Sunday, October 23, 2011

နံပါတ် တပ်မထားတဲ့ သုည





မိုးစက်မိုးမှုန်တို့ ရဲ့
ေ၀၀ါး အေးစက်မှုမှာ
သား တစ်ယောက်တည်း
မျိုသိပ်ရပ်တည်ဖူးတယ်... အမေ

ခပ်စိမ်းစိမ်းတိုက်ခတ်တတ်တဲ့
မိုးဦးလေရဲ့ ရက်စက်မှုကို
သား ဥပေက္ခာ ပြုနိုင်ပါတယ်

ရွှံ့ ဗွက်တွေရဲ့ ညစ်စုတ်မှု
ဘယ်လောက်ပဲ ထူးချွန်နေပါစေ
ကိုယ့်လမ်းကို ရှေ့ဆက်လျှောက်မယ့်ကိုစိတ်ဓာတ်မျိုး
သားမှာရှိတယ်

အမေ့သားက
မိုးတွင်းတစ်တွင်းလုံး
သီးချင်းတစ်ပုဒ်မှ မဆိုမိအောင်
မြိုသိပ်နိုင်တဲ့
ဖားကလေးတစ်ကောင်ပါ..

အတ္တအရေခွံ ခြုံပြီး
ကိုယ့်ကိုယ်ကို လုံခြုံပြီ ထင်နေကြတဲ့
လူတွေ နဲ့ 
သား... အမြဲ စကားများတယ်

အနိမ့်ဆုံး အဖြူရောင် ဂုဏ်သတ္တိလေး
ပိုင်ဆိုင်ရုံနဲ့ 
နှုတ်ဖျားမှာပဲ သဘောထားကြီးတတ်ကြတဲ့
လူတွေနဲ့ 
သား... အမြဲ ရန်ဖြစ်တယ်

အမေ..
သားက
အစွန်းရောက်နေတဲ့ လူတွေရဲ့
အမှန်တရားကို မုန်းတတ်တယ်

နေ့ ရက်တွေထဲမှာ
ပြဿနာတွေကို ရှာဖွေရင်း
အချိန်တွေကို ကုန်ဆုံးစေချင်ခဲ့တဲ့
လူဆိုးလေးဟာ... သား ပေါ့

သားက ငြိမ်းချမ်းရေးထက်
ငြိမ်းအေးမှုကို
ပိုပြီး နှစ်သက်တယ်
ပိုပြီး မြတ်နိုးတယ်

ဒါပေမယ့်

လေတိုက်တိုင်း ကြွေနေတဲ့
ဒုက္ခတွေက
သား ဘ၀ရဲ့ ခြံဝန်းလေးထဲမှာ
ရှုပ်ပွလို့ ပေါ့

အမေ့သားက
အိုင်စတိုင်းလို တီထွင်ဥာဏ်လည်း မရှိပါဘူး
ဆိုကရေးတီးလို တွေးခေါ်ဥာဏ်လည်း မရှိပါဘူး
ဗုဒ္ဓ ဘုရားသခင်လို အမှန်းတရားကို
ကိုယ်တိုင် မရှာဖွေတတ်ပါဘူး

ကိုယ့်အတ္တ အိပ်မက်နဲ့ ကိုယ်
အမှောင်ကျနေတဲ့
ရေကန်ငယ်လေးပါ

အမေ့သားရဲ့ ရေကန်ငယ်လေးမှာ
ကြည်လင်တည်ငြိမ်မှု ဆိုတာ
ဘယ်တုန်းကမှ မရှိခဲ့ဘူး ... အမေ

သားက
ကြယ်တစ်ပွင့်
ကြွေကျရင်တောင်
မျက်ရည်ကျတတ်ခဲ့တာပါ

သားရဲ့ ရေရင်ပြင်မှာ
မျောလွင့်ဖူးတဲ့
နှင်းဆီဝါတစ်ပွင့်ကြောင့်
မီးအိပ်မက်တွေ လှိုင်းထန်ခဲ့ဖူးတယ်

မှားယွင်းမှုကို
ရွှေရည်လောင်းပြီး
ကိုယ်နဲ့ မကွာဆောင်ချင်တဲ့
မကောင်းတဲ့အကျင့်ကို
သား မဖျောက်နိုင်ခဲ့ဘူး .. အမေ

သားက
အမေတို့ ရဲ့ မေတ္တာရိပ်ထက်
ပတ်ဝန်းကျင်ရဲ့ မုသားချိုတွေမှာ
ပိုပြီး သာယာချင်နေခဲ့တာလေ

ဥပမာမဲ့ မိုက်ရိုင်းမှု တွေနဲ့ 
ပျော်ရွှင်မှု ကို ရှာချင်ခဲ့တာ
သားရဲ့ မိုက်မဲမှုတွေပေါ့

တစ်ခါတစ်ခါ

အမေ့သားက
စကားလုံးနုရွတွေကို
ခုံမင်တတ်တယ်.. အမေ

တစ်ခါတစ်ခါ

အမေ့သားက
ဝိပဿနာကျင်ပြီး
ငြိမ်းအေးမှုကိုလည်း ရှာတတ်တယ်

အခါများစွာမှာတော့

အမေ့သားက
ဂျစ်ပစီစိတ်ဓာတ်နဲ့ 
လမ်းပေါ်မှာ
တေလေလုပ်ချင်တုန်းပဲ ... အမေ။

                          မိုးအိမ်လူ

No comments:

Post a Comment