Saturday, October 22, 2011

ပန်းပွင့် ကဗျာ

ပန်းပွင့် ကဗျာ

( ၁ )

အိပ်မက်ဆန်တဲ့ နံနက်ခင်းဟာ
နှင်းပွင့် တွေ ဆော့ကစားလို့ 
ဆောင်းရာသီတို့ ရဲ့ မြူနှင်းဘုရင်မရေ….
အညတရရဲ့ တဲအိုလေးကို
နှင်းပွင့်တို့  ကြဲပက်ပါတော့…

စိုစွတ်တဲ့ မြက်ပင်တွေရဲ့
ငိုက်မျဉ်းပုံကို
ဘောင်ခတ်ဖို့ ကြိုးစားမိ
ဆာမူရိုင်း တစ်ယောက်ရဲ့ ဟန်ပန်နဲ့ 
ပန်းချီစုတ်ချက်တွေက
ဘ၀အပေါ်ရှုပ်ပွလို့ ..

( ၂ )

ကမ္ဘာဦးက ပန်းနှင်းဆီရေ…
လေထုကို မင်းပိုင်စိုးတုန်းက
ငါဟာ
အိပ်မက်မက်တတ်သူပါ

ရင့်ရင်နေတဲ့ သစ်၇ွက်တွေ ခင်းကျင်းတဲ့
လမ်းတလျှောက်
ငါ လျှောက်လှမ်းစဉ်က
ကိုင်းခြောက် မိုးတဲ့
ငါ့ဦးခေါင်းက
သစ္စာတရားနဲ့ မျက်နှာချင်းဆိုင်

ကျောင်းတော်ကြီးရဲ့ အ၀င်တံခါးမှာ
ငါဟာ
လဒတစ်ကောင်လို
ဥသြနဲ့လည်း ရန်ဖြစ်ဖူးတယ်
ဖားပြုတ်သားလည်း စားဖူးတယ်
နှင်းရေလည်း သောက်ဖူးတယ်

စိုက်ပျိုးခဲ့တဲ့ ပန်းပင်လေးအတွက်
ဥယျာဉ်မှူးရဲ့ နှလုံးသားဟာ
သွေးစို့ ခဲ့ရပေါ့…..
ချစ်ရသော ပန်း ရေ
မင်းဟာ
ငါ့ရဲ့ အသည်းဦးပန်းပါ..။

( ၃ )

မျက်စိတဆုံး စိမ်းလန်းခဲ့တဲ့
လယ်ကွင်းအလယ်က
ဆံနွယ်ရှင်ရဲ့ ပါးပြင်ကို
နမ်းရှိုက်ခဲ့တဲ့
လေညှင်းလေး…..
အသင် သယ်ဆောင်ခဲ့တာ
နတ်သမီးရဲ့ ကိုယ်သင်းရနံ့ များလား….။

ဆုတ်ဖြဲခံထားရတဲ့
ငါ့ရဲ့ ကိုယ်ရေးရာဇ၀င်ဟာ
သင်္ကေတတွေ ခြစ်ရာတွေနဲ့ 
ပြည့်နှက်လို့ 
ငါ လဲလျောင်းခဲ့တဲ့ သင်္ချိုင်းဂူဟာ
အမည်မဲ့ခဲ့ပေါ့….။

ဂုဏ်သိက္ခာတွေ ဖယ်ရှားလို့ 
ငါ စောင့်စည်းခဲ့တဲ့ သီလကို
အက်ဆစ်တိုက်စားခဲ့ပြီ
….  ….. ….. …… ……
….. ….. ….. …… ……
…… ….. …… ….. …..
ဒီလိုနဲ့ ပဲ
သက္ကရာဇ်တွေက ငါခန္ဒာကို
ရင့်ရော်စေခဲ့ပြီ။

( ၄ )

ချစ်ရသော ပန်း ရေ
မြူနှင်းတို့ ရဲ့ ဖြူစင်မှုနဲ့ 
သနပ်ခါး ပါးကွက်ကြား
မင်း … လိမ်းခြယ်ခဲ့ပြီပေါ့…

အရုပ်ကြိုးပျက် လဲကျခဲ့တဲ့
ခပ်ရင့်ရင့် ငါ့နှလုံးသားကို
ဘီလူးဝင်စီး
သတိရခြင်းက
ငါ့ မြို့ ရိုးအပေါ် မှာ
အလံတလူလူ လွင့်လို့ 

ငါ ဖမ်းဆုပ်ခဲ့တဲ့ လေပြေ တသုတ်မှာ
ဝတ်မှုန်တွေ အစီအစဉ် မျက
ဖျက်စီးတတ်သူ… လို့ 
မှတ်ယူလိုက်တော့
ငါ့ ညတွေဟာ
မျက်ရည်သောက်ခဲ့ကြပေါ့

လှပစွာ မှိုင်းဝေနေတဲ့ 
နံနက်ခင်းမှာ
ငါ နေရောင်ခြည် မဖြစ်ချင်ခဲ့တာ
အမှန်ပါ..။

( ၅ )

ဘုရားဆုပန် ယောကျားပေမယ့်
အရောင်အသွေးစုံတဲ့ မင်းရဲ့ ပန်းစံအိမ်လေးဘေးမှာ
တဲအိုလေးထိုးပြီး နေချင်တဲ့
ငါ့ရဲ့ အလိုဆန္ဒက
သိပ်များ ကြီးမားသွားသလား…

လမိုက်ညမှာ
မီးအိမ်တစ်လုံးနဲ့ 
ပုစဉ်းအော်သံဟာလည်း
ငါ့အတွက် လွမ်းစရာ

ငါ့ရဲ့ အတ္တ အနုမြူ မှုန်လေးနဲ့ 
ဆက်လက်ဖြစ်တည်နေမယ့်
ဘ၀ဆက်တိုင်းမှာ
မင်းကို ငါ ချစ်နေမယ်

ယုံကြည်မှု တစ်ခုအတွက်
ငါဟာ
ရဲရင့်တဲ့ စစ်သူရဲကောင်းတစ်ယောက်လို
တိုက်ပွဲဝင်ပါ့မယ်
စုတ်ပြတ်နေတဲ့
သူဖုန်းစားတစ်ယောက်လိုလည်း
ခယပါ့မယ်

( ၆ )

မြေခွေးတစ်ကောင်ရဲ့ ကောက်ကျစ်မှုမျိုး နဲ့
ငါ ရယူဖူးတဲ့ အခွင့်အရေးတွေ
ရန်သူ ၀ိုင်းဝိုင်းလည်နေပေမယ့်
ပြန်တိုက်ရဲ့တဲ့ ခြင်္သေတစ်ကောင်ရဲ့ သတ္တိမျိုး
ငါ့မှာ ရှိတယ်

သကာ ဖုံးတဲ့
စကားလုံးတွေအတွက်တော့
ဝမ်းနည်းစွာပဲ
ငါ… ငြင်းဆိုပါရစေ

အပင်ထက်မှာ လှပနေမယ့်
ပန်းတစ်ပွင့် ကို
အသပြာနဲ့ လဲပြီး
အတင်းအဓမ္မ မယူဘူးလို့ 
ငါ ကတိပေးရဲပါတယ်

ချစ်ရသော …. ပန်း ရေ
မင်းအတွက်ဆို
ငါဟာ … လဒ တစ်ကောင်လို
စောင့်ဆိုင်းရမယ်ဆိုလည်း
စောင့်ဆိုင်းပါ့မယ်

 ( ၇ )

နာကျည်းစွာ ပဲ
မင်းပြောခဲ့တဲ့ စကားတွေအတွက်
ငါ့ ညတွေကို
ကော်ဖီခွက်ထဲ နှစ်လိုက်ရသလို
ငါ ဟာ
မိုးပြိုမယ့် နေ့ ကို
စောင့်ဆိုင်းနေခဲ့တာပါ

ငါ မရှိတဲ့ အရပ်မှာ
ပွင့်လန်းခဲ့တဲ့
မင်းရဲ့ အပြုံးပန်းတွေ အတွက်
ငါ့ကို ငါ သနားတတ်ဖို့ 
သတိရမိတယ်

အစွဲလမ်းကြီးကြီး နဲ့
ငါ စိုက်ခဲ့တဲ့
 ပန်းပင်လေးတွေက
အိပ်မက်ထဲမှာပဲ
ဖူးပွင့်နေတော့တယ်
…. …. …. ….
…. …. …. ….
…. …. …. …..
…. ….. ….. …
….  အခုတော့
ရင်ခွင်ထဲက ဗလောင်ဆူနေတဲ့
တိတ်တခိုး နှလုံးသားရဲ့
မိုင်ပေါင်းများစွာ အဝေးမှာ
မင်းရဲ့ မေတ္တာရနံ့ တွေ
သင်းထုံခဲ့ပြီပေါ့….။

မိုးအိမ်လူ

No comments:

Post a Comment