အရှေ့ဘက်ကောင်းကင်
နယ်နိမိတ် အစပ်မှာ အလင်း တစ်စ တိုးထွက်လာနေပြီ။ ကိုယ်တစ်ယောက်တည်း
မှောင်မိုက်နေရတဲ့ ညတစ်ညဟာကုန်ဆုံးတော့မယ် ထင်ပါရဲ့။
မမျှော်လင့်ခဲ့ဖူးပါဘူး။ ဒီလို နာကျင်ရက်စက်မယ့် မီးအိပ်မက်တွေ
ရွာသွန်းလာမယ်လို့။ ပြီးဆုံးခဲ့ပြီလို့ ကိုယ် မပြောပါဘူး။ ဒါပေမယ့် ဒါဟာ အစ
လည်းမဟုတ်ပြန်ဘူး။
ဖေဖေ
၊ မေမေ အတွက် ကောင်းကျိုး မပေးနိုင်တဲ့ သားလိမ္မာတစ်ယောက်ပါ။ ချစ်သူအတွက်
ပျော်ရွှင်မှုတွေ မပေးနိုင်တဲ့ လက်တွဲဖော်ကောင်းတစ်ယာက်ပါ။ မှားခဲ့သူက ကိုယ်
လို့  သူတို့ ပြောကြတယ်။ တကယ် ကိုယ် မမှားခဲ့တာ ကိုယ် ကိုယ်တိုင်ပဲ
သိခဲ့တဲ့ အမှန်တရား တစ်ခု။ နေခြည်ထွေးတို့ အနွေးဓာတ်လွန်ကဲနေပြီ။
သိဟ်ရာသီ
ဦး မိုးကောင်းကင်ဟာ ကိုယ့်ဘ၀ရဲ့ ကိုယ်ပွားများလား။ တိမ်တိုက်တို့
ထွန့်ထွန့်လူးနေကြတာ ကောင်းကင်ရောင်ကို ပျောက်လို့။ ကိုယ်
မဆိုချင်တဲ့သီချင်းတွေထဲမှာ ဒီသီချင်းလည်း ပါတယ်။ ကိုယ် တစ်ယောက်တည်း သွေး
တစိမ့်စိမ့်ထွက်ခဲ့ရတဲ့ နေ့စွဲ နီတွေ..။ စေတန်ရဲ့ လက်ဖ၀ါးတော်မှာ
ကိုယ့်နာမည်ကို သူတို့ အသေရေးထွင်းလိုက်တယ်လေ..။
သည်းခံလိုက်ပါ ...လူလေး ။ သည်းခံခြင်းဟာ အရာရာကို အောင်နိုင်ပါတယ်..... လို့
ကောင်းကင်ကြီးက ပြောတယ်။
ဒါတွေဟာ ခွန်အားတွေပဲ ..သူငယ်ချင်း..။ နာကျင်မှုတွေဟာ မီးတောက်ကောင်းတစ်ခုဖြစ်ဖို့ အကောင်းဆုံး လောင်စာတွေပဲ... လို့ 
မြစ်ကျဉ်းက ပြောတယ်။
ကိုယ် တစ်ယောက်တည်း လူသံ ကင်းတဲ့ လွင်ပြင်ကြီးမှာ ရင်ကွဲပက်လက်...။
ဒါတွေဟာ အိပ်မက်တွေပဲ.... မိုးသောက်ရင် အလင်းနဲ့အတူ အရာအားလုံး ကွယ်ပျောက်သွားမှာပါ... လို့
လမင်းလေးက ပြောတော့
အရာအားလုံးထဲမှာ သစ္စာတရားကော ပါတာလားဟင်...လို့ 
ကြယ်ကလေးက ခရီးတစ်ထောက် ၀င်မေးတယ်။
ကိုယ်ကတော့ ကိုယ်ပိုင်ဆိုင်တဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ်ကို သူတို့ဆီ မှုတ်ထုတ်လိုက်တယ်။ ခုနှစ်စဉ်ကြယ်ဟာ အိပ်ရာကနေ လန့်နိုးသွားတယ်။
ဒီလိုနဲ့ ကိုယ်ထင်မိခဲ့တဲ့ မှောင်မိုက်ခြင်းညတွေဟာ နေရဲ့ အလင်းရောင် မပါဘဲ နှစ်ဆယ့်လေးနာရီ ဆက်လက် ခရီးနှင်လို့။
ဘ၀ရဲ့ အလင်းထောင့်ချိုးကို ကိုယ် မျှော်လင့်တကြီးလိုက်ရှာမိနေတာပါ..။
မိုးအိမ်လူ
12.8.2011
No comments:
Post a Comment