Sunday, October 23, 2011

ချုပ်နှောင်ထားသော အက္ခရာ အကွဲအစများ




သော့ခတ်၍ ပြီးသော အခါ ကျွန်တော်၏ စိတ်ထဲတွင် ပြီးမြောက်ပြည့်စုံမှုအတွက် ကျေနပ်မိသော ခံစား
မှုလေး ဖြစ်ပေါ်လာသည်။ ထို့ နောက်ဝမ်းနည်းသလိုလိုလည်း ခံစားရသည်။ မည်သို့ ပင်ဖြစ်စေ သေတ္တာငယ်လေးသည်
အညှိအကြေးကင်းစင်၍ တည်ငြိမ်စွာ တည်ရှိနေပါသည်။
ကျွန်တော် လျှောက်လှမ်းလာသော လမ်းတစ်လျှောက်တွင်စိန်ပန်းပြာတို့  ဝေဆာစွာ ပွင့်ဝေလျက်ရှိ
သည်။ ဤမြို့ လေးသည်စိန်ပန်းပြာတွေ ပေါက်သော မြို့ ဖြစ်သည်။ စိန်ပန်းပြာဟုသာ ခေါ်တာ တကယ်တမ်းကျတော့
ပန်းပွင့်များမှာ အပြာစစ်စစ်များ မဟုတ်ဘဲ ခရမ်းရောင်ဘက်သန်းနေသည်။ ဤအရာသည်ကျွန်တော်၏ ခံစားမှု
သက်သက်သာ ဖြစ်သည်။
“စားပွဲတစ်လုံး ဖြစ်အောင်ကိုယ်တိုင်လုပ်တတ်သူနဲ့ 
စားပွဲတစ်လုံးဖြစ်လာအောင်သူများကိုညွှန်ကြားနိုင်စွမ်းရှိသူ
ဘယ်သူက ပိုတော်သလဲ..။ ရှင်ကော ဘယ်လိုလူ ဖြစ်ချင်သလဲ”
အချို့ သော ဒဿန စကားစုများကိုမူရင်း ဒဿန ပညာရှင်ထံမှကြားဖူးကြသူမှာ အရေအတွက်အလွန်
နည်းပါးပါသည်။ စာအုပ်များ ၊ တဆင့်စကားများ ဖြင့်ကြားဖူးကြသူတွေသာ များပါလိမ့်မည်။ တွေးစရာပါသော စကားလုံး
များကိုတော့လူတိုင်းပြောတတ်ကြသည်။ သို့ သော်မူပိုင်လား မိတ္တူလား ဆိုတာကတော့မည်သူမျှ သေချာ ရေရာစွာ
မသိ။ အထက်ပါ စကားစုကို ပြောခဲ့သူမှာ ကျွန်တော်နှင့် ရင်းနှီးစွာ ပတ်သက်နေသော မိန်းမတစ်ယောက် ဖြစ်သည်။ သူမ
သည်ဒဿနပြညာရှင်မဟုတ်ပါ။ အတွေးအခေါ်ပညာရှင်လည်း မဟုတ်ပါ။ မိန်းမ မဆန်လွန်းသော မိန်းမ တစ်ယောက်
ဖြစ်ပါသည်။ သို့ သော သူမသည်လူသားဆန်လွန်းသော လူသားမိန်းမတစ်ယောက်လည်း ဖြစ်သည်။အထက်ပါ အချက်
နှစ်ချက်နှင့်ကိုက်ညီသော သူများကိုကျွန်တော်မုန်းတီးပါသည်။ ဘယ်လိုကြောင့်လဲတော့ကျွန်တော်မပြောတတ်ပါ။ သို
့သော်သူမကိုတော့ မုန်းတီး၍ မရသည်မှာလည်း ကျွန်တော်မုန်းတီးသော အချက်တစ်ချက် ဖြစ်ပါသည်။
“ လူတွေက အမှန်တရား.. အမှန်တရားနဲ့ သာ တဆာဆာ အော်နေကြတာ။
တကယ်တော့အမှန်တရားက သူတို့ အနားမှာ အမြဲ ရှိနေခဲ့တာ။
အချို့ က မမြင်ကြဘူး။ အချို့ က မြင်လျက်နဲ့ မမြင်ချင်ယောင်ဆောင်ကြတယ်။”
အရုပ်ကလေးတွင်တွယ်နှောင်ထားသော ဖဲကြိုးပြားလေးပေါ်တွင်သူမ၏ အမည်ပါရှိသည်။ ထိုအရုပ်
ကလေးမှာ ကျွန်တော်၏ ( ၂၃ ) နှစ်မြောက် မွေးနေ့ အတွက်သူမပေးသော လက်ဆောင်ဖြစ်သည်။
“ ငါ ကလေးမဟုတ်တော့ဘူးနော်”
လို့ ကျွန်တော်က ပြောတော့သူမက ကျွန်တော်အနှစ်သက်ဆုံး အပြုံး တစ်ခုကို ပြုံးပြသည်။
“ ဘာလို့ လဲ ..။ ရှင့်ကို အရုပ်လက်ဆောင်ပေးလို့ လား”
ကျွန်တော် ခေါင်းညိတ်ပြလိုက်သည်။
“အရုပ်တွေဟာ ကလေးတွေ နဲ့ ပဲ သက်ဆိုင်တယ်လို့ ရှင့်ကိုဘယ်သူက ပြောသလဲ”
ကျွန်တော်ဘာမှပြန်မပြောတတ်တော့ပါ။ သေချာတာကတော့အရုပ်တွေဟာ ကလေးတွေ အတွက်
ပဲ ထုတ်လုပ်ထားခြင်း ဖြစ်သည်။
ထို နေ့ က သူမ၏ အလုပ်ကိစ္စတစ်ခုအတွက်နှင့် မြို့ ထဲကိုလာကြခြင်းဖြစ်သည်။ အလုပ်ကိစ္စ ပြီး
တော့ မြန်မာထမင်းဆိုင်တစ်ဆိုင်မှာ ကျွန်တော်တို့ နေ့ လည်စာစားကြသည်။
“ဘာလိုလိုနဲ့  ဆောင်းတောင် ရောက်လာပြီနော်”
ထမင်းစားရင်း နှင့်အဆက်အစပ်မရှိသူမကပြောသည်။ ကျွန်တော် ခေါင်းပဲ ညိတ်ပြလိုက်သည်။
“တစ်နေ့ ကတောင်သန္တာနဲ့ တွေ့လိုက်သေးတယ်”
“ဟုတ်လား …။ ဘယ်မှာ တွေ့ တာလဲ”
သန္တာဆိုတာ သူမနှင့်ကျွန်တော်ရဲ့ သူငယ်ချင်းမ တစ်ယောက်ဖြစ်သည။်ကွဲကွာသွားတာ အတော်
ကြာခဲ့ပြီ။
“သူတောင်ကလေးနှစ်ယောက်ရနေပြီ..တဲ့”
“ဟေ ဟုတ်လား။ သူများတွေတော့ တော်တော်ခရီးရောက်နေကြပြီနော်..။
နင်ကော ဘယ်လိုလဲ”
သူမက မျက်စောင်းလှလှလေးတစ်ချက်ထိုးသည်။ ပြီးတော့
“ ဘ၀ဟာဘာအတွက်ရှင်သန်နေသလဲ ဆိုတာ သိတဲ့သူတစ်ယောက်အတွက်အရာရာဟာ
ဘယ်တော့မှအဆင်သင့် ဖြစ်မနေတတ်သေးဘူးဟ..။
ကျွန်မကိုမပြောပါနဲ့ ရှင်ကော ဘာထူးသေးလို့လဲ”
“ငါက နင့်ကို စောင့်နေတာလေ”
သူမ၏ ပါးပြင်တွင်ပန်းရောင်သန်းမသွားပါ။ဘာမှလည်း လှုပ်လှုပ်ရှားရှား ဖြစ်မသွားပါ။
“ ဟင်းချို က တော်တော်သောက်လို့ ကောင်းတယ်နော်”
ဒီလိုပဲ ဖြစ်သည်။ ကျွန်တော်က အဲဒီဘက်ကိုဦးတည်လိုက်လျှင်သူမက အမြဲ အဲဒီလို ရှောင်ထွက်သွား
တတ်သည်။
ပုံမှန်အခြေအနေ မဟုတ်ဘဲ ထူးခြားစွာ မကောင်းသော ဖြစ်ရပ်များ ဖြစ်ပေါ်လာပါက မုန်တိုင်းတိုက်
သည်ဟု ပြောတတ်ကြသည်။ ဟုတ်ကဲ့။ ကျွန်တော်၏ဘ၀ကိုမုန်တိုင်းတိုက်သွားပါသည်။ ဘယ်လိုမုန်တိုင်းလဲ ဟု မေး
လျှင် တော်တော်ပြင်းထန်သော မုန်တိုင်းတစ်ခု ဖြစ်ပါသည်။ မျှောင်လင့်ထားခြင်း မဟုတ်ပါဘဲ ရောက်ရှိလာသော ထို
လက်ဆောင်ကိုကျွန်တော်လက်မခံလိုပါ။ သို့ သော် ငြင်းပယ်၍လည်း မရခဲ့ပါ။
“ အချစ်မှာ ဘာကြောင့်အဓိပ္ပာယ်တွေ အများကြီး ရှိနေတာလဲ ဆိုတာ ရှင်သိလား။
တကယ်တော့အချစ်ရဲ့ အဓိပ္ပာယ်က ချစ်ခြင်းပဲ။ မတူညီတဲ့လူ့ ဗီဇ စိတ်နဲ့ ခံစားမှု
အလင်းအမှောင်တွေကပဲ အချစ်ကိုနာမည်ဝှက်တွေ များစေခဲ့တာ..။ အဲ့ဒါတွေကိုပဲ
အမှန်တရားပါလို့ လူတွေက ကျောက်ထက်အက္ခရာ တင်နေကြတယ်လေ”
လက်ထပ်ခြင်းသည်ဘ၀နှစ်ခုကိုဘ၀တစ်ခုတည်း ဖြစ်အောင် ပေါင်းစည်းခြင်း ဖြစ်သည်ဟုကျွန်တော်
နားလည်ခဲ့သည်။ လက်ခံခဲ့သည်။ စေ့စပ်ကြောင်းလမ်း လက်ထပ်ပြီးစီးခြင်း နောက်ပိုင်း ကျွန်တော်၏ ဘ၀စာမျက်နှာ နှင့်
သူမ၏ ဘ၀စာမျက်နှာ သည်မတူညီသော စာအုပ်တစ်အုပ်စီမှာ ရှိနေခဲ့သည်။ တန်ခိုးရှင်နှင့် တွေ့ လျှင်ကျွန်တော်တောင်း
မည့်ဆုတစ်ဆုသည်သူမနှင့်လက်တွဲပေါင်းစည်းရဖို့ ပဲ ဖြစ်သည်။ လက်တော့တွဲခဲ့ရပါသည်။ နှလုံးသားတွေ မျက်နှာချင်း
မဆိုင်ကြသေးသလိုခံစားရသည်မှာ သူမနှင့်လက်ထပ်ပြီးခဲ့သော ပထမဆုံးညမှာပင်ဖြစ်သည်။
တမ်းတခြင်းသည်မည်သို့ သော အရာဖြစ်သည်ကိုကျွန်တော်မသိပါ။ ကမ္ဘာဦး ပန်းသီးတစ်ခြမ်းမှာ
ယခုအထိကိုက်ဝါးမည့်သူမရှိသေး။ ဘယ်လိုခံစားမှုမျိုး နှင့်ကျွန်တော်၏ မနက်ဖြန်များကိုနှုတ်ဆက်ရပါ့မလဲ။
အိပ်မက်များသော ညတွင်ကျွန်တော်အလိုချင်ဆုံး အိပ်မက်မှာ ထိတ်လန့် တုန်လှုပ်ဖွယ်အတိနှင့်လူကိုလန့် နိုးစေသော
အိပ်မက်မျိုး ဖြစ်သည်။
“ရှင့်ဘ၀ရဲ့ မောဟ တိမ်တိုက်တွေကိုကျွန်မရဲ့ကောင်းကင်မှာ လာရောက်မသန့် စင်သရွေ့ 
ရှင့်နာရီမှာရှိတဲ့နာရီလက်တံနဲ့ ကျွန်မနာရီမှာရှိတဲ့နာရီလက်တံဘယ်တော့မှထပ်တူကျမှာ
မဟုတ်ဘူး”
ကျွန်တော် မောဟိုက်စွာ ရယ်မောမိသည်။ အ၀ိဇ္ဖာလမ်း ဆိုစေဦးတော့ ပျော်ရွှင်ရမည်ဆိုလျှင်
ကျွန်တော် လျှောက်လှမ်းချင်ပါသည်။ ရှင်သန်နေထိုင်ခေတ်နှင့်တစ်သားတည်း တွဲဆက်ဖို့ ဘ၀ကိုမည်သူု့ ထံတွင်
ထိုးကျွေးပေါင်နှံထားပါသလဲ။ အမှောင်ထဲမှထွက်ပေါ်လာသော အော်သံများမှာ မရှင်းလင်း မသဲကွဲပါ။ ဘယ်အရပ်
မျက်နှာလဲဆိုတာ မရေရာပါ။
“ အချို့ အနုပညာတွေမှာ ဘ၀ရှိသလိုအချို့ ဘ၀တွေမှာ အနုပညာရှိတယ်
ရှင်တီးခတ်တဲ့ တေးသွားမှာ ကျွန်မ ရေးစပ်တဲ့ကဗျာက ဘာလို့မတွဲစပ်နိုင်ရတာလဲ.။
ရှင့်ကိုကျွန်မ ချစ်ပါတယ် …မောင်။
နောင်တတွေ အောင်သေအောင်သား မစားနိုင်အောင်ကျွန်မတို့ ပြင်ဆင်လို့ ရသေးတယ်လေ။
ပြင်ဆင်ခွင့်ဆိုတာ အမှားလုပ်တဲ့လူတွေ အတွက်ပဲ ဆိုပေမယ့်ကိုယ့်ကိုကိုယ်မှားမှန်းမသိ
မှားနေတဲ့လူတွေ အတွက်ပိုပြီး လိုအပ်တဲ့အရာပါ။
ကျွန်မရဲ့မျက်လုံးကနေ ကျွန်မရဲ့နှလုံးသားကိုမကြည့်ပါနဲ့ ။
ကျွန်မရဲ့စကားလုံးတွေကနေ ကျွန်မရဲ့နှလုံးသားကိုမကြည့်ပါနဲ့ ။
ကြည်လင်တဲ့ ကောင်းကင်ကိုမမြင်ရတာ ဖုံးကွယ်တတ်တဲ့တိမ်တိုက်တွေကြောင့်ပါ..မောင်။
ကျွန်မ ရှင့်ကိုအရမ်းချစ်ပါတယ် …မောင်”
ဆွံ့ အသူတစ်ယောက်၏ ခံစားချက်လိုမျိုးပဲ ကျွန်တော့်ရဲ့စကားလုံးတွေဟာ သေတ္တာလေးထဲမှာ
ဝုန်းဆန်နေခဲ့သည်။ ဒဏ်ရာရနေသော ငှက်တစ်ကောင်၏ ဝေဟင်ပျံအိပ်မက်များကိုကျွန်တော် မျှော်လင့်နေခဲ့သည်မှာ
လည်း အတော်ကြာခဲ့ပြီ ဖြစ်သည်။ ပြောင်းလဲခြင်းသည်နံရံတစ်ခုသာ ခြားသော အိပ်မက်နှင့် နိုးထခြင်း ဖြစ်သည်။ နံရံ၏
ထူခြင်း ပါးခြင်း သည် ပြောင်းလဲသူနှင့်သာ သက်ဆိုင်ပါသည်။ ကျွန်တော်၏ နံရံမှာ ထူသလား..။ ပါးသလား ။ ကျွန်တော်
ကိုယ်တိုင်ပင်မသေချာပါ။
ကျွန်တော်၏ သေတ္တာလေးမှာ ယခုအချိန်တွင်တည်ငြိမ်စွာ သစ်လွင်တောက်ပလျက်ရှိပါသည်။
*
မိုးအိမ်လူ
မဟေသီ , September , 2011

No comments:

Post a Comment