Monday, November 19, 2012

ပြီးခဲ့တာတွေပဲ အထပ်ထပ် အခါခါ ဖတ်




ဘာလဲတော့ မသိဘူး။ ကိုယ့်ကိုယ်ကို လက်မခံနိုင်ခြင်း နှင့် နားလည်မှု မရခဲ့သော
ကိုယ်တွင်းစစ် မီးခိုး တငွေ့ငွေ့။ ခေါက်ရိုး မသေမသပ် စိတ်အထည်ပျက်ဖြင့်
မိုးတွင်း စ ရောက်ကတည်းက ပျော်လိုက် ပျက်လိုက် ဖြစ်စဉ်ရိုးတွေနဲ့ ကင်းကွာနေ
အဲဒီ မကွေးမြို့ ရဲ့ လမ်းမကြီး ၊ လမ်းမလေး ၊ စူပါမားကတ် ၊ စာအုပ် အငှားဆိုင်
တစ်သက်တာ ရှူရှိုက်မိသမျှ ဥပါဒါန် အဖြစ်သာ။ ဖုန်းနံပါတ်များ မမှတ်မိတော့။
ကြိုက်တာ မကြိုက်တာ တွန့်ဆုတ် ဇီဇာကြောင် စိတ်နဲ့ အခု လမ်းမှာ မချောမွေ့
မော်ဒန် ဖြစ်ရမယ်။ ပိုစ့်မော်ဒန် ဖြစ်ရမယ်။ အဲဒါတွေနဲ့လည်း ကင်းကွာနေတာကြာ။
ကိုယ့်ရဲ့ နှစ်ဆယ့်လေးနာရီက တိရိ သေသပ် လှပတဲ့ ပုံစံခွက် အခိုင်အမာ
ကျန်းမာရေးအတွက် ကျန်းမာရေးတွေ ဖောက်ပြန်နေရ
ဂုဏ်တော် ကိုးပါးကိုပဲ စိတ်မှာ ရွတ်ဖတ်ပြီး ၀ပ်တွားခယမှု လျော့ရဲတဲ့ ဘာသာရေး
အထွေထွေ ကိစ္စများနှင့် စပ်လျဉ်းပြီး အားဆေးတွေ သောက်တိုင်း
ရင်ဘတ်ချင်း တစ်သားတည်းဖြစ်နေသူကို သတိရမိတာ အသေအချာ
မောဟသံများ ဆန်းဒေးမှ စနေနေ့အထိ ဘာသာစကား ကိစ္စများ မပြီးမပြတ်
အပူအအေး မမျှတတဲ့ နေ့စွဲထဲက ခန္ဓာကိုယ်ကြီးကို ထမ်းပိုးနေရတာ
စိတ်ပင်ပန်းတယ်။


မိုးအိမ်လူ

၁၂ ဇူလိုင် ၂၀၁၂

No comments:

Post a Comment