Saturday, October 22, 2011

ခေတ်ပေါ် အက္ခရာ ဟောင်းများ




( ၁ )

ကိုယ်ရေးကိုယ်တာ စာမျက်နှာတွေကို
လူကြည့်ကောင်းအောင် ပြင်ဆင်ရင်း
ငါတို့  ကိုယ့်မျက်နှာ ကိုယ် မကြည့်မိခဲ့ဘူး
စိတ်ပျော်အောင် မရွာတဲ့ မိုးဖွဲတွေကြား
စက္ကန့် တံတစ်ချို့ ကို
မီးတင်ရှို့ ဖို့ 
ငါတို့ တွေ လက်ရဲဇက်ရဲ

ဘာပဲပြောပြော ဇင်သော့ရေ
မရေရာမှုကို စကားလုံးတွေနဲ့ ထုဆစ်ဖို့
မင်း ရှိတယ်
ငါ ရှိတယ်
မိုးသည်း ရှိတယ်
နောက်ပြီး ပင်ဂွင်းငှက်တစ်ကောင်လည်း ရှိတယ်

ရှင်းလို့ ရရင်
ဒီရွက်ပြတ်တော ကို မျက်စိတစ်မှိတ်နဲ့ 
ရှင်းပစ်ချင်တယ်

ငယ်ရွယ်စဉ်ဆိုတာ
မနေ့ ကလိုပဲ
အသက် ( ၂၀ ) နဲ့  အမှုတစ်ရာ ကြုံနေရတော့
မင်းလည်း ဆံပင်တွေကောက်
ငါလည်း ပါးရေနားရေတွေ တွန့် 

ငါသာ ပွဲစားဆို
အဲဒီ စက်ဝိုင်းကို
ရတဲ့ ဈေးနဲ့ ရောင်းပစ်လိုက်ပြီ။

( ၂ )

ဘယ်လိုလဲ ဇင်သော့
မင်းရဲ့ ပန်းနုရောင် စိုက်ခင်းက
သီးနှံဘယ်လောက်ထွက်နေပြီလဲ

ခါးသီးတယ်ဆိုပြီး
ရှောင်ဖယ်လို့ မှ မရဘဲ
အခု မင်းသောက်နေတာ
ကော်ဖီခါးခါးလေ
ဘယ်လိုပဲဖြစ်ဖြစ် အထွက်နှုန်း ကောင်းဖို့ အရေးကြီးတယ်

အရှုံးအမြတ် တွက်ချက်နေလို့ 
ဒီအိပ်မက်တွေက ဈေးတက်မလာဘူး
မိုးရွာလို့ လည်း အရောင်း မပြတ်ဘူး
နေပူလို့ လည်း အရောင်းမသွက်ဘူး
စက္ကူရင်းတဲ့ ကစားပွဲမှ မဟုတ်ဘဲ
မင်းရင်းခဲ့တာ
နှလုံးသားလေ

အက်ကြောင်းကွဲထဲက
အမုန်းရယ်သံတွေ…
ကြေကွဲ သီချင်းတွေ
ဒါပေါ့ မင်းက လတ်လတ်ဆတ်ဆတ်

ငါကတော့
ကျောက်ဖြစ်ရုပ်ကြွင်းကိုပဲ
ခံစားချက်ပွား
မိုးတွေရွာတိုင်း
တစ်ထပ်ဆောင်တွေကို လွမ်းတယ်

လျှပ်စီးသွားတွေလို
မညီညာတဲ့ အလှအပမျိုးနဲ့ 
စကားလုံးတွေကို တည်ဆောက်ကြည့်တော့
မိုးကြိုးပစ်တိုင်း
ငါ့ဒိုင်ယာရီစာအုပ်လေးက
ထ ထ ခုန်တယ်။

( ၃ )

အပူအပင်ကို
ဆီလို အပေါက်ရှာပြီး ရှာနေရမယ့်  ဘ၀မှာ
ငါတို့ သူငယ်ချင်းတွေက
ဘိုးဘိုးအောင် တန်ခိုးနဲ့  နှစ်ဆတိုးလို့ 

ဘ၀ အမော ဘ၀အမောနဲ့ 
လောဘလေးက ခပ်များများ
ဒေါသလေးက ခပ်ထန်ထန်
နောက်ဆုံး
ခပ်ကြမ်းကြမ်း စကားလုံးတွေက
နေ့ စဉ်ဘ၀တွေကို
မောမောသွားစေခဲ့တယ်
မင်း သိတယ် မဟုတ်လား …ဇင်သော့
မနေ့ က ငါတို့ ရပ်ဝန်းမှာ ငလျင်လှုပ်သွားတယ်လေ

ဒုက္ခသစ္စာနဲ့ လောကဓံရှစ်ပါးကို
နို့ စိမ်းပေါက်သောက်တတ်တဲ့
ဒီမြို့ သားတွေနဲ့ 
ငါ သိပ်အစေးမကပ်တော့ဘူး

အနောက်တောင် မုတ်သုန်လေကို
ပြောလိုက်ပါ
အားရင် ငါတို့ မြို့ ကို လာခဲ့ပါဦးလို့ 

တစ်နေ့ တစ်နေ့ 
ခြင်္သေ့ဖမ်းလိုက်
ခဏလေးနဲ့ ပြန်လွတ်သွားလိုက်
စိတ်ဓာတ်လေး ဗွက်ထဲချလိုက်
နောက်
ခြင်္သေ့ ပြန်ဖမ်းလိုက်

 မင်းကောင် မြိုင်ရာဇာလည်း
မသေးမျှင် မရှိကတည်းက
သေနတ် ပြန်ကိုင်နေပြီ
ဒါက အရေးမကြီးပါဘူး
မင်း ပစ်ကွင်းထဲက
အနက်ရောင် ဘောလုံးကိုသာ
အာရုံစိုက်ပါ

ငါလည်း မရေရာမှုအတွက်
စာအုပ် ဖတ်လိုက်
တီဗွီ ကြည့်လိုက်
အင်း
အိပ်မက်တွေလည်း
ငါ့အိပ်ရာပေါ်မှာ အတုန်းအရုန်း။

( ၄ )

ဝရုန်းသုန်းကား နေ့ စဉ်ဘ၀နဲ့ 
လေချင်တိုင်း လေ
ပေချင်တိုင်း ပေ
အနန္တတို့ ရဲ့ အိပ်မက်တွေ မြစ်ရေထဲမျော

ရှောင်ဖယ်လို့ မရတဲ့
ဒီတွေ့ ဆုံ ဆက်ဆံမှုတွေထဲ
ကိုယ်ပိုင်ဘ၀ကို မြေလှန်ရှာ
တွေ့ မယ် တွေ့ တော
လှလှပပ ထုဆစ်ထားတဲ့ ဒုက္ခရုပ်ကြီး

မိုးရွာတိုင်း ရေခံရအောင်က
ငါ့ ပုံးက သေးသေးလေး လေ
ဘ၀ပေးပေါ့

ဇင်သော့ရေ
လက်တွေ့ နဲ့ စိတ်ကူးယဉ်ကို
ခွဲခြမ်းစိတ်ဖြာ သုံးသပ်ရင်း
ငါတို့ ရဲ့ မှော်ဝင်ဇာတ်လမ်းတွေက
စာမျက်နှာပေါ်မှာ

ဒီဆိပ်ကမ်းမှာ ဆိုက်သမျှ
ဒီကုန်းပတ်နဲ့ 
ဒီကူလီနဲ့ 
ဒီဈေးသည်နဲ့ 
ဒီမျက်နှာတွေကိုပဲ အလွတ်ကျက်

မမြင်ချင်ယောင်ဆောင်တယ်ဆိုတာ
အိပ်ချင်ယောင်ဆောင်တာလောက်
ပိရိသေသပ်မှုမရှိဘူး
ဘယ်လိုပဲဖြစ်ဖြစ်
ရယ်သံတွေကြားရင်
ငါကတော့ အိပ်ရာထဲ တန်းဝင်တာပဲ

ငြင်းပယ်ခွင့်မှ မရှိတဲ့
နေထိုင်မှု မီးတောင်ထဲ
တလိမ့်လိမ့် စီးဆင်းသွားတဲ့ ချော်ရည်တွေက
မီးတောင်ကြီးရဲ့ မျက်ရည်လား

လှုပ်လီလှုပ်လဲ့
သေတာတောင်မှ လှပချင်နေတဲ့
သစ်ရွက်ခြောက်တွေရဲ့ ကြွေဆင်းမှု
ငါကတော့
နယူတန်ရှေ့မှာ ဗုန်းခနဲ ကြွေကျတဲ့
သစ်သီးပဲ ဖြစ်ချင်တယ်

ရှေ့ကို ကြည့်ရင် ဆောင်းရာသီ
အခု ငါ့ခြေထောက်တွေက ဗွက်ထဲမှာ
ရှေ့ဆက်လှမ်းရမလား
ဗွက်ထဲမှာပဲ နေရမလား
အရိုးပြိုင်း သစ်ခြောက်ပင်လောက်မှ
ခံနိုင်ရည် မရှိခဲ့

အခုတော့
ကျဆိမ့် တစ်ခွက်နဲ့  နေ့ တစ်ဝက်
စာအုပ်တစ်အုပ်နဲ့  ညတစ်ည
ငွေငါးရာနဲ့ နံနက်ခင်းတစ်ခု
ပျောက်ဆုံးသွားတဲ့ ငါ့ရဲ့ သရဖူ
အရောင်တောက်ဖို့ နေနေသာသာ
ငါ့ရဲ့ဓားကိုတောင် မသွေးရသေးဘူး
ဒီနွေမှာပေါ့…။

( ၅ )

ယိုင်နဲ့ နဲ့ ပုံစံခွက်ထဲမှာ
မင်းရှာတွေ့ တဲ့ အမှန်တရားက
ဘာလဲ..

မြိုင်ရာဇာအတွက်တော့
မသေးမျှင်ဖြစ်မှာ သေချာတယ်
ကျန်တဲ့ ငါတို့ အတွက်ကော..

စက္ကူတွေနဲ့ ဖုံးပိတ်ထားတဲ့
တံခါးတစ်ချပ်ကို ဖွင့်ဖို့ 
ငါတို့ ဘာတွေ ၀န်လေးနေခဲ့သလဲ
ဇင်သော့ရေ
ရိုးရာထုံးစံဆိုတာ
တစ်ခါတစ်ခါမှ စားရတဲ့
ဆောင်းရာသီရဲ့ နံနက်စာ တစ်ခုလိုပဲ
ကောင်းညှင်းပေါင်းနဲ့ 
ငါးရံ့ခြောက်ဖုတ်နဲ့ 
ရေနွေးကြမ်း ပူပူလေးနဲ့ 
သိပ်မြိန်တာပေါ့ကွာ…။


မိုးအိမ်လူ

5  Jul 2009

No comments:

Post a Comment