Sunday, October 23, 2011

ပါတီပွဲ




လွန်ခဲ့သော သုံးလေးရက်က ဆင်ယင်ထုံးဖွဲ့မှုမျိုး
ကြည့်လေရာ မြင်လေရာ ရောင်စုံ စိတ်မီးသီးတွေ တလက်လက် / တမှိန်မှိန်
ပွဲဖျက်မယ့် မိုး ဟာ အတွေးတွေ နဲ့ ပိလို့
ကော်ဖီမလိုတဲ့ ဒီညမှာ အနည်းဆုံးတော့ ၀ိုင် တစ်ခွက် သောက်
ပြားနေတဲ့ ကမ္ဘာကို အသားကျအောင် အထပ်ထပ် ထုချေ
ဝင်ပေါက်က ဆိုင်းဘုတ် ရွဲ့နေပြီတဲ့
ဝီစကီ အသစ်တစ်လုံး ထပ်ဖွင့် တစ်ပက် နှစ်ပက် ရေချိန်ကိုက် / ကျော်
တီးဝိုင်းက စ လိုက်ပြီ  နားတွေ အူထွက်နေပြီ
အပြုံးတွေလည်း ဒယီးယိုင်
စကားတွေလည်း ကသောင်းကနင်း
စားစရာ ဘယ်နားမှာရှိသလဲ / ထားသလဲ
ကာလာ ရင့်ရင့် အရည်အပြည့် ဖန်ခွက်ကိုင်တွေရဲ့
အောင်မြင်မှု ၊ လူမှုရေး ၊ စီးပွားရေး ၊ အိမ်ထောင်ရေး
ဘာရေး  ညာရေး  တောင်ရေး   မြောက်ရေး
ခေါင်းလေး တဆတ်ဆတ် လှုပ်တယ်
ခြေဖျားလေး တဆတ်ဆတ် လှုပ်တယ်
နက်ခ်တိုင်လေး နည်းနည်း လျှော့တယ်
အနောက်ဘက်က စီးပွားရေး စကားလုံးတွေ ကြားရတယ်
မြောက်ဘက်က ကြွယ်ဝမှုတွေ ကြားရတယ်
မီးသီးတွေ အလင်းဖျော့လာပြီ
ဆူတာပဲ သိတဲ့ တီးဝိုင်းသံက အဆက်မပြတ်
ကုတ်အမည်းနဲ့ လူ ဘာပြောသွားသလဲ
ကုတ် အဖြူနဲ့ လူ ဘာပြောသွားသလဲ
ကုတ်အညိုနဲ့ လူ ဘာပြောသွားသလဲ
ကုတ်ရောင်စုံတွေ ဘာတွေ ပြောနေကြတာလဲ
ထိုင်ခုံလွတ်တွေ ထိုင်ခုံလွတ်တွေ
မီးသီးတွေ ပိတ်သွားပြီ။

မိုးအိမ်လူ

No comments:

Post a Comment