( ၁ )
တွယ်တာနှောင်ဖွဲ့တတ်သော တိမ်စများ ရှိပါသည်။ ကောင်းကင်မှာ မဟုတ်ဘဲ
လူသားတို့ ၏ ဘ၀များ ထံတွင် ရှိနေခြင်းဖြစ်သည်။ တိမ်စများ
….အဖြူရောင်တိမ်စများ.. နှစ်လိုဖွယ်ကောင်းသော တိမ်စများ..။ ထိုအရာများ ….
ထိုတိမ်စများသည် လူသားတို့ ၏ ဘ၀များကို အနုပညာဆန်စွာ နှောင်ဖွဲ့ နေခဲ့သည်။
စွန့် လွှတ်နိုင်စွမ်း ဆိုသည်မှာ ရာသီ အလိုက် ပွင့်ဝေသော ပန်း မဟုတ်။
နောက်ဆုံး အပိုဒ်
မရောက်မီမှာပင် ထိုတေးသီချင်းကို တီးခတ်ခြင်း၊ သီဆိုခြင်းမှ သူ ရပ်တန်
့လိုက်သည်။ ရင်ကို မောလျစေသော အတွေးများ ၊ ခံစားမှုများ နှလုံးသားထဲသို့ 
အလျားလိုက် ၀င်ရောက်လာသည်။ ဦးနှောက် အမြှေး ပါး ၊ ဦးနှောက်အကန့် 
စသည်ဖြင့် ဦးခေါင်းခွံ အောက်မှ ဦးနှောက်ဆိုသော အရာ၏ အသိဥာဏ်
ထုတ်လွှတ်ခြင်း ၊ ဖြစ်ပေါ် ခြင်း အမှုကိစ္စကို သူ သိပ်နားမလည်ပါ။ သူ
နားလည်ခဲ့သည်မှာ သူ၏ ဦးနှောက်သည် အခြားသော သူများ၏ ဦးနှောက် ထက်
အလုပ်လုပ်နိုင်စွမ်း ပို၍ ညံ့ဖျင်းကြောင်းပင်ဖြစ်သည်။ စိတ်နှလုံး
မောပန်းလာသည်နှင့် တပြိုင်နက် ခန္ဒာကိုယ် တစ်ခုလုံးပါ မောပန်းလာပါသည်။
ကန်ရေပြင်တွင် အရောင်မဲ့လှိုင်းငယ်လေးများ ဖျပ်ဖျပ်လူးသွားသည်။
ထိုအရာသည်
အိပ်မက်မဟုတ်မှန်း သိပါရဲ့နှင့် အိပ်မက်ဟု အကြိမ်ကြိမ် ထင်မိနေခြင်းမှာ
စိတ္တဇ တစ်ခု လို ဖြစ်နေခဲ့သည်။ ထိုအရာသည် ဈာပနပွဲ တစ်ခု ဖြစ်ပါသည်။
အရပ်ထဲက လူများ၏ အပြောအရ အသုဘချပွဲ တစ်ခု ဖြစ် ပါသည်။ အသုဘ သည် လူတစ်ယောက်၏
နောက်ဆုံး အခမ်းအနား ဖြစ်သည်။ ပုံမှန်အတိုင်း ထုံးစံအတိုင်း မြင်လေ့မြင်ထ
တွေ့ လေ့တွေ့ ထ ရှိသော အသုဘများ အတိုင်းပင် ထို အသုဘအခမ်းအနားသည်
လွယ်လင့်တကူ ပြီးဆုံးသွားသည်။ သေသောသူကို သုဿာန်မှာထားခဲ့၍ ရှင်နေသော
သူများက သက်ဆိုင်ရာ အရပ်များဆီသို့  ပြန်သွားခဲ့ကြသည်။ အ နောက်အရပ်တွင်
နေလုံးကြီး ရှိနေသေးသည်။ ထို့ ကြောင့် အလင်းမပျောက်သေး။ ပူပြင်းခြောက်သွေ
့နေသလိုပင် ခံစား နေရသေးသည်။ ထိုအရာသည် အိပ်မက်မဟုတ်ပါ။ ထိုအရာသည်
အိပ်မက်မဟုတ်ကြောင်း လက်ခံနိုင်ဖို့ အတွက် သူ အကြိမ်ကြိမ်
ကြိုးစားနေခဲ့ရသည်။
*
( ၂ )
ညီမလေး၏
မျက်နှာတွင် ဆွေးရိပ်တွေ သန်းနေသည်။ မျက်လုံးများမှာလည်း နီရဲလျက်။
အကြိမ်ကြိမ် ငိုထားပုံပေါက်နေသည်။ စကားနည်းတတ်သော သူ၏ထုံးစံအတိုင်း
ညီမလေးကို ဘာမှမမေးမိ။ ညီမလေး ဘာတွေ ခံစား နေသလဲ ဆိုတာကိုတော့ သူ
အရမ်းသိချင်သည်။ ငယ်ငယ်တုန်းကဆိုလျှင် ညီမလေး ဘာဖြစ်နေသည်.. ဘာတွေးနေသည်
..ကအစ သူ အကုန်သိသည်။ ညီမလေး အမူအရာပျက်နေလျှင် သူက ချက်ချင်းမေးတတ်သည်။
ညီမလေးကလည်း သူ့  ကိုဆိုလျှင် အကုန် အမှန်အတိုင်းပြောပြသည်။ ညီမလေး
တက္ကသိုလ်ရောက်ပြီး နောက်ပိုင်းတွင်တော့ သူတို့ နှစ်ယောက်
အနေစိမ်းသွားခဲ့ကြသည်။ စကားလည်း သိပ်မပြောဖြစ်တော့။ ကိုယ်စီအိပ်မက်လေးတွေ
မွေးဖွားရင်း တစ်ယောက် အတွက် တစ်ယောက်က အချိန်တွေ နှမြောတတ်လာခဲ့ကြသည်။
အဲဒီနောက်ပိုင်းမှာတော့ တစ်ယောက်၏ အရိပ်အကဲ ကို တစ်ယောက်က ကြည့်ရင်း
လိုအပ်သည်ထင်တာလေးတွေ တတ်စွမ်းသလောက် အပြန်အလှန်ဖြည့်ဆည်းခြင်းဖြင့် ဘ၀ကို
တရွေ့ ရွေ့ ဖြတ်သန်း ခဲ့ကြသည်။ ရေခဲရနံ့ သည် သူတို့ ၏ အိမ်ကလေးထဲတွင်
ဆယ့်နှစ်ရာသီလုံး သင်းပျံ့လျက်ရှိသည်။
ညီမလေးကို သူ
ချစ်ပါသည်။ သူ့ ဘ၀၏ အခိုင်မြဲဆုံး သံယောဇဉ်နှင့်  အနွေးထွေးဆုံး
ချစ်ခြင်းတရားတို့ သည် ညီမလေးထံမှာပဲ ရှိနေခဲ့သည်။ ညီမလေးကလည်း သူ့ ကို
ထိုကဲ့သို့ ပင် သဘောထားကြောင်း သူ ခံစားမိပါသည်။ သူတို့ ၏ ဗီဇ ၊
စရိုက်နှင့် မရွေးချယ်ဘဲရရှိလိုက်သော ဘ၀ အခြေအနေတို့ ကြောင့်သာ သူတို
့နှစ်ယောက် ကြားတွင် စိမ်းရင့်နေသော လွင်ပြင်ကျယ်ကြီးများ ပေါ်ပေါက်လာရခြင်း
ဖြစ်သည်။ သို့ သော်လည်း သူတို့ နှစ်ယောက်လုံး တစ်ယောက်ကိုတစ်ယောက်
အစဉ်အမြဲ ဂရုတစိုက် အရိပ်တကြည့်ကြည့်နေခဲ့ကြသည်။ ညဘက်တိုင်း
ညီမလေးသောက်ဖို့ ကော်ဖီခါးခါးတစ်ခွက် သူက ဖျော်ပေးလေ့ရှိသလို မနက်တိုင်း သူ
စားဖို့ ထမင်းကြော်နှင့် ကော်ဖီကို ညီမလေးက အဆင် သင့် ပြင်ပေးထားတတ်သည်။
ထိုအမူအကျင့်လေးများသည် ညီမလေးနှင့် သူ၏ကြားတွင် ရှိသော နွေးထွေးမှု ၊
ချစ်ခြင်း တရားနှင့် သံယောဇဉ်လေးများ ဖြစ်ခဲ့သည်။
ညီမလေး
ငေးငိုင်စွာ ထိုင်နေသည်မှာ အတော်ကြာနေပြီ ဖြစ်သည်။ အခု ရက်ပိုင်း ညီမလေး၏
ပုံစံ သည် တစ်မျိုး ဖြစ်နေသည်။ အိမ်ထဲက အိမ်ပြင်မထွက်သည့် အပြင် အိမ်တံခါး
ခြံတံခါးတို့ ကို အကုန်သော့ခတ်ပိတ်ထား သည်။ ထို့ အတွက် သူ့ မှာ အခက်အခဲ
သိပ်မရှိပါ။ သူ့ ထံတွင် သော့တစ်စုံရှိသည်။ ခက်သည်က ညီမလေးပဲ ဖြစ်သည်။
ညီမလေး၏ မျက်နှာ ညှို့ မှိုင်းနေတော့ သူမှာ အကြောင်း အရင်းကိုလည်း
သိချင်သည်။ မေးလည်း မေးချင်သည်။ မေး လည်း မမေးဝံ့။ သူ မေးလိုက်ကာမှ ညီမလေး၏
စိတ် ပို၍ ထိခိုက်ဝမ်းနည်းသွားမှာကိုလည်း စိုးရိမ်မိသည်။ ပြီးတော့ သူ့ 
အတွက် ညီမလေး မနက်စာ ပြင်မပေးသည်မှာလည်း ငါးရက်လောက်ရှိနေပြီ ။ ဒါလည်း သူ
့အတွက် သိပ်ပြဿနာမရှိ။ အခုရက်ပိုင်း သူ ကိုယ်တိုင်လည်း ထူးဆန်းနေသည်။
ဘာအစာမှ စားချင်စိတ်မရှိ။ လူတစ်ကိုယ်လုံးလည်း လေးလံထိုင်း မှိုင်းနေသည်။
ညဘက်တွေကျတော့ ညီမလေး၏အခန်းက မီးလင်းနေသောကြောင့် သူအိပ်လို့ မရ။ သူ
့အကျင့်ကြောင့် ဖြစ်သည်။ ညီမလေး၏ အခန်း မီးပိတ်ပြီး ညီမလေး
အိပ်ပျော်လောက်ပြီဆိုမှ သူ အိပ်ပျော်တတ်သည်။
အခုရက်ပိုင်း ညီမလေး၏အခန်းသည် တစ်ညလုံး မီးလင်းနေတတ်သည်။ သူ ဘယ်လိုမှ အိပ်
မပျော်။ ညီမလေး ဘာဖြစ်နေသလဲ မေးရအောင် သွားတော့လည်း အခန်းထဲမှ ညီမလေး၏
ငိုရှိုက်သံကို ကြားရသည်နှင့် အခန်းဝကပဲ ပြန်ပြန်လှည့်လာရသည်။ စိတ်ညစ်သည်။
သူ ဒီလိုအခြေအနေကြီးနှင့် မနေချင်။ ဘယ်လိုလုပ်ရမှန်းလဲ မသိ။ ညီမလေးကို
စိတ်မညစ်စေချင်တာပဲ သိသည်။
*
( ၃ )
သူ ညီမလေး အနားမှ ထွက်ခဲ့ပြီး မီးဖိုခန်းထဲသို့  ၀င်ခဲ့သည်။ ညီမလေးအတွက်
ကော်ဖီဖျော်ဖို့ ဖြစ်သည်။ အခုမှ သူလည်း ညီမလေးအတွက် ကော်ဖီမဖျော်ပေးခဲ့မိတာ
ငါးရက်လောက်ရှိပြီ ဆိုတာကို ပြန်သတိရမိသည်။ အရင်နေ့ တွေက ဘာလို
့ဖျော်မပေးခဲ့မိပါလိမ့် ။ သူ စဉ်းစား၍ မရ။ အခုလည်း ညီမလေးက ကော်ဖီ သောက်မှ
သောက်ပါ့မလားဟုလည်း သူ စိုးရိမ်မိသေးသည်။ ညီမလေး မအိပ်တဲ့ ရက်တွေ များနေပြီ
မဟုတ်လား။ ကော်ဖီသောက်ပြီး ထပ်မအိပ်မှာလည်း စိုးသည်။ ကော်ဖီထဲ
အိပ်ဆေးထည့်လိုက်ရင် ကောင်းမလား။ မကောင်းပါဘူး လေ။ အိပ်ဆေးက
ကျန်းမာရေးကို ထိခိုက်နိုင်သည်။ ကော်ဖီသောက်လည်း အိပ်ချင်ရင်အိပ်တာပါပဲ.။
သူဆိုလျှင် ကော်ဖီ သောက်ပြီးမှ ပိုအိပ်ချင်လာလို့ 
အိပ်ပျော်သွားတဲ့အခါတွေကို မနည်းဘူး။
“ တော်ပါတော့ …ကိုကို ။ တော်ပါတော့ဟာ ။
နင် ငါ့အတွက် ကော်ဖီတွေ မဖျော်ပါနဲ့ တော့။”
ရုတ်တရက် ထွက်ပေါ်လာသော ညီမလေး အသံကြောင့် သူ လန့် သွားသည်။ နောက်ကို
လှည့်လိုက်တော့ မီးဖိုခန်း တံခါးမှာ မှီရပ်နေသော ညီမလေးကို တွေ့ လိုက်ရသည်။
ညီမလေး၏ မျက်နှာမှာ လည်း မျက်ရည်တွေ အပြည့်နှင့်။ သူ ကြောင်အစွာ
ငေးနေမိသည်။
“ ဘယ်တော့မှ …. နောက် နောင် ဘယ်တော့မှ
ငါ့အတွက် ကော်ဖီ ဖျော်မပေးပါနဲ့ တော့..။
မလိုအပ်တော့ဘူး…ကိုကို..”
ပြောပြီး ငုတ်တုတ်ထိုင်ချကာ ငိုရှိုက်နေသော ညီမလေးကို သူ လုံးဝ
နားမလည် တော့ပါ။ ဘာကြောင့်လဲ… ဘာအတွက်ကြောင့်လဲ ညီမလေးရယ်။ သူ ဖျော်သော
ကော်ဖီမကောင်းတော့လို့ လား။ ဘယ်သောခါမှ သူ၏ ကော်ဖီကို အကောင်းအဆိုး
မဝေဖန်ဖူးသော ညီမလေး၏ နှုတ်ဖျားမှ ဒီလို အငြင်းဝါကျတွေ ထွက်လာလိမ့်မည်ဟု သူ
ဘယ်တုန်းကမှ … ဘယ်သော အခါကမှ.. အိပ်မက်ထဲမှာတောင် မမက်ဖူး.။ မတွေးဖူး..။
မစဉ်း စားဖူး ခဲ့ပါ။
အခုတော့…။ သူ
ဘာပြန်ပြောရမည်မှန်းမသိ။ သူ၏ လည်ချောင်းတွေ ပူလောင်လာသည်။ သူ၏ ရင်ဘတ်သည်
မွန်းကျပ်မှုတို့ ဖြင့် ပြည့်တင်းလာသည်။ သူ၏ မျက်ဝန်းများ ပူနွေးလာသည်။ သူ၏
နှလုံးသားသည် ငိုနေပြီ။
သူ ညီမလေး
အနားသို့ တိုးကပ်သွားမိသည်။ ညီမလေး ခေါင်းငုံ့ ငိုရှိုက်နေတုန်း ။ ညီမလေး၏
ခေါင်းကို ပွတ်သပ်ဖို့  သူ၏ လက်ကို အလှမ်း..
“သွားပါတော့.. ကိုကို ။ နင့်လမ်း နင် သွားပါတော့။
နင်သွားစရာ၇ှိတဲ့ ဆီကိုသာ သွားပါတော့။
ငါလည်း ခံစားရလွန်းလို့ သေလူလို ဖြစ်နေပါပြီ။
ငါ့ရင်တွေလည်း ကျိုးကြေနေပြီ။ ငါ မခံစားနိုင်တော့ဘူး…ကိုကို။
ပြီးတော့ … ငါ အရမ်းလည်း နောင်တရတယ်….ကိုကိုရယ်”
သူ
သက်ပြင်းတစ်ချက်ရှိုက်မိသည်။ နားမလည်ခြင်းထက်ပိုသော နားမလည်ခြင်းများ။
ညီမလေး သည် ဒီလောက် နားလည်ရခက်ခဲသွားလိမ့်မည်ဟု သူ မတွေး မိခဲ့။ သူ၏
စိတ်အစဉ်သည် နက်ရှိုင်းလှသော ချောက်ကမ်းပါးထဲသို့  ကျဆင်းသွားသလို… ။ သူ၏
အခန်းထဲသို့  သူ ဘယ်လို ပြန်ရောက်နေမှန်းတောင် မသိခဲ့တော့။ ညီမလေးလည်း
ဘယ်လိုဖြစ်ပြီး ကျန်နေခဲ့သလဲ သူ မမှတ်မိတော့။
လောကကြီးတွင် ရနံ့ မဲ့သော ပန်းတို
့လှိုင်လှိုင်ပွင့်နေပြီလား…။ အစိမ်းရောင်မဲ့သော သစ်ကိုင်း ထက်တွင်
တေးမသီသော ငှက်တို့  အိမ်ဖွဲ့ နေကြပြီလား။ နေ၀င်ပြီလား ။ နေထွက်ပြီလား ။
နံနက်ခင်းတွေ မရှိတော့ဘူးလား။ သဘာဝတရားကြီး တရားပေါက်သွားပြီလား။
အလှတရားတို့ ကို ၀င်သက်ထွက်သက် တစ်ခါစာ လောက်သူ၏ရှေ့ တွင်
ဝပ်တွားလှည့်စေချင်သည်။
*
( ၄ )
ရံဖန်ရံခါမှ ပြည့်ဝတတ်သော လမင်းကြီးကို သူ မချစ်ပါ။ အချို့ အရာများကို
အမြဲတမ်းလိုအပ် နေတတ်သလို အချို့ အရားများကို ရံဖန်ရံခါမှ
လိုအပ်နေတတ်ခြင်းမှာ လူတွေရဲ့ အတ္တပဲလား မသိ။ သို့ သော် လူအများစု အတွက်
အရာအားလုံး ( ရုပ်ဝတ္ထု + နာမ်အစိတ်အပိုင်း ) သည် အစဉ်အမြဲ
လိုအပ်နေတတ်ပါသည်။ ထိုသူတို့ အတွက် ရံဖန်ရံခါများသည် မကြားအပ်သော အသံနှင့်
မလာအပ်သော ဧည့်သည်များ ဖြစ်ပါသည်။
နံနက်ခင်းတွင် အခန်းထဲသို့  ယိမ်းနွဲ့ စွာ ၀င်ရောက်လာသော
နေခြည်မျှင်တန်းလေးကို သူ ချစ်သည်။ တေးသီတတ်သော ငှက်ကလေးများကို သူ
ချစ်သည်။ အချိန်နာရီသည် လောကတွင် အလွတ်လပ်ဆုံးသော အရာတစ်ခု ဖြစ်သည်။
အချိန်နာရီ အပေါ်တွင် အရာများစွာ မှီခိုရှင်သန်နေကြသည်။ အချိန်နာရီကတော့
ဘယ်သူ့ ကိုမှ မမှီခိုပါ။ ရှင်းလင်းဖွင့်ဆိုပြရလောက်အောင် မနက်နဲသော်လည်း
ကွယ်ဝှက်ခြင်း၏ နောက်တွင် ဖွင့်ဟခြင်းက အလိုလိုပါလာပြီးသား ဖြစ်သည်။
တိတ်ဆိတ်ခြင်းတေးတစ်ပုဒ်ဖြင့် သူသည် ည မှ နံနက်သို့ ၊ အမှောင်မှ အလင်းသို
့ကူးပြောင်းခဲ့သည်။
“ ငြိမ်းငြိမ်းရေ.. ငြိမ်းငြိမ်း ..သမီး”
အော်သံ ခေါ်သံတစ်ခု သူ့ နားထဲသို့  ၀င်ရောက်လာသည်။ ညီမလေး၏ နာမည်ကို ခေါ်နေခြင်း ဖြစ်သည်။
“ ငြိမ်းငြိမ်းရေ…. သမီး … တံခါး ဖွင့်လှည့်ပါဦးကွယ်။
သမီးရှိတယ်ဆိုတာ အန်တီလေးသိပါတယ်။
အန်တီလေးကို တံခါး ဖွင့်ပေးလှည့်ပါဦး..။”
အန်တီလေး…။
အန်တီလေးက ဘယ်လိုလုပ် ရောက်လာတာလဲ.။ အန်တီလေးသည် မန္တလေးတွင် နေသူ ဖြစ်သည်။
သူတို့ မောင်နှမထံသို့  လာခဲသည်။ တစ်နှစ်ကို အများဆုံး သုံးခေါက်ပဲ
လာလေ့ရှိသည်။ အခုလည်း ဘာအတွက် လာသည် မသိ။ ညီမလေး အိပ်များပျော်နေသလား။
အန်တီလေးကလည်း သူ့ ကို မခေါ်ဘဲ ဘာလို့ ညီမလေးကိုပဲ တကြော်ကြော်ခေါ်နေသလဲ
မသိပါဘူး။ သူ အန်တီလေးကို တံခါးဖွင့်ပေးဖို့ အခန်းထဲက ထွက်တော့ ညီမလေးက
အိမ်ရှေ့ တောင်ရောက်နေပြီ။ ဘယ်အချိန် အခန်းထဲက ထွက်သွားတာပါလိမ့်။ သူ
အိမ်ရှေ့ ထွက်ကြည့်တော့ ညီမလေးက အန်တီလေး ၀င်ဖို့ ခြံတံခါးကို
ဖွင့်မပေးသေး။ တံခါးခြားပြီး စကားတွေပြောနေသည်။ သူလည်း မျက်နှာသစ်
ကိုယ်လက်သန့် စင်ဖို့ အိမ်ထဲ ပြန်ဝင်ခဲ့သည်။
သူ မျက်နှာသစ်ပြီး
စာရေးစားပွဲမှာ ထိုင်ကာစ သူ၏ အခန်းတံခါး ပွင့်လာသည်။ သူ ကြည့်လိုက်တော့
ညီမလေး ဖြစ်နေသည်။ ညီမလေးသည် သူ၏ အခန်းထဲသို့ တိတ်ဆိတ်စွာ
လျှောက်လှမ်းလာပြီး သူ ထိုင်နေသော စားပွဲ ဘေးရှိ သူ၏ကုတင်ပေါ်တွင်
ထိုင်လိုက်သည်။ သူ ညီမလေးကို ဘာပြောရမည်မှန်းမသိ။ ညက အဖြစ်အတွက် တောင်းပန်
ဖို့ ညီမလေး ရောက်လာတာလား။ ဒါမှမဟုတ် ညီမလေး ခံစားဝမ်းနည်းနေရတာတွေကို
ရင်ဖွင့်ဖို့ ရောက်လာတာလား။ ဒါမှမဟုတ် အန်တီလေးက သူ့ ကို ခေါ်ခိုင်းလို
့ရောက်လာတာလား။ သူ၏ ခေါင်းထဲတွင် အတွေးပေါင်းစုံနှင့် ဆူညံနေသည်။
ညီမလေးကတော့ အခုထိ စကားတစ်ခွန်းမှ မဆိုသေး။ ညီမလေးသည် သူ၏
စာရေးစားပွဲပေါ်ရှိ ပစ္စည်း များကို တစ်ခုချင်း ကြည့်နေသည်။ ထို့ နောက် သူ၏
အခန်းကို မျက်လုံးနှင့် လှည့်ပတ်ကြည့်သည်။
“ ကိုကို”
စေးကပ်နေသည် ထင်ရသော ညီမလေး၏ နှုတ်ခမ်းမှ သူ့ ကို ခေါ်လိုက်သော အက်ကွဲကွဲ အသံ
“နင်ရှိနေတယ်ဆိုတာ ငါ သိပါတယ်.။
အန်တီလေးက ပြောတယ်…။ နင့်ကို သွားခိုင်းသင့်ပြီတဲ့။”
ဟင်..။ သူ
အံ့သြသွားသည်။ သူက ဘယ်ကို သွားရမှာလဲ..။အန်တီလေးက ဘာလို့  သူ့ ကို
သွားခိုင်း ရတာလဲ။ ညီမလေး ဘာတွေ ပြောနေတာလဲ.။
“ ဒီအတိုင်းကြီး နေဖို့ က မဖြစ်နိုင်ဘူးတဲ့လေ..။
သူက နင်ရှိနေသေးမယ်ဆိုတာ သိပါတယ် တဲ့..။”
ပြောရင်းဖြင့် ညီမလေး ရှိုက်ငိုတော့သည်။ မျက်ရည်တွေလည်း တရစပ် ကျလာသည်။
“ ဟုတ်ပါတယ်ဟာ..။ ငါ အတ္တမကြီးသင့်တော့ဘူး.. ကိုကို.။
ငါ နင့်ကို ဘယ်လောက် ချစ်တယ်ဆိုတာ နင်သိတယ် မဟုတ်လား..။
ငါတို့ မောင်နှမ နှစ်ယောက်က အနေအထိုင်တွေ စိမ်းခဲ့ပေမယ့်
ရင်ထဲမှာ နွေးထွေးတဲ့ ချစ်ခြင်းတွေ အပြည့်နဲ့ သံယောဇဉ်တွေ ဘယ်လောက်ခိုင်မြဲတယ် ဆိုတာ
နင်လည်း ခံစားမိမှာပါ..။”
ဟုတ်တာပေါ့ ……. ညီမလေးရယ် လို့ သူ စိတ်ထဲက ပြောနေမိသည်။ သူလည်း ရင်ထဲမှာ နွေးထွေး
လာသလို ခံစားရသည်။ ပြီးတော့  သူ
့စိတ်ထဲမှာ တစ်ခုခု စိုနင့်လာသလိုလိုလည်း ခံစားနေရသည်။ ညီမလေးသည် ပါးပြင်
မှ မျက်ရည်များကို လက်ခုံနှင့် သုတ်ပစ်ရင်း
“ဒါပေမယ့်.. ငါ နင့်အပေါ် ဂရုတစိုက် မရှိမိတာတွေအတွက်
ငါ အရမ်းနောင်တရတယ်ဟာ..။
နင် ငါ့ဘေးမှာ ငါ့ တစ်သက်လုံး ရှိနေမယ်လို့ ငါ ယုံကြည်ထားခဲ့တာကိုဟ..။
အခုတော့ဟာ…….။”
ညီမလေး ထပ်ငိုပြန်သည်။ တော်ပါတော့
ညီမလေးရယ်။ ဘာလို့များ ဒီလို ခဏခဏ ငိုပြီး ဒီလောက် စကားတွေ အများကြီး
ပြောနေရတာလဲကွယ်.။ အခု အချိန်ထိ ညီမလေး ဘာကို ပြောချင်သည်ဆိုတာကို သူ ခန်
့မှန်းလို့ မရသေး။
“နင် သွားစရာရှိတာသာ သွားပါတော့ဟာ..။
ငါ့အတွက် နောက်ဆံတင်းမနေနဲ့ ။ ငါလည်း အလုပ်နဲ့ အကိုင်နဲ့ ဖြစ်နေပြီပဲ။
ပြီးတော့ ငါ့မှာ ချစ်သူလည်းရှိနေပြီ။ ။
ငါတို့ မကြာခင် လက်ထပ်ကြဖို့ လည်း စီစဉ်ထားတယ်..။
သူလည်း ဆရာဝန်တစ်ယောက်ပဲ..။ လူတော်တစ်ယောက်ပါ။
အခုတော့ နိုင်ငံခြားကို ဘွဲ့ လွန်သွားတက်နေတယ်ဟ..။ သူပြန်လာရင် နင်နဲ့ မိတ်ဆက်ပေးမလို့ ပဲ.။
ငါ့အတွက် ဘာမှ စိတ်မပူနဲ့ သိလား..။
နင်သာ နင်သွားရမယ့် ဆီကို..။”
ညီမလေး ဆက်မပြောနိုင်တော့ ။ မျက်ရည်တွေ
တသွင်သွင်ကျရင်း ငိုရှိုက်လို့ သာ နေတော့သည်။ သူ ညီမလေး ပြောတာ တွေကို
ဘာမှနားမလည်သေးပါ။ သူ့ မှာ သွားစရာရှိတယ်တဲ့။ သူက ဘယ်ကို သွားရမှာလဲ။
ဘာအတွက်သွားရမှာလဲ။ ညီမလေးတောင် ချစ်သူ ရနေပြီပဲ။ ဟုတ်မှာပါလေ.. ညီမလေးလည်း
အရွယ်ရောက်နေပြီပဲ။ သူက သာ ငယ်ငယ်က ပုံရိပ်တွေနဲ့  ညီမလေးကို ကလေးလို
့ထင်နေခဲ့တာ။ ဒါတွေထားပါ။ ဖြစ်ချိန်တန်လို့  ဖြစ်တဲ့ ကိစ္စပဲ။ ခက်တာက သူ
့ကိုသွားခိုင်းနေသည့် ကိစ္စပဲ ဖြစ်သည်။ သူက ဘယ်ကို သွားရမှာလဲ။ ညီမလေး သူ
့ကို အိမ်က နှင်နေတာလား။
“ငါ နင့်ကို နှင်နေတာ မဟုတ်ပါဘူးဟာ..။
ငါလည်း နင်နဲ့ အတူ နေချင်တာပေါ့။ နင့်ကို ငါ့ဘေးနားမှာ အမြဲရှိနေစေချင်တာပေါ့။”
ညီမလေးက သူ့ စိတ်ကို သိနေသည်။ ဒီလိုပဲ
ဖြစ်ရမယ်လေ။ သွေးချင်းဆိုတာ ရင်ဘတ်ချင်း အမြဲနီးနေရမယ်လေ။ အမြဲ
ရှိနေစေချင်တာများ ညီမလေးရယ်.. နေပေးမှာပေါ့။ ဘာလို့ ဘယ်ကို မှန်းမသိတဲ့
နေရာကို အတင်းသွားခိုင်းနေရတာလဲ။
“ဒါပေမယ့်…
ငါတို့ က ဘ၀ချင်းမှ မတူတော့တာဘဲ..။
မဖြစ်နိုင်တာကြီးကို အတင်းဖြစ်ချင်လို့ မရဘူးလေဟာ။
ငါ… ငါ .. ဘာမှမတတ်နိုင်တော့ဘူး ကိုကိုရယ်..။
အန်တီလေးက ..မနက်ဖြန် နင့် ရက်လည်ဆွမ်းသွပ်ဖို့ သူ စီစဉ်လိုက်မယ်တဲ့..။
ငါ… ငါ….
ငါ့ကို ခွင့်လွှတ်ပါဟာ… ငါ နင့်ကို အရမ်းချစ်ပါတယ်”
ဟုတ်ကဲ့..။ ကမ္ဘာကြီး တစ်ရာ့ရှစ်ဆယ်ဒီဂရီ
တိမ်းစောင်းသွားပါသည်။ သူသည် သူ မဟုတ်တော့သော သူ တစ်ယောက် ဖြစ်နေပါပြီ။ ရနံ
့မဲ့သော ပန်းများ ပွင့်ဝေနေကတည်းက..။ တေးမသီသော ငှက်များ လာရောက်
ခိုနားနေကတည်းက.. ။ သံစဉ်မပါသော တေးစာသားများ ကို ကြားနေရကတည်းက..။
ထိုအရာသည် ထိုအရာဖြစ်ကြောင်း သူ လက်ခံခဲ့ဖို့ သင့် သည်။ ဥပါဒါန် တစ်ခု၏
အိပ်မက်ဆိုးကို နှစ်ခြိုက်စွာ စားသုံးမိသည့်အတွက် ရရှိလိုက်သော
ဘေးအန္တရာယ်ဆိုသည်မှာ လွန်စွာ ခါးသီးလှကြောင်း သူ သိမှတ်ခဲ့ဖူးပါသည်။ သို
့သော် ကိုယ်တွေ့ သည် အမှန်တကယ်ပင် လိုအပ်နေခဲ့သလား မသိပါ။
မှားယွင်းမှုများ ၊
မှန်ကန်မှုများကို ရေတွက်စီစစ်ရင်း ခါးသက်စွာ ရောက်ရှိလာမည့် မနက်ဖြန်ကို
သူ တစ်ယောက်.. ရင်နှစ်ခြမ်းကို ဆွဲဖွင့်၍ စောင့်မျှော်ကြိုဆိုနေပါသည်။
*
မိုးအိမ်လူ
No comments:
Post a Comment