Thursday, October 27, 2011

ဓာတ်ခွဲခန်းမှာ ကတဲ့ ပြဇာတ်





လက်ဗွေရာတွေ များခဲ့တဲ့
သက်ရှိ သစ်သီး တစ်လုံးအပေါ်
မှားယွင်းမှုက
တံဆိပ်နက်နက် ထွင်း

ဥာဏ်မမီလောက်အောင်ကို
အတွေးတွေက ထူထပ်နေတာ
တသွေးမတိမ်း လိုက်နင်းခဲ့တဲ့
ရှေးဦးသူရဲ့ ခြေရာတွေ အပေါ်
ထက်ကြပ်မကွာ

သစ်ပင်တွေဟာ စိမ်းလန်းလွန်းနေတယ်
အသိစိတ်နဲ့ တိုးတက်လာတဲ့
ဟောဒီ တောအုပ်ငယ်ကို
ဘုံခုနှစ်ဆင့်မှာ သိမ်းထား

လေတွေ ဝေ့တိုင်း
ကြွတက်လာတဲ့  လှိုင်းတွေနဲ့
သူသူ ငါငါ ပိုင်ဆိုင်တဲ့ ပင်လယ်က
ရာသီဥတု
သာယာကောင်းမွန်လို့နေတယ်

သန်းခေါင်ထမင်းနဲ့ ပေါ့ဆိမ့်တစ်ခွက်
တိုက်တိုက်ဆိုင်ဆိုင်
ခုနှစ်စဉ်ကြယ်မှာ
မနှစ်က အပြုံးတွေ ဝေဆာလို့

ဘယ်နေ့မှာ ပန်းတွေ ပွင့်ဦးမှာလဲ
မိုးကြိုးသွားတွေရဲ့ ရိုက်နှက်မှုနဲ့
လူငယ်တစ်ယောက်ရဲ့ ပစ္စုပ္ပန်တွေဟာ
အခေါက်ခေါက် တွန့်ကြေ

နာကျည်းမှုတွေနဲ့ ထုဆစ်ထားတဲ့
စိတ်ဓာတ်အဆောက်အအုံ
မီးလောင်ရာ လေပင့်ကြ
အနက်စစ်စစ်နဲ့ ည သက်သက်ဖြစ်နေတဲ့ အမှောင်

နှင်းဆီနီ အပါအ၀င်
အမည်မတပ်ရသေးတဲ့ ရောင်စဉ်တွေနဲ့
နှင်းဆီတွေ နှင်းဆီတွေ
အဖတ်လိုက်ကြွေကျ

ဆောင်းဝင်စားတဲ့ နွေအတု
သိမ်းဆည်းလို့လည်း မရတော့ဘူး
စွန့်ကြဲသင့်တန် စွန့်ကြဲ
လက်ခံသင့်တန် လက်ခံပြီး
ကောက်ရိုးဖိနပ် နဲ့
ကြိုးတန်းပေါ်မှာ လမ်းဆက်လျှောက်

ငိုရလွန်းလို့
သစ္စာပန်းတွေလည်း
မျက်လုံးတွေ နာလှပြီ
အမှားပါရင် ခွင့်လွှတ်ပေးလိုက်ကြပါ

ဘာရယ် ညာရယ် မသိဘဲ
ဖော်စပ်ခဲ့တဲ့ ဓာတုပေါင်းစပ်မှုက
အဆိပ်တစ်ခုပဲ
ဖြစ်နေခဲ့တယ်။

မိုးအိမ်လူ

No comments:

Post a Comment