Saturday, October 22, 2011

တစ်ခန်းရပ် နှလုံးသားပြဇာတ်

တစ်ခန်းရပ် နှလုံးသားပြဇာတ်


( ၁ )

ခွင့်မတောင်းဘဲ ၀င်ရောက်လာသော
နေရောင်ခြည်
ဖွင့်ဟဖို့ လေးလံနေသော
မျက်ခွံများ၏ နောက်မှ
အလန့် တကြား ထွက်ပြေးသွားသော
အိပ်မက်များ
မခါးပေမယ့် မချိုမြိန်သော အတိတ်၏အရိပ်က
အသိဥာဏ်ကို အက်ဆစ်နဲ့ ပက်သလို
နံနက်ခင်းတွင်
ချစ်သူ
ကြည်လင်စွာ အိပ်ရာမှ နိုးစေ…။

( ၂ )

မထားရစ်ခဲ့ပါဘဲ ကွဲကျန်ခဲ့သော
နှလုံးသား၏ အလွမ်းအစအနများ
တိတ်တခိုးရဲ့ အရောင်မှိန် မျက်လုံးကို
သတိမထားမိသလို သတိထားမိသလို
တွန်းကန်ထားတဲ့ လောကဓံရဲ့ ဒဏ်ချက်တွေက
ခြေလှမ်းတွေကို တွန့် ဆုတ်စေခဲ့
ဒီလိုနဲ့ ပဲ
လောကကြီးမှာ
အသည်းကွဲသမားတစ်ယောက် တိုးလာတယ်..။

( ၃ )

မခြယ်မှုန်းဘဲ နီမြန်းသော နှုတ်ခမ်း
မလိမ်းကျံဘဲ ဖြူစင်သော မျက်နှာ
ဝေလေလေ လူငယ်တစ်ယောက်ရဲ့
နွေဦးအိပ်မက်တွေဟာ
နှုတ်ခမ်း ၊ မျက်နှာ နှင့်
 ပန်းချီကားတစ်ချပ်..။

ချိုမြိန်ခြင်းရဲ့ အဓိပ္မာယ်ကို
စိတ်ကူးနဲ့ မှန်းဆ
ချစ်သူဟာ
ငါ့ နှလုံးသားထဲမှာ
သေဆုံးခဲ့ပြီ..။

ပြင်းပြ ပူလောင်တဲ့ အရက်ခွက်က
လျှာဖျားမှာ ခါးကျန်နေ
ဒါကို စွဲလမ်းတတ်လို့ 
ထုံထိုင်းသွားသော ဦးနှောက်ရဲ့ မှတ်ဥာဏ်မှာ
မိန်းမလှ ပုံရိပ်က ထင်ရှားတုန်း

လွှမ်းမိုး မှုတွေကို မုန်းတီး
အရိုင်းတစ်ကောင်ရဲ့ ဆံဆိုသံကို
မက်မောစွာ သုံးစွဲ
လောကကြီး ထဲ အရူးတစ်ယောက် တိုးလာတယ်  ။

( ၄ )

ချစ်သူရဲ့ ချစ်သူ
ပျော်ရွှင်ပါစေလို့ ဆုမတောင်းရဘဲ
သူတို့ ပျော်ရွှင်ခဲ့ကြ
ချစ်သူရဲ့ အပြုံးဟာ
အခုထိ မဟာဆန်တုန်း..။

( ၅ )

အတွေးခေါင်ခေါင်နဲ့ 
လောကလောင်လောင်ထဲ ဖြတ်သန်း
ငတ်မွတ်ခြင်း အတွက် ပေါင်မုန့် တစ်လုံး
ကိုယ်ချင်းစာတတ်လာပြီ..
ရှာဖွေတွေ့ ရှိခဲ့သော မိန်းမလှနှင့်
ပျောက်ဆုံးသွားသော နံရိုးတို့ တွေ့ ဆုံခိုက်မှာ
အချစ်ဖြစ်ပေါ်မလာ
ဖူးစာဖက်ဆိုတာ
.. . … …. ….
…. … …. ….
…. … … …. .
… …. ….. ….
မိုးယိုတတ်သော ဘ၀များနဲ့ 
ချော်လဲ တတ်သော အတွေးများ
ဘ၀ဆိုတာ ဒီနေ့ ပဲ… …။

 မိုးအိမ်လူ

No comments:

Post a Comment