Thursday, November 15, 2012

ဝတ္ထုကို ခွဲစိတ်ခြင်း ၀တ္ထု


.


  
စ ကိုင်လိုက်တယ်ဆိုရင်ပဲ ၀တ္ထုဟာ ဒရကြမ်း လှုပ်ခတ်သွားတယ်။ ကျွန်တော် နည်းနည်း လန့်သွားမိတယ်။ အသံဗလံ ပေါင်းစုံဟာ ၀တ္ထုရဲ့ ဟိုးအတွင်းထဲကနေ ထွက်လာတယ်။ တော်တော်ကြမ်းမယ့် ၀တ္ထုပဲလို့  ကျွန်တော့်စိတ်ထဲ မှတ်ချက်ချမိတယ်။ ပြီးတော့ ဒီအလုပ်ကို လက်ခံမိတဲ့ အတွက်လည်း နောင်တရမိတယ်။ အခုမှတော့ မတတ်နိုင်တော့ဘူး။ ဒီဝတ္ထုကို ကောင်းကောင်းခွဲစိတ်မှ ကျွန်တော် ပိုက်ဆံရမှာ။ ဒီတော့ ကျွန်တော်အလုပ်ကို စတင်ဖို့ အားတင်းပြင်ဆင်လိုက် တယ်။
ဝတ္ထုကို စတင် ခွဲစိတ်လိုက်တယ်ဆိုရင်ပဲ စောစောက တိုးတိုးပဲ ကြားရတဲ့ အသံတွေဟာ ဆူညံကျယ်လောင်စွာပဲ ခုန်ပေါ်ထွက်လာတယ်။ မင်းက ဘာကောင်လဲ။ မင်းက ဘာမို့လို့ ငါ့ကိုလာခွဲစိတ်နေတာလဲ။ မဖြစ်နိုင်ဘူးဆိုတာ မရှိဘူး။ ကိုယ် မင်းကို အရမ်းချစ်တာပဲကွာ။ အရှင့်သား စိတ်ထိန်းတော်မူပါ။ တိုက်ဟေ့။ ဒီတရားခံဟာ နယ်နယ်ရရ မဟုတ်ဘူးဗျ။ ကျုပ်တို့ကတော့ တော်လှန်မယ်ဗျာ။ သတ်ပစ်ကွာ။ အစုံမှ တကယ့် အစုံပဲဗျာ။ အသံတွေကလည်း ဆူညံလို့။ ကျွန်တော့် နားစည်တွေ ကွဲထွက်မတတ်ပဲ။ကျွန်တော် ကြိတ်မှိတ်ပြီး အဲဒီအသံတွေကို ဆွဲထုတ်။ လုံးချေပြီး ဇလုံထဲ ထည့်ထားလိုက် တယ်။ အဲဒါတောင် အကုန်မရှင်းဘူး။ တီးတိုးတီးတိုး သဖန်းပိုးသံတွေ။ ကြိတ်ပုန်းခုတ်တဲ့ အသံတွေ။ နံရံနောက်က ။ ခန်းဆီးနောက်က အသံတွေ ကျန်သေးတယ်။ အဲဒါတွေကတော့ ခွဲရင်းနဲ့ ရှင်းထုတ်ရမှာပဲ။ လူလည်း အသံတွေရဲ့ တိုက်ခိုက်မှုနဲ့ နည်းနည်း နုံးသွားသလို ဖြစ်သွားတယ်။ ဒါပေမယ့်။
တကယ့်ကို ဗရုတ်တွေပါပဲ။ ဇာတ်ကောင်တွေက နည်းမှမနည်းဘဲ။ ဘယ်သူက အဓိက ဇာတ်ကောင်ဆိုတာ သေ ချာပြောလို့မရဘူး။ အဲ ဇာတ်ပို့လည်း မရှိဘူးတဲ့။ ဇာတ်ပို့မရှိဘူးဆိုတော့ အကုန်လုံး အဓိက ဇာတ်ကောင်တွေချည်း ဖြစ် နေတော့မှာပေါ့။ အဲဒီလိုကျတော့လည်း ငါက အဓိက ဇာတ်ကောင်။ ကျုပ်က အဓိက ဇာတ်ကောင်နဲ့ ငြင်းခုံရင်း ဇာတ်ကောင်တွေ ထ သတ်ကျပါလေရော။ ဇာတ်ကောင်တွေ ဘယ်လောက်များသလဲဆို ဟိုး ကမ္ဘာအစကတည်းက နေ အခုလက်ရှိ နောင် အနာဂတ်အထိကလူတွေပါ ပါတယ်။ ဘယ်လို ရှင်းရမလဲ။ ဒီဇာတ်ကောင်တွေကို ။ ကျွန်တော်ဖြင့် ရူးချင်စိတ်ကို ပေါက်သွားတယ်။
ဘယ်လိုပဲ ဖြစ်ဖြစ် ရှင်းရမယ့် တာဝန်က ရှိနေတော့ ဇာတ်ကောင်တွေ အကုန်လုံးဆွဲနှုတ်ပြီး နောက်ထပ်ဇလုံထဲ ကို ထည့်ထားလိုက်တယ်။ ဆွဲနှုတ်နေတုန်းမှာလည်း အသံဗလံတွေနဲ့ တိုက်ခိုက်သွားသေးတယ်။ စောစောက ရှင်းတုန်းက ကျန်နေတဲ့ အသံတွေနဲ့ တူပါရဲ့။ ဒါပေမယ့် အသံဆိုတာမျိုးကလည်း ဘယ်တော့မှ ငြိမ်အောင် ရှင်းလို့ရတဲ့ အမျိုးမှ မဟုတ်ဘဲ။ ငြိမ်အောင်လုပ်ရင် ပိုထွက်တတ်တယ်။ တစ်ခါတစ်လေ ကျတော့လည်း ဘာမှမလိုဘဲ ဒီအတိုင်း ငြိမ်ချင်ငြိမ်နေ တတ်တဲ့ အမျိုးကိုး။ ကျွန်တော်ကတော့ ဘာမှ အာရုံစိုက်မနေဘဲ ရှိသမျှ ဇာတ်ကောင်တွေ အကုန်ဆွဲထုတ်လိုက်တယ်။ မင်းလို အခုမှ စာလေး မတောက်တခေါက်ရေးတတ်တဲ့ကောင်က ငါ့ကို ဒီလိုလုပ်ရအောင် မင်းက ဘာလဲ။ ဟိတ်ကောင် ငါက ပိုစ့်မော်ဒန်ဝတ္ထုဘုရင်ကွ။ မင်း သေချင်နေပြီလား။ လောကကြီးတစ်ခုလုံး ဇောက်ထိုးမိုးမျှော် ဖြစ်ကုန်ပြီ။ သေလိုက်။ အဲဒီမှာတင် လဲသေလိုက်လို့ ကျွန်တော် အသံကုန်အော်ပစ်လိုက်တယ်။ ဇလုံးနှစ်လုံးထဲက အသံတွေ ခဏတော့ တိတ် သွားတယ်။ ပြီးတော့လည်း ပြန်ဆူလာကြတာပါပဲ။ ကျွန်တော်လည်း အာရုံ အစားမခံတော့ဘဲ ၀တ္ထုကိုဆက်ခွဲနေလိုက် တယ်။
ဒီတစ်ခါကျတော့ အချိန်နဲ့ နေရာ။ အကုန်တလွဲတွေချည်းပဲ။ ဘီစီ ၆ ရာစုမှာ ခေတ်မီဖွံ့ဖြိုးတိုးတက်တဲ့ မြန်မာ နိုင်ငံတော်ကြီး။ အေဒီ ၂၃ ရာစုမှာ ရှေးခေတ် လူရိုင်းလှိုဏ်ဂူတွေ ။ အဲဒီအချိန် အမေရိကန်သမ္မတက ကနေဒီ။ သားရေ နံပိုင်းလေးနဲ့။ ပြီးတော့ အိုဘားမားက ပလူတိုဂြိုဟ်မှာ ရွာသူကြီး ဖြစ်နေတဲ့ အချိန်က အေဒီ ၂၁ ရာစု။ ဆိုင်ရာဆိုင်ရာ အခင်းအကျင်းတွေ အကုန်လုံးက တလွဲတွေချည်းပဲ။ ဖြစ်လို့နေတယ်။ ကျွန်တော်လည်း အဲဒီအချိန်တွေ နေရာတွေ တလွဲ ဖြစ်နေတာတွေ အကုန်လုံး ခြစ်ထုတ်ပစ်လိုက်တယ်။ ဘာကျန်ဦးမှာလဲ ဆက်ခွဲကြည့်တော့ အတော်ဆိုးရွားတာတွေ တွေ့ရ ပြန်တယ်။ ၀တ္ထုထဲမှာ သွတ်သွင်းထားတဲ့ သီချင်းတွေ ကဗျာတွေ။ အကုန်လုံး ပုပ်အဲ့နံစော်လို့။ အုတ်ရောရော ကျောက် ရောရောတွေ ။ အုတ်ကြားညပ် ကျောက်ကြားညပ်ပြီး ပုပ်ပွနေသလိုမျိုး။ ကျွန်တော် တော်တော်စိတ်ပျက်သွားတယ်။
ဒီလို စိတ်ပျက်စရာကောင်းတဲ့ အလုပ်မျိုးကို အခြားတစ်ယောက်ယောက်သာ လုပ်ရင် သွေးပျက်သွားနိုင်မလားပဲ။ ကျွန်တော်လည်း တော်တော်ပင်ပန်းနေပြီ။ ခဏနားပြီး ဆေးလိပ်သောက်ဖို့ အခန်းထောင့်က စားပွဲပေါ် တက်ထိုင်လိုက် တယ်။ ဆေးလိပ်မီးညှိပြီး တစ်ရှိုက်နှစ်ရှိုက် ရှိုက်။ မီးခိုးတွေ မှုတ်ထုတ်ရင်း ခွဲစိတ်ကုတင်ပေါ်က ဟောင်းလောင်းပွင့်နေတဲ့ ၀တ္ထုကြီးကို ကျွန်တော် ကြည့်နေမိတယ်။ ခွဲစိတ်ကုတင်ဘေးက ဇလုံတွေထဲက ဟိုငနာတွေရဲ့ အသံတွေကလည်း ဆူညံ လို့။ တကယ်ပါ။ တစ်ချက်လေးမှ တိတ်သွားတယ် မရှိဘူး။ တရစပ်ကို အသံပေါင်းစုံ ထွက်နေတာ။ ပြီးတော့ အခန်းထဲမှာ က လူဆိုလို့ ကျွန်တော်တစ်ယောက်တည်း။ လူ ဖြစ်တဲ့ ကျွန်တော့်ဆီက ဘာသံမှ မထွက်ဘူး။ အဲဒီ လူ မဟုတ်တာတွေ ဆီကပဲ တစ်ချိန်လုံး ဆူညံနေတော့တာ။ ဆေးလိပ်တစ်လိပ်ကုန်သွားတော့ ကျွန်တော်လည်း အလုပ်ဆက်လုပ်ဖို့ ပြင် လိုက်တယ်။
တော်တော်များများ ခွဲထုတ်ပြီးပြီဆိုတော့ အထဲမှာ သိပ်မရှိတော့ပါဘူး။ ကောင်းတာလည်း တစ်ခုမှ မရှိဘူး။ အကုန်လုံး ဟောင်းနွမ်းပျက်စီးပုပ်ပွနေပြီ။ သေနေတာကြာပြီ ထင်ပါရဲ့။ ဖုတ်ဝင်ပြီး အသက်ရှင်နေတာပဲ ဖြစ်မှာ။ ခွဲရင်း ထပ်ကာ ထပ်ကာ တွေ့နေရတာတွေက အနုပညာဆိုတဲ့ဟာ။ ဘာ အနုပညာ။ ညာ အနုပညာ။ ဘာအတွက် အနုပညာ။ ညာအတွက် အနုပညာ။ စနစ်တကျ တည်ဆောက်ထားတဲ့ အနုပညာ။ အကုန်ဖြိုဖျက်ထားတဲ့ အနုပညာ။ အနုပညာ မဟုတ်တဲ့ အနုပညာ။ စုံလို့ပဲ။ ဘာတွေမှန်းကို မသိဘူး။ ဒီလောက် ဗရုတ်ကျတဲ့ ဟာတွေနဲ့ ဖွဲ့စည်းပြီး အသက်ရှင်နေခဲ့ တာ တော်တော်အံ့သြဖို့ ကောင်းတယ်။ သေချာ ပြန်ချုပ်ပြီး အ၀တ်ဖြူအုပ်။ ဇလုံထဲက အညစ်အကြေးတွေကို ပလက်စ တစ်အိတ်ထဲ စုပြုံထည့်ပြီး အခန်းထောင့်က အမှိုက်ပုံးထဲ ပစ်ထည့်လိုက်တယ်။ ကျွန်တော်လည်း တော်တော်ပြိုင်းနေပြီ။ ကိုယ်လက်သန့်စင်ပြီး ရုံးခန်းဘက် ထွက်လာခဲ့တယ်။
ရုံးခန်းထဲ ရောက်တော့ ဘောလုံးပွဲကြည့်နေတဲ့ စွယ်စုံကျမ်းကြီးကို အခန့်သား တွေ့လိုက်ရတယ်။
“ ဆရာ ၀တ္ထုကို ခွဲပြီးပြီ”
စွယ်စုံကျမ်းကြီးက ချက်ချင်း မကြားဘူး။ ဘောလုံးပွဲထဲ အာရုံရောက်နေတာ။ ကျွန်တော် နောက်ထပ် နှစ်ခါ လောက် အသံကျယ်ကျယ်နဲ့ ထပ်အော်လိုက်မှ ကြားပြီး ကျွန်တော့်ဘက်လှည့်လာတယ်။
“ ဟေ …အေး….ပြီးပြီလား”
“ ဟုတ် ပြီးသွားပြီ”
“ ဘာကောင်းတာ တွေ့လဲ”
“ ဘာမှ မကောင်းဘူး။ အကုန်လုံး ပုပ်ပွနေတဲ့ အညစ်အကြေးတွေချည်းပဲ”
စွယ်စုံကျမ်းကြီးက စိတ်ပျက်သွားသလို ကျွတ်ခနဲ စုတ်သပ်လိုက်တယ်။ ပြီးမှ မအီမလည် မျက်နှာကြီးနဲ့
“ ထင်တော့ထင်သား။ ဒီအရွယ်ကြီးအထိ မဟုတ်က ဟုတ်ကတွေ အကုန် လျှောက်သွတ်နေမှတော့
ဘယ်ကောင်းနိုင်တော့မလဲ”
ကျွန်တော်လည်း ခေါင်းညိတ်ထောက်ခံလိုက်တယ်။
“ အခြား သံသယဖြစ်စရာကော ဘာတွေ့သေးလဲ။ ရိုးရိုးသေတာပဲ မဟုတ်လား။”
“ ဘာမှ မတွေ့ပါဘူး။ အသက်ကြီးလို့ သေတာပါပဲ။ သေသင့်တာတောင် ကြာနေပြီ။ ရိုးတာမှ ဒီထက်
ရိုးတဲ့သေနည်း ရှိမှာတောင် မဟုတ်ဘူး”
“ အေး .. ဒါဆိုလည်း ပြီးတာပဲ”
“ ကျွန်တော့်အတွက် ဒီနေ့ လုပ်အားခ”
လို့ ပြောတော့ စွယ်စုံကျမ်းကြီးက စောစောကလို မအီမလည် မျက်နှာကြီးနဲ့ အံဆွဲထဲက ပိုက်ဆံထုတ်ပြီး ကျွန်တော့်ကို ပေးတယ်။ ကျွန်တော်လည်း ပိုက်ဆံယူပြီး ပြန်ဖို့ စွယ်စုံကျမ်းကြီးကို နှုတ်ဆက်လိုက်တယ်။ စွယ်စုံကျမ်းကြီး က
“ အေး … ဒါနဲ့ ။ မနက်ဖြန် အဲဒီ ၀တ္ထု ဈာပနကို မင်း ပြင်ပေးဦးမှာလား”
လို့ မေးသေးတာ။ ကျွန်တော်လည်း ချက်ချင်းပဲ
“ ဟင့်အင်း….. မပြင်တော့ဘူး။ ကျွန်တော် နေမကောင်းဘူး။ မနက်ဖြန်အလုပ်မဆင်းတော့ဘူး။
တစ်ခါတည်း ခွင့်တိုင်ထားလိုက်မယ်ဗျာ။”
အမြန်ပြန်ငြင်းလိုက်ရတယ်။ မဟုတ်ရင် ဒီ အပုပ်အသိုးဝတ္ထုကြီးကို ထပ်တွေ့နေရဦးမှာ။ တော်တော် စိတ်ကုန် နေပြီ။ ၀တ္ထုဆိုရင် ကြားကို မကြားချင်တော့ဘူး။ ကျွန်တော်လည်း စွယ်စုံကျမ်းကြီးကို နောက်တစ်ကြိမ် နှုတ်ဆက်ပြီး အိမ်ပြန်ခဲ့တယ်။အခုအချိန်ဆို အိမ်က ကျွန်တော့်မိန်းမကတော့ ၀တ္ထုဖတ်ရင်း ကျွန်တော့်ကို စောင့်နေမလားပဲ။

                                       *

မိုးအိမ်လူ


ပိတောက်ပွင့်သစ် မဂ္ဂဇင်း ၊ နိုဝင်ဘာ ၊ ၂၀၁၂








တရွေ့ရွေ့

. 
အစာအိမ်က မဟုတ်ဘဲ
စိတ်ရဲ့ ဆာလောင်ခြင်းနဲ့အတူ  တရွေ့ရွေ့
တစ်ခုမက အရာအားလုံးမဲ့နေတဲ့ စိတ်တစ်ခုရဲ့
အနာဂတ်သစ် / မနက်ဖြန်ဆီကို တရွေ့ရွေ့
ဗလာစာအုပ်တစ်အုပ်ရဲ့ စကားလုံးတွေ အော့အန်နေခြင်းလိုမျိုး
အခြားတပါးသော သူများအတွက် တရွေ့ရွေ့
ပျော်ရွှင်မှု / မျက်ရည်တွေ စိုလက်နေတဲ့ အပြုံးတွေနဲ့ 
ပျော်ရွှင်ခြင်း / မျှော်လင့်ခြင်းများ တရွေ့ရွေ့
မရေရာမှု အိပ်မက်များ တရွေ့ရွေ့
ပစ္စုပ္ပန် ပျောက်ဆုံးခြင်း တရားများ တရွေ့ရွေ့
ကမ္ဘာ့နံရံတွေကို ဆွဲခွာမယ့် လက်များ တရွေ့ရွေ့
မီးခိုးတိမ်တိုက်များ / အရောင်မဲ့ လှိုင်းများ မရွေ့ရွေ့
ဆူညံမှုတွေထဲက ကျယ်လောင်သံများ တရွေ့ရွေ့
ဆိတ်ငြိမ်မှုတွေထဲက ကျယ်လောင်သံများ တရွေ့ရွေ့

တရွေ့ ရွေ့ ….. ဘယ်ဆီကိုလဲ… အရာရာမှုန်ဝါး…. တရွေ့ရွေ့။


မိုးအိမ်လူ

သံသရာ၏ သံသရာ


. 

စာသားတွေ အနက် ကွာကျလာမှုနဲ့ အတူ
မနက်ဖြန် အရေးအသားတွေဟာ တောင်ခြောက် မြောက်ခြောက် ဖြစ်
တော့မယ်လို့ တောင်ပြော မြောက်ပြော ကောလဟာလတွေ ရပ်ကွက်ထဲ အနှံ့
ပျံ့နှံ့ ၀င်ရောက်နေတဲ့ ဗိုင်းရပ်စ်တွေဟာ သွေးနီဥ သွေးဖြူဥ ဆဲလ်တွေကို
ကိုက်ဖျက် ဖျက်ဆီး ခန္ဓာကိုယ်ဟာ ရွေ့လျားမှု / လှုပ်ရှားမှု နှေးကွေးလာပြီး
နောက် ရီဖရက်ရှ် အခါခါလုပ်လည်း မရ ၀င်းဒိုး တစ်ခုလုံး ပြုတ်ကျ
ရုပ်သေအတိုင်း ဖလက်ရှ် တစ်ချက်ပွင့်ပြီး ရုပ်သေအတိုင်း ၀င်းဒိုး အသစ်
တင်ဖို့ ၀င်းဒိုး ဆဲဗင်း အခုမှ ၀င်းဒိုး ဆဲဗင်း မြန်မာယူနီကုဒ် မိုက်ခရိုဆော့ဖ် … …
ဘာညာဘာညာ နဲ့ နှစ်သက်ရာ သီချင်း အပုဒ် ငါးရာ ကျန်တာ အဆင်ပြေရာ
ရုပ်ဟာ နာမ် အသစ် ၀တ်ပြီး ပြန်လည် လှုပ်ရှား
နှင်းဆီဖူး နံနက်ခင်းများ ဟမ်ဘာဂါ နှုတ်ခွန်းဆက်များ စနိုးတာဝါ ကျင့်ဝတ်များ
နှင့် စုန်ချည်ဆန်ချည် ချည်ကြိုးလို့ အပ်သွားရာနောက် တကောက်ကောက်
ရုပ်ခန္ဓာရဲ့ ဇီဝ ဗေဒဖြစ်စဉ် ထပ်ပေါင်း သချာင်္သဘောတရား နွယ် ရူပဗေဒ
သီအိုရီ သိပ္ပံ စမ်းသပ်ချက်နဲ့ သစ်ပင်စိုက်နည်း လမ်းပြင်နည်း လမ်းခင်းနည်း
လူသားချင်း ကူညီ စောင့်ရှောက်နည်း ဘုရားဝတ်တက်နည်း အစရှိသဖြင့် အစက စ
ပြန်ပြီး ဒရစ်သွင်း သုံးနှစ်သုံးမိုး ဥတုသုံးလီ ပြည့်တော့ သုံးစားမရအောင်
လှုပ်ရှားမှုတွေ ပြန် နှေးကွေးလာ ဗိုင်းရပ်စ်တွေ ပြန်ဝင်လာ ဖလက်ရှ် တစ်ချက်
ပွင့်ပြီး ရှပ်ဒေါင်း ပြန်ဖြစ်သွား ပြန်တယ် အရေးအသားတွေဟာ တက်လိုက် ကျလိုက်နဲ့။


မိုးအိမ်လူ