Sunday, October 23, 2011

အိမ်ကလေး




ယုံကြည်မှုနဲ့  တည်ဆောက်ထားသော
အိမ်ကလေး
နွေးထွေးမှုဟာ ရှိခဲ့တာလား
ရှိနေတာလား ဘာမှန်းမသိ
အနာဂတ်အတွက် ရည်မှန်းချက်များဟာ
အိမ်ကလေးအတွက် အသုံးမ၀င်ခဲ့

ခလုတ်တိုက်တတ်သော ဒေါသများ
အိပ်ငိုက်တတ်သော အသိတရားများ
အရာရာ … အရာအားလုံးဟာ
ဖြစ်ပြီး ပျက်သုဉ်း

အော်ဟစ်ပြောဆိုတတ်သော ပါးစပ်ပေါက်
မိုက်မဲစွာ ပြောဆိုတတ်သော အကုသိုလ်
အိမ်ကလေးရဲ့ အ၇ိပ်ကို ခိုဝင်ခွင့်မရ

ပညာရှိစွာ ဆိုးသွမ်းမှုများ
ပညာသားပါပါ လိမ်ညာမှုများ
ခေတ်ရဲ့ အောက်ခြေမှာ
တည်ငြိမ်စွာ အိမ်ကလေး ရှိနေ

အိမ်ကလေးထဲက ကလေးငယ်ရဲ့ အိပ်မက်တွေ
ဂီတ သံစဉ်တွေနဲ့ ငြိမ့်ညောင်းနေ
နောက်ပြီး အဝေးတစ်နေရာက ကာလ တစ်ခုမှာ
အိမ်ကလေးဟာ တောက်ပြောင်နေ
ခေတ်ရဲ့ ရိုက်ခတ်မှုတွေအောက်မှာ
အိမ်ကလေးဟာ သေးငယ်လာ
ရိုးရှင်းစွာ တည်ဆောက်ထားတဲ့
ပုံစံငယ်လေးနဲ့ 
အိမ်ကလေးဟာ ငြိမ်းချမ်းစွာ လှနေသလို

လူသားရဲ့ အတ္တပေါက်ကွဲ သံဟာ
အိမ်ကလေးရဲ့ အမိုးအောက်မှာ
တိုးတိုးညှင်းညှင်း
အိပ်မက်တွေ တနင့်တပိုးနဲ့
သစ်ပင်ငယ်ဟာ အကိုင်းအခက် စုံလင်လာ
စွန့် ခွာ ထားရစ်ခဲ့ရပေမယ့် အိမ်ကလေးက တည်တည်ငြိမ်ငြိမ်
သစ်ပင်ပျို ရဲ့ နှလုံးသားထဲမှာတော့
စိတ်ဓာတ်တွေနဲ့ တည်ဆောက်ထားတဲ့
အိမ်ကလေးနဲ့  ပုံစံတူ အိမ်တစ်လုံး

နှလုံးသားအိမ်ကလေးရဲ့ ခိုင်မာမှုကို
စမ်းသပ်ဖို့ 
သဇင်လေးပွင့် နဲ့ စံပယ် လေးပွင့်က
စောင့်ဆိုင်းနေလေရဲ့ ….။

မိုးအိမ်လူ

No comments:

Post a Comment