Sunday, October 23, 2011

ပန်းမပွင့်တဲ့ တော







လှစ်ဟထားတဲ့ တံခါးချပ်တွေရဲ့ အတွင်းကို ၀င်ကြည့်ချင်တယ်
အယောင်ဆောင် အိပ်မက်တွေ ဖြစ်နေမှာ ကြောက်တဲ့ စိတ် တစ်ခုတည်းနဲ့
တိတ်ဆိတ်နေမိတဲ့ အချိန်တွေ အတွက် အပြစ်ဒဏ်တွေက ပြင်းထန်လွန်းခဲ့
ဥယျာဉ်တော်မှာ ပန်းတွေ ဝေဆာပွင့်လန်း သာယာစေဖို့
နောက်ကို တဖြည်းဖြည်းချင်း ဆုတ်ခွာခဲ့တဲ့ ခြေလှမ်းတွေက
ဘ၀ကို လှောင်ပိတ်အခန်းထဲထည့်  မွန်းကျပ်မှုက ခံစားရခက်တယ်
နားမလည်နိုင်ခြင်းတွေက ဇာခန်းဆီး စ လို  မြင်တော့ မြင်ရတယ် မသဲကွဲဘူး
မျက်နှာဖုံးတွေ ပြောင်းလဲ တပ်ဆင်ရင်း အိပ်စက်ချိန်တွေကို အလစ်တိုက်ခံလိုက်ရတဲ့ ညတွေလည်း ရှိနေခဲ့
နောက်ကျောက မထိုးဘဲ မျက်နှာရှေ့ တည့်တည့်ရပ်
ရင်ဘတ်ကို အသေအချာ ချိန်ရွယ်ပြီး တည် ထိုးသွားတဲ့
ဓားတစ်ချောင်းရဲ့ ရာဇ၀င်က ကလေးဆန်ပြီး အနာတရ အပြည့်နဲ့
စိတ္တဇ အတွေးတွေနဲ့ ခြောက်ခြားခဲ့ရတဲ့ ညတွေကလည်း
မီးတောင်ရှင်က ထွက်တဲ့ မီးခိုးတန်းတွေလို အမျှင်မပြတ်
ရစ်ဖွဲ့လွန်းခဲ့မိလို့ ဖျောက်ဖျက်မရတဲ့အခါ သူတို့တွေလည်း မတတ်နိုင်ကြတော့ဘူး
ပုံပြင် အဖွင့်မှာကို လွဲချော်ခဲ့တဲ့ ဇာတ်ကောင် အထားအသိုအတွက်
ကိုယ်ပိုင် ပစ္စုပ္ပန် တွေမှာ ကိုယ်ပိုင် တံဆိပ် ပျောက်နေခဲ့
လွှတ်ချဖို့ စိတ်ပိုင်းဖြတ်တိုင်း စာနာစိတ်လေးက ဆွဲငင်နေခဲ့တော့
ပြုမူပြောဆိုမှုတွေဟာ အရူးတစ်ယောက် ထက် မပိုခဲ့တာ မဆန်းတော့ဘူး။

မိုးအိမ်လူ

No comments:

Post a Comment