Thursday, November 1, 2012

သစ်ပင်လေးရဲ့ အိပ်မက်


.


တစ်ယောက်တည်း ရှိနေတတ်တဲ့ အခါမျိုးမှာ စိတ်ဟာ အနားတွေ ဖွာလာတတ်တယ်။ အနားဖွာနေတဲ့ စိတ် တွေဟာ အကျင့်ရသွားပြီး လူကြား သူကြား ပျော်ကြားရွှင်ကြား ငိုကြား မဲ့ကြား ထဲမှာတောင် အနားတွေ ဖွာတတ်လာ တယ်။ မွေးရပ်မြေမှာ အိပ်မက်လေးတစ်ပုဒ် အလွမ်းတွေ ငွေ့ရည်ဖွဲ့လို့။ တောတန်းစိမ်းတွေကြားမှာ လူစိမ်းတွေနဲ့ အစိမ်းရောင် ဟာ စိတ်ရဲ့ အနာတရ ဖြစ်လာသလိုလို။ ခံစားရတာ အေးတယ်။ ဒီလိုနဲ့ ခံစားမှုတွေ ဟာ စကားလုံးတွေ ကို ပိတ်ဆို့ထားပြီး မီးစာတို့သာ တသွင်သွင်။

*

စာရွက်ခေါက်ထဲက ငှက်ကလေးဟာ ငိုကြွေးနေတယ်။ နေ့စဉ်ရက်ဆက်။ အချို့က ဘ၀ကို သိုဝှက်ထား တယ်။ အချို့က ဘ၀ကို မြစ်တစ်စင်းအဖြစ် အသွင်ပြောင်းထားတယ်။ အချို့က ဘ၀ကို လေတံခွန်လို။ အချို့က ဘ၀ ကို ရေသန့်ဗူးလို။ အချို့က ဘ၀ကို တဲရော့ဖဲချပ်တွေပေါ်က ရုပ်ပုံတွေလို။ အိပ်မက်ပွဲတော်မှာတော့ သူတို့ နှင်းမသည်းခဲ့ကြပါဘူး။ စကားလေးတစ်ခွန်းအတွက် တစ်သီးပုဂ္ဂလပိုင်ဆိုင်မှုတွေ မုန်တိုင်းထဲ ပြေးဝင်ကြသလိုမျိုး။ ကြယ်စုံတဲ့ ညတွေဟာ မက်လောက်စရာကောင်းလာခဲ့တယ်။

*

လှေကလေး သေဆုံးသွားတာ ကြာပါပြီ။ လမ်းကြမ်းတွေမှာ စိတ်တွေ ဖိတ်စင်ပြန့်ကျဲသွားခဲ့တာ ပြန်လည် ကောက်ယူလို့ မရတဲ့အထိ။ အ၀ါရောင်။ ခရမ်းရောင်။ မှိုင်းညှို့ပြင်းထန်တဲ့ ရောင်စဉ်တွေကြားမှာ ၀လုံးကလေးခဗျာ မူးဝေလို့။ တိမ်တွေ အရောင်ပြောင်းသွားခဲ့ပြီ။ သစ္စာစကားတို့ တောင်နံရံကို ခြေစုံကန်ပြီး အရင်းမူလ နှလုံးသားဆီကို ပြန်ဝင်လာနေပြီ။ လွမ်းလိုက်တာကွယ်။ အခုချိန်ဆို သီချင်းတွေဟာ အသားဓာတ် ပြည့်ဝလို့ နေမှာပေါ့။

*

မိုးအလွန်မှာ အနာဂတ်တွေ ၀တ်စုံသစ် ၀တ်ခဲ့တာလေ။ အေ၊ ဘီ၊ စီ၊ ဒီ နဲ့ ကကြီး ၊ ခခွေး ၊ ဂငယ် အစရှိတဲ့ သက်ရှိ ဇာတ်ကောင်တွေဟာ ၀တ္ထုတစ်ပုဒ်ကို အသေသတ်လိုက်တဲ့ နေ့စွဲမှာပေါ့။ အကြောင်းအရာ နဲ့ အရေးအသား ဟာ ရင်ဘတ်ဟကွဲ နဲ့ အသည်းတွေ ဟတ်တတ်ကွဲနေခဲ့တယ်။ မှော်ဆရာလေးရဲ့ နှင်းဆီဖူးလေးဟာ တကယ်ကို ချစ် တတ်လာခဲ့ပြီ။ ဒါတွေဟာ ကောင်းကင်ရဲ့ မာယာတွေလား။ ချောက်ကမ်းပါးထက်မှာ ရပ်နေတယ်။ တိမ်တွေဟာ ရွေ့လျားနေဆဲ။ အဆုံးမသတ်နိုင်တဲ့ တေးတစ်ပုဒ်အတွက် တိမ်တွေဟာ ရွေ့လျားနေဆဲ။

*

လွမ်းမိတယ်။ ဆည်းလည်းသံထွက်တဲ့ မျက်ရည်ဥတွေကို။ အဆင်မပြေတဲ့အခါ အဆင်မပြေသလို ပုဒ်မတွေ ချလိုက်ရပေမယ့် ၀ိဥာဉ်လေးကတော့ လွင့်ပါးလို့ မ၀နိုင်သေးတာ သေချာတယ်။ နတ်ဘုရားတို့ရဲ့ နန်းတော်မှာမှ ပန်းကလေးကလည်း ပွင့်ရက်တယ်။ လွမ်းမိတယ်။ စိတ်ရူးပေါက်ရတဲ့ ပျော်ရွှင်မှုတွေကို။ ဘယ်သူသိမလဲ နွေဦးရာသီရဲ့ ရနံ့ကို။ အခုတော့။ လွမ်းမိတယ်။ ဆင်ခြင်ပိုင်းဖြတ်ထားမှုအရ အမှန်တရားလို့ သိပေမယ့်လည်း ဘယ်သူ ပျော်နိုင်မှာ လဲ။ ရာသီစာ အရယ်အပြုံးတွေ နဲ့ လိပ်ပြာငယ်တို့လည်း တောင်ပံခတ်ရတာ ညောင်းလှပြီ။ အခုတော့။ လွမ်းမိတယ်။

*

စိတ်တစ်စဟာ ကဝေပျိုတို့ရဲ့ အိပ်မက်မှာ ငြိတွယ်နေလေရဲ့။ မြစ်တွေ အကုန်လုံး စီးဆင်းခဲ့ပြီးပြီလေ။ ခလုတ် တစ်ချက်နှိပ်ပြီး ဘ၀ကို ရပ်ထားတယ်။ ဖျက်ထားတယ်။ ပိတ်ထားတယ်။ လင်းထားတယ်။ မှောင်ထားတယ်။ စကားသံတွေဟာ တောအုပ်လေးကို မကျော်လွနိုင်ခဲ့ဘူး။ လျှို့ဝှက်ထားတဲ့ နွေဦးသေတ္တာလေးကို သူတို့ ရှာတွေ့သွား ကြပြီ။ ပန်းပွင့်တို့ရယ် ရဲရဲရင့်ရင့် ပွင့်ဝေလိုက်စမ်းပါ။ အမှားဆိုတာ အမှန်မရှိရင် ရှိလာမှာ မဟုတ်ဘူးလေ။ ဘာအတွက်နဲ့ ပုံပြင်တွေကို ရင်ဘတ်ထဲမှာ သိမ်းဆည်းထားရသလဲ။

*

ရင့်ရော်မှုတွေ ခက်ထန်လာနေပြီ။ မဟုတ်သေးဘူး။ ခက်ထန်မှုတွေ ရင့်ရော်လာနေပြီ။ ပြတ်တောက်နေတဲ့ အဆစ်အပိုင်း တစ်ခုစီမှာ ပုံပြင်တစ်ပုဒ်စီ အကြောင်းအရာမဲ့စွာ ခံစားချက်တွေ ပြင်းထန်လို့။ ပန်းပွင့်တို့ ငိုလေပြီ။ မပြီး ပြတ်နိုင်သေးသော တေးတို့ ဆွံ့အကြလေပြီ။ ဒဏ်ရာတို့သာ လတ်ဆတ်မြဲ လတ်ဆတ်လျက်။ မနက်ဖြန်များ လက်ခုံ ပေါ်မှာ လာရောက်နားခိုရင်း ကြယ်စင်တို့ကို ခြွေချနေခဲ့။ စိတ်တစ်စဖြင့် အိပ်မက်များ ဖြင့် စကားသံများဖြင့် ပုံရိပ်တုများဖြင့် မလင်းလက်နိုင်သော သက်ရှိ။

*


23.11.2011
PM :2:11

မိုးအိမ်လူ