ကျွန်တော်က မိုး ကို ချစ်မိခဲ့တာကိုး။
ကမ္ဘာ့နံရံရဲ့ အနားသတ်မျဉ်းတွေ  တဖြည်းဖြည်း ကျုံဝင်လာသလို… လောကဓံရဲ့ ကျီစယ်မှုမှာ ကျွန်တော် မရင့်ကျက်နိုင်သေးဘူး။
မောတယ်ဗျာ..။ နေ့စဉ် ဘ၀ အိပ်မက်တွေကို ထမ်းပိုးရတာ တကယ် မောတယ်။  ဘ၀ဟာ ဘယ်လို ပုံစံမျိုးလဲ.. မဟုတ်သေးဘူး.. လောကကြီးဟာ ဘယ်လို ပုံစံမျိုးလဲ… လောကဓံဆိုတဲ့  နာမည်ကျော် လူဆိုးကြီးကကော.. ဘယ်လို ပုံစံမျိုးလဲ..။
ဒီလို  .. ဖြစ်တည်မှုမဲ့ ရှင်သန်ခြင်းနဲ့  ကျွန်တော်ဟာ.. တစ်ခါတစ်ခါ.. တစ်စုံတစ်ရာ ကို  လွမ်း လွမ်းနေတတ်သေး။
နားလည်မှု…တဲ့။ နံရံပါးလေး ခြားနေတဲ့  စိတ်နှစ်ခုကြားမှာ  အလင်းယိုင်စေတဲ့ အရာပေါ့။ မရှိခဲ့ဘူး။ နည်းခဲ့တယ်။ မပေးခဲ့ဘူး။ လွဲခဲ့တယ်။ ဒီိလိုနဲ့  ကျွန်တော့်ရဲ့ မိုးလယ်အိပ်မက်တွေ ချွေးသံ တရွှဲရွှဲနဲ့   အကြိမ်များစွာ ထိတ်လန့် ပြီးခဲ့ပြီ။
နတ်ဘုရား ဆိုသူတို့ ရေ…
တန်ခိုး တွေ တကယ်ရှိရင်လည်း  ဒီလူကို  ကောင်းမြတ်ခြင်းတွေ ဖန်ဆင်းပေးလှည့်ပါတော့။ ရံဖန်ရံခါ  ဒီလိုမျိုး မမြင်ဖူးတဲ့ အရာတွေကို တိုင်တည်ပြောဆိုရတာ အရူးဆန်ပေမယ့်  စိတ်တော့ ခဏ အေးသွားတာပဲ မဟုတ်လား။
မိုးတွေဟာ ရွာနေဆဲပါပဲ… အိပ်မက်လေးရေ။
မှားခဲ့သူက ကိုယ်ပါ..။ ဒါ  ကျွန်တော် အိပ်မက်တိုင်းမှာ ပြောနေကျ စကားတစ်ခွန်း။  ကမ္ဘာ့နံရံတွေ ကို  တရကြမ်း ဆွဲခွာပြီး  စိတ်ထဲ ရှိတဲ့အတိုင်း စကြာဝဠာထဲမှာ ရွက်လွှင့်ပစ်ချင်တယ်။
မိုးဖွဲတွေနဲ့ အတူ….
အိပ်မက်တွေနဲ့ အတူ…။


မိုးအိမ်လူ
24/7/2011
PM ; 9:09