Sunday, April 15, 2012

နှင်းမြား တစ်လက်ရဲ့ ပုံပြင်




ဝေ့ခနဲ တိုက်ခတ်သွားတဲ့ လေတစ်သုတ်က အတိတ်တစ်အုပ်ကို ကြဲချသွားတယ်။ အောက်မေ့ခြင်းနဲ့ သတိရခြင်း တူညီသလား ဆိုတာ ကျွန်တော် အခုထိ မဝေခွဲတတ်သေးဘူး။ ညဟာ တစ်စုံတစ်ခုကို စောင့်ဆိုင်းနေသလို တိတ်ဆိတ် နေတယ်။ အမှတ်စာရင်း ကြေငြာခံရတော့မယ့် ကျောင်းသားတစ်ယောက်လို တိတ်ဆိတ်နေတယ်။ နောက်ပြီး.. ရွာပျက် တစ်ခုလို တိတ်ဆိတ်နေပြန်တယ်။ သချုင်္ိင်းတစ်ခုလို တိတ်ဆိတ်နေပြန်တယ်။ ကောင်းကင်မှာ လရောင် မပွင့်ဝေရဲ အောင် တွန့်ဆုတ်နေတဲ့ ည ပေါ့။ ကျွန်တော့်ရဲ့ အာရုံမှာ  အတိတ်တွေဟာ တစ်ချပ်ချင်း ကွာကျလာပြီးနောက် ကျွန်တော့် မျက်လုံးထဲမှာ အတောင်ပံ အသစ်နဲ့ ပျံဝဲနေခဲ့ပြီ။
ရွက်ခြောက်တွေပေါ် ကျွန်တော် နင်းလျှောက်လိုက်တိုင်း ထွက်ပေါ်လာတဲ့ အသံဟာ စိတ္တဇ ဆန်ဆန် ကျွန်တော့် ကို ပြန်ပြီး ခြောက်လှန့်နေတယ်။ အိမ်ရှေ့ တလင်းပြင် တစ်ခုလုံး ရှင်းလင်းပြီး ရေဖျန်းထားလို့  မြေသင်းနံ့တွေ ဝေနေခဲ့ တဲ့ နံနက်ခင်းတွေ သေဆုံးသွားခဲ့တာ ဘယ်လောက်ကြာပြီလဲ။ ဘယ်လောက်ပဲ မှားယွင်းမှုတွေ လုပ်နေပါစေ ကျွန်တော့် ဘက်က အမြဲ ရပ်တည်ပေးခဲ့တဲ့ ….ကျွန်တော့်ရဲ့ ဆိုးသွမ်းမှုတွေအတွက် လူတွေက လူဆိုးလေးလို့ ပြောတိုင်း စိတ်ဆိုး တတ်တဲ့… ဘုရားရှိခိုးတိုင်း ကိုကိုနဲက မမတို့ထက် ကျွန်တော့်ကို အရင် မေတ္တာပို့ ဆုတောင်းပေးလေ့ရှိတဲ့… မေမေ။
စနေ၊ တနင်္ဂနွေ ကျောင်းပိတ်ရက်တွေဆို ဟောဒီ ပိတောက်ပင်ကြီးအောက်မှာ မေမေတစ်ယောက် စာအုပ် ဖတ်ရင်ဖတ်၊ ပုတီးစိပ်ရင်စိပ် ..ငြိမ်းအေးမှုကို မေမေ ဘယ်လောက် နှစ်ခြိုက်သလဲ ဆိုတာ ကျွန်တော်သိတာပေါ့။ မီးတောက်နေတဲ့ တောင်းဆိုးပလုံးဆိုးလေးကို အပြုံးအေးအေးလေးနဲ့ အမြဲ ပြုံးပေးနေခဲ့တဲ့ မေမေ..။ စိတ်ထဲရှိတဲ့အတိုင်း လုပ်ခဲ့တဲ့ ကျွန်တော့်ရဲ့ လုပ်ရပ်တွေမှာ ကောင်းမြတ်ခြင်းဆိုတာ ဘယ်တုန်းကမှ မရှိခဲ့ဘူး။ ကျွန်တော်ပြောတဲ့ လီဆယ် စကားတွေ ၊ လုပ်ကြံဇာတ်လမ်းတွေကို လက်ခံပေးခဲ့တာတွေဟာ ကျွန်တော့်ကို ယုံကြည်ခဲ့လို့လား ၊ ကျွန်တော် စိတ်ချမ်း သာအောင် အပြုံးလေးနဲ့ ခေါင်းညိတ်ရင်း အလိုလိုက်ခဲ့တာလား။ ဒီတစ်ခါ ငါ့သားလေး အမှန်ပြောတာ နေမှာပါလေ ဆိုပြီး ကိုယ့်ကိုယ်ကို နှစ်သိမ့်နေခဲ့တာလား ဆိုတာ မေမေတစ်ယောက်ပဲ သိနေခဲ့မယ့် အမှန်တရားပါ.. မေမေရယ်။
မေမေဟာ သူ့ဘ၀တစ်လျှောက်လုံး ကျွန်တော့်ကို မေတ္တာတွေ နွေးထွေးမှုတွေ ပေးခဲ့ပေမယ့် ကျွန်တော်ကတော့ မျက်ရည်တွေ ၊ အိပ်မပျော်ညတွေ ၊ စိုးရိမ်ပူပန်မှုတွေပဲ ပြန်ပေးမိတယ်။ ချိုမယ်ထင်လို့ ကျွန်တော်စားခဲ့တဲ့ အဆိပ်သီးတွေ ရဲ့ အဆိပ်တက်မှုတွေဟာ မေမေ့ရဲ့ လက်ကလေးနဲ့ ကျွန်တော့်ခေါင်းကို ပွတ်သပ်လိုက်ရင် အားလုံးပြေပျောက်ခဲ့တာ ချည်းပဲ။ ကျွန်တော်က ဆူးကောင်ပါ။ ကျွန်တော့်ကို မေတ္တာထားတဲ့ ၊ မေတ္တာထားချင်တဲ့လူတွေဟာ ကျွန်တော့်ရဲ့ ဆူး အထိုးမခံဖူးတဲ့သူ မရှိဘူး။ ရင့်ကျက်တဲ့အချိန် သူငယ်ချင်းတစ်ယောက်က ပြောဖူးတယ်။ ကဗျာစာသားတစ်ခုလို့လည်း ထင်ပါတယ်။ မင်းတို့အမေတွေ ချစ်တယ်ဆိုတာ ငါ့ကို ငါ့အမေ ဆဲသလောက်ပဲ ရှိတာပါကွာ တဲ့။ ကျွန်တော်ပြုံးမိ တယ်။ မေမေ ကျွန်တော့်ကို တစ်ခါမှ မဆဲဆိုဖူးပါဘူး။ အမြဲတမ်းပြုံးချိုနေတဲ့ မေမေ့ မျက်နှာလောက် ကျက်သရေ ရှိတဲ့ အလှမျိုး ကျွန်တော် တစ်ခါမှ မတွေ့ဖူးခဲ့ပါဘူး။ အဲဒီအပြုံးလေးမှာ အေးမြတဲ့ မေတ္တာရိပ်တွေ ပါနေတယ်ဆိုတာ မီးတောင်ရှင်တစ် လုံးလို ဖြစ်နေတဲ့ ကျွန်တော်က ကောင်းကောင်း မခံစားမိခဲ့ဘူးလေ။
ကျွန်တော် လှေကားရဲ့ ပထမဆုံး အထစ်ပေါ် ခြေထောက်တင်လိုက်တဲ့ အခါ ကျွီခနဲ အသံက ထွက်လာတယ်။ ဒီအိမ်ဟာ ဒီလောက်တောင် ဆွေးမြေ့နေပြီလား။ မောဟတွေ ပိတ်ဖုံး ၊ အတ္တတွေ မိုးလောက်ကြီးခဲ့တဲ့ အချိန်က ဒီလှေ ကားအပါအ၀င် အိမ်တစ်အိမ်လုံးဟာ ကျွန်တော် ပေါက်ကွဲလို့ အကောင်းဆုံးနေရာပေါ့။ ကျားရိုင်းတစ်ကောင်ရဲ့ သွေးဆိုး မှုတွေကြောင့် ကျွန်တော်တို့ မိသားစုမှာ ဂုဏ်သိက္ခာဆိုတာ အခိုးအငွေ့တွေလိုပဲ။ ကိုကိုဟာ ကျွန်တော်မူးတိုင်း ထိုးဖို့ သဲအိတ်ကြီးလို ပေခံခံနေပေးခဲ့တယ်။ လက်ညှိုးထိုးဖို့ အမြဲ အဆင်သင့် ဖြစ်နေတဲ့ လူမှုအသိုင်းအ၀ိုင်းထဲမှာ မမ တစ်ယောက် ကျွန်တော့်ကြောင့် အမြဲ ခေါင်းငုံ့ လမ်းလျှောက်ခဲ့ရတယ်။ ဟောဒီ လှေကားထစ်လေးမှာ ကျွန်တော့် ခြေချ သံ ခပ်ပြင်းပြင်း ကြားလိုက်ရတာနဲ့ တစ်အိမ်လုံး ကျိန်စာသင့်သလို စိုးရွံ့ ထိတ်လန့်နေခဲ့ကြတယ်။ ကျွန်တော် ရယ်မိ တယ်။ လောကကြီးက ဒီလောက်ကောင်းတဲ့ မိသားစုလေးကို ဘာလို့ ကျွန်တော့် လက်ထဲ ထည့်ခဲ့တာလဲလို့ ကျွန်တော် အကြိမ်ကြိမ်စဉ်းစားမိတယ်။
ကျွန်တော် အိမ်ပေါ် မတက်ချင်တော့ဘူး။ အမှန်တော့ အိမ်ဆိုတာ လောကနဲ့ ယှဉ်လိုက်ရင် သဲတစ်ပွင့်ပါ။ ကျွန်တော်လို တိရစ္ဆာန်တစ်ကောင်အတွက် လောကကြီးက တိရစ္ဆာန်တွေ ရှိတဲ့နေရာကိုပို့ပေးခဲ့တယ်။ အ၀တ်တစ်ထည် ကိုယ်တစ်ခုပဲ ရှိတဲ့ ကျွန်တော်လိုကောင်ဆီကတောင် အမြတ်ထုတ်လို့ရသမျှ ထုတ်ချင်နေတဲ့ လူတွေရဲ့ လောဘကို ကျွန်တော် ရွံတယ်။ ဘယ်အရပ်ကြည့်ကြည့် သွေးဆာနေတဲ့ သရဲ တွေလို ကိုက်ဝါးဖို့ ချောင်းနေကြတဲ့လူတွေ။ လက်မှာ စွန်းခဲ့တဲ့ သွေးတွေကို ကျွန်တော် ဆေးကြောလို့ ရပေမယ့် ကျွန်တော့်စိတ်က အညစ်အကြေးတွေကတော့ နှစ်ရှည်လများ အညှိတက်လို့နေခဲ့တယ်။ မမှန်ကန်မှုတွေကြားမှာ ကျွန်တော့်ကို မှားတယ်လို့ ဘယ်သူမှ မပြောရဲကြဘူး။ ဒါပေမယ့် သူတို့ လက်ထဲမှာ ဓားကိုယ်စီနဲ့ ကျွန်တော် ကျောပေးမယ့်အချိန်ကို စောင့်နေခဲ့ကြတယ်လေ..။
ပိတောက်ပင်အိုကြီးအောက်မှ ကျွန်တော် ထိုင်ချလိုက်တယ်။ ကျွန်တော် ပိတောက်ပင်ကြီးကို မော့ကြည့်လိုက် တော့
“မင်းေ၇ာက်လာပြီလား”  တဲ့။ ဟုတ်တယ်။ သူက ကျွန်တော်အကြောင်း အကုန်သိတဲ့သူ။ ကျွန်တော် မမွေးခင်က တည်းက သူ ရှိနေတာလေ။ ကျွန်တော် ခေါင်းညိတ်ပြလိုက်မိတယ်။
“ မင်း  ဘာလို့ ပြန်လာတာလဲ ”
ကျွန်တော့်မှာ အဖြေ မရှိခဲ့ပါဘူး။ ကျွန်တော့်အာခေါင်တွေ စေးကပ်လာတယ်။ ကျွန်တော့် ရင်တွေ ပူလာတယ်။ ကျွန်တော်  ရေသောက်ချင်နေတယ်။
“ မင်း ရေငတ်နေပြီလား ”
ကျွန်တော် ခေါင်းညိတ်လိုက်တယ်။ သူက ဆက်ပြီးတော့
“ အေးပေါ့ကွာ…. မင်း ရေဆာနေမှာပေါ့။ မင်း ရေမသောက်ရတာ ဘယ်လောက်ကြာနေပြီလဲ။ မင်းက ရေရှိတဲ့
အရပ်ကို စွန့်ခွာခဲ့တဲ့ကောင်ကိုကွ ”
ဟုတ်ပါတယ်။ ကျွန်တော်က ရေရှိတဲ့ အရပ်ကို စွန့်ခွာခဲ့တဲ့ ကောင်။
“ အခုတော့ မင်းကို ရေတိုက်မယ့် သူ တစ်ယောက်မှ မရှိတော့ဘူး ”
“ ဟုတ်လား ”
အဲဒီစကားကို ကျွန်တော် အတော်အားတင်းပြီး ပြန်ပြောလိုက်ရတယ်။
“ အေး … ၅၂၈ ကော ၁၅၀၀ ကော .. ဘယ်လို မေတ္တာရေမှ တိုက်ကျွေးမယ့်လူ တစ်ယောက်မှ
မင်းဆီမှာ မရှိတော့ဘူး ”
မေတ္တာရေ…။ ၅၂၈ ….။ ၁၅၀၀…။
“ မိုး ”
ကျွန်တော် တီးတိုး ရေရွတ်လိုက်မိတယ်။
ကျိန်စာတွေ နဲ့ ပြည့်နေတဲ့ ကျွန်တော့်လို တစ္ဆေတစ်ကောင်ကို အလင်းရောင်တွေ ဖြာဝေ ပေးချင်နေခဲ့တဲ့ …မိုး။
“ မိုး…. မိုး ရောက်လာသေးလား ”
ကျွန်တော် ပိတောက်ပင်ကြီးကို အငမ်းမရ မေးမိတယ်။
“ မိုး ”
ပိတောက်ပင်ကြီးက တစ်ခုခုကို မေ့နေလို့ သတိရအောင် ပြန်ခေါ်နေတဲ့ အသံမျိုးနဲ့ မိုး ရဲ့ နာမည်ကို ရေရွတ် နေတယ်။
“ ရောက်လာတယ်။ အဲဒီကောင်မလေး အခုချိန်ထိ ရောက်လာတတ်သေးတယ်။
ရောက်လာတိုင်း ငါ့အရိပ်အောက်မှာ ထိုင်ပြီး ငိုနေတတ်တယ် ”
“ ဟင်း….”
ကျွန်တော် သက်ပြင်းချမိတယ်။ ကျွန်တော့် ဘ၀ တစ်လျှောက်လုံးနူးညံ့ညင်သာမှုတွေ အများဆုံး လုပ်မိတာ မိုးနဲ့ အတူ ရှိနေတဲ့အချိန်တွေပဲ။ ရာဇ၀င် အဆက်ဆက် လူဆိုးတွေရဲ့ ထိပ်ဆုံးမှာ ရပ်နေခဲ့တဲ့ ကျွန်တော့်အတွက် ချစ်သူဆိုတာ နေ့တစ်နေ့ မှာ ကာလအပိုင်းအခြား တစ်ခုနဲ့ အဓိပ္ပာယ်တွေ ပြည့်နေတဲ့ နံနက်ခင်းလေးပါပဲ။ အဲဒီ ကာလတွေမှာ မိုး ဟာ ကျွန်တော့်အတွက်တော့ မှော်ဆရာမလေးပဲ။ မိုး နှုတ်က ထွက်ကျလာတဲ့ စကားလုံးတိုင်းမှာ ကျွန်တော် ၀ပ်တွားခစားဖို့ အသင့်။ အိပ်မက်တွေဟာ အခြား ကမ္ဘာက ရောက်လာသလို မွန်မြတ်ကောင်းမွန်ခြင်းတွေ အပြည့်နဲ့…။ ကျွန်တော်ရဲ့ ရူးသွပ်မှုတွေ အားလုံးဟာ မိုးရဲ့ အနမ်းတွေထဲမှာ ပျော်ဝင်ပျောက်ရှသွားသလို…။ ကျွန်တော်မြတ်နိုးခဲ့တဲ့ အရာအားလုံးဟာ မိုးအတွက်။ ကျွန်တော်တို့ရဲ့ အချစ်က ကောင်းကင်ကြီး ပြိုကျသွားလောက်အောင် အင်အားကြီးမားခဲ့တယ်။
“ မင်း … သူ့ကို မတွေ့ချင်ဘူးလား ”
ပိတောက်ပင်ကြီးက မေးပါတယ်။
ကျွန်တော် ခေါင်းရမ်းမိတယ်။ ဘ၀ဆိုတာ ရုပ်ရှင်ကားတစ်ကား အရမ်းကြည့်လို့ကောင်းနေချိန်မှာ မီးပြတ်သွားသ လို ၊ ဖလင်ပျက်သွားသလို ကောင်းတာတွေ အရမ်းမပေးတတ်ဘူး။ အလွယ်တကူ မပေးတတ်ဘူး။ တစ်ချိန်ကဆိုတာတွေ ကို ရွှေရည်စိမ်ပြီး အမြဲကြည့်တယ်ဆိုတာ ကောင်းကွက်လေးတွေကိုပဲ ကြည့်တတ်ကြတာလေ။ ကျွန်တော်ကတော့ ကောင်းတာတွေလည်း မကြည့်ချင်ဘူး။ ဆိုးတာတွေလည်း မကြည့်ချင်ဘူး ။ အရာအားလုံးဟာ အိပ်မက်တွေပဲလို့ ဆိုရင် တောင် အိပ်မက်မက်ပြီး နောက်နေ့ တစ်နေ့လုံး စိတ်ထဲ မြင်နေတဲ့ အိပ်မက်မျိုးပဲ ဖြစ်လိမ့်မယ်။ မေ့ဖို့ မလွယ်သလို သတိ ရဖို့လည်း မလွယ်တဲ့ ပုံရပ်ယောင်တွေ။
ကျွန်တော် ထိုင်ရာကနေ ထလိုက်တယ်။ သွားတော့မယ်။ ဒီနေရာကနေ သွားတော့မယ်။ ကျွန်တော်နဲ့ ဒီနေရာနဲ့ လုံးဝ မသက်ဆိုင်တော့ဘူး။
“ ပြန်တော့မယ်ဗျာ…။ အတိတ်ဆိုတာ အတိတ်မှာပဲ ထားခဲ့တာ ကောင်းပါတယ်။ အခုပြန်ပြီး အသက်သွင်း ပြုပြင်
ချင်တယ်ဆိုရင်တောင်အခြေအနေတွေ အချိန်အခါတွေက မတူတော့ဘူးလေ။ အထူးသဖြင့်..
နှလုံးသားတွေက မတူတော့ဘူး ”

ပိတောက်ပင်ကြီးက အားပါးတရ ရယ်ပါတော့တယ်။ သူ့ ရယ်သံကြီးက ၀ါတာလည်း မဟုတ် နီတာလည်းမဟုတ် စိမ်းတာလည်း မဟုတ်ဘဲ ကြားရောင်ကြီးနဲ့ ရယ်တဲ့ အသံကြီးပါ။ ကျွန်တော်ပြုံးပြီး လက်ပြလိုက်တယ်။ ပြီးတော့ သူ့ဆီက နေ ထွက်လာခဲ့တယ်။ ဟိုးရှေ့မှာ မိုးသောက်ယံ နှင်းစက်တွေ တသဲသဲ ရွာလို့…။

                                                          *

မိုးအိမ်လူ
 မဟေသီ မဂ္ဂဇင်း ၊ ဧပြီလ ၊ ၂၀၁၂

1 comment:

  1. မေ့ဖို့ မလွယ်သလို သတိ ရဖို့လည်း မလွယ်တဲ့ ပုံရပ်ယောင်တွေ။

    ReplyDelete