ကိုယ်ရောင်ဖျောက်နှင်းတို့  ခန္ဒာကိုယ်မှာ ရွှဲရွှဲစိုစေခဲ့တဲ့အချိန်…..။ အလင်းရောင်အောက်မှာ ငရဲတမျှ
ပူလောင်ပြီး အမှောင်အောက်မှာ ရေခဲတမျှ အေးခဲနေတဲ့အချိန်…။ အချိန်ကာလဟာ
ကျွန်တော့်အတွက် အိုမင်းရင့်ရော်စေ ရုံကလွဲလို့  ဘာမှ
မပေးစွမ်းနိုင်ခဲ့ပါဘူး။အစွန်းရောက် လေထု နှင့် အဆုံးစွန်သော ကံတရားတို့ ၏
တစ်ဖဲ့ချင်း ခြွေချမှုမှာ ကျွန်တော် အသံမထွက်နိုင်အောင်
မျက်ရည်ကျခဲ့တယ်ဆိုတာ…။ ကောင်းကင်ရယ်… မျက်လုံးနှစ်လုံးစာ ဖြန့် ကျဲထားတဲ့
ကြယ်စုတွေနဲ့တော့ ငါ့ဘ၀ လင်းလက်လာမှာမဟုတ်ဘူး…။ လမင်းကို ဖွက်မထားပါနဲ
့တော့..။
ကျွန်တော်လုပ်သမျှကို နှာခေါင်းရှုံ့ တတ်ကြတဲ့ လူတစ်စု ရှိတယ်။ ဒါပေမယ့် သူတို့ နှာခေါင်းရှုံ့ ခဲ့တဲ့
ကျွန်တော့်ရဲ့ လုပ်ရပ်မျိုး သူတို့ လုပ်ကြတဲ့အခါ ကျွန်တော်
နှာခေါင်းမရှုံမိပါဘူး။ အဲ့ဒီလိုလူတွေအတွက် ကျွန်တော့် မျက်နှာ မှာ
အရေးအကြောင်း တွေ မထင်စေချင်ဘူးလေ..။ ကျွန်တော်က နှုတ်ဆိတတ်သူ..။
တိတ်ဆိတ်နေတတ်သူ..။ မှားမှာကို မကြောက်ပေမယ့် မမှားချင်သူ..။ ကျွန်တော့်ရဲ့
နေထိုင်မှုကို ဖြောင့်လှပါတယ်ဆိုတဲ့ မျဉ်းကြောင်းတွေပေါ်မှာ တင်ထားခဲ့
ပေမယ့်လည်း အမှားလက္ခဏာတွေပဲ ကျွန်တော်ရခဲ့တယ်။
သွားပုပ်လေလွင့် ဇာတ်လမ်းအချို့ မှာ ကျွန်တော်က သဘာဝမင်းသားကြီးပေါ့။
သူတို့ တွေ အားရပါးရ ရယ်မောနေကြတိုင်း ကျွန်တော် တိတ်တဆိတ်ပြုံးမိတယ်။
မှန်ကန်မှုဆိုတာ ဘယ်လိုအရာလဲလို့  ကျွန်တော် အရမ်းသိချင် တာပဲ။ ဒါပေမယ့်
ဟိုလူ့ လိုက်မေး ဒီလူ့ လိုက်မေးတော့ ကျွန်တော် မလုပ်ခဲ့ပါဘူး။လူတွေဟာ သူတို
့ကလွဲပြီး ကျန်တဲ့သူ တွေကို လူ,အတွေလို့  သတ်မှတ်ထားတတ်ကြတယ်လေ..။ အရူးကို
ဘုံမြှောက်တဲ့ အလုပ်ကို ကျွန်တော် မလုပ်ချင်ဘူး။
ဒီလို နှင်းစက်လေးတွေ တစ္ဆေတေးသွား သီဆိုနေတဲ့ အသံဟာ ရွှေမိုးငွေမိုး
ရွာတာထက် ပိုပြီး အဖိုး တန်တယ်လို့  ကျွန်တော်တစ်ယောက်တည်း သတ်မှတ်ထားတယ်။
တိတ်ဆိတ်တယ်ဆိုတာ စိတ်ကလွဲလို့ ကျန်တာ မကောင်းဘူးလေ။ အနည်းဆုံး
အသံလေးတစ်သံနဲ့  အများဆုံး အသံငယ်တစ်သံတော့ လိုတာပေါ့။ အသံကြီးတွေကို တော့
ကျွန်တော်မုန်းတယ်။
*
သူတို့  အရမ်းကြောက်နေကြတဲ့ ခရောင်းလမ်းဆိုတာကို ကျွန်တော်
သွားကြည့်တယ်။ ကြုံဖူးမှ သိမယ်ဆိုတဲ့ စကားရဲ့ အဓိပ္ပာယ်ဟာ ဘယ်လောက်ကြီးမား
သလဲဆိုတာ အဲဒီမှ ကျွန်တော် သိတော့တယ်။ ပိန်လိန်နေ တဲ့ ရှင်သန်မှုတွေ။
အင်အား၊ ခွန်အား ဆိုတာကို သူတို့  မသိကြတော့ဘူး။ သူတို့ အတွက်
ကောက်ရိုးတစ်မျှင်ဟာ အမှိုက်တစ် စ ထက်မပိုခဲ့ဘူး။ ကံလည်းမမြင်ရ ၊ လှံလည်း
မမြင်ရတဲ့ ဘ၀တွေ ဘယ်လောက်နာကျင်နေခဲ့တယ်ဆိုတာ ကျွန်တော် ကိုယ်စားဝင်ပြီး
ခံစားဖို့ မတတ်နိုင်ခဲ့ဘူး ။ အမြင့်ဆုံးနေရာ နဲ့ ကပ်လျက်မှာ အနိမ့်ဆုံး
နေရာ ရှိတယ်ဆိုတဲ့ သဘောတရား ကို ကျွန်တော် ရှူရှိုက်မိခဲ့တယ်။ အနံ့ တွေ
မကောင်းဘူးဗျာ။
အရာရာကို ခြွင်းချက်မရှိ လက်ခံဖို့ ကြိုးစားတိုင်း ကျွန်တော့်ရဲ့
နှုတ်တွေဟာ ဆွံ့ အ နေခဲ့တယ်။ ချိုအီ လွန်းတဲ့ အပြုံးမျက်နှာတွေဟာ
မကြာခင်မှာပဲ လောက် တက်တော့မယ်လို့  ကျွန်တော် စိတ်ထဲမှာ အလိုလို
သိနေခဲ့တယ်။
ဘ၀နဲ့  ရင်းပြီး ရခဲ့တဲ့ ပုံပြင်တွေဟာ သံစုံတီးဝိုင်းရဲ့
နောက်ခံတေးဂီတနဲ့  တွန့် ကြေလို့ ။ ဘယ်က စီးဆင်းလာမှန်းမသိတဲ့
ပြဿနာချောင်းငယ်တွေဟာ ကျွန်တော့်လက်ထဲမှာ အလိုလို
လမ်းဆုံးပျော်ဝင်သွားကြတယ်။ နည်းလမ်းမျိုးစုံနဲ့  အရိုက်ခံ ခဲ့ရတဲ့ စိတ်ဟာ
ပျော်ရွှင်စရာ တေးသံတွေကို မနှစ်သက်တော့ဘူး။ ပေါက်ကွဲမယ်။ ဆူညံမယ်။ နောက်..
တူရိယာသံတစ်ခု တည်းနဲ့ ခြောက်သွေ့ နေဦးမယ်။
နှင်းခွဲလေပြေဆိုတဲ့ ကဗျာတစ်ပုဒ်ဟာ ဒီလောကမှာ မွေးဖွားပြီးခဲ့ပြီလား ။
မွေးဖွားမပြီးသေးဘူးလား ။ ကျွန်တော် အမှန်တကယ် မသိခဲ့တာပါ။ အဲဒီကဗျာကို
ဖတ်တိုင်း ကျွန်တော်ရဲ့ ရင်ဘတ်ဟာနှင်းတွေ ဖြစ်ဖြစ်သွားသလိုပဲ ။
အကြိမ်ကြိမ်ဖတ်တိုင်း အကြိမ်ကြိမ် ရင်ခွဲခံနေရတယ်။ ဒါပေမယ့် ကျွန်တော်က
အဲဒီ ခံစားမှုကို နှစ်သက်နေတယ်။ နာကျင် ခြင်းကို နာကျင်အောင်
မခံစားတတ်တော့တဲ့ တစ်နေ့ မှာ ကျွန်တော်က ကျွန်တော့်မူပိုင် နှင်းခွဲလေပြ
ကို မွေးဖွားလိမ့်မယ်။ ကမ်းပြို နေတဲ့ အတ္တတွေထက် ကိုယ်ချင်းစာတရား
မိုးတပေါက်ကို ကျွန်တော်က မျှော်လင့်နေခဲ့တာ။ တဖျောက်ဖျောက်
လောင်ကျွမ်းခံနေရတဲ့ ဘ၀တွေရဲ့ မချိတင်ကဲ အပြုံးတွေကြောင့် ကျွန်တော့်ရဲ့
ပထမဆုံးမျက်ရည်စက်ဟာ ရင်ဘတ်ပေါ်မှာ အငွေ့ ပျံသွားတယ်။ တဖျောက်ဖျောက် ဆိုတဲ့
အသံကို ကျွန်တော်ပဲ ကြားနေ၇တာလား။ ကျန်တဲ့လူတွေကော မကြားကြ ဘူးလား။ သူတို
့တွေ တကယ်နာကျင်နေကြပါပြီဗျာ။ သတ္တ၀ါတစ်ခု ကံတစ်ခုလို မပြောကြပါနဲ့ လား။
အဲဒီစကားလောက် ဥပေက္ခာဆန်လွန်းတဲ့ စကား ကျွန်တော် မကြားဖူးဘူး။
အဲဒီမီးပွားတွေ ကိုယ့် လက်ပေါ်မကျခင်အထိတော့ လောကကြီး ဟာ သာယာပါတယ်လို
့တွေးနေကြဦးမှာပဲ။ နားရွက်နားမှာ ရစ်ဝဲနေတဲ့ အသံတွေကို ခါချလိုက်ပါ။
ပြီးရင် နားစိုက်ထောင် ကြည့်။ နှလုံးသားက တစ်ခုခု ပြောနေလိမ့်မယ်။
*
ဟိုးအဝေးမှာ တိမ်တိုက်တွေ ပြိုဆင်းနေကြပြီ။ သူတို့ ကတော့
ပျော်ပျော်ပါးပါး။ ၀ုန်းဒိုင်းကြဲနေတဲ့ မိုးရေတွေထဲမှာ ရပ်ရင်း
ကောင်းကင်ကြီးကို ကျွန်တော် စကားစမြည်ပြောခဲ့တယ်။ သူကတော့ မရှင်းမလင်း
အသံဝါးဝါးကြီး နဲ့  ဘာတွေပြောနေမှန်းကို မသိဘူး။ နားညည်းတာတော့
သေချာတယ်။ဒါနဲ့ ကျွန်တော်လည်း အအေးပက်ခံပြီး စကားပြော မနေတော့ဘဲ
အိမ်ထဲဝင်ပြီး အ၀တ်အစားလဲ အိပ်ရာထဲမှာပဲ ကွေးနေလိုက်တယ် ။ အဲဒီမှာမှ သူ
့အသံကို ကျွန်တော် သေသေချာချာ နားလည်တော့တယ်။ သူက သီချင်းဆိုနေတာဗျ။ သူတို
့ကောင်းကင် ဘာသာစကားနဲ့ ပေါ့ဗျာ။ ကျွန်တော် လည်း နားမလည်ပါဘူး။
သံစဉ်လေးကတော့ နားထောင်ကောင်းသားဗျ။
*
ကျွန်တော့်ရဲ့ ကိုယ်ရေး ဒိုင်ယာရီထဲမှာ ရွှေရောင်ထနေတဲ့ စကားသုံးလုံး
ရှိတယ်။ “ ယုံ..ကြည်..မှု”။ ရွှေနဲ့ စက်ဝယ်လို့ မရတဲ့ ဒြမ်မဲ့ အရာတွေကို
သိပါလျက်နဲ့  ပိုင်ဆိုင်ဖို့ မကြိုးစားတာ ဘာကြောင့်လဲလို့ လူတွေကို
မေးကြည့်ချင်တယ်။ ကျွန်တော်တို့ က တံတွေးကို ကြောက်နေခဲ့ကြတာလေ။ ကိုယ်ကသာ
ထွေးထုတ်ချင်ပြီး ကိုယ့်ဆီကို အစင်မခံချင်ခဲ့ကြဘူး။ အဲဒီတံတွေးတွေကို
ရှောင်ရင်း ရှားရင်းနဲ့ ပဲ ကျွန်တော်တို့ ရဲ့ ဇာတ်လမ်းတွေ
အရှိန်မြင့်လာခဲ့ကြ တယ်။ တီးလုံးတီးကွက် အသစ်အဆန်းတွေနဲ့ 
မြိုင်မြိုင်ဆိုင်ဆိုင်ပေါ့။ ဒါတွေကိုပဲ ကျွန်တော်က မကျေမနပ် ၊ ရှုံချ ၊
ဝေဖန် ပြီး ကျင်သုံးနေခဲ့မိတာ။
*
ကြိုးစားပမ်းစား လုပ်ဆောင်ခဲ့သမျှ နောက်ဆုံး ပန်းတိုင်ဟာ သင်္ချ
ိုင်းဖြစ်ဖြစ်နေတာတော့ တဆိတ် ဆိုးလွန်းတယ်။ ပြိုင်ဘက်ပေါင်းများစွားနဲ့ 
ယှဉ်ထိုး သတ်ပုတ်အနိုင်ယူပြီး ရခဲ့တဲ့ ဆုလာဘ်က ဒီဇိုင်းခပ်မိုက်မိုက်
အုတ်ဂူ လေး ဖြစ်နေတော့… ကျွန်တော် ရယ်ချင်သွားတယ်.။ သင်္ချိုင်းက ကျွန်တော်
ရယ်ရင် မကြိုက်ဘူး။ ကျွန်တော့် ကိုလည်း သူ့ ဆီ မလာနဲ့ တဲ့လေ။ မလာလို့ မှ
မရတာဘဲလေ။ လာရမှာပဲ … လို့  ကျွန်တော်က ပြောတော့ သူက
စိတ်ဆိုးရော..။ သူ့ ဆီလာချင်ရင် သူ့ လို ဖြစ်အောင် အရင် ကျင့်
ရမယ်တဲ့..။ ဘယ်လိုလဲ လို့  ကျွန်တော် မေးလိုက်တော့ … တိတ်ဆိတ်နေရမယ်…တဲ့။
တစ်ယောက်တည်းရှိနေရင်တောင် အသက်ရှူသံကို မထွက်အောင်နေ၇မယ်တဲ့..။ အဲဒီမှာ
ပဲ ကျွန်တော့် ဦးနှောက်က အသံတွေ ညံစီညံစီ ထွက်လာပါလေရော။ သင်္ချိုင်းကြီး
စိတ်ပျက်သွားလေရဲ့။ ကျွန်တော်လည်း အားရပါးရ ရယ်မောရင်း
ခေါင်းမော့ကြည့်လိုက်တော့ .. ကျွန်တော်တို့ အဖြစ်ကို
ပြုံးပြုံးကြီးကြည့်နေတဲ့ ကောင်းကင်ကြီးက ခပ်ပြုံးပြုံးလေး တိမ်တွေ
ခါချနေလေရဲ့။
*
မိုးအိမ်လူ
No comments:
Post a Comment