Sunday, November 18, 2012

စကားလုံး ကပ်


. 
ရေးဖူးပြီးသား စကားလုံးတွေ ပြန်မသုံးဘဲ စကားလုံး အသစ်တွေနဲ့ ရေးမယ်
ကြံရွယ်ထားပေမယ့်လည်း ရှေ့က ၀ါကျတစ်ကြောင်းလုံးကကို သုံးဖူးပြီးသား ၀ါကျ အဟောင်းကြီး
အဟောင်းတွေကိုပဲ ပြန် ပြန် သစ်ထားတဲ့ စကားလုံးတွေ ကဗျာတွေ အရေးအသားတွေ
ဘယ်လိုလုပ်ရမလဲ
ဒါတွေချည်းပဲ ထပ်ကာ ထပ်ကာ သုံးနေရတာ ငြီးငွေ့လာပြီ စိတ်ပျက်လာပြီ
စိတ် က ပျက်နေပေမယ့် လက်က မပြတ်တော့ ဒီစကားလုံးတွေကိုပဲ ပြန်ဝင်စား
စကားလုံး ၀င်စားတွေကို ၀င်စားသွားတဲ့ စကားလုံးဝင်စားတွေလည်း အကျော့ကျော့
ကဗျာတွေလည်း စကားလုံးဝင်စားတွေကြောင့် စိတ်မလုံတော့ဘူး ဘယ်လိုလုပ်ရမလဲ
စကားလုံး ကလုန်းတွေ စကားလုံး ဆင်တူယိုးမှားတွေ စကားလုံး အ၇ိပ်တွေ
စကားလုံး သုတေသန စခန်းကို ထောက်ပံ့မယ့် ဖောင်ဒေးရှင်းကောင်းလည်း မရှိတော့
စကားလုံး ပညာရှင်တွေလည်း လုပ်ရတာ စိတ်မလာကြဘူး
စကားလုံးအသစ်တွေ ရှာဖွေ ဆန်းသစ်ဖို့ လူအင်အား ဦးနှောက်အင်အား နှလုံးသား အင်အား
ဘာမှမရှိလေတော့ ရေးဖူးပြီးသား စကားလုံးတွေကိုပဲ ထပ်ကာထပ်ကာ ရေး
အချို့စကားလုံးတွေ ပျက်စီးကုန်ပြီ အချို့စကားလုံးတွေ အဓိပ္ပာယ်ပျောက်သွားတယ်
တဖြည်းဖြည်း နဲ့ စကားလုံးတွေ တိမ်မြုပ်ပျောက်ကွယ်သွားပြီးနောက်
စကားလုံး မဲ့မှုတွေ အဖြစ်များလာပြီးနောက်
စကားလုံးတွေ ရေးဖူးပြီးသား စကားလုံးတွေတောင်မှ ပြန်သုံးလို့ မရတော့ဘူး
ဘယ်လိုလုပ်ကြမလဲ စကားလုံးတွေအတွက်။


၉ မတ် ၂၀၁၂

မိုးအိမ်လူ

ဝေး………….. ဆွေး


.

နေခြည်တန်းမှာ သူ့ နာမည်ကို ရေးထိုးထားတယ်
မိုးသောက်မှ ညဥ့်ယံ အထိ စကားလုံး အတွန့်အကြေ
အိပ်မက်လျှောက်လမ်းမှာ အချစ်သီချင်း နောက်ခံနဲ့
သဘာဝကြီး နဲ့ ထပ်တူ ကြေကွဲ ညည်းညူ ရခြင်း
လောက ဖြစ်စဉ်။


မိုးအိမ်လူ
၁၂ အောက်တိုဘာ ၂၀၁၂

ပိုးဖလံ



ကိုယ့်ကိုယ်ကို ငြှိမ်းလိုက်တယ်
ယနေ့ အမှန်မမြင်နိုင်ခြင်းများအတွက်
နွေ၏ မိုးရေစက် မြူခိုးများ
အထက်ပါ ခြေရာအတိုင်း
ခင်ဗျားတို့ ဆာလောင်နေတုန်း။


မိုးအိမ်လူ
၁၂ အောက်တိုဘာ ၂၀၁၂

ချုပ်စ မှ ဟ နေတဲ့ နေရာကနေ ယနေ့ဟာ လက်လွတ်စပယ် ကျွန်တော့်နှလုံးသားကို မောဟတွေနဲ့ ထိုးဆွ အဝေးမှာ



ကြားလိုက်ရတဲ့ အသံနဲ့ ဆက်စပ် စကားလုံးရဲ့ အနက်အဓိပ္ပာယ် ကိုင်းခွဲတွေ။ တီဗွီမှာ လာနေတဲ့ / ပြသနေတဲ့ ဂျိမ်းစ်ဘွန်း ဇာတ်လမ်းက ကြည့်ပြီးသား ဖြစ်နေတယ်။ စိတ်ထဲမှာ မကျေနပ်မှုတွေကိုပဲ အိုးအိမ်ထူထောင်။ ကွင်းစ ကွင်းပိတ်ထဲက စကားလုံးတွေ ကျွန်တော့်နှလုံးသားကို လာလာမဆွပါစေနဲ့။ တကယ်ဆို အက်ဆစ်ထက် ဆိုးတဲ့ တိုက်စားလှိုက်စားမှု။ ကင်ဆာလိုမျိုး။ အရေးအခင်းတွေအရတော့ အခြေအနေမကောင်းသေးကြောင်း။ မေမေ့မှာ လည်း သည်းခံစိတ်နဲ့ ချစ်စိတ် နဲ့ သံယောဇဉ်စိတ်နဲ့။ မျှော်လင့်ချက်တွေက ကျွန်တော်တို့ဆီမှာ လာ လင်းနေတယ်။ ၎င်းဝါကျများသည်လည်း စပ်ထည်အစစ်မဟုတ်ဘဲ စပ်ထည်အစစ်အဖြစ်။ ဘာမှန်းမသိလိုက်ခင်မှာပဲ အဲဒီတံခါးထဲကို ကျွန်တော် ရောက်သွား။ သို့မဟုတ်။ အဲဒီ တံခါးရဲ့  တစ်ဖက်ထဲကို ကျွန်တော်ရောက်သွား။ လူမှုရေးအရ ကျွန်တော် တစ်ခု မက မှားယွင်းနေပြီး။ ကျွန်တော့်ရဲ့ စိတ်ကျေနပ်မှုကို မဖြစ်စေတဲ့ မိတ်ဆွေများနှင့် စကားလုံးများနှင့်  စိတ်ဓာတ် များနှင့်။ ယနေ့။ တိတိပပကြီးကို ကျွန်တော် ခရမ်းလွန်ရောင်ခြည် သင့်ခဲ့တယ်။ ယနေ့ဟာ အသေအချာပဲ ပစ္စုပ္ပန် မဟုတ်တော့ဘူး။ အရေးအသားဟာ ဓာတ်စာကောင်းကောင်းလိုအပ်နေကြောင်း။ ည ည တစ်ယောက်တည်း ဖြစ်နေ တဲ့ မေမေ့အတွက် တစ်ယောက်တည်း ဖြစ်နေတဲ့ ကျွန်တော်က အဝေးကနေ စိတ်မကောင်း ၀မ်းနည်း။ လူသားချင်း စာနာစိတ် အနုစားကင်းမဲ့ မှုဟာ လူ့အဖွဲ့အစည်းအတွင်းမှာ ကြီးကြီးမားမား ဖြစ်တည်နေပြီး။ ဇာတ်လမ်းအရ မလိုလားအပ်တဲ့ ပြဿနာတွေ ကြွက်ကိုက်ထားသလို။ မသာမယာနေ့စွဲတွေ များနေကြောင်း။ လူတိုင်း မသာမယာ ဖြစ်နေကြောင်း။ ခေတ်ပေါ်ကဗျာဆရာလေးများ၏ ကဗျာများအရ သိရှိရ၏။ ကျွန်တော်တို့ ခင်ဗျားတို့ မိုးလွန်ခဲ့လေပြီ။ ဘယ်လိုမှ ခံစားလို့မရတဲ့ အသိဥာဏ်နုံနည်းမှုတွေကြောင့် ၎င်းလူသားများကို စိတ်ပျက်မိသော ကျွန်တော့်မှာသာ အပြစ်ရှိပါသည်။ တကယ်တော့ ကျွန်တော် ရင့်ကျက်ဖို့ သင့်သည် မဟုတ်ပါလား။ လိင်အထူးပြုစကားလုံးတွေနဲ့ပဲ အဲဒီစိတ်တွေ မှိုင်းမိနေကြ။ကျော်ခဲ့တဲ့ လမ်းထဲမှာ ရှာနေတဲ့ အိမ်ဟာ ရှိနှင့်နေပြီး။ စကားလုံး  စကားလုံး ရေးပါများ တော့ အဓိပ္ပာယ်ပျောက်တယ်။ ဖေဖေ့ကို ကျွန်တော် နားလည်၏။ လမ်းတိုင်းမှာ မီးလင်ဖို့ခင်ဗျားတို့ လောဘတွေ မကြီးသင့်ဘူး။ ကိုယ်ပိုင်ဓာတ်မီးလေးတော့ ဆောင်ထားသင့်တယ် ဟုတ်။


မိုးအိမ်လူ

၁၄ နိုဝင်ဘာ ၂၀၁၂

လေ ဖမ်း ဒန်း စီး မဟုတ်သေးဘူး အရှိတရားသက်သက်


. 

စာရွက်မလောက်ငမှာ မပူပန်နဲ့။ ဒီစာရွက်ပြည့်သွားရင် နောက် စာရွက်တစ်ရွက် ထပ်ဆက်ပေးမယ်။
စကားလုံးတွေသာ အသင့်ပြင်ထား။ ၀ါကျ ကျသည်ဖြစ်စေ မကျသည်ဖြစ်စေ။ စကားလုံးတွေပဲ.။
သောက်ကျိုးနည်း ဖြစ်ရပ်တွေ ခံစားဖို့ ရှားပါးနေပုံ။ ယနေ့ ကိုယ်နဲ့ ဆက်စပ်သမျှကလည်း ထူးမခြားနား။
ပျင်းရိဖွယ်ကြီး ဆိုတော့ကာ။ အနုပညာရဲ့ အတွင်းက ကဗျာဆိုတဲ့ အရာဟာ လူတွေ အတွက်တော့
အများအားဖြင့် အရေးမကြီးခဲ့ဘူး။ ၎င်းအရေးမကြီးသည်ကိုပဲ ရေးကြီးခွင်ကျယ် လုပ်နေရတဲ့
ကိုယ်တို့ အခြေအနေက အမှန်စစ်စစ် အခြားလူတွေထက်သာလွန်နေပြန်တယ် ဆိုတော့လည်း။
မြန်မာနိုင်မှာ အပေါဆုံးက ကဗျာဆရာ ဖြစ်လာပြီး မော်ဒယ်လ်တွေနဲ့ တန်းတူ အရေအတွက် များပြား
လာသော်ငြား။ မိုးယုစံလို မော်ဒယ်လ်မျိုးသာ တစ်မိပေါက် တစ်ယောက်ထွန်းမယ်။ အရည်အသွေး
ပြည့်မီတဲ့ ကဗျာဆရာဆိုတာက။ လမ်းလယ်ခေါင်က ခိုအုပ်ကြီး ရုတ်တရက် ထပျံသွားပုံ။
ဆောင်းမလွတ် နွေမလွတ် အင်္ကျီကြီး ၀တ်ပြီး စကားလုံး လိုက်ဖမ်းနေသူ။ ခင်ဗျား ကဗျာတွေကို
မျဉ်းကြားက ကူးခိုင်းဖို့ မမေ့လေနဲ့။ အထက် အောက် ဖိစီးတဲ့ ကိစ္စဆိုတာမျိုးက။ နိုင်ငံရေးမှာ
ဒီမိုကရေစီဟာ အသားကျ ပျော်ဝင်ဖို့ အသင့်ဖြစ်နေတဲ့ အထာ။ အဲဒီ တောက ထွက်ခဲ့ပြီ ဆိုရင်ဖြင့်။
ကိုယ့်လမ်း ကိုယ် ဖောက်။ ကိုယ့် အိပ်မက် ကိုယ် စကားပြေပြန်။ မနက်ဖြန်ဆိုတာကတော့ဗျာ။
အယ်လ်ပီ မဟုတ်ရင် အခြားဟာ ဖြစ်မှာပေါ့။ အဓိက က ကဗျာဖြစ်ကြောင်း သိသာဖို့ လိုရင်း။
အဲဒီကဗျာဟာလေ အဲဒီ ဦးထုပ်ကြီး မဆောင်းပါနဲ့လို့ ပြောထားရက်နဲ့။ တစယောက်တစ်ပေါက်။
မြို့ရိုးတလျှောက် စိတ်ကူးတွေ မျှားနေပုံ။ ဒါတွေဟာ အွန်လိုင်းမှာ တွေ့နေကျ အသံတွေ။
ဗျည်း သရ မလွယ်ရင် တစ်ခုခုနဲ့ပေါ့။ လေ ဖမ်း ဒန်း စီး။ ဘယ်လို စီးကြမလဲ။ ဘယ်သူမှ မသိတဲ့ မသုံးဖူးသေးတဲ့
စကားလုံးတော့ ရှိမယ်။ ဘာလဲဆိုတော့ ။ မသိသေးဘူး။
လေ ဖမ်း ဒန်း စီး။


မိုးအိမ်လူ

၁၄ နိုဝင်ဘာ ၂၀၁၂

သူနဲ့ မတွေ့ရတဲ့အခါ ဓာတ်ပုံကို ကြည့်ရင်း အချစ်+ အလွမ်း ဖြစ်တည်လာပြီး အိပ်စက်တဲ့ အထိ




မျက်လုံး
( မြင်တွေ့မှု )

နှလုံးသား
( နာကျင်ခံစားမှု )

အိပ်မက်
( ပျက်ယွင်းမှု )

မိုးအိမ်လူ
၁၂ အောက်တိုဘာ ၂၀၁၂

မြတ်နိုးခြင်း တေး


.

















ရုတ်တရက်
အသက်ရှုထုတ်မှု လောခ့်ကျသွားတယ်
ချစ်ခြင်းဖွဲ့ မျက်ရည်သံ
နှလုံးသားက စ လို့ ဦးနှောက်အထိ
မီးစွဲသွားလိုက်တာ
မိုးညတစ်ညလုံး မပီမသ။


မိုးအိမ်လူ
၁၁ အောက်တိုဘာ ၂၀၁၂

မိုးညများ


.
  




ကြယ်မမြင်ရတဲ့ ည ပါဆို
လမင်း သာ ရဲ့လား မေးခွန်းက ဘာအတွက်
အားလုံး တစ်သွေးတည်း တစ်သားတည်း အုံ့မှိုင်းနေရပုံ
မနှစ်သက်မှုတွေ ရှိလည်း အဲဒီ မည်းညှို့ညှို့ကောင်းကင်ကြီးကိုပဲ
မိုးမျှော်သလိုလို ကြယ်မျှော်သလိုလို
ဘ၀ရဲ့ အခန်းဆက်တွေ ဆက်ကာ ဆက်ကာ။


မိုးအိမ်လူ
၂၇ ဇွန် ၂၀၁၂

ဖျတ်ခနဲ


.


  

လင်းသွားတယ်
အဲဒီအခါမှ
ကျွန်တော် မှောင်မိုက်နေမှန်း သိလိုက်ရတယ်။


မိုးအိမ်လူ
၁၆ နိုဝင်ဘာ ၂၀၁၂

မနေ့က မီးခိုး ဒီနေ့ မွှန်ပြီး အသက်ရှုကျပ်သမျှ မနက်ဖြန်မှာ ဖွင့်ထုတ်လိုက်တယ် ( အောက်ပါကဗျာနှင့် သွေးသားတစ်ဝမ်းကွဲ တော်စပ်သော အထက်ပါဝါကျသည် ကဗျာခေါင်းစဉ် ဖြစ်၏ )


.





ဖြစ်ရပ်က ဘယ်လိုပဲ ဖြစ်ပျက်ပစေ နိမိတ်ကောင်းအဖြစ် ကျစ်ကျစ်လစ်လစ် ကောက်ယူ
ဆာနေတဲ့ ၀မ်းတွေအတွက် ဖြည့်တင်းပေးမယ့် ရိက္ခာက လောလောဆယ် လိုအပ်ချက်
အဲ့ဒါထက် အရေးကြီးတဲ့ လုံခြုံတဲ့ စိတ်ခံစားမှု နွေးထွေးတဲ့ စိတ်ခံစားမှုတွေ မျှဝေဖို့
ကံ ဖြို့လို့ လူပျက်တာ မဟုတ်ဘူး အကြောင်းခံခဲ့လို့ အကျိုးမှာ ကျိုးခဲ့ကြရတာ
နာရီထဲမှာ အိပ်မက်တွေ ဂယောင်ခြောက်ခြား အိမ်ယာ ပျောက်ဆုံးနေတယ်လို့
အိပ်မက် မက်တယ် အိပ်မက် မက်သေးတယ် အိပ်မက် မက်နိုင်သေးတယ်
အခြား ဖွံ့ဖြိုးကြီးထွားရေးတွေ ထားခဲ့လိုက်ဗျာ။ ဒီမှာ လျော့ရဲနေပြီ။
စကားလုံးတွေ မစဉ်းစားနိုင်တော့တဲ့အခါ အသံကောင်း ထွက်ဖို့ ခဲယဉ်းလာတဲ့အခါ
ကိုယ့်အတွက် ကိုယ့်မြေအတွက် ဘယ်လို စကားလုံးတွေဟာ လုံခြုံအေးချမ်းစေနိုင်မလဲ
ငါ။ ငါတို့၏။ ဖြစ်တည်မှု အစစ်သည် ရှိခဲ့ပြီး ဖြစ်တယ်လို့
တန်ဖိုးမဲ့ စကားလုံးတွေဟာ အရေးကြီးတဲ့နေရာမှာ အသံစုံစုံလင်လင် နဲ့ ရောင်းအားတက်
လမ်းမကြီးတလျှောက် မြင်လို့ မကောင်းအောင် ကြားနေရတဲ့ အသံတွေ မျက်ရည်လည်ရွှဲ
ဘယ်သူမှ ငုတ်တုတ် ထိုင်မနေကြပါဘူး ၀ိသမလောဘသားကြီးတို့ရယ်
ကိုယ်တို့လည်း စိတ်အားပြည့် မောင်းနှင်ပြီး ဆွဲထုတ်နေကြတာပဲ
တစ်ခုခု ရှိလို့ တစ်ခုခု ဖြစ်တဲ့ ကိစ္စအတွက်တော့ ပေါင်းမြက်ဆိုရင် ရှင်းပစ်
မေမေ့သမီးတွေ ခန္ဓာက အစ စိတ် အထိ မလုံခြုံတဲ့ အခြေအနေမှာ
မာမီ့ဟန်နီလေးတွေက လုံလုံခြုံခြုံကြီး ကို မလုံမခြုံဖြစ်ချင်နေတဲ့ ယဉ်ကျေးမှု
စာရွက်ကောက်ကိုင်လိုက်ရင် အဲဒီလိုပဲ မဆုံးနိုင်တော့ဘူး
ဆုံးထားတဲ့ အသံအတိုင်း ပြန် စ ချင် စ နိုင်တယ်ဆို ဆိုစရာတေးကလည်း မရှိတော့ဘူး
ထုံးတမ်းဓလေ့ အစဉ်အလာအတိုင်း စိတ်လုံခြုံမှုတွေ ရှာနေကြပေမယ့်လည်း
ဖြစ်ဖို့ ရှိနေရင်တော့ ဖြစ်လာမှာပဲ ကိုယ့်လူမျိုးတို့ရေ။ တစ်ပူပေါ် နှစ်ပူဆင့် ကိစ္စ။
အားလုံး အိုးအိမ်လုံခြုံမှု မနက်ဖြန် အက်ကြောင်းထမှုတွေ စိုးရိမ်စိတ်တွေ ဗွက်
နေရတဲ့ အရေးထဲ အ၇ာလုပ်ချင်တဲ့ နိုင်ငံရေး သွေးထိုးလှုံ့ဆော်မှုတွေ
ဘယ်လို သန္ဓေနဲ့ သားဖောက်ထားမှန်းမသိတဲ့ အဲဒီ စိတ်ဓာတ်တွေ
တကယ်ကြီးကို တစ်ခုခု ဆို တစ်ခုခု အော်ကြီး ဟစ်ကျယ် ဆိုနေကြတာ
အမှိုက်က စ ပြီး ပြဿဒ်မီးလောင်မယ့် တကယ့် လောင်စာ အမှိုက်တွေပေါ့
သူတို့ဘာသာ သူတို့ ဘယ်သူ လာလာ ဘယ်သူ သွားသွား ဘယ်သူ ပြန်ပြန်
ပြိုသွားတဲ့ အိမ်တွေအတွက် ပျက်သွားတဲ့ အိမ်တွေ အတွက် ပြန်လည်တည်ဆောက်မယ့်
မနက်ဖြန်တွေမှာ ရင်ဆိုင်ရမယ့် ၀မ်းရေး လုံခြုံရေး ရေး ရေး ရေး
ကျွန်တော်တို့မှာ အခက်အခဲတွေ ရှိနေကြပါတယ် တဆက်တစပ်တည်း
ကျွန်တော်တို့မှာ အကျပ်အတည်းတွေ ရှိလာပြန်ပါတယ် ။ ဟုတ်တော့ ဟုတ်တယ်။
ကိုယ့်မှာမှ သဘာဝ ဘေးအန္တရာယ်မရှိဘဲ ။ ဘာလို့ မွေးနေ့ပွဲ မလုပ်ရမှာလဲ။
ဘာလို့ ကလပ် မတက်ရမှာလဲ။ ဘာလို့ ရှိုးပွဲမသွားရမှာလဲ။ ဘာလို့….။
ငုတ်တုတ်ထိုင်ပြီး စိတ်ဆင်းရဲပေးလို့ ပြိုပျက်သွားသမျှက အကောင်းပြန်မဖြစ်ဘူး
လုပ်စရာရှိတာ လုပ်ပြီး ကူစရာရှိတာ ကူပြီး ပျော်စရာရှိတာ ပျော်
ကိုယ့်ဘ၀နဲ့ ကိုယ် ကိုယ့်အတ္တနဲ့ ကိုယ် ကိုယ်ကုသိုလ်နဲ့ ကိုယ် ကိုယ့်နေ့စွဲနဲ့ ကိုယ်
အချိန်တန်ရင် ပူးတွဲပါ ဓာတ်ပုံအတိုင်း ဆက်လက် မျှဝေပြီး ဒီနေ့ အတွက်
စဉ်းစဉ်းစားစား ကိစ္စတွေ ရေးကြီးခွင်ကျယ် ပြုလုပ်ပြီး
မသေချာပေမယ့်လည်း
မနက်ဖြန်ဆိုတဲ့နေ့မှာ
ကိုယ့်စိတ်နဲ့ ကိုယ်
ကိုယ့်ပစ္စုပ္ပန်နဲ့ ကိုယ်
ကိုယ့် ကံနဲ့ ကိုယ်
သင့်တော်ရာ အဆင်ပြေသလို ဆိုပြီး အဲဒီက စ (………) တွေ ဈေးပေါတော့တာပဲ။



မိုးအိမ်လူ
၁၃ နိုဝင်ဘာ ၂၀၁၂