Wednesday, November 16, 2011

အရောင်မဲ့ ရုပ်နာမ်




ဒြပ်မဲ့ နှောင်ထုံးတစ်ခုရဲ့
ရောင်စဉ် ဖြာလွှတ်မှုမှာ
နှုတ်ခမ်းတွေ စေးကပ်လာ
စကားလုံးတွေဟာ
စကားလုံးတွေပဲ ဖြစ်ခဲ့တယ်

အဓိပ္ပာယ်များစွာကို
အရောင်ခြယ်ပြီးတဲ့နောက်
လိမ္မော်ရောင် ကောင်းကင်နဲ့
မှိုင်းညှို့နေတဲ့ မြစ်တစ်စင်းနဲ့
ရင်ဝမှာ သက်တံရဲ့ အစွန်းနှစ်ဆက်
ထိပ်တိုက် တွေ့ဆုံခဲ့

ချည်တိုင်မှာ ရုန်းဆန်မိတဲ့
အိပ်မက်တွေက
ဆည်းဆာချိန်မှာ လက်ပန်းကျလာသလို
မိုးနှောင်းဟာ
ဘယ်အချိန်မှာ ရပ်တန့်ရမလဲ မသိခဲ့ဘူး

လွန်ခဲ့တဲ့ နှစ်နှစ်က
အပြီးမသတ်ခဲ့တဲ့
ပန်းရောင် ရုပ်ထုက
သူ့ဘာသာ အ၀ါရောင် ဖန်ဆင်းပစ်တဲ့အချိန်
ငါဟာ မှန်ထဲမှာ အရောင်မဲ့လို့ နေတယ်။

မိုးအိမ်လူ

No comments:

Post a Comment