Friday, October 28, 2011

ပုံပြင်ထဲက အိပ်မက်

ကျွန်တော်တို့ ဘာတွေ မှားယွင်းခဲ့သလဲ ။
လောကကြီးကို မေးကြည့်တယ်။ ကမ္ဘာကြီးကို မေးကြည့်တယ်။ ကောင်းကင်ကြီးကို မေးကြည့်တယ်။ စကြာဝဠာကြီးကို မေးကြည့်တယ်။
ပြီးတော့..
ဧဒင် ဥယျာဉ်ကို မေးကြည့်တယ်။ ကမ္ဘာဦး သစ်ပင်ကြီးကို မေးကြည့်တယ်။ အာဒံနဲ့  ဧ၀ကို မေးကြည့်တယ်။
မုန်တိုင်းတွေ ခက်ထန်ပုံက ရက်စက်လွန်းတယ် ထင်မိရဲ့။
ကျွန်တော်တို့ ရဲ့ ကံတရားဟာ ဘာလဲ။ ဘယ်လို ဆိုးယုတ်မှုမျိုးနဲ့  ဖွဲ့စည်းထားတဲ့ ပုံပြင်တစ်ပုဒ်လဲ။ မေးခွန်းတွေ … မေးခွန်းတွေ… ညတွေဟာဒီလိုနဲ့  အနက်ရောင်ထက် ပို ပိုပြီး နက် နက်လာခဲ့တယ်။ ကြယ်စင်တွေ မထွန်းတောက်ရဲလောက်အောင်ပဲပေါ့။
ကံကြမ္မာ ရဲ့ စေစားမှုတဲ့…။ ဘယ်လိုမျိုးလဲ… လောကကြီးရယ်…။ အဆင်မပြေမှုတွေနဲ့ အတူ နာကျင်ရက်စက်မှုတွေပါ တပါးတည်း ပါလာခဲ့ တာဟာ ကံကြမ္မာရဲ့ စေစားမှုပဲလား။ ကျွန်တော့်ရဲ့ နတ်သမီးလေး ငိုရလွန်းလို့  မျက်ဝန်းတွေ နာနေလှပါပြီ။ ကျေးဇူးပြုပြီး… အိမ်ပြန်ကြပါတော့ မုန်တိုင်းတို့ ရယ်။
ဒါဟာ မဆိုသင့်တဲ့ တေးတစ်ပုဒ်။ မဟောပြောသင့်တဲ့ တရားတစ်ပုဒ်။ မခံစားသင့်တဲ့ ကဗျာတစ်ပုဒ်။
အခါလွန်အိပ်မက်တွေနဲ့   မိုးတွေ သည်းတဲ့ ညက ကျွန်တော်တို့  ကိုယ်စီ အိပ်ရာထက်မှာ ကိုယ်စီ ခြောက်ခြားမှုလေးတွေနဲ့  ကိုယ်စီ အိပ်ရေးပျက်ခဲ့ကြတယ်။
ကမ္ဘာစစ်ကြီးပြီးတော့ တစ်ကမ္ဘာလုံးမှာ ရှိတဲ့ ပန်းတွေ တစ်ပြိုင်တည်း အစွမ်းကုန် ပွင့်လန်းကြတယ်  တဲ့။ ကမ္ဘာစစ်ဒဏ်ကြောင့် ကောင်းကောင်း ပွင့်လန်းခွင့် မရခဲ့တဲ့ ပန်းလေးတွေ ဟာ ကမ္ဘာစစ်အပြီးမှာ လွတ်လပ်စွာပဲ ပွင့်လန်းနေခဲ့ကြလေရဲ့။
ကမ္ဘာသူ ကမ္ဘာသားတွေက အဲဒီ ပန်းလေးတွေကို ငြိမ်းချမ်းရေး ပန်းလေးတွေ လို့  နာမည်ပေးခဲ့ကြတယ်။ ကျွန်တော့် သူငယ်ချင်း ကဗျာဆရာတစ်ယောက်ကတော့ ငြိမ်းချမ်းရေးပန်းလေးတွေကို သက်ဝင်ခံစားပြီး ကဗျာလေးတွေ ရေးခဲ့ဖူးတယ်။ အခုကော… ငြိမ်းချမ်းရေး ပန်းလေးတွေ ပွင့်ဝေနေတုန်းပဲလား။
မျက်ရည်တွေကို မလိုချင်ဘူး။ ၀မ်းနည်းမှုတွေကို မလိုချင်ဘူး။ နာကျင်ခံစားရမှုတွေကို မလိုချင်ဘူး။ ဆိုးယုတ်မှုတွေကို မလိုချင်ဘူး။
ဖြစ်နိုင်မယ်ဆိုရင်ပေါ့လေ…။
မက်ခွင့်မရှိတဲ့ အိပ်မက်ပဲ ဖြစ်ဖြစ် ။ ကြားနာခွင့်မရှိတဲ့  တရားတော် တစ်ပုဒ်ပဲဖြစ်ဖြစ်..။ မထိုက်တန်ဘူးဆိုရင်လည်း တစ်ခါလောက်တော့.. နေခြည်တစ်ဖြောက်စာလောက်တော့… မျက်တောင် တစ်ခတ်စာလောက်တော့…
ပုံရိပ်ယောင်လေးပဲ ဖြစ်ဖြစ်…
ဖြစ်နိုင်မယ်ဆိုရင်ပေါ့…။


မိုးအိမ်လူ
21.7.2011
AM: 9;09

No comments:

Post a Comment