Sunday, October 23, 2011

ဖျားနာခြင်း


ပျောက်ဆုံးသွားသော အရာများကိုစာရင်းပြုစု ပြန်လည်ရှာဖေ
အမှိုက်သရိုက်၊ ပင့်ကူမျှင်၊ ဖုန်မှုန် တွေကိုဖယ်ခါ
ဟောဒီလမ်းထဲကိုအားတင်းပြီး ပြန်ဝင်ခဲ့တဲ့နေ့ 
ဘာတွေ ပျောက်ဆုံးသွားတာလဲ မသိတော့အောင်အပျောက်များနေခဲ့တဲ့ရက်စွဲတွေ
လည်ချောင်းက ဆူးချွန်က မထင်ရင်မထင်သလိုထထ ထိုးတတ်သလို
ဦးခေါင်းက ကျိန်စာကလည်း တရေးနိုးတိုင်း အစွမ်းပြ
ရင်ဘတ်ထဲက ၀ဋ်ကြွေးကတော့သတိရရင်ရသလိုမီးထတောက်တယ်
အင်းဆက်ပိုးမွှားတွေရဲ့ဇွဲသတ္တိကြီးပုံမျိုး နဲ့ သွေးကြောတွေထဲမှာ
နေ့ ဆယ့်နှစ်နာရီ ည ဆယ့်နှစ်နာရီ တဆစ်ဆစ်နဲ့ ကိုက်
အကိုက်အခဲ ပျောက်ဆေးတွေလည်း မတိုးတော့ဘူး
ဝင်သက်ထွက်သက်ကိုသတိကပ်ရင်း ဝေဒနာကိုရှူ
ပေါက်ကွဲအား ပိုကောင်းလာတဲ့မီးတောင်တစ်လုံးလို
အပူချိန်ဒီဂရီတွေ မြင့်တက်လာရင်း ပါးစပ်ထဲက အငွေ့ တွေထွက်လာသလိုလို
လျှာက ရေကို ငတ်မွတ်စွာ တောင့်တ
လည်ချောင်းက ရေကိုငတ်မွတ်စွာ တောင့်တ
ရင်ဘတ်က ရေကိုငတ်မွတ်စွာ တောင့်တ
ဆန္ဒက ရေကိုငတ်မွတ်စွာ တောင့်တ
အမှောင်နံရံပေါ်က ရပ်နေတဲ့နာရီဒိုင်ခွက်ထဲမှာ အချိန်ဟာ ပုပ်သိုးလို့ 
အခိုးရိုက်အမြင်အာရုံနဲ့ နေထွက်တော့မှာလား
တစ်ယောက်ယောက်ရဲ့နာမည်ကို ခေါ်ကြည့်ဖို့ ကြိုးစား
အသံအိုးက ပူလွန်းလို့ ကျွမ်းသွားပြီအလုပ်မလုပ်တော့ဘူး
မျက်နှာကျက်ကို စေ့စေ့ကြည့်ရင်း
ကြားရတဲ့ကြက်တွန်သံဟာ သန်းခေါင်ကြက်လား လင်းကြက်လား.။


မိုးအိမ်လူ

No comments:

Post a Comment