Sunday, October 23, 2011

ကြိုးထုံး




အရာအားလုံးနဲ့ လွတ်ကင်းနေတဲ့ စိတ်တစ်ခုက လေးတိလေးကန်
မြင်မြင်သမျှဟာ စိုထိုင်းနေသလိုလို ထင်ယောင်ရင်း
ပြက္ခဒိန်ပေါ်က နံပါတ်တွေဟာ အလိုလို အရည်ပျော်ကျလာသလို
ပြုစားတတ်သူတို့ရေ….. မနက်ဖြန်မှ ခရီးဆက်ရအောင်နော်
ဒီနေ့အတွက်တော့ ဒီလောက်နဲ့တင် သေစာရင်းသွင်းလို့ ရလောက်ပါပြီ

ယောင်ယောင်ကန်းကန်း ရေရွတ်မိတဲ့ နာမည်အချို့ဟာ
ခေတ်ဟောင်းရုပ်ရှင်ဇာတ်လမ်းတစ်ပုဒ်ထဲက ဇာတ်ကွက်တွေ
နတ်ဘုံနတ်နန်းတွေလည်း အာရုံမှာ အရာမ၀င်တော့ပြန်ဘူး
အချိန်နဲ့အမျှ တောက်လက်နေတဲ့ သံမဏိ အချွန်အထက်တွေရဲ့ ခြောက်လှန့်မှု
ကိုယ်ပိုင် တွက်ချက်မှုအရဆို ဇီဝနာရီက ဘယ်တော့မှ မမှန်ခဲ့ဘူး

ဖွင့်ထုတ်ထားတဲ့ လျှိုဝှက်ချက်တွေက ရင်ခုန်စရာကောင်းပါ့မလား
တွေးထင်သမျှဟာ မှားတတ်လွန်းလို့  တွေးရမှာလည်း ကြောက်ကြောက်လာ
ချုပ်နှောင်သူရဲ့ စွဲချက်အရ နှောင်တွယ်သူ ဖြစ်ဖြစ်သွားတဲ့ အပိုင်းအစ အချို့
တဖြည်းဖြည်း နဲ့ ရယ်သံတွေတောင် ကီးကြောင်လာသလိုလို
အနီးကပ် ပူးဝင်ကြည့်တော့ နေရာမရှိ ဆိုတဲ့ အညွှန်းက ပါးရိုက်သွားတယ်

ရာသီသုံးခုရဲ့ ချစ်တင်းနှောမှုအတွက် ရခဲ့တဲ့ အကျိုးကျေးဇူးက
စည်းရိုးမရှိ ကမ်းမရှိ ဖြစ်ချင်တိုင်း ဖြစ်နေခဲ့တော့ ပျက်ချင်တိုင်းလည်း ပျက်ခဲ့
နယ်ကျွံလာတဲ့ ညတွေရဲ့ ကောက်ကျစ်မှုက ဘယ်တော့မှ လရောင် မလင်းဘူး
လွတ်လွပ်ခွင့် ပေးလိုက်မှ  ပိတ်ဆို့သွားတဲ့ နာမ်အချို့ဟာ
တန်ပြန်ယဉ်ကျေးမှုကို ရူးရူးမက်မက် ကျင့်သုံး
အရေးပြားပေါ် မီးပွားတွေ မကျသရွေ့ လေချွန်နေဦးမယ့်
အမှောင်ခေတ်က လူကြမ်းကြီးတွေရဲ့ ဟန်ပန် အပြည့်နဲ့။

မိုးအိမ်လူ


No comments:

Post a Comment