Thursday, December 10, 2015

မျှဝေခြင်း ဘီလီယံပေါင်းများစွာဖြင့်


နီတိ ကျင့်ဝတ် ဥာဏ်ပညာ အရေးအသားတွေ
မျှဝေပေးခဲ့ပြီးနောက်
အဲဒီအရာတွေ တစ်ခုမှ ကိုယ့်ဆီ ကျန်မနေခဲ့တော့ဘူး


ကိုယ်မကောင်းရင်နေ
သူတို့ ကောင်းကြပါစေ ဆိုတဲ့
ကောင်းမွန် မြင့်မြတ်သော စိတ်ထားလေးနဲ့


တစ်ယောက်ပြီး တစ်ယောက်
တစ်ဆင့်ပြီး တစ်ဆင့်
မြန်မာအနှံ့
ဘာသာပြန်
ကမ္ဘာ အနှံ့
လက်ဆင့်ကမ်းသွားကြ


 နောက်ဆုံး လူဟာ
အဲဒီအရေးအသားတွေကို
ယောင်လို့တောင် ဖတ်မကြည့်ဘဲ
နှစ်သက်ထောက်ခံခြင်း ခလုတ်ကို နှိပ်ခဲ့။



မိုးအိမ်လူ

စိတ်သီချင်း


ငါဟာ
ငါ့အကြောင်းကို အတိအလင်း ဖွင့်ချပြဖို့
ကြောက်ရွံ့ထိတ်လန့်နေခဲ့
အခုထိ။


 ဖြစ်ရခြင်းအကြောင်းဟာ
 

(၁)
နှစ်ပေါင်းများစွာ
ရိုက်သွင်းခံထားရတဲ့ ကြောက်စိတ်ကြောင့်။


(၂)
မရှက်မကြောက် ချေးပါ သေးပေါက်က အစ
ဇူကာဘတ် ဘလူးဘုတ်ကြီးပေါ် တင်တတ်တဲ့
လူ့အန္ဓတွေနဲ့ တန်းတူး သတ်မှတ်ခံရမှာ ကြောက်တဲ့စိတ်ကြောင့်။


(၃)
အတိအလင်းဖွင့်ချပြစရာ
ကြီးကြီးကျယ်ကျယ်
လျှို့ဝှက်ထားရာ မရှိတဲ့ အတွက်ကြောင့်။



မိုးအိမ်လူ

အနာတရ


 သစ်ပင်ကြီးရဲ့ ပင်စည်က သစ်ခေါက်လေးကို အကြောင်းမဲ့ ဆွဲခွာလိုက်တဲ့အခါ
သစ်ပင်ကြီးမှာ အနာတရ ဖြစ်သွားသလား။

ပန်းပင်လေးရဲ့ သစ်ရွက်နုသစ်လေးကို အကြောင်းမဲ့ ဆွဲဖဲ့ လိုက်တဲ့အခါ
ပန်းပင်လေးမှာ အနာတရ ဖြစ်သွားသလား။

သစ်သားခုံတန်းလေးရဲ့ ကျောမှီ သစ်သားပြားလေးကို ခဲတံချွန်တဲ့ဓားလေးနဲ့ အကြောင်းမဲ့ ဆွဲခြစ်/ဆွဲဖြတ်လိုက်တဲ့အခါ
သစ်သားခုံတန်းလေးမှာ အနာတရ ဖြစ်သွားသလား။


မိုးအိမ်လူ

Tuesday, December 8, 2015

....မရှိတဲ့အခါ



မရှိတဲ့ အခါ
ဘာအတွက် နေထိုင်မလဲ


မရှိတဲ့ အခါ
ဘာစကားတွေ ပြောမလဲ


မရှိတဲ့အခါ
ဘာအိပ်မက်တွေ မက်မလဲ


မရှိတဲ့ အခါ
ဘာအတွေးတွေ တွေးမလဲ


မရှိတဲ့အခါ
ဘာအစားတွေ စားမလဲ


မရှိတဲ့အခါ
ဘာကဗျာတွေ ရေးမလဲ


မရှိတဲ့အခါ
ဘာစာတွေ ရေးမလဲ


မရှိတဲ့အခါ
ဘာဒီဇိုင်းတွေ ၀တ်မလဲ


မရှိတဲ့အခါ
ဘာကေ တွေ ညှပ်မလဲ


မရှိတဲ့အခါ
ဘာတွေ စီးမလဲ


မရှိတဲ့အခါ
ဘာတွေ ရှူရှိုက်မလဲ


မရှိတဲ့အခါ
ဘာအတွက် ရှင်သန်မလဲ။


မိုးအိမ်လူ

ပျော်ရွှင်ခြင်းကို မှုန်ရီဝိုးဝါး ရေးခြယ်


အလင်းမပေါက်ခင် မှောင်နဲ့မည်းမည်း ငါတို့ အားအင်ကုန်ခမ်း ပြန်ခဲ့ကြတယ်
ကြိုတင်ခန့်မှန်းချက်တွေ မရှိပေမယ့် ကြိုတင်ခန့်မှန်းထားတဲ့အတိုင်း ကွဲခဲ့ကြ ပြဲခဲ့ကြ တစ်ချို့သူတွေရဲ့ အသံတွေဟာ ၀င်သွားခဲ့တယ်
အသံဟာ ဘယ်ထဲ ၀င်သွားခဲ့သလဲ ဘယ်သူမှ မစဉ်းစားဘဲ
ဝင်နေတဲ့အသံနဲ့ စကားသံတွေ ပြုလုပ် ပြုံးပြုံးပျော်ပျော်
ကျောင်းသားဘ၀ ပြန်ရောက်သွားသလိုပဲ
ခံစားချက်တွေဟာ အတိတ်ကို ပြန်ဖမ်းယူနိုင်စွမ်းရှိမရှိ
ဘီယာပုလင်းဖုံးထဲက သင့်ခ်ယူထက် တစ်ထောက်ကျပ် ဖြစ်ဖြစ် နှစ်ရာကျပ်ကျပ်ဖြစ်ဖြစ် တန်ဖိုးတစ်ခုခုဟာ ငါတို့ကို ပိုပြီး ပျော်ရွှင်စေတယ် ပိုပြီး မူးဝေစေတယ်
ဒီနေရာမှာ ကျေးဇူးတရားရဲ့ အသုံးမ၀င်မှုဟာ ထင်သာမြင်သာရှိလာပြီး
မနေ့ညက သောက်ခဲ့တဲ့ ကော်ဖီမစ်ထုပ်ထဲက သင့်ခ်ယူ ဟာ ငါ့ကို ဆဲစေတဲ့အထိ
ငွေကြေးဟာ ဒုတိယဘုရားသခင်တွေဘာတွေ အကြီးကြီး မြှောက်စားမထားတတ်ပေမယ့်
အသက်ရှူနှုန်းကို ငြိမ်ချမ်းစေတဲ့ ဆေးဝါးတစ်ခုအဖြစ်
ဘယ်သူတွေ သယ်ပြီး ဘယ်သူတွေ ယူသွားမှန်းမသိတဲ့ ၀ီစကီပုလင်းတွေ လက်ကျန်အမြည်းတွေ ဘီယာဗူးခွံတွေ ယုံကြည်မှုတွေ အားကိုးမှုတွေ တန်ရာတန်ကြေးတွေ
အဲဒီညက ကဗျာတစ်ပုဒ်တောင် မဖူးပွင့်နိုင်လောက်အောင် ပျော်ရွှင်ခဲ့ရ
ကဗျာဟာ ပျော်ရွှင်ခြင်းနဲ့ အတူ ဖူးပွင့်နိုင်ဖို့ မစွမ်းသာတဲ့ ဒုက္ခဖြေဆေးတစ်ခုအဖြစ်
ဒီကောင်တွေ မူးပြဲ ကခုန်နေပုံဟာ ဘ၀အတွက် လိုအပ်တဲ့ အရေးတကြီးအရာသဖွယ်
ဒါဟာ အားလုံးအတွက် သစ္စာမဟုတ်တဲ့ အများအားဖြင့် သစ္စာတ၇ားသာဖြစ်ခဲ့
အဲဒီကာလမှာ ငါတို့ လည်ပင်းမှာ ကြိုးကွင်းတွေ သားရေလည်ပတ်တွေ မရှိဘူး
ငါတို့ခေါင်းပေါ်မှာ အလကားနေ အလကားပူလောင်နေတဲ့ကျောက်တုံးမီးတောက်တွေ မ၇ှိဘူး
အဲဒီကာလမှာ အဲဒီကာလလေးမှာ
နောက်ကျောက ထိုးမယ့်ဓားတွေ မရှိဘူး လဲပြိုအောင်ထိုးခံမယ့် ခြေထောက်တွေ မရှိဘူး
တွန်းထိုးမယ့် လက်တွေ မရှိသလို ပြုတ်ကျမယ့် ချောက်နက်တွေလည်း မရှိဘူး
အတိတ်လှလှလေးတွေနဲ့ ရယ်သံ သန့်သန့်တွေပဲ တောက်တောက်ပပ
ဘယ်သူမှ သူများပစ္စည်းဥစ္စာ မတ၇ားလိုချင်တဲ့ လောဘ သီးပွင့်မလာသလို
ဘယ်သူမှ သူများအပေါ် မနာလိုဝန်တို ဒေါသလည်း ပေါက်ကွဲမလာဘူး
အနာဂတ်အကြောင်း မင်နက်နက်နဲ့ ရေးထွင်း မတွေးတောဘဲ ပစ္စုပ္ပန်မှာ မူးရစ်ရီဝေခြင်းနဲ့ ဒါဟာ ရံဖန်ရံခါ အနာဂတ်မေ့တတ်သူတွေ သောက်တဲ့ဆေးနဲ့ အနာဂတ်မေ့ချင်သူတွေ လုပ်တဲ့ လေ့ကျင့်ခန်းသက်သက်
အလင်းမပေါက်ခင်တော့ ငါတို့ မှောင်နဲ့ မည်းမည်းပဲ ကုန်းရုန်း ပြန်နေကြရဦးမှာပဲ။


မိုးအိမ်လူ
9 December 2015

Thursday, October 22, 2015

အကြောင်းပြချက်ကို ဘယ်သူ့ဆီက ငှားရမ်းထားပါသလဲ




ကိုယ်ကို လွတ်အောင် ရုန်းလိုက်မယ်ဆိုတဲ့ စိတ်ကနေ လွတ်အောင် ရုန်းလိုက်တယ်

အသွေးအသားတွေ ကြားမှာ ကိန်းအောင်းနေတဲ့ အစိုင်အခဲ သက်တမ်းရင့်တွေ
တစ်ယောက်ရဲ့ သွေးကြောထဲ တစ်ယောက်က ထိုးသွင်း ပျော်ပျော်ရွှင်ရွှင်
မလိုလားအပ်တဲ့ အသားသေမှုတွေနဲ့ အားလုံး မီးခိုစော်နံခဲ့ကြတယ်

ပါးစပ်က တစ်ပေါက်
အသံက တစ်သံ
စကားက တစ်မျိုး
ထောက်ပံ့ ခံစားချက်က တစ်မည်
သီးခြား တွေ စုစည်း ပေါင်းစပ်ခြင်းအားဖြင့် အသံဗုံးများဖောက်ခွဲကြတယ်

မြင့်တဲ့ အပင်က လေတိုက်ခံရတယ် ပြောပြီး ခပ်တည်တည် မြင့်တက်သွား
နိမ့်တဲ့ အပင်က အနင်းခံရတယ် ပြောချိန်မရလိုက်ဘူး
မြို့က ရပ်ကွက်တစ်ခုတည်းနဲ့ကို ပွဲစည်နေတော့တယ်

အားလုံး လမ်းပေါ်ရောက်နေကြပြီ
ဘာကြောင့် ညာကြောင့်ရယ် မသိဘူး
အားလုံး လမ်းပေါ်ရောက်နေကြပြီ
လမ်းမှန်ရင် ဘေးကန်ခံရမယ်
လမ်းမှားရင်လည်း ဘေးကန်ခံရမယ်
ဘေးကန်ခံရဖို့
အားလုံး လမ်းပေါ် ရောက်နေကြပြီ။


မိုးအိမ်လူ

Tuesday, October 20, 2015

ရှိတ်ထားတဲ့ ဖဲချပ်တွေကို ကံကြမ္မာလို စီပြီးတော့ သမိုင်းလို စဉ်






လေညာအရပ်မှာတော့ အချစ် မရှိတော့ဘူး ထင်။
နေခြည်ဟာ အပူလောင် နေခဲ့တာလည်း နှစ်တွေကြာခဲ့ပြီမို့။
စခန်းသိမ်း မိန့်ခွန်းလေး ပြောပါဦး။
ရွေ့တယ်၊ လျားတယ်၊ အလျားလိုက် ရွေ့တယ်။
အဲဒီ နယ်နိမိတ်မှာတော့ အမှာစကားထက် အမှားစကားတွေပဲ ကျောက်ထက်မှာ အက္ခရာအဖြစ်တင်။
တစ်ကြောင်း တစ်ဂါထာ ကဗျာတစ်ပုဒ် အဆန်း။
လှုပ်ကာ လှုပ်ကာနဲ့ပဲ အဲဒီနှုတ်ခမ်းဆီက စကားလုံးတွေ လိမ့်ကျလာလေရဲ့။
ညှီစော်နံနေတဲ့ လမ်းကြားထဲမှာ နှာခေါင်းကို အရေးအရာလုပ် ပိတ်ပေးမယ့် လက် မရှိ။
ကျို့ထိုးနေတဲ့ သက်ရှိဟာ စာရေးတဲ့အခါမှာ အချို့စကားလုံးတွေ တွန့်တက်သွားတတ်တယ်။
အကြောင်းကြောင့် အကျိုး ဖြစ်တာပါပဲလေ။
စိတ်နာလို့ မရခဲ့တာ နင် ယုံစမ်းပါ …ဒါဟာ လင်းနစ်ရဲ့ သီချင်းစာသား အပိုင်းအစ။
မင်း မျက်နှာမြင်ရင် အော့အန်ချင်တယ်…ဒါဟာ Big Bag ရဲ့ သီချင်းစာသား အပိုင်းအစနဲ့ အလားတူ။
အချို့အချို့တွေရဲ့ စိတ်ခံစားချက်တွေဟာ ဟောဒီ ညနေခင်း လမ်းလျှောက်ချိန်မှာ စွန့်ပစ် ပစ္စည်းအဖြစ်။
ဒီနေ့ဟာ တနင်္ဂနွေနေ့ တစ်နေ့ ဖြစ်ကောင်း ဖြစ်နိုင်ရဲ့။
ရမ် တစ်လုံး ဆွဲပြီး သစ်ပင်ပေါ်တက်သွားတဲ့ မျောက်လည်း အခုထိ ပြုတ်ကျမလာသေးဘူး။
မျှော်ခဲ့ကြတယ် …တနလာင်္နေ့ကနေ တနင်္ဂနွေ နေ့ အထိ။
နေ၀င် မီးငြိမ်း မြို့တစ်မြို့ရဲ့ ရာဇ၀င်ဟာ သိပ်ပြီး သွေးပူစရာမကောင်းတဲ့အခါမျိုးမှာ။
အဲဒီမှာ သက်ရှိတွေ ရှိတယ်။ သက်ရှိတွေ ရှိနေခဲ့တယ်။ အသက်တွေ ရှိနေခဲ့တယ်။
လယ်တောစပ်က ဒတ်ဒတ်မြည်သံ ဘာသံလဲ ဝေ့။
ခေတ်က ဘယ်ဘက် အိတ်ကပ်။ စနစ်က ညာဘက် အိတ်ကပ်။ အိတ်ကပ်တွေ လုံအောင် ပိတ်ထား။
မြို့ပေါ်မှာ လမ်းလျှောက်တဲ့အခါ စက်ရုပ်ကျင့် စက်ရုပ်ကြံပါ။
ရိုက်သွင်းထားတဲ့ သံဟာ အဆိပ်တက်တာလား သံချေးတက်တာလား သံချေးတက်လို့ အဆိပ်တက်တာလား။
မြေစာပင်ဟာလည်း ကျွဲနှစ်ကောင်သာမရှိခဲ့ရင် လှနေမှာ။
ဒီကဗျာမှာ နံပါတ်စဉ်မပါရတဲ့ အကြောင်းက မရေရာမှုကို အလှပေါ်စေချင်လို့ပါ။
ဒါပါပဲ။ ဒီထက်ပိုပြီး ဒါပါပဲ။ ကျေးဇူးပါ။ အားလုံးကို မေတ္တာပို့ပါတယ်။

မိုးအိမ်လူ
၁၇.စက်တင်ဘာ. ၂၀၁၄

Sunday, October 18, 2015

လွန်ခဲ့တဲ့ မိုးတွင်းတုန်းက


ဝတ်ထားတဲ့ အပေါ်ထပ်အင်္ကျီနွမ်းလျက ရာသီဥတုဒဏ် ကောင်းကောင်း မခံနိုင်ဘူး
ခြေလှမ်းဟာ ရှေ့ကိုတိုးနေရဲ့လားလို့ သံသယဖြစ်မိရလောက်အောင် တိုက်နေတဲ့လေက ပြင်းတယ်
ဒီလိုအခြေအနေမျိုးဟာ ဆေးလိပ်မသောက်သင့်တဲ့ အခြေအနေတစ်ခု
ပခုံးကို တိုက်သွားတဲ့ လူကို လည်ပြန်ကြည့်မိတော့ ကျောပြင်ပဲ မြင်ရတာပေါ့
ရူးပါ့ကွာ လို့ ကိုယ့်ကိုယ်ကိုပြန်ပြောမိတာ ဒီကာလအတွင်း ငါးကြိမ်ရှိသွားပြီ
အိတ်ကပ်ထဲ ထည့်ထားတဲ့ လက်ဟာ ဘာမှမရှိတာကို အတင်းလိုက်ရှာနေတုန်း
တစ်ခုခုများတွေ့ရင်ဖြင့် ပျော်လွန်းလို့ သေမိမလားပဲ
ဟာ...ကိုသစ္စာ
ခင်ဗျား လူမှားနေပြီ
လက်မှတ်က ဘယ်နားထိုးထားခဲ့ရမလဲ
ခင်ဗျားက ဘာလုပ်ဖို့ လက်မှတ်ထိုးမှာလဲ
ကျွန်တော်က ကျွန်တော်ဖြစ်ကြောင်း သက်သေပြဖို့ အတွက်လေ
ခင်ဗျား နေရာမှားနေပြီ
အသံတိတ်တိုက်သွားတဲ့ ကားနှစ်စီးဆီကနေ ဟာသတွေ ရဲခနဲ ဖြာကျလာတယ်
ယာဉ်တိမ်းမှောက်မှုအဖြစ်များတဲ့ ဒီလမ်းမကြီးဘေး ဘယ်လိုရောက်လာခဲ့သလဲ
ခရီးဆက်တော့မယ် ဆရာ...လိုက်မှာလား
ဘယ်သွားကြမှာလဲ
မူလဆုံမှတ်ဆီကို
နေခဲ့တော့မယ်
ရာသီဥတု ဟာ ဆိုးရွားနေတုန်း
အင်္ကျီရဲ့ ကြယ်သီးတစ်လုံး ပြုတ်ထွက်သွားတယ်
အိတ်ကပ်ထဲက လက်ကို ထုတ်ပြီး ထိန်းထားရတယ်
သေချာတာကတော့ အခြေအနေဟာ ဆေးလိပ်သောက်ဖို့မသင့်တဲ့ အခြေအနေပဲ။


မိုးအိမ်လူ
18 Oct 2015

Thursday, October 15, 2015

ပြဇာတ်



လွယ်လင့်တကူ တော့မဟုတ်ပေဘူး
သူ့စိတ်ကူး အတိုင်း
ငါတို့
ရှင်သန်ရဲခဲ့ကြ။


မိုးအိမ်လူ
၁၆ အောက်တိုဘာ ၂၀၁၅

( ၀၀၂၄ )


သစ်ရွက်တွေ
အစိမ်းလိုက်ကြွေခဲ့ပြီးပြီပဲ


သစ္စာ တရားက
သစ္စာ တရားမှန်ကြောင်းပြစရာမလိုတဲ့အကြောင်း
သစ္စာ စကားအပြောများသူတွေ သိရင်ကောင်းမယ်။


16 Oct 2015

( ၀၀၂၃ )


ပစ္စက္ခ ကာလ၌ တည်သော
တရားသည်
ခါး၏။


ထိုတရားတို့တွင်
ကိုးကွယ်ကျင့်ကြံအားထုတ် ပွားစီးကြသူတို့သည်
ပို၍ ခါး၏။


၎င်းပုဂ္ဂိုလ်တို့အရိပ်ဝယ်
မှီခို ကျိုးကုတ် ဘဝလုပ်နေရသူတို့မယ်
ဆိုဖွယ်ရာမရှိတော့ပြီ။


16 Oct 2015

Wednesday, October 14, 2015

ရုပ်ရှင်ဟာ ရုပ်ရှင်ဖြစ်ဖို့ ရုပ် ရှင်ခဲ့ပြီးသား



အခုချိန်ထိ
ဗိုဒီမော့ ကို နာမည်တပ်မပြောရဲသူတွေ
အများကြီးရှိသေးတယ်


အခုချိန်ထိ
ဟယ်ရီပေါ်တာ ကို မုန်းတဲ့သူတွေ
အများကြီးရှိသေးတယ်


အသက်ရှင်ရင်သန်ပြီးရော စိတ်နဲ့
ခပ်ညံ့ညံ့မှော်ဆရာတွေဟာ
လူတောထဲမှာ ပုန်းလျှိုးကွယ်လျှိုး ။


မိုးအိမ်လူ
၁၄ အောက်တိုဘာ ၁၅

အပြော ရှစ်ဆယ် အပြ နှစ်ဆယ်



ဘာမှမပြောရင်လည်း အခြားဘာမှပြောစရာမရှိ
အသိပေးချက်။သတိပေးချက်။စစ်ဆေးကြည့်ရှု။
ဘယ်သူမှားသလဲ။ ဘယ်သူမှန်သလဲ။
ရုပ်ရှင်ဇာတ်လမ်းပြီးဆုံးကာနီးအထိ
မသဲကွဲကြသေးဘူး။


မိုးအိမ်လူ
၁၄ အောက်တိုဘာ ၁၅

Tuesday, October 13, 2015

မျက်နှာပြင်ကို အသာအယာ သပ်ချထားသမျှ




ကိုယ့်ကိုယ်ကို screenshot ထား တယ်
လမ်းချိုးလမ်းကွေ့တွေဟာ အချိန်မရွေး Reportအထု မခံရဘဲ ပျောက်ဆုံးသွားနိုင်သလို
စာမတတ်ပေမတတ်တွေရဲ့ ခလုတ်မှားနှိပ်ခြင်းတွေကနေလည်း ဖျောက်ဖျက်ခြင်းခံရနိုင်တယ်
ရွေ့လျားမှုတိုင်း ထိတွေ့မှုတိုင်း မှတ်တမ်းတင်ပုံရိပ်တွေ တဖျပ်ဖျပ်ပြုလုပ်ခြင်း
စာတိုစာစများ ကယောင်းကတမ်း ရိုက်နှိပ် ရေးပိုစ့်ခြင်း
ကာကွယ်ခြင်းဟာ ကုသခြင်းထက် အမြဲတမ်း ပိုကောင်းခဲ့ပါတယ်
အခုတော့ စိုစိုရွှဲရွှဲ
ထီးမပါတဲ့ မိုးရာသီနေ့တွေမှာဆို ချစ်ခဲ့ဖူးတာတွေ အကုန်မေ့
ကိုယ့် အတ္တလေတွေ မိုးရေစိုစွတ်ပျက်ပြယ်သွားမှာကို သေမလောက်ကြောက်ရွံ့တတ်လာခဲ့ပြန်ပြီ
မတိုင်ခင် screenshot
တိုင်းဒေသကြီးအစွန်က မြို့သေးသေးလေးတစ်ခုကနေ
တိုင်းဒေသကြီးအလယ်က မေဂျာမြို့ကြီးတစ်ခုဆီလာတဲ့လမ်းတစ်လျှောက်
သတင်းမိတဲ့အခါ မိ မိုးမိတဲ့အခါ မိ
ဒါတွေဟာ နောင်တစ်ချိန်မှာ လွမ်းစရာလား စိတ်ပျက်စရာလား အားတက်စရာလား
တစ်လားလားနဲ့  လားခဲ့တာလဲ နှစ် ပေါင်းများစွာခဲ့ပြီ
အဲဒီနေ့တွေ တုန်းက screenshot မလုပ်တော့ သေချာမမှတ်မိ
မမြဲတဲ့တရားတွေကို အကြိမ်ကြိမ်အခါခါ တဖျပ်ဖျပ်
အသိ သတိတိုင်းကို တဖျပ်ဖျပ်
ဖျပ်ခနဲပြီးတော့ ဖျပ်ခနဲပဲ မက်မိုရီကဒ်ထဲ ကူးပြောင်း
ှုဦးနှောက်ဗလာနဲ့ စိတ်အလွတ်ကြီးနဲ့ မြင်ကွင်းတွေကိုscreenshot ပြီးရင်း
shot ....။။


Moe Eain Lu
14 Oct 2015

တံခါးစောင့်


ကြယ်ပွင့်တွေအကြောင်း
မပြောချင်ဘူး
(ကောင်းကင်ရော၊မြေပြင်ရော။
လင်းပွင့်တာရော၊ မှေးမှိန်တာရော။)

မနက်ဖြန်သောက ကို
ဖြန့်ပြီး ကျောခင်း
မျှော်လင့်ချက်ကို အတွေးနဲ့ ထွန်းညှိလိုက်တယ်
အလင်းပေါက်။


မိုးအိမ်လူ
၁၈၀၃၂၀၁၅

မှောက်ထားတဲ့ ဖန်ခွက်ထဲမှာ ပြည့်လျှံ နေတဲ့အရာ



မယုံကြည်ခြင်းကို ယုံကြည်ခြင်းနဲ့ ငြိမ်သက်စေတယ်။
အပြန်အလှန်။
အချိန်ကာလအကြောင်း ပြောကြတိုင်း အတိတ်ကာလကိုပဲ ထင်သာစေတယ်။
သစ်ရွက်ခြောက်တွေကြောင့် ခြေသံဟာ ညံခဲ့တယ်။
ညနေချိန် ကော်ဖီ မဟုတ်ဘူး။
ညဦးချိန် ဝီစကီ မဟုတ်ဘူး။
မေတ္တာ ဟာ အရည်လို့ ဘယ်သူ ပြောခဲ့သလဲ။
စဉ်းစားတယ်။
အက်ကြောင်းထနေတဲ့ အနာဂတ်ဟာ အပူလောင်ခဲ့လို့ ဖြစ်တယ်။
မေတ္တာ ရေ ဟာ အေးမြ အေးချမ်း တာကတော့ အသေအချာ။
မနေ့က ဝတ်ခဲ့တဲ့ အင်္ကျီကို ပြောင်းပြန်လှန်ပြီး ဒီနေ့ ပြန်ဝတ်တယ်။

ငါ့ဘဝဆိုတာကလည်းကွာ ဆိုဒ်မကိုက်တဲ့ အင်္ကျီဝတ်ထားရသလိုပါပဲ။
အမြဲတမ်း အသက်ရှူ ကြပ်။
မြင်ရတဲ့လူကော ဝတ်ရတဲ့လူကော ဘယ်တော့မှ စမတ်မကျ။
စိတ်ဓာတ်သာ ကျခဲ့တယ်။


မိုးအိမ်လူ
၁၇၀၃၂၀၁၅

နွေ သတင်းဟာ သီချင်း မဖြစ်





မသာမယာ သတင်းတွေ မပြတ်
စိတ်အာရုံက ဒေါသတရားအတိုင်း
နွေရောက်ပြီဆိုတော့လည်း
အပူလှိုင်းတွေ တလိမ့်လိမ့်တိုက်ဦးမှာပေါ့

ကျွန်တော်ရဲ့ ချည်အင်္ကျီလေးလည်း နွမ်းလျော့နေခဲ့ပြီ
စကားဓားတွေလား
ဓားစကားတွေလား
ထိတွေ့ဆက်ဆံမိသမျှဟာ ကြမ်းတမ်းမြိရှ

ကျွန်တော်ရဲ့ သည်းခံစိတ်လေးလည်း ကွဲ
ကြေမွလျနေခဲ့ပြီ

မီးခိုးတန်းတွေရဲ့ ရုန်းကြွမှုဟာလည်း
တကယ်တော့ အထီးကျန်စရာ
မေတ္တာ တရားအခြေခံတဲ့ သတင်းတစ်ပုဒ်လောက်တော့
နေ့စဉ် ရှူရှိုက်ချင်သေးရဲ့

ရနံ့ကောင်းတို့ သေလွန်ခဲ့တဲ့အကြောင်း
ကျွန်တော့်အိပ်မက်လေးကို
အိပ်မက်လေးအတိုင်းပဲ ဖြစ်စေချင်ပါတယ်။


မိုးအိမ်လူ
၁၆၀၃၂၀၁၅