Sunday, October 23, 2011

လုပ်သားပျား


အဟောင်းနံ့ သင်းတဲ့
ပုံပြင်တွေကိုမှ
အကြိမ်ကြိမ်ဖတ်ပြီး
နာကျင်ချင်တဲ့သူ

ဝေလေလေအခန်းမှာတောင်
နေရာအပေးမခံရတဲ့
သွေးထွက်များလွန်းတဲ့ရုပ်ရှင်မှာ
ပေကပ်ပြီး ဇာတ်လိုက်ဖြစ်ချင်နေတဲ့သူ

ရေစက်မကုန်သရွေ့ 
ဒါမှမဟုတ်
ဝဋ်ကြွေး ရှိသရွေ့ 
ဟောဒီ ကောင်းကင်အနားသတ်မျဉ်းမှာ
ပြေးလွှားနေဦးမယ်

ရေမျှောသင့်တန်မျှော
အငွေ့ ပျံသင့်တန်အငွေ့ ပျံ
မြှုပ်နှံသင့်တန် မြှုပ်နှံ
အဲဒီလမင်းက
ကျောက်သားထက်မှာ အသေ ထုထွင်းထားတာလေ

ဘာကိုမှရိုးမယ်မဖွဲ့ တော့ဘဲ
စကားလုံးတွေကိုပဲ
နာနာကျည်းကျည်းရိုက်ပုတ်
ထိတွေ့ သမျှဟာ
သေစေလောက်တဲ့အဆိပ်တွေတဲ့

စိတ်လိုလိုက်လွင့်မျောရင်း
အကွဲကွဲ အပြဲပြဲ စိတ်ခံစားမှုတွေ နဲ့ 
ကိုယ့်လုပ်ရပ်ကိုယ် ပြန်ပြီး မဆန်းစစ်နိုင်
ဒီနေ့ ကုန်ဆုံးသွားဖို့ ပဲ လိုတယ်

ထပ်တူထပ်မျှပါပဲ
 
လှိုင်းဒဏ်သင့်တဲ့
ကမ်းပါးပျက်လို
ယိုးယွင်းမှုအစုလိုက်အပြုံလိုက်နဲ့ 
စိတ္တဇ အိပ်မက်တွေက
ပိုပိုပြီး အသက်ဝင်လာ

ဆက်သွယ်ထားတဲ့
စကားကြိုးတွေ နဲ့ 
သစ်တစ်ခက်ရဲ့ ရင်ခုန်သံကို
ငှက်တစ်ကောင်က
တန်ပြန်သံမပေးတတ်သလိုမျိုး

အစွမ်းရှိရင် ချေဖျက်ပစ်ချင်တယ်
ရှေးရိုးအစွဲ နဲ့ 
အတ္တက
ဗီလိန်လို့ လူထင်မှာလည်း ကြောက်တတ်သေးတယ်

ဘာကိုမှတားဆီးမထားတဲ့
တစ်ဦးတစ်ယောက်တန်ဖိုး ထားတဲ့
လတစ်စင်းရဲ့ရင်ခွင်မှာ
လက်လွတ်စပယ် နေရာလည်း မယူချင်ပြန်ဘူး

အစစ်ဆိုမှအစစ်
ယုံလွယ်လွန်းခဲ့လို့ 
မြားဆိပ်တက်ကာမှ
လေတိုးသံကိုသံသယ၀င်တတ်ခဲ့

ဆိပ်ကမ်းမှာ ဆိုက်ကပ်မယ့်
လွန်ခဲ့သော ခရမ်းရင့်ရင့် နေ့ စွဲတွေကို
လည်ဆန့် မျှော်
လေစိမ်းတွေ အတိုက်ခံရမှာ
မကြောက်တတ်တော့ဘူး

ကိုယ်တိုင်ရက်ဖောက်ထားတဲ့
ကံတူအကျိုးပေး
ဆောင်းရာသီကုတ်အင်္ကျီက
အိတ်ကပ်တွေ များလွန်းနေခဲ့

ပြီးခဲ့တဲ့ဘ၀ရဲ့မကောင်းမှုတွေက
အနာဖေးတွေကို
ဆွဲခွာချင်နေကြတာလေ
လွှင့်တင်ထားတဲ့ရွက်ကို
ပြန်မသိမ်းချင်တော့ပါဘူး

စွဲနိုင်သမျှ စွဲအောင်
နှစ်သွင်းရင်း
အက်ကြောင်းတွေကနေ ယိုစီးကျလာတဲ့
အရောင်တွေက
သိပ်မကောင်းလှ

ကျောပိုးအိမ်ထဲမှာ
ခရီးသွားပစ္စည်းတွေနဲ့ အတူ
ရတနာသိုက်ကိုညွှန်တဲ့
သံလိုက်အိမ်မြှောင်လည်း ပါတယ်
 နေ၀င်နေထွက်အလင်းအမှောင်နဲ့ 
ပျက်စီးသွားမယ့်ရုပ်အတွက်
အာဟာရ တစ်ခုခုလိုအပ်နေတာတော့အမှန်ပဲ

ကြက်သွေးေ၇ာင်အရည်တွေရဲ့
အာနိသင်ယစ်မူးမှုမှာ
ငှက်တစ်ကောင်ရဲ့အတ္ထုပ္ပတိ
ပျောက်ဆုံးသွားခဲ့

လွန်ခဲ့သမျှကို
တောင်းပန်တိုးလျှို အသနားခံ
ပါးပြင်ပေါ်က
ရေနွေး စီးကြောင်းကို
တမံဖို့ လိုက်ရင် ကောင်းမယ်

အမြင့်ပျံမိုးရာသီရဲ့ နွေညတွေ တဲ့
ရုပ်တွေလည်း ဖောက်ကြ
စိတ်တွေလည်း ဖောက်ကြ
တသားတည်း ဖြစ်အောင်ညှိမရမှတော့
သူ့ ကို နောင်တစ်ချိန်ရဲ့သမိုင်းထဲမှာ
သွတ်သွင်းလိုက်ပါတော့

အားကုန်ပြေးလွှားသမျှ
သံသရာဆိုတာ
စက်ဝိုင်း တဲ့
 
အချိန်မဲ့နာရီဒိုင်ခွက်ထဲမှာ
သချာင်္တွက်ရင်း
လူမရှိတဲ့ကမ်းကို ရေတိုက်စားတယ်

အဆုံးစွန်အထိလွှတ်တင်ထား
အဆင်ပြေမှ ပြေပါ့မလား
စိုးရိမ်စိတ်နဲ့  တောက်လောင်ခဲ့တဲ့
အဲဒီမီးတောက်ရဲ့ နာမည်က
ဘာတဲ့….

အယောင်ပြ ကြည်နူးမှုတွေ နဲ့ 
ဆင်ခြင်တုံတရားတွေလည်း
မြူဆိုင်းနေပြီ
နှုတ်ခမ်းတွေကို ပြုံးရယ်ခွင့် ပေးလိုက်တိုင်း
အတွင်းကနေ နာကျင်သံတွေ ကြားကြားနေရ

အသံထွက်တဲ့စကားလုံးတွေထက်
တန်ဖိုး တက်ချင်လို့ 
အရာအားလုံးကိုအမှောင်ချထားတာမဟုတ်
လင်းပွင့်ဖို့ ခွန်အားမရှိအောင်ကိုပဲ
အဲဒီဒေသက ခြောက်သွေ့ နေပြီလေ

ရေခိုးရေငွေ့ တွေနဲ့ ထွင်းထုထားတဲ့
သင်္ကေတ အရုပ်က
သစ်တစ်ခက်ကြွေပြီး
အငွေ့ ပျံသွားတဲ့သစ်ပင်လို

ပန်းချီဆရာထက်
ပန်းချီကားပဲ
ဖြစ်ချင်တော့တယ်

ဘယ်သီအိုရီ
ဘယ်ဇယားနဲ့ စဉ်စဉ်
ကိုယ်ပိုင်နံပါတ်ပျောက်နေတဲ့
ပန်းတစ်ပွင့်ရဲ့လိပ်ပြာက
ငရဲကြီးရှစ်ထပ်ကိုမသိဘူး

ဆွဲဆန့် ချင်သူရဲ့ လက်တွေက
သက္ကရာဇ်ဘယ်လောက်ထိ
ဆွဲခေါ်သွားမှာလဲ
ပြောကြသလိုပဲ
ဓားနဲ့ ထိုးရင်လည်း သေပါတယ်

ရပ်တန့် ဖို့ က သင့်နေပြီ
သက်တန့် ကွေး ဆီကနေ
ဖိတ်ကျလာတဲ့ ရောင်စဉ်တွေက
အက်ဆစ်တစ်ခွက်ထက်
ပြင်းတယ်

အမည်နာမ တွေကို
စာလုံးကြီးကြီးနဲ့ ရေး
လွဲခဲ့တဲ့အကြောင်းတရားတွေထဲမှာ
အသက်ရှူတဲ့အကြောင်းလည်း ပါတယ်

ကောင်းကင်အလွတ်နဲ့ 
မြေပြင်အလွတ်ကို
တွဲချုပ်ရင်း ရခဲ့တဲ့သင်ခန်းစာမှာ
ဂျူလိုင်မှာ ပွင့်တဲ့ပန်းတွေလည်း ပါဝင်ခဲ့

ဆုပ်ထားတဲ့လက်ကို ဖြည်လိုက်တော့
ဗလာလက်တစ်ဆုပ်စာဟာ
တွန့် ကြေလို့ 
ဘယ်လိုဖန်ဆင်းမှုနဲ့ မှ
စာရင်းမ၀င်ခဲ့တဲ့ ခြေတစ်စုံအတွက်
ကရုဏာ စကားလုံးတွေဟာ
မနက်ဖြန်တွေပေါ့

ဘုံခုနှစ်ဆင့်ကနေ
လွတ်ကျလာတဲ့ပန်းသီးတစ်လုံးကို
စားသင့်မစားသင့်
တန်ရင် ဆေး ဖြစ်တတ်သလို
လွန်ရင် ဘေး ဖြစ်တတ်တဲ့
အရာတွေထဲမှာ
အဲဒါလည်း ပါဝင်နိုင်တယ်

ထွန်းတောက်နေတဲ့ လတစ်စင်းက
ကမ္ဘာတစ်ခြမ်း အတွက်ပဲတဲ့လေ
ပုံ ပြောတတ်မှမိုးရွာမယ်ဆို
တစ်ထောင့်တစ်ည လောက်တော့
တကယ်သနားတယ်

အပူလောင် နေ့ စွဲတွေနဲ့ 
ချိန်သားမကိုက်တဲ့ခံစားမှုတွေ အတွက်
စားကျက်ပြင်မှာ
တိမ်တွေဟာ ပုံသဏ္ဍာန်ပျက်ယွင်းနေခဲ့

တကယ်ပါ
သီချင်းရေးတဲ့သူထက်
သီချင်းတစ်ပုဒ်ပဲ ဖြစ်ချင်တယ်
လသာမှကြားရတဲ့
တေးတစ်ပုဒ်အဖြစ်ပေါ့..။


မိုးအိမ်လူ

No comments:

Post a Comment