Saturday, October 22, 2011

အပြောင်းအလဲ ရှိသည်

စေလိုရာ စေ စိတ်ထံမှာ
ခန္ဓာကို အပ်နှံခဲ့တာ
ကြာခဲ့ပြီ

ငွေမင်ရောင် ဆံထိုးလေးရဲ့
ရာဇ၀င်ကို
ပြန်ကာတွေးရင်း
ငါ့ပါးပြင်မှာ ဆံနွယ်ရှည်တွေ
လာရိုက်ခတ်နေသလို

ဆုံမှတ်မရှိခဲ့တဲ့
ငါ့တို့ အတွက်
အတိတ်တွေဟာ
ချိုမြိန်ခဲ့သလား

မနေ့ က အကြောင်းတွေ
မတွေးမိရင်
မနှစ်က အကြောင်းကို
သတိရမိတယ်

ဇာတ်ပို့ မလိုတဲ့
ဒီဇာတ်လမ်းမှာ
ငါ့တို့ လည်း
ဇာတ်ဆောင်တွေ မဖြစ်ခဲ့ကြ

အကြောင်းပြချက်တွေ
သိပ်မလိုပါဘူး
လွမ်းတယ်လို့ ပြောစရာမလိုအောင်
လွမ်းခဲ့တဲ့ ကောင် က
ဟိုတစ်ချိန်တုန်းက
ချစ်တယ်လို့ ပြောစရာမလိုအောင်
ချစ်ခဲ့တယ်ဆိုတာ

သက်သေထူမယ့်
ဟိုတုန်းက နွေလည်း မရှိတော့ဘူး
သက်သေထူမယ့်
ဟိုတုန်းက နှင်းဆီဝါလည်း မရှိတော့ဘူး
သက်သေထူမယ့်
ဟိုတုန်းက မျက်ဝန်းတွေလည်း မရှိတော့ဘူး

ငိုခွင့်ရှိတဲ့ မျက်လုံးက
မငိုတတ်ခဲ့တဲ့ ဘ၀မှာ
အခွင့်မရှိလည်း
ငါ့နှလုံးသားက
ငိုနေခဲ့တယ်။


မိုးအိမ်လူ

ကြယ်စင်လမ်းခွဲ

ကိုယ်ပိုင်ကောင်းကင် နဲ့ 
ရေးသားခဲ့တဲ့ လောကရဲ့ လှိုင်းတွေ
အနာတရတွေ ကိုယ်စီ ရခဲ့ရင်တောင်
ငါတို့ ရဲ့ အပြုံးတွေ အရောင်ပြောင်းမှာ မဟုတ်ဘူး

ဘယ်ဘ၀ရယ်က ပြုခဲ့ဖူးတဲ့ ရေစက်က
ရုပ်မဲ့ အိပ်မက်တွေကိုပဲ ဖန်ဆင်း
ငါ့ညတွေဟာ တောင်ထွပ်ပေါ် ရောက်နေသလို
ကိုယ်စီစိတ်မှာ ပွင့်ပေါက်ခဲ့တဲ့
မီးပန်းတွေကို ကိုးစားရင်း
ငါတို့ သီကုံးခဲ့တဲ့ စကားလုံးတွေက
ဝိဥာဉ်တွေကို တရစ်ပြီး တရစ် ဆွဲနှောင်လို့ 

အများကြီး မလိုပါဘူး ..ကောင်းကင်ရယ်
ဝင်းမွတ်တဲ့ ကြယ်တစ်စင်းနဲ့ ပဲ
ငါ့ရင်ခွင်ကို လင်းလက်ခွင့်ပေးပါ။


မိုးအိမ်လူ

ဆက်ထုံးမဲ့လေတံခွန်

ပြီးပါပြီ…လို့ စာတန်း ထိုးပြီးခါမှ
နောက်ဆက်တွဲ ပါလာသလို
ငါ့ရဲ့ ၀ိဥာဉ်ကို ဘယ်က ခေါ်ဆောင်လာသလဲ

တိမ်တိုက်တွေကြား တိုးဝင်သွားတဲ့
အနမ်းချိုတွေ
အလျှော့အတင်းလုပ်ရင်း
မှန်စာကြိုးပြတ်တဲ့
ညနေချိန်တွေ

ကော်ဖီသောက်တိုင်း လွမ်းတယ်
ဒီသီချင်းကို ကြိုက်တယ်

ဆက်ရန်မရှိလို့ ပြောခဲ့တဲ့
ဒီနှုတ်ခမ်းပါးဆီမှာ
မျက်ဝန်းတွေ
ဘာကြောင့် ရီဝေနေရတာလဲ

တော်ပါပြီ

အိပ်မက်ဆိုးတွေ မက်ရင်
ငါ့ရဲ့ စိပ်ပုတီးလေးကို စိပ်ပါ

မိုးတွေရွာရင်
ငါ့ရဲ့ထီးလေိးု ဆောင်းပါ

နေ့ လည်ချိန်တွေ ပျင်းနေရင်
ငါ့ရဲ့ ကဗျာစာအုပ်လေး ဖတ်နေပါ

ငါနဲ့ တွေ့ ရင်
မမြင်သလို ဟန်ဆောင်ပါ
… …. …. ….. ….. ….. ……
… …. …. ….. ….. ….. ……
တော်ပါပြီ
….. ….. …..
……. …. ….. …. …
ကော်ဖီသောက်တိုင်း လွမ်းတယ်။


မိုးအိမ်လူ

အဖြူရင့်ရင့် သံမဏိ လိပ်ပြာ

( ၁ )
                    တွယ်တာနှောင်ဖွဲ့တတ်သော တိမ်စများ ရှိပါသည်။ ကောင်းကင်မှာ မဟုတ်ဘဲ လူသားတို့ ၏ ဘ၀များ ထံတွင် ရှိနေခြင်းဖြစ်သည်။ တိမ်စများ ….အဖြူရောင်တိမ်စများ.. နှစ်လိုဖွယ်ကောင်းသော တိမ်စများ..။ ထိုအရာများ …. ထိုတိမ်စများသည် လူသားတို့ ၏ ဘ၀များကို အနုပညာဆန်စွာ နှောင်ဖွဲ့ နေခဲ့သည်။ စွန့် လွှတ်နိုင်စွမ်း ဆိုသည်မှာ ရာသီ အလိုက် ပွင့်ဝေသော ပန်း မဟုတ်။
                      နောက်ဆုံး အပိုဒ် မရောက်မီမှာပင် ထိုတေးသီချင်းကို တီးခတ်ခြင်း၊ သီဆိုခြင်းမှ သူ ရပ်တန့် လိုက်သည်။ ရင်ကို မောလျစေသော အတွေးများ ၊ ခံစားမှုများ  နှလုံးသားထဲသို့  အလျားလိုက် ၀င်ရောက်လာသည်။ ဦးနှောက် အမြှေး ပါး ၊ ဦးနှောက်အကန့်  စသည်ဖြင့် ဦးခေါင်းခွံ အောက်မှ ဦးနှောက်ဆိုသော အရာ၏ အသိဥာဏ် ထုတ်လွှတ်ခြင်း ၊ ဖြစ်ပေါ် ခြင်း အမှုကိစ္စကို သူ သိပ်နားမလည်ပါ။ သူ နားလည်ခဲ့သည်မှာ သူ၏ ဦးနှောက်သည် အခြားသော သူများ၏ ဦးနှောက် ထက် အလုပ်လုပ်နိုင်စွမ်း ပို၍ ညံ့ဖျင်းကြောင်းပင်ဖြစ်သည်။ စိတ်နှလုံး မောပန်းလာသည်နှင့် တပြိုင်နက် ခန္ဒာကိုယ် တစ်ခုလုံးပါ မောပန်းလာပါသည်။ ကန်ရေပြင်တွင် အရောင်မဲ့လှိုင်းငယ်လေးများ ဖျပ်ဖျပ်လူးသွားသည်။
                        ထိုအရာသည် အိပ်မက်မဟုတ်မှန်း သိပါရဲ့နှင့် အိပ်မက်ဟု အကြိမ်ကြိမ် ထင်မိနေခြင်းမှာ စိတ္တဇ တစ်ခု လို ဖြစ်နေခဲ့သည်။ ထိုအရာသည် ဈာပနပွဲ တစ်ခု ဖြစ်ပါသည်။ အရပ်ထဲက လူများ၏ အပြောအရ အသုဘချပွဲ တစ်ခု ဖြစ် ပါသည်။ အသုဘ သည် လူတစ်ယောက်၏ နောက်ဆုံး အခမ်းအနား ဖြစ်သည်။ ပုံမှန်အတိုင်း ထုံးစံအတိုင်း မြင်လေ့မြင်ထ တွေ့ လေ့တွေ့ ထ ရှိသော အသုဘများ အတိုင်းပင် ထို အသုဘအခမ်းအနားသည် လွယ်လင့်တကူ ပြီးဆုံးသွားသည်။ သေသောသူကို သုဿာန်မှာထားခဲ့၍ ရှင်နေသော သူများက သက်ဆိုင်ရာ အရပ်များဆီသို့  ပြန်သွားခဲ့ကြသည်။ အ နောက်အရပ်တွင် နေလုံးကြီး ရှိနေသေးသည်။ ထို့ ကြောင့် အလင်းမပျောက်သေး။ ပူပြင်းခြောက်သွေ့ နေသလိုပင် ခံစား နေရသေးသည်။ ထိုအရာသည် အိပ်မက်မဟုတ်ပါ။ ထိုအရာသည် အိပ်မက်မဟုတ်ကြောင်း လက်ခံနိုင်ဖို့ အတွက် သူ အကြိမ်ကြိမ် ကြိုးစားနေခဲ့ရသည်။
                                                                      *
( ၂ )
                          ညီမလေး၏ မျက်နှာတွင် ဆွေးရိပ်တွေ သန်းနေသည်။ မျက်လုံးများမှာလည်း နီရဲလျက်။ အကြိမ်ကြိမ် ငိုထားပုံပေါက်နေသည်။ စကားနည်းတတ်သော သူ၏ထုံးစံအတိုင်း ညီမလေးကို ဘာမှမမေးမိ။ ညီမလေး  ဘာတွေ ခံစား နေသလဲ ဆိုတာကိုတော့ သူ အရမ်းသိချင်သည်။ ငယ်ငယ်တုန်းကဆိုလျှင် ညီမလေး ဘာဖြစ်နေသည်.. ဘာတွေးနေသည် ..ကအစ သူ အကုန်သိသည်။ ညီမလေး အမူအရာပျက်နေလျှင် သူက ချက်ချင်းမေးတတ်သည်။ ညီမလေးကလည်း သူ့  ကိုဆိုလျှင် အကုန် အမှန်အတိုင်းပြောပြသည်။ ညီမလေး တက္ကသိုလ်ရောက်ပြီး နောက်ပိုင်းတွင်တော့ သူတို့ နှစ်ယောက် အနေစိမ်းသွားခဲ့ကြသည်။ စကားလည်း သိပ်မပြောဖြစ်တော့။ ကိုယ်စီအိပ်မက်လေးတွေ မွေးဖွားရင်း တစ်ယောက် အတွက် တစ်ယောက်က အချိန်တွေ နှမြောတတ်လာခဲ့ကြသည်။ အဲဒီနောက်ပိုင်းမှာတော့ တစ်ယောက်၏ အရိပ်အကဲ ကို တစ်ယောက်က ကြည့်ရင်း လိုအပ်သည်ထင်တာလေးတွေ တတ်စွမ်းသလောက် အပြန်အလှန်ဖြည့်ဆည်းခြင်းဖြင့် ဘ၀ကို တရွေ့ ရွေ့ ဖြတ်သန်း ခဲ့ကြသည်။ ရေခဲရနံ့ သည် သူတို့ ၏ အိမ်ကလေးထဲတွင် ဆယ့်နှစ်ရာသီလုံး သင်းပျံ့လျက်ရှိသည်။
                            ညီမလေးကို သူ ချစ်ပါသည်။ သူ့ ဘ၀၏ အခိုင်မြဲဆုံး သံယောဇဉ်နှင့်  အနွေးထွေးဆုံး ချစ်ခြင်းတရားတို့ သည် ညီမလေးထံမှာပဲ ရှိနေခဲ့သည်။ ညီမလေးကလည်း သူ့ ကို ထိုကဲ့သို့ ပင် သဘောထားကြောင်း သူ ခံစားမိပါသည်။ သူတို့ ၏ ဗီဇ ၊ စရိုက်နှင့် မရွေးချယ်ဘဲရရှိလိုက်သော ဘ၀ အခြေအနေတို့ ကြောင့်သာ သူတို့ နှစ်ယောက် ကြားတွင် စိမ်းရင့်နေသော လွင်ပြင်ကျယ်ကြီးများ ပေါ်ပေါက်လာရခြင်း ဖြစ်သည်။ သို့ သော်လည်း သူတို့ နှစ်ယောက်လုံး တစ်ယောက်ကိုတစ်ယောက် အစဉ်အမြဲ ဂရုတစိုက် အရိပ်တကြည့်ကြည့်နေခဲ့ကြသည်။ ညဘက်တိုင်း ညီမလေးသောက်ဖို့ ကော်ဖီခါးခါးတစ်ခွက် သူက ဖျော်ပေးလေ့ရှိသလို မနက်တိုင်း သူ စားဖို့ ထမင်းကြော်နှင့် ကော်ဖီကို ညီမလေးက အဆင် သင့် ပြင်ပေးထားတတ်သည်။ ထိုအမူအကျင့်လေးများသည် ညီမလေးနှင့် သူ၏ကြားတွင် ရှိသော နွေးထွေးမှု ၊ ချစ်ခြင်း တရားနှင့် သံယောဇဉ်လေးများ ဖြစ်ခဲ့သည်။
                              ညီမလေး ငေးငိုင်စွာ ထိုင်နေသည်မှာ အတော်ကြာနေပြီ ဖြစ်သည်။ အခု ရက်ပိုင်း ညီမလေး၏ ပုံစံ သည် တစ်မျိုး ဖြစ်နေသည်။ အိမ်ထဲက အိမ်ပြင်မထွက်သည့် အပြင် အိမ်တံခါး ခြံတံခါးတို့ ကို အကုန်သော့ခတ်ပိတ်ထား သည်။ ထို့ အတွက် သူ့ မှာ အခက်အခဲ သိပ်မရှိပါ။ သူ့ ထံတွင် သော့တစ်စုံရှိသည်။ ခက်သည်က ညီမလေးပဲ ဖြစ်သည်။ ညီမလေး၏ မျက်နှာ ညှို့ မှိုင်းနေတော့ သူမှာ အကြောင်း အရင်းကိုလည်း သိချင်သည်။ မေးလည်း မေးချင်သည်။ မေး လည်း မမေးဝံ့။ သူ မေးလိုက်ကာမှ ညီမလေး၏ စိတ် ပို၍ ထိခိုက်ဝမ်းနည်းသွားမှာကိုလည်း စိုးရိမ်မိသည်။ ပြီးတော့ သူ့  အတွက် ညီမလေး မနက်စာ ပြင်မပေးသည်မှာလည်း ငါးရက်လောက်ရှိနေပြီ ။ ဒါလည်း သူ့ အတွက် သိပ်ပြဿနာမရှိ။ အခုရက်ပိုင်း သူ ကိုယ်တိုင်လည်း ထူးဆန်းနေသည်။ ဘာအစာမှ စားချင်စိတ်မရှိ။ လူတစ်ကိုယ်လုံးလည်း လေးလံထိုင်း မှိုင်းနေသည်။ ညဘက်တွေကျတော့ ညီမလေး၏အခန်းက မီးလင်းနေသောကြောင့် သူအိပ်လို့ မရ။ သူ့ အကျင့်ကြောင့် ဖြစ်သည်။ ညီမလေး၏ အခန်း မီးပိတ်ပြီး ညီမလေး အိပ်ပျော်လောက်ပြီဆိုမှ သူ အိပ်ပျော်တတ်သည်။
                                   အခုရက်ပိုင်း ညီမလေး၏အခန်းသည် တစ်ညလုံး မီးလင်းနေတတ်သည်။ သူ ဘယ်လိုမှ အိပ် မပျော်။ ညီမလေး ဘာဖြစ်နေသလဲ မေးရအောင် သွားတော့လည်း အခန်းထဲမှ ညီမလေး၏ ငိုရှိုက်သံကို ကြားရသည်နှင့် အခန်းဝကပဲ ပြန်ပြန်လှည့်လာရသည်။ စိတ်ညစ်သည်။ သူ ဒီလိုအခြေအနေကြီးနှင့် မနေချင်။ ဘယ်လိုလုပ်ရမှန်းလဲ မသိ။ ညီမလေးကို စိတ်မညစ်စေချင်တာပဲ သိသည်။
                                                                         *
( ၃ )
                                              သူ ညီမလေး အနားမှ ထွက်ခဲ့ပြီး မီးဖိုခန်းထဲသို့  ၀င်ခဲ့သည်။ ညီမလေးအတွက် ကော်ဖီဖျော်ဖို့ ဖြစ်သည်။ အခုမှ သူလည်း ညီမလေးအတွက် ကော်ဖီမဖျော်ပေးခဲ့မိတာ ငါးရက်လောက်ရှိပြီ ဆိုတာကို ပြန်သတိရမိသည်။ အရင်နေ့ တွေက ဘာလို့ ဖျော်မပေးခဲ့မိပါလိမ့် ။ သူ စဉ်းစား၍ မရ။ အခုလည်း ညီမလေးက ကော်ဖီ သောက်မှ သောက်ပါ့မလားဟုလည်း သူ စိုးရိမ်မိသေးသည်။ ညီမလေး မအိပ်တဲ့ ရက်တွေ များနေပြီ မဟုတ်လား။ ကော်ဖီသောက်ပြီး ထပ်မအိပ်မှာလည်း စိုးသည်။ ကော်ဖီထဲ အိပ်ဆေးထည့်လိုက်ရင်    ကောင်းမလား။ မကောင်းပါဘူး လေ။ အိပ်ဆေးက ကျန်းမာရေးကို ထိခိုက်နိုင်သည်။ ကော်ဖီသောက်လည်း အိပ်ချင်ရင်အိပ်တာပါပဲ.။ သူဆိုလျှင် ကော်ဖီ သောက်ပြီးမှ ပိုအိပ်ချင်လာလို့  အိပ်ပျော်သွားတဲ့အခါတွေကို မနည်းဘူး။
                   “  တော်ပါတော့ …ကိုကို ။ တော်ပါတော့ဟာ ။
                     နင် ငါ့အတွက် ကော်ဖီတွေ မဖျော်ပါနဲ့ တော့။”
                                                 ရုတ်တရက် ထွက်ပေါ်လာသော ညီမလေး အသံကြောင့် သူ လန့် သွားသည်။ နောက်ကို  လှည့်လိုက်တော့ မီးဖိုခန်း တံခါးမှာ မှီရပ်နေသော ညီမလေးကို တွေ့ လိုက်ရသည်။ ညီမလေး၏ မျက်နှာမှာ လည်း မျက်ရည်တွေ အပြည့်နှင့်။ သူ ကြောင်အစွာ ငေးနေမိသည်။
                        “  ဘယ်တော့မှ …. နောက် နောင် ဘယ်တော့မှ
                           ငါ့အတွက် ကော်ဖီ ဖျော်မပေးပါနဲ့ တော့..။
                            မလိုအပ်တော့ဘူး…ကိုကို..”
                                                     ပြောပြီး ငုတ်တုတ်ထိုင်ချကာ ငိုရှိုက်နေသော ညီမလေးကို သူ လုံးဝ နားမလည် တော့ပါ။ ဘာကြောင့်လဲ… ဘာအတွက်ကြောင့်လဲ ညီမလေးရယ်။ သူ ဖျော်သော ကော်ဖီမကောင်းတော့လို့ လား။ ဘယ်သောခါမှ သူ၏ ကော်ဖီကို အကောင်းအဆိုး မဝေဖန်ဖူးသော ညီမလေး၏ နှုတ်ဖျားမှ ဒီလို အငြင်းဝါကျတွေ ထွက်လာလိမ့်မည်ဟု သူ ဘယ်တုန်းကမှ … ဘယ်သော အခါကမှ.. အိပ်မက်ထဲမှာတောင် မမက်ဖူး.။ မတွေးဖူး..။ မစဉ်း စားဖူး ခဲ့ပါ။
                           အခုတော့…။ သူ ဘာပြန်ပြောရမည်မှန်းမသိ။ သူ၏ လည်ချောင်းတွေ ပူလောင်လာသည်။ သူ၏ ရင်ဘတ်သည် မွန်းကျပ်မှုတို့ ဖြင့် ပြည့်တင်းလာသည်။ သူ၏ မျက်ဝန်းများ ပူနွေးလာသည်။ သူ၏ နှလုံးသားသည် ငိုနေပြီ။
                              သူ ညီမလေး အနားသို့ တိုးကပ်သွားမိသည်။ ညီမလေး ခေါင်းငုံ့ ငိုရှိုက်နေတုန်း ။ ညီမလေး၏ ခေါင်းကို ပွတ်သပ်ဖို့  သူ၏ လက်ကို အလှမ်း..
                                “သွားပါတော့.. ကိုကို ။ နင့်လမ်း နင် သွားပါတော့။
                                 နင်သွားစရာ၇ှိတဲ့ ဆီကိုသာ သွားပါတော့။
                                  ငါလည်း ခံစားရလွန်းလို့ သေလူလို ဖြစ်နေပါပြီ။
                                  ငါ့ရင်တွေလည်း ကျိုးကြေနေပြီ။ ငါ မခံစားနိုင်တော့ဘူး…ကိုကို။
                                   ပြီးတော့ … ငါ အရမ်းလည်း နောင်တရတယ်….ကိုကိုရယ်”      
                                  သူ သက်ပြင်းတစ်ချက်ရှိုက်မိသည်။ နားမလည်ခြင်းထက်ပိုသော နားမလည်ခြင်းများ။ ညီမလေး သည် ဒီလောက် နားလည်ရခက်ခဲသွားလိမ့်မည်ဟု သူ မတွေး မိခဲ့။  သူ၏ စိတ်အစဉ်သည် နက်ရှိုင်းလှသော ချောက်ကမ်းပါးထဲသို့  ကျဆင်းသွားသလို… ။ သူ၏ အခန်းထဲသို့  သူ ဘယ်လို ပြန်ရောက်နေမှန်းတောင် မသိခဲ့တော့။ ညီမလေးလည်း ဘယ်လိုဖြစ်ပြီး ကျန်နေခဲ့သလဲ သူ မမှတ်မိတော့။
                                  လောကကြီးတွင် ရနံ့ မဲ့သော ပန်းတို့ လှိုင်လှိုင်ပွင့်နေပြီလား…။ အစိမ်းရောင်မဲ့သော သစ်ကိုင်း ထက်တွင် တေးမသီသော ငှက်တို့  အိမ်ဖွဲ့ နေကြပြီလား။ နေ၀င်ပြီလား ။ နေထွက်ပြီလား ။ နံနက်ခင်းတွေ မရှိတော့ဘူးလား။ သဘာဝတရားကြီး တရားပေါက်သွားပြီလား။ အလှတရားတို့ ကို ၀င်သက်ထွက်သက် တစ်ခါစာ လောက်သူ၏ရှေ့ တွင် ၀ပ်တွားလှည့်စေချင်သည်။
                                                                        *   
( ၄ )
                                   ရံဖန်ရံခါမှ ပြည့်ဝတတ်သော လမင်းကြီးကို သူ မချစ်ပါ။ အချို့ အရာများကို အမြဲတမ်းလိုအပ် နေတတ်သလို အချို့ အရားများကို ရံဖန်ရံခါမှ လိုအပ်နေတတ်ခြင်းမှာ လူတွေရဲ့ အတ္တပဲလား မသိ။ သို့ သော် လူအများစု အတွက် အရာအားလုံး ( ရုပ်ဝတ္ထု + နာမ်အစိတ်အပိုင်း ) သည် အစဉ်အမြဲ လိုအပ်နေတတ်ပါသည်။ ထိုသူတို့ အတွက် ရံဖန်ရံခါများသည် မကြားအပ်သော အသံနှင့် မလာအပ်သော ဧည့်သည်များ ဖြစ်ပါသည်။
                                   နံနက်ခင်းတွင် အခန်းထဲသို့  ယိမ်းနွဲ့ စွာ ၀င်ရောက်လာသော နေခြည်မျှင်တန်းလေးကို သူ ချစ်သည်။ တေးသီတတ်သော ငှက်ကလေးများကို သူ ချစ်သည်။ အချိန်နာရီသည် လောကတွင် အလွတ်လပ်ဆုံးသော အရာတစ်ခု ဖြစ်သည်။ အချိန်နာရီ အပေါ်တွင် အရာများစွာ မှီခိုရှင်သန်နေကြသည်။ အချိန်နာရီကတော့ ဘယ်သူ့ ကိုမှ မမှီခိုပါ။ ရှင်းလင်းဖွင့်ဆိုပြရလောက်အောင် မနက်နဲသော်လည်း ကွယ်ဝှက်ခြင်း၏ နောက်တွင် ဖွင့်ဟခြင်းက အလိုလိုပါလာပြီးသား ဖြစ်သည်။ တိတ်ဆိတ်ခြင်းတေးတစ်ပုဒ်ဖြင့် သူသည် ည မှ နံနက်သို့ ၊ အမှောင်မှ အလင်းသို့ ကူးပြောင်းခဲ့သည်။
                          “ ငြိမ်းငြိမ်းရေ.. ငြိမ်းငြိမ်း ..သမီး”    
                      အော်သံ ခေါ်သံတစ်ခု သူ့ နားထဲသို့  ၀င်ရောက်လာသည်။ ညီမလေး၏ နာမည်ကို ခေါ်နေခြင်း ဖြစ်သည်။
                          “ ငြိမ်းငြိမ်းရေ…. သမီး … တံခါး ဖွင့်လှည့်ပါဦးကွယ်။
                           သမီးရှိတယ်ဆိုတာ အန်တီလေးသိပါတယ်။
                           အန်တီလေးကို တံခါး ဖွင့်ပေးလှည့်ပါဦး..။”   
                       အန်တီလေး…။ အန်တီလေးက ဘယ်လိုလုပ် ရောက်လာတာလဲ.။ အန်တီလေးသည် မန္တလေးတွင် နေသူ ဖြစ်သည်။ သူတို့ မောင်နှမထံသို့  လာခဲသည်။ တစ်နှစ်ကို အများဆုံး သုံးခေါက်ပဲ လာလေ့ရှိသည်။ အခုလည်း ဘာအတွက် လာသည် မသိ။ ညီမလေး အိပ်များပျော်နေသလား။ အန်တီလေးကလည်း သူ့ ကို မခေါ်ဘဲ ဘာလို့ ညီမလေးကိုပဲ တကြော်ကြော်ခေါ်နေသလဲ မသိပါဘူး။ သူ အန်တီလေးကို တံခါးဖွင့်ပေးဖို့ အခန်းထဲက ထွက်တော့ ညီမလေးက အိမ်ရှေ့ တောင်ရောက်နေပြီ။ ဘယ်အချိန် အခန်းထဲက ထွက်သွားတာပါလိမ့်။ သူ အိမ်ရှေ့ ထွက်ကြည့်တော့ ညီမလေးက အန်တီလေး ၀င်ဖို့ ခြံတံခါးကို ဖွင့်မပေးသေး။ တံခါးခြားပြီး စကားတွေပြောနေသည်။ သူလည်း မျက်နှာသစ် ကိုယ်လက်သန့် စင်ဖို့ အိမ်ထဲ ပြန်ဝင်ခဲ့သည်။  
                       သူ မျက်နှာသစ်ပြီး စာရေးစားပွဲမှာ ထိုင်ကာစ သူ၏ အခန်းတံခါး ပွင့်လာသည်။ သူ ကြည့်လိုက်တော့ ညီမလေး ဖြစ်နေသည်။ ညီမလေးသည် သူ၏ အခန်းထဲသို့ တိတ်ဆိတ်စွာ လျှောက်လှမ်းလာပြီး သူ ထိုင်နေသော စားပွဲ ဘေးရှိ သူ၏ကုတင်ပေါ်တွင် ထိုင်လိုက်သည်။ သူ ညီမလေးကို ဘာပြောရမည်မှန်းမသိ။ ညက အဖြစ်အတွက် တောင်းပန် ဖို့ ညီမလေး ရောက်လာတာလား။ ဒါမှမဟုတ် ညီမလေး ခံစားဝမ်းနည်းနေရတာတွေကို ရင်ဖွင့်ဖို့ ရောက်လာတာလား။ ဒါမှမဟုတ် အန်တီလေးက သူ့ ကို ခေါ်ခိုင်းလို့ ရောက်လာတာလား။ သူ၏ ခေါင်းထဲတွင် အတွေးပေါင်းစုံနှင့် ဆူညံနေသည်။ ညီမလေးကတော့ အခုထိ စကားတစ်ခွန်းမှ မဆိုသေး။ ညီမလေးသည် သူ၏ စာရေးစားပွဲပေါ်ရှိ ပစ္စည်း များကို တစ်ခုချင်း ကြည့်နေသည်။ ထို့ နောက် သူ၏ အခန်းကို မျက်လုံးနှင့် လှည့်ပတ်ကြည့်သည်။
                         “ ကိုကို”
                          စေးကပ်နေသည် ထင်ရသော ညီမလေး၏ နှုတ်ခမ်းမှ သူ့ ကို ခေါ်လိုက်သော အက်ကွဲကွဲ အသံ
                         “နင်ရှိနေတယ်ဆိုတာ ငါ သိပါတယ်.။
                           အန်တီလေးက ပြောတယ်…။ နင့်ကို သွားခိုင်းသင့်ပြီတဲ့။”
                            ဟင်..။ သူ အံ့သြသွားသည်။ သူက ဘယ်ကို သွားရမှာလဲ..။အန်တီလေးက ဘာလို့  သူ့ ကို သွားခိုင်း ရတာလဲ။ ညီမလေး ဘာတွေ ပြောနေတာလဲ.။
                     “ ဒီအတိုင်းကြီး နေဖို့ က မဖြစ်နိုင်ဘူးတဲ့လေ..။
                      သူက နင်ရှိနေသေးမယ်ဆိုတာ သိပါတယ် တဲ့..။”
                      ပြောရင်းဖြင့် ညီမလေး ရှိုက်ငိုတော့သည်။ မျက်ရည်တွေလည်း တရစပ် ကျလာသည်။
                     “ ဟုတ်ပါတယ်ဟာ..။ ငါ အတ္တမကြီးသင့်တော့ဘူး.. ကိုကို.။
ငါ နင့်ကို ဘယ်လောက် ချစ်တယ်ဆိုတာ နင်သိတယ် မဟုတ်လား..။
ငါတို့ မောင်နှမ နှစ်ယောက်က အနေအထိုင်တွေ စိမ်းခဲ့ပေမယ့်
ရင်ထဲမှာ နွေးထွေးတဲ့ ချစ်ခြင်းတွေ အပြည့်နဲ့ သံယောဇဉ်တွေ ဘယ်လောက်ခိုင်မြဲတယ် ဆိုတာ
နင်လည်း ခံစားမိမှာပါ..။”
ဟုတ်တာပေါ့ ……. ညီမလေးရယ် လို့ သူ  စိတ်ထဲက ပြောနေမိသည်။ သူလည်း ရင်ထဲမှာ နွေးထွေး
လာသလို ခံစားရသည်။ ပြီးတော့  သူ့ စိတ်ထဲမှာ တစ်ခုခု စိုနင့်လာသလိုလိုလည်း ခံစားနေရသည်။ ညီမလေးသည် ပါးပြင် မှ မျက်ရည်များကို လက်ခုံနှင့် သုတ်ပစ်ရင်း
“ဒါပေမယ့်.. ငါ နင့်အပေါ် ဂရုတစိုက် မရှိမိတာတွေအတွက်
ငါ အရမ်းနောင်တရတယ်ဟာ..။
နင် ငါ့ဘေးမှာ ငါ့ တစ်သက်လုံး ရှိနေမယ်လို့ ငါ ယုံကြည်ထားခဲ့တာကိုဟ..။
အခုတော့ဟာ…….။”
ညီမလေး ထပ်ငိုပြန်သည်။ တော်ပါတော့ ညီမလေးရယ်။ ဘာလို့များ ဒီလို ခဏခဏ ငိုပြီး ဒီလောက် စကားတွေ အများကြီး ပြောနေရတာလဲကွယ်.။ အခု အချိန်ထိ ညီမလေး ဘာကို ပြောချင်သည်ဆိုတာကို သူ ခန့် မှန်းလို့ မရသေး။
“နင် သွားစရာရှိတာသာ သွားပါတော့ဟာ..။
ငါ့အတွက် နောက်ဆံတင်းမနေနဲ့ ။ ငါလည်း အလုပ်နဲ့ အကိုင်နဲ့ ဖြစ်နေပြီပဲ။
ပြီးတော့ ငါ့မှာ ချစ်သူလည်းရှိနေပြီ။ ။
ငါတို့ မကြာခင် လက်ထပ်ကြဖို့ လည်း စီစဉ်ထားတယ်..။
သူလည်း ဆရာဝန်တစ်ယောက်ပဲ..။ လူတော်တစ်ယောက်ပါ။
အခုတော့ နိုင်ငံခြားကို ဘွဲ့ လွန်သွားတက်နေတယ်ဟ..။ သူပြန်လာရင် နင်နဲ့ မိတ်ဆက်ပေးမလို့ ပဲ.။
ငါ့အတွက် ဘာမှ စိတ်မပူနဲ့ သိလား..။
နင်သာ နင်သွားရမယ့် ဆီကို..။”
ညီမလေး ဆက်မပြောနိုင်တော့ ။ မျက်ရည်တွေ တသွင်သွင်ကျရင်း ငိုရှိုက်လို့ သာ နေတော့သည်။ သူ ညီမလေး ပြောတာ တွေကို ဘာမှနားမလည်သေးပါ။ သူ့ မှာ သွားစရာရှိတယ်တဲ့။ သူက ဘယ်ကို သွားရမှာလဲ။ ဘာအတွက်သွားရမှာလဲ။ ညီမလေးတောင် ချစ်သူ ရနေပြီပဲ။ ဟုတ်မှာပါလေ.. ညီမလေးလည်း အရွယ်ရောက်နေပြီပဲ။ သူက သာ ငယ်ငယ်က ပုံရိပ်တွေနဲ့  ညီမလေးကို ကလေးလို့ ထင်နေခဲ့တာ။ ဒါတွေထားပါ။ ဖြစ်ချိန်တန်လို့  ဖြစ်တဲ့ ကိစ္စပဲ။ ခက်တာက သူ့ ကိုသွားခိုင်းနေသည့် ကိစ္စပဲ ဖြစ်သည်။ သူက ဘယ်ကို သွားရမှာလဲ။ ညီမလေး သူ့ ကို အိမ်က နှင်နေတာလား။
“ငါ နင့်ကို နှင်နေတာ မဟုတ်ပါဘူးဟာ..။
ငါလည်း နင်နဲ့ အတူ နေချင်တာပေါ့။ နင့်ကို ငါ့ဘေးနားမှာ အမြဲရှိနေစေချင်တာပေါ့။”
ညီမလေးက သူ့ စိတ်ကို သိနေသည်။ ဒီလိုပဲ ဖြစ်ရမယ်လေ။ သွေးချင်းဆိုတာ ရင်ဘတ်ချင်း အမြဲနီးနေရမယ်လေ။ အမြဲ ရှိနေစေချင်တာများ ညီမလေးရယ်.. နေပေးမှာပေါ့။ ဘာလို့ ဘယ်ကို မှန်းမသိတဲ့ နေရာကို အတင်းသွားခိုင်းနေရတာလဲ။
“ဒါပေမယ့်…
ငါတို့ က ဘ၀ချင်းမှ မတူတော့တာဘဲ..။
မဖြစ်နိုင်တာကြီးကို အတင်းဖြစ်ချင်လို့ မရဘူးလေဟာ။
ငါ… ငါ .. ဘာမှမတတ်နိုင်တော့ဘူး ကိုကိုရယ်..။
အန်တီလေးက ..မနက်ဖြန် နင့် ရက်လည်ဆွမ်းသွပ်ဖို့ သူ စီစဉ်လိုက်မယ်တဲ့..။
ငါ… ငါ….
ငါ့ကို ခွင့်လွှတ်ပါဟာ… ငါ နင့်ကို အရမ်းချစ်ပါတယ်”
ဟုတ်ကဲ့..။ ကမ္ဘာကြီး တစ်ရာ့ရှစ်ဆယ်ဒီဂရီ တိမ်းစောင်းသွားပါသည်။ သူသည် သူ မဟုတ်တော့သော သူ တစ်ယောက် ဖြစ်နေပါပြီ။ ရနံ့ မဲ့သော ပန်းများ ပွင့်ဝေနေကတည်းက..။ တေးမသီသော ငှက်များ လာရောက် ခိုနားနေကတည်းက.. ။ သံစဉ်မပါသော တေးစာသားများ ကို ကြားနေရကတည်းက..။ ထိုအရာသည် ထိုအရာဖြစ်ကြောင်း သူ လက်ခံခဲ့ဖို့ သင့် သည်။ ဥပါဒါန် တစ်ခု၏ အိပ်မက်ဆိုးကို နှစ်ခြိုက်စွာ စားသုံးမိသည့်အတွက် ရရှိလိုက်သော ဘေးအန္တရာယ်ဆိုသည်မှာ လွန်စွာ ခါးသီးလှကြောင်း သူ သိမှတ်ခဲ့ဖူးပါသည်။ သို့ သော် ကိုယ်တွေ့ သည် အမှန်တကယ်ပင် လိုအပ်နေခဲ့သလား မသိပါ။
                     မှားယွင်းမှုများ ၊ မှန်ကန်မှုများကို ရေတွက်စီစစ်ရင်း ခါးသက်စွာ ရောက်ရှိလာမည့် မနက်ဖြန်ကို သူ တစ်ယောက်.. ရင်နှစ်ခြမ်းကို ဆွဲဖွင့်၍ စောင့်မျှော်ကြိုဆိုနေပါသည်။
*
      မိုးအိမ်လူ

ခေတ်ပေါ် အက္ခရာ ဟောင်းများ




( ၁ )

ကိုယ်ရေးကိုယ်တာ စာမျက်နှာတွေကို
လူကြည့်ကောင်းအောင် ပြင်ဆင်ရင်း
ငါတို့  ကိုယ့်မျက်နှာ ကိုယ် မကြည့်မိခဲ့ဘူး
စိတ်ပျော်အောင် မရွာတဲ့ မိုးဖွဲတွေကြား
စက္ကန့် တံတစ်ချို့ ကို
မီးတင်ရှို့ ဖို့ 
ငါတို့ တွေ လက်ရဲဇက်ရဲ

ဘာပဲပြောပြော ဇင်သော့ရေ
မရေရာမှုကို စကားလုံးတွေနဲ့ ထုဆစ်ဖို့
မင်း ရှိတယ်
ငါ ရှိတယ်
မိုးသည်း ရှိတယ်
နောက်ပြီး ပင်ဂွင်းငှက်တစ်ကောင်လည်း ရှိတယ်

ရှင်းလို့ ရရင်
ဒီရွက်ပြတ်တော ကို မျက်စိတစ်မှိတ်နဲ့ 
ရှင်းပစ်ချင်တယ်

ငယ်ရွယ်စဉ်ဆိုတာ
မနေ့ ကလိုပဲ
အသက် ( ၂၀ ) နဲ့  အမှုတစ်ရာ ကြုံနေရတော့
မင်းလည်း ဆံပင်တွေကောက်
ငါလည်း ပါးရေနားရေတွေ တွန့် 

ငါသာ ပွဲစားဆို
အဲဒီ စက်ဝိုင်းကို
ရတဲ့ ဈေးနဲ့ ရောင်းပစ်လိုက်ပြီ။

( ၂ )

ဘယ်လိုလဲ ဇင်သော့
မင်းရဲ့ ပန်းနုရောင် စိုက်ခင်းက
သီးနှံဘယ်လောက်ထွက်နေပြီလဲ

ခါးသီးတယ်ဆိုပြီး
ရှောင်ဖယ်လို့ မှ မရဘဲ
အခု မင်းသောက်နေတာ
ကော်ဖီခါးခါးလေ
ဘယ်လိုပဲဖြစ်ဖြစ် အထွက်နှုန်း ကောင်းဖို့ အရေးကြီးတယ်

အရှုံးအမြတ် တွက်ချက်နေလို့ 
ဒီအိပ်မက်တွေက ဈေးတက်မလာဘူး
မိုးရွာလို့ လည်း အရောင်း မပြတ်ဘူး
နေပူလို့ လည်း အရောင်းမသွက်ဘူး
စက္ကူရင်းတဲ့ ကစားပွဲမှ မဟုတ်ဘဲ
မင်းရင်းခဲ့တာ
နှလုံးသားလေ

အက်ကြောင်းကွဲထဲက
အမုန်းရယ်သံတွေ…
ကြေကွဲ သီချင်းတွေ
ဒါပေါ့ မင်းက လတ်လတ်ဆတ်ဆတ်

ငါကတော့
ကျောက်ဖြစ်ရုပ်ကြွင်းကိုပဲ
ခံစားချက်ပွား
မိုးတွေရွာတိုင်း
တစ်ထပ်ဆောင်တွေကို လွမ်းတယ်

လျှပ်စီးသွားတွေလို
မညီညာတဲ့ အလှအပမျိုးနဲ့ 
စကားလုံးတွေကို တည်ဆောက်ကြည့်တော့
မိုးကြိုးပစ်တိုင်း
ငါ့ဒိုင်ယာရီစာအုပ်လေးက
ထ ထ ခုန်တယ်။

( ၃ )

အပူအပင်ကို
ဆီလို အပေါက်ရှာပြီး ရှာနေရမယ့်  ဘ၀မှာ
ငါတို့ သူငယ်ချင်းတွေက
ဘိုးဘိုးအောင် တန်ခိုးနဲ့  နှစ်ဆတိုးလို့ 

ဘ၀ အမော ဘ၀အမောနဲ့ 
လောဘလေးက ခပ်များများ
ဒေါသလေးက ခပ်ထန်ထန်
နောက်ဆုံး
ခပ်ကြမ်းကြမ်း စကားလုံးတွေက
နေ့ စဉ်ဘ၀တွေကို
မောမောသွားစေခဲ့တယ်
မင်း သိတယ် မဟုတ်လား …ဇင်သော့
မနေ့ က ငါတို့ ရပ်ဝန်းမှာ ငလျင်လှုပ်သွားတယ်လေ

ဒုက္ခသစ္စာနဲ့ လောကဓံရှစ်ပါးကို
နို့ စိမ်းပေါက်သောက်တတ်တဲ့
ဒီမြို့ သားတွေနဲ့ 
ငါ သိပ်အစေးမကပ်တော့ဘူး

အနောက်တောင် မုတ်သုန်လေကို
ပြောလိုက်ပါ
အားရင် ငါတို့ မြို့ ကို လာခဲ့ပါဦးလို့ 

တစ်နေ့ တစ်နေ့ 
ခြင်္သေ့ဖမ်းလိုက်
ခဏလေးနဲ့ ပြန်လွတ်သွားလိုက်
စိတ်ဓာတ်လေး ဗွက်ထဲချလိုက်
နောက်
ခြင်္သေ့ ပြန်ဖမ်းလိုက်

 မင်းကောင် မြိုင်ရာဇာလည်း
မသေးမျှင် မရှိကတည်းက
သေနတ် ပြန်ကိုင်နေပြီ
ဒါက အရေးမကြီးပါဘူး
မင်း ပစ်ကွင်းထဲက
အနက်ရောင် ဘောလုံးကိုသာ
အာရုံစိုက်ပါ

ငါလည်း မရေရာမှုအတွက်
စာအုပ် ဖတ်လိုက်
တီဗွီ ကြည့်လိုက်
အင်း
အိပ်မက်တွေလည်း
ငါ့အိပ်ရာပေါ်မှာ အတုန်းအရုန်း။

( ၄ )

ဝရုန်းသုန်းကား နေ့ စဉ်ဘ၀နဲ့ 
လေချင်တိုင်း လေ
ပေချင်တိုင်း ပေ
အနန္တတို့ ရဲ့ အိပ်မက်တွေ မြစ်ရေထဲမျော

ရှောင်ဖယ်လို့ မရတဲ့
ဒီတွေ့ ဆုံ ဆက်ဆံမှုတွေထဲ
ကိုယ်ပိုင်ဘ၀ကို မြေလှန်ရှာ
တွေ့ မယ် တွေ့ တော
လှလှပပ ထုဆစ်ထားတဲ့ ဒုက္ခရုပ်ကြီး

မိုးရွာတိုင်း ရေခံရအောင်က
ငါ့ ပုံးက သေးသေးလေး လေ
ဘ၀ပေးပေါ့

ဇင်သော့ရေ
လက်တွေ့ နဲ့ စိတ်ကူးယဉ်ကို
ခွဲခြမ်းစိတ်ဖြာ သုံးသပ်ရင်း
ငါတို့ ရဲ့ မှော်ဝင်ဇာတ်လမ်းတွေက
စာမျက်နှာပေါ်မှာ

ဒီဆိပ်ကမ်းမှာ ဆိုက်သမျှ
ဒီကုန်းပတ်နဲ့ 
ဒီကူလီနဲ့ 
ဒီဈေးသည်နဲ့ 
ဒီမျက်နှာတွေကိုပဲ အလွတ်ကျက်

မမြင်ချင်ယောင်ဆောင်တယ်ဆိုတာ
အိပ်ချင်ယောင်ဆောင်တာလောက်
ပိရိသေသပ်မှုမရှိဘူး
ဘယ်လိုပဲဖြစ်ဖြစ်
ရယ်သံတွေကြားရင်
ငါကတော့ အိပ်ရာထဲ တန်းဝင်တာပဲ

ငြင်းပယ်ခွင့်မှ မရှိတဲ့
နေထိုင်မှု မီးတောင်ထဲ
တလိမ့်လိမ့် စီးဆင်းသွားတဲ့ ချော်ရည်တွေက
မီးတောင်ကြီးရဲ့ မျက်ရည်လား

လှုပ်လီလှုပ်လဲ့
သေတာတောင်မှ လှပချင်နေတဲ့
သစ်ရွက်ခြောက်တွေရဲ့ ကြွေဆင်းမှု
ငါကတော့
နယူတန်ရှေ့မှာ ဗုန်းခနဲ ကြွေကျတဲ့
သစ်သီးပဲ ဖြစ်ချင်တယ်

ရှေ့ကို ကြည့်ရင် ဆောင်းရာသီ
အခု ငါ့ခြေထောက်တွေက ဗွက်ထဲမှာ
ရှေ့ဆက်လှမ်းရမလား
ဗွက်ထဲမှာပဲ နေရမလား
အရိုးပြိုင်း သစ်ခြောက်ပင်လောက်မှ
ခံနိုင်ရည် မရှိခဲ့

အခုတော့
ကျဆိမ့် တစ်ခွက်နဲ့  နေ့ တစ်ဝက်
စာအုပ်တစ်အုပ်နဲ့  ညတစ်ည
ငွေငါးရာနဲ့ နံနက်ခင်းတစ်ခု
ပျောက်ဆုံးသွားတဲ့ ငါ့ရဲ့ သရဖူ
အရောင်တောက်ဖို့ နေနေသာသာ
ငါ့ရဲ့ဓားကိုတောင် မသွေးရသေးဘူး
ဒီနွေမှာပေါ့…။

( ၅ )

ယိုင်နဲ့ နဲ့ ပုံစံခွက်ထဲမှာ
မင်းရှာတွေ့ တဲ့ အမှန်တရားက
ဘာလဲ..

မြိုင်ရာဇာအတွက်တော့
မသေးမျှင်ဖြစ်မှာ သေချာတယ်
ကျန်တဲ့ ငါတို့ အတွက်ကော..

စက္ကူတွေနဲ့ ဖုံးပိတ်ထားတဲ့
တံခါးတစ်ချပ်ကို ဖွင့်ဖို့ 
ငါတို့ ဘာတွေ ၀န်လေးနေခဲ့သလဲ
ဇင်သော့ရေ
ရိုးရာထုံးစံဆိုတာ
တစ်ခါတစ်ခါမှ စားရတဲ့
ဆောင်းရာသီရဲ့ နံနက်စာ တစ်ခုလိုပဲ
ကောင်းညှင်းပေါင်းနဲ့ 
ငါးရံ့ခြောက်ဖုတ်နဲ့ 
ရေနွေးကြမ်း ပူပူလေးနဲ့ 
သိပ်မြိန်တာပေါ့ကွာ…။


မိုးအိမ်လူ

5  Jul 2009

ကောင်းကင်အက်ကြောင်းထဲက တေးသွား


ကိုယ်ရောင်ဖျောက်နှင်းတို့  ခန္ဒာကိုယ်မှာ ရွှဲရွှဲစိုစေခဲ့တဲ့အချိန်…..။ အလင်းရောင်အောက်မှာ ငရဲတမျှ
ပူလောင်ပြီး အမှောင်အောက်မှာ ရေခဲတမျှ အေးခဲနေတဲ့အချိန်…။ အချိန်ကာလဟာ ကျွန်တော့်အတွက် အိုမင်းရင့်ရော်စေ ရုံကလွဲလို့  ဘာမှ မပေးစွမ်းနိုင်ခဲ့ပါဘူး။အစွန်းရောက် လေထု နှင့် အဆုံးစွန်သော ကံတရားတို့ ၏ တစ်ဖဲ့ချင်း ခြွေချမှုမှာ ကျွန်တော် အသံမထွက်နိုင်အောင် မျက်ရည်ကျခဲ့တယ်ဆိုတာ…။ ကောင်းကင်ရယ်… မျက်လုံးနှစ်လုံးစာ ဖြန့် ကျဲထားတဲ့ ကြယ်စုတွေနဲ့တော့ ငါ့ဘ၀ လင်းလက်လာမှာမဟုတ်ဘူး…။ လမင်းကို ဖွက်မထားပါနဲ့ တော့..။
ကျွန်တော်လုပ်သမျှကို နှာခေါင်းရှုံ့ တတ်ကြတဲ့ လူတစ်စု ရှိတယ်။ ဒါပေမယ့် သူတို့ နှာခေါင်းရှုံ့ ခဲ့တဲ့
ကျွန်တော့်ရဲ့ လုပ်ရပ်မျိုး သူတို့ လုပ်ကြတဲ့အခါ ကျွန်တော် နှာခေါင်းမရှုံမိပါဘူး။ အဲ့ဒီလိုလူတွေအတွက် ကျွန်တော့် မျက်နှာ မှာ အရေးအကြောင်း တွေ မထင်စေချင်ဘူးလေ..။ ကျွန်တော်က နှုတ်ဆိတတ်သူ..။ တိတ်ဆိတ်နေတတ်သူ..။ မှားမှာကို မကြောက်ပေမယ့် မမှားချင်သူ..။ ကျွန်တော့်ရဲ့ နေထိုင်မှုကို ဖြောင့်လှပါတယ်ဆိုတဲ့ မျဉ်းကြောင်းတွေပေါ်မှာ တင်ထားခဲ့ ပေမယ့်လည်း အမှားလက္ခဏာတွေပဲ ကျွန်တော်ရခဲ့တယ်။
သွားပုပ်လေလွင့် ဇာတ်လမ်းအချို့ မှာ ကျွန်တော်က သဘာဝမင်းသားကြီးပေါ့။ သူတို့ တွေ အားရပါးရ ရယ်မောနေကြတိုင်း ကျွန်တော် တိတ်တဆိတ်ပြုံးမိတယ်။ မှန်ကန်မှုဆိုတာ ဘယ်လိုအရာလဲလို့  ကျွန်တော် အရမ်းသိချင် တာပဲ။ ဒါပေမယ့် ဟိုလူ့ လိုက်မေး ဒီလူ့ လိုက်မေးတော့ ကျွန်တော် မလုပ်ခဲ့ပါဘူး။လူတွေဟာ သူတို့ ကလွဲပြီး ကျန်တဲ့သူ တွေကို လူ,အတွေလို့  သတ်မှတ်ထားတတ်ကြတယ်လေ..။ အရူးကို ဘုံမြှောက်တဲ့ အလုပ်ကို ကျွန်တော် မလုပ်ချင်ဘူး။
ဒီလို နှင်းစက်လေးတွေ တစ္ဆေတေးသွား သီဆိုနေတဲ့ အသံဟာ ရွှေမိုးငွေမိုး ရွာတာထက် ပိုပြီး အဖိုး တန်တယ်လို့  ကျွန်တော်တစ်ယောက်တည်း သတ်မှတ်ထားတယ်။ တိတ်ဆိတ်တယ်ဆိုတာ စိတ်ကလွဲလို့ ကျန်တာ မကောင်းဘူးလေ။ အနည်းဆုံး အသံလေးတစ်သံနဲ့  အများဆုံး အသံငယ်တစ်သံတော့ လိုတာပေါ့။ အသံကြီးတွေကို တော့ ကျွန်တော်မုန်းတယ်။

*
သူတို့  အရမ်းကြောက်နေကြတဲ့ ခရောင်းလမ်းဆိုတာကို ကျွန်တော် သွားကြည့်တယ်။ ကြုံဖူးမှ သိမယ်ဆိုတဲ့ စကားရဲ့ အဓိပ္ပာယ်ဟာ ဘယ်လောက်ကြီးမား သလဲဆိုတာ အဲဒီမှ ကျွန်တော် သိတော့တယ်။ ပိန်လိန်နေ တဲ့ ရှင်သန်မှုတွေ။ အင်အား၊ ခွန်အား ဆိုတာကို သူတို့  မသိကြတော့ဘူး။ သူတို့ အတွက် ကောက်ရိုးတစ်မျှင်ဟာ အမှိုက်တစ် စ ထက်မပိုခဲ့ဘူး။ ကံလည်းမမြင်ရ ၊ လှံလည်း မမြင်ရတဲ့ ဘ၀တွေ ဘယ်လောက်နာကျင်နေခဲ့တယ်ဆိုတာ ကျွန်တော် ကိုယ်စားဝင်ပြီး ခံစားဖို့ မတတ်နိုင်ခဲ့ဘူး ။ အမြင့်ဆုံးနေရာ နဲ့ ကပ်လျက်မှာ အနိမ့်ဆုံး နေရာ ရှိတယ်ဆိုတဲ့ သဘောတရား ကို ကျွန်တော် ရှူရှိုက်မိခဲ့တယ်။ အနံ့ တွေ မကောင်းဘူးဗျာ။
အရာရာကို ခြွင်းချက်မရှိ လက်ခံဖို့ ကြိုးစားတိုင်း ကျွန်တော့်ရဲ့ နှုတ်တွေဟာ ဆွံ့ အ နေခဲ့တယ်။ ချိုအီ လွန်းတဲ့ အပြုံးမျက်နှာတွေဟာ မကြာခင်မှာပဲ လောက် တက်တော့မယ်လို့  ကျွန်တော် စိတ်ထဲမှာ အလိုလို သိနေခဲ့တယ်။
ဘ၀နဲ့  ရင်းပြီး ရခဲ့တဲ့ ပုံပြင်တွေဟာ သံစုံတီးဝိုင်းရဲ့ နောက်ခံတေးဂီတနဲ့  တွန့် ကြေလို့ ။ ဘယ်က စီးဆင်းလာမှန်းမသိတဲ့ ပြဿနာချောင်းငယ်တွေဟာ ကျွန်တော့်လက်ထဲမှာ အလိုလို လမ်းဆုံးပျော်ဝင်သွားကြတယ်။ နည်းလမ်းမျိုးစုံနဲ့  အရိုက်ခံ ခဲ့ရတဲ့ စိတ်ဟာ ပျော်ရွှင်စရာ တေးသံတွေကို မနှစ်သက်တော့ဘူး။ ပေါက်ကွဲမယ်။ ဆူညံမယ်။ နောက်.. တူရိယာသံတစ်ခု တည်းနဲ့ ခြောက်သွေ့ နေဦးမယ်။
နှင်းခွဲလေပြေဆိုတဲ့ ကဗျာတစ်ပုဒ်ဟာ ဒီလောကမှာ မွေးဖွားပြီးခဲ့ပြီလား ။ မွေးဖွားမပြီးသေးဘူးလား ။ ကျွန်တော် အမှန်တကယ် မသိခဲ့တာပါ။ အဲဒီကဗျာကို ဖတ်တိုင်း ကျွန်တော်ရဲ့ ရင်ဘတ်ဟာနှင်းတွေ ဖြစ်ဖြစ်သွားသလိုပဲ ။ အကြိမ်ကြိမ်ဖတ်တိုင်း အကြိမ်ကြိမ် ရင်ခွဲခံနေရတယ်။ ဒါပေမယ့် ကျွန်တော်က အဲဒီ ခံစားမှုကို နှစ်သက်နေတယ်။ နာကျင် ခြင်းကို နာကျင်အောင် မခံစားတတ်တော့တဲ့ တစ်နေ့ မှာ ကျွန်တော်က ကျွန်တော့်မူပိုင် နှင်းခွဲလေပြ ကို မွေးဖွားလိမ့်မယ်။ ကမ်းပြို နေတဲ့ အတ္တတွေထက် ကိုယ်ချင်းစာတရား မိုးတပေါက်ကို ကျွန်တော်က မျှော်လင့်နေခဲ့တာ။ တဖျောက်ဖျောက်  လောင်ကျွမ်းခံနေရတဲ့ ဘ၀တွေရဲ့ မချိတင်ကဲ အပြုံးတွေကြောင့် ကျွန်တော့်ရဲ့ ပထမဆုံးမျက်ရည်စက်ဟာ ရင်ဘတ်ပေါ်မှာ အငွေ့ ပျံသွားတယ်။ တဖျောက်ဖျောက် ဆိုတဲ့ အသံကို ကျွန်တော်ပဲ ကြားနေ၇တာလား။ ကျန်တဲ့လူတွေကော မကြားကြ ဘူးလား။ သူတို့ တွေ တကယ်နာကျင်နေကြပါပြီဗျာ။ သတ္တ၀ါတစ်ခု ကံတစ်ခုလို  မပြောကြပါနဲ့ လား။ အဲဒီစကားလောက် ဥပေက္ခာဆန်လွန်းတဲ့ စကား ကျွန်တော် မကြားဖူးဘူး။ အဲဒီမီးပွားတွေ ကိုယ့် လက်ပေါ်မကျခင်အထိတော့ လောကကြီး ဟာ သာယာပါတယ်လို့ တွေးနေကြဦးမှာပဲ။ နားရွက်နားမှာ ရစ်ဝဲနေတဲ့ အသံတွေကို ခါချလိုက်ပါ။ ပြီးရင် နားစိုက်ထောင် ကြည့်။ နှလုံးသားက တစ်ခုခု ပြောနေလိမ့်မယ်။

*
ဟိုးအဝေးမှာ တိမ်တိုက်တွေ ပြိုဆင်းနေကြပြီ။ သူတို့ ကတော့ ပျော်ပျော်ပါးပါး။ ၀ုန်းဒိုင်းကြဲနေတဲ့ မိုးရေတွေထဲမှာ ရပ်ရင်း ကောင်းကင်ကြီးကို ကျွန်တော် စကားစမြည်ပြောခဲ့တယ်။ သူကတော့ မရှင်းမလင်း အသံဝါးဝါးကြီး နဲ့  ဘာတွေပြောနေမှန်းကို မသိဘူး။ နားညည်းတာတော့ သေချာတယ်။ဒါနဲ့ ကျွန်တော်လည်း အအေးပက်ခံပြီး စကားပြော မနေတော့ဘဲ အိမ်ထဲဝင်ပြီး အ၀တ်အစားလဲ အိပ်ရာထဲမှာပဲ ကွေးနေလိုက်တယ် ။ အဲဒီမှာမှ သူ့ အသံကို ကျွန်တော် သေသေချာချာ နားလည်တော့တယ်။ သူက သီချင်းဆိုနေတာဗျ။ သူတို့ ကောင်းကင် ဘာသာစကားနဲ့ ပေါ့ဗျာ။ ကျွန်တော် လည်း နားမလည်ပါဘူး။ သံစဉ်လေးကတော့ နားထောင်ကောင်းသားဗျ။

*
ကျွန်တော့်ရဲ့ ကိုယ်ရေး ဒိုင်ယာရီထဲမှာ ရွှေရောင်ထနေတဲ့ စကားသုံးလုံး ရှိတယ်။ “ ယုံ..ကြည်..မှု”။ ရွှေနဲ့ စက်ဝယ်လို့ မရတဲ့ ဒြမ်မဲ့ အရာတွေကို သိပါလျက်နဲ့  ပိုင်ဆိုင်ဖို့ မကြိုးစားတာ ဘာကြောင့်လဲလို့ လူတွေကို မေးကြည့်ချင်တယ်။ ကျွန်တော်တို့ က တံတွေးကို ကြောက်နေခဲ့ကြတာလေ။ ကိုယ်ကသာ ထွေးထုတ်ချင်ပြီး ကိုယ့်ဆီကို အစင်မခံချင်ခဲ့ကြဘူး။ အဲဒီတံတွေးတွေကို ရှောင်ရင်း ရှားရင်းနဲ့ ပဲ ကျွန်တော်တို့ ရဲ့ ဇာတ်လမ်းတွေ အရှိန်မြင့်လာခဲ့ကြ တယ်။ တီးလုံးတီးကွက် အသစ်အဆန်းတွေနဲ့  မြိုင်မြိုင်ဆိုင်ဆိုင်ပေါ့။ ဒါတွေကိုပဲ ကျွန်တော်က မကျေမနပ် ၊ ရှုံချ ၊ ဝေဖန် ပြီး ကျင်သုံးနေခဲ့မိတာ။

*

ကြိုးစားပမ်းစား လုပ်ဆောင်ခဲ့သမျှ နောက်ဆုံး ပန်းတိုင်ဟာ သင်္ချိုင်းဖြစ်ဖြစ်နေတာတော့ တဆိတ် ဆိုးလွန်းတယ်။ ပြိုင်ဘက်ပေါင်းများစွားနဲ့  ယှဉ်ထိုး သတ်ပုတ်အနိုင်ယူပြီး ရခဲ့တဲ့ ဆုလာဘ်က ဒီဇိုင်းခပ်မိုက်မိုက် အုတ်ဂူ လေး ဖြစ်နေတော့… ကျွန်တော် ရယ်ချင်သွားတယ်.။ သင်္ချိုင်းက ကျွန်တော် ရယ်ရင် မကြိုက်ဘူး။ ကျွန်တော့် ကိုလည်း သူ့ ဆီ မလာနဲ့ တဲ့လေ။ မလာလို့ မှ မရတာဘဲလေ။ လာရမှာပဲ … လို့  ကျွန်တော်က ပြောတော့ သူက စိတ်ဆိုးရော..။          သူ့ ဆီလာချင်ရင် သူ့ လို ဖြစ်အောင် အရင် ကျင့် ရမယ်တဲ့..။ ဘယ်လိုလဲ လို့  ကျွန်တော် မေးလိုက်တော့ … တိတ်ဆိတ်နေရမယ်…တဲ့။ တစ်ယောက်တည်းရှိနေရင်တောင် အသက်ရှူသံကို မထွက်အောင်နေ၇မယ်တဲ့..။ အဲဒီမှာ ပဲ ကျွန်တော့် ဦးနှောက်က အသံတွေ ညံစီညံစီ ထွက်လာပါလေရော။ သင်္ချိုင်းကြီး စိတ်ပျက်သွားလေရဲ့။ ကျွန်တော်လည်း အားရပါးရ ရယ်မောရင်း ခေါင်းမော့ကြည့်လိုက်တော့ .. ကျွန်တော်တို့ အဖြစ်ကို ပြုံးပြုံးကြီးကြည့်နေတဲ့ ကောင်းကင်ကြီးက ခပ်ပြုံးပြုံးလေး တိမ်တွေ ခါချနေလေရဲ့။

*


   မိုးအိမ်လူ

နှင်းရွာတဲ့ ရာသီ




နှင်းရွှဲညရဲ့ တေးတစ်ပုဒ်မှာ
ဆုတ်ဖြဲ ခံရတယ်ဆိုတဲ့
ရာဇ၀င် စာမျက်နှာ ခပ်နွမ်းနွမ်းတွေ
အတ္တကောင် အရေခြုံခံ
ချိုမြိန်တဲ့ စာရိတ္တပုံစံခွက်ထဲ
ခါးပြင်းပြင်း အရည်တစ်ချို့ ရောယှက်
အနက်ရောင် နောက်ခံ အထီးကျန်တိမ်တိုက်ထဲ
ဆွဲနှစ်ခံရတဲ့ နှင်းရွှဲညရဲ့ အိပ်မက်တွေ
ကြယ်စင်တစ်ခု ကြွေပျက်ခြင်းနဲ့အတူ
နုနယ်ပါတယ်ဆိုတဲ့ နီရဲရဲ နှလုံးသား
မျှော်လင့်ချက် တစ်ကမ္ဘာစာ
မီးမလောင်ဘဲ ပြာကျသွားတယ်
ပျော်မြူးနေတဲ့ တစ္ဆေကောင်တွေရဲ့
လက်သည်းချွန်ချွန်နဲ့ လက်ဖ၀ါးထဲ
ခံစားချက်မဲ့နေတဲ့ အပြုံးတစ်ချို့ လှူလိုက်ရ
အုံ့ မှိုင်းကျဆင်းခြင်း ဖြစ်စဉ်မှာ
နဲ့ တဲ့တဲ့ စိတ်ဓာတ်လေးတွေ ပါသွားတယ်
တစ်ပတ်လည်လာမယ့်
နေလုံးကြီးရဲ့ မျက်နှာကို စောင့်မျှော်ရင်း
ဒီည
နှင်းမိုးတွေနဲ့ အတူ ကခုန်ခဲ့ပေါ့။


မိုးအိမ်လူ
4 DEC  2008

JAN  2010, Perfect Magazine

မိုးရာသီရောက်ရင် မိုးရွာမှာပဲ




နက်ပြာရောင် ကောင်းကင်တစ်ခုရဲ့ သွန်သင်မှုမှာ
ယောင်ပေယောင်ပေ
အတ္တစိတ်ရောတဲ့ နံနက်ခင်းတွေမှာ မနိုးထချင်ဘူး
၀၆ ၊ ၀၇ မိုက်ရိုင်းမှုတွေ တပွေ့တပိုက်နဲ့ 
စုန်ရေလည်း မကြည်ချင်
ဆန်ရေလည်း မစီးချင်
( ၃၃၇ ) ရက်လောက် ခရောင်းလမ်းကို လျှောက်ခဲ့တုန်းက
ကြိမ်းဝါးခဲ့သမျှ နောက်ဆုံးတော့လည်း
ဒီဘူတာမှာပဲ ဒီရထား စီးမိတော့မယ်
ဘာတွေလဲ
အဆိပ်သင့်မှန်း သိရက်နဲ့ 
ဒီမုန်တိုင်းထဲ ၀င်ဝင်တိုး
အမြစ်ပါ ဆွဲလှန်သွားမယ့် လေကြမ်းတွေကြား
မုသာဝါဒကို ဘိန်းစွဲသလို စွဲနေပြီ
ခေတ်မီချင်ပါတယ် လို့ ပြောပြောပြီး
ခေတ်သစ် ကျေးဇူးကန်းလမ်းစဉ်တွေ ထွင်ပြီးလျှောက်
ငါကွ ဘီလူး  လို့ ကြိမ်းဝါးလည်း
မိုးရာသီရောက်ရင် မိုးရွာမှာပဲ။


မိုးအိမ်လူ
15  Mar  2009

JAN  2010, Idea Magazine ( Poem Corner )

အဟောင်းပြပွဲ




ဖိတ်စာ မဝေဘဲ နေ့ သစ် ရောက်လာတယ်
လက်တံ အဟောင်း နံပါတ် အဟောင်းတွေနဲ့ 
အချိန် အသစ် ရောက်လာတယ်
အဖြစ်အပျက်အဟောင်းတွေက
အ၀တ်အစား  အသစ် ၀တ်ပြီး ပြုံးပြကြတယ်
ဗိုက်ထဲက အစာ အဟောင်းတွေ မဖယ်ရှားခင်
အစာ အသစ်တွေ ထပ်ထည့်..
ဦးနှောက် အဟောင်းတစ် ခုနဲ့ 
စာအုပ် အဟောင်းတစ်ခုကို ဖတ်
အသိဥာဏ် အသစ် ရမလာဘူး
အသိဥာဏ်အဟောင်းလည်း ရမလာဘူး
ခြေထောက်အဟောင်းကို ရေဆေးပြီး
လောက အဟောင်းကို နင်းလျှောက်
မောဟ ၊ လောဘ ၊ ဒေါသနဲ့  အတ္တ အဟောင်းတွေက
အတွေးသစ်တွေနဲ့  ရယ်မောလို့ 
ဒါပြီးရင် ပုဒ်မ အဟောင်း တစ်ခု ချလိုက်
ကျွန်တော့်ကို ကော်ဖီအဟောင်း ပူပူ တစ်ခွက်ပေးပါ။


မိုးအိမ်လူ
30 OCT 2007

NOV  2009 , Idea Magazine ( Poem Conrer )

တိမ်ယောင်ဆောင်တဲ့ မီးခိုး

တိမ်ယောင်ဆောင်တဲ့ မီးခိုး


ဆန္ဒတွေ နောက်ဆုတ်ရင်း
ခြေလှမ်းတွေက ရှေ့ဆက်တိုး
လွှတ်ချလို့ မရသေးတဲ့ နေ့ တွေ
စက်ဆုပ်မှု တွေကို
မကြားချင်ယောင်ဆောင်
နေ့ နေ့ ညည ဖြစ်ချင်တာပဲ လုပ်
ခါးသီးပြမနေပါနဲ့တော့
ဒါတွေဟာ
ဘယ်တော့မှ မပျောက်ပျက်မယ့်
ခြေရာတွေ
ကိုယ်လည်း သွေးစွန်း သူလည်း သွေးစွန်း
အသက်တွေ ကြီးလာလေ
လောင်ကျွမ်းမှု အားကောင်းလေ
သော့ခတ်ပိတ်ထားခဲ့တဲ့
ကုသိုလ်ရေး လှုပ်ရှားမှုတွေ
ငေးနေရင်း လဲပြိုရင်း
အတက်အကျ မြန်ဆန်လွန်းတဲ့ မြစ်တစ်စင်းအတွက်
ဘယ်အရပ်မှာ
မိုးရွာပေးရမလဲ။


မိုးအိမ်လူ
FEB   2011 , Idea Magazine ( Poem Corner )

အရသာ

 အရသာ


ပွင့်ချည်ပိတ်ချည် တံခါးတစ်ချပ်ရဲ့ တေးဆိုသံ တကျွီကျွီ
ဘယ်အရပ်ဒေသမှာ စိမ်းလန်းမှုတွေ တောထနေပြီလဲ
မိုင်ပေါင်းများစွာ ခရီးနှင်လာခဲ့ရတဲ့ လူတစ်ယောက်ရဲ့ မျက်လုံးတွေလို
ရောင်စုံလူတွေ တရစပ် စီးဆင်းနေတဲ့ မြစ်ထဲမှာ သောင်တစ်ခုလို ရပ်တည်
နာမည်မတပ်ရသေးတဲ့ စေတသိတ်တွေ လာရောက်ကမ်းကပ် ညိတွယ်လို့ 
အင်္ဂါနေ့ ထဲက ထွက်ပြေးလာတဲ့ လိပ်ပြာတစ်ကောင်ရဲ့ နောက်မှာ ကြိုးတန်းလန်း
မြင်တွေ့ မှု မြင်ကွင်းတွေကို မုန်းတီးစိတ်နဲ့  မျက်လုံးတွေ ကန်းပစ်လိုက်ချင်တယ်
သင့်တော်သလို ရှိတဲ့ နေ့ တစ်နေ့ မှာ အပေါ်ထပ်က တိတ်ဆိတ်သံတွေ ကြားနေရ
အံသြဘနန်း အပြေးတက်ကြည့်တော့ မျက်လုံးကန်းချင်စိတ်တွေ ပိုကဲလာခဲ့
အခွံဆန်လွန်းတဲ့ လူမှုဆက်ဆံရေးတွေကို စည်ပင်သာယာက ဘာလို့ လာမသိမ်းပါလိမ့်
အသံတွေကို မျှော်လင့်နေမိတဲ့ အကြောင်းပြောတော့
အသံသေတ္တာထဲက လေတိုးသံတွေ ထွက်ပေါ်လာတယ်
ဒါ အမှန်ပဲလား စောဒကတက်ခွင့် ဒီနေရာမှာ မရှိခဲ့ဘူးသလို
နာရီဒိုင်ခွက်ထဲက ပင်လယ်မှာ မုန်းတိုင်းကျနေတယ်
နံရံပေါ်မှာ အသံမထွက်တဲ့ ကမ္ဘာကျော် အော်သံတစ်ခု
အာခေါင်ခြစ်ပြီး အော်ဟစ်ပစ်ချင်စိတ်တွေ မနည်းထိန်းနေခဲ့ရ
အသံတွေကို မမြင်ရတာ ကြာခဲ့တဲ့အကြောင်း ကြေးနန်း၇ိုက်လိုက်တယ်
လမ်းဘေး အသုပ်ဆိုင်တစ်ဆိုင်မှာ  အစုံသုပ်စားနေတုန်း
ရှေ့က မျှော်စင်ပေါ်ကနေ ကမ္ဘာပြားပျံတွေ လွတ်ကျလာတယ်
ဒါ ရုပ်ရှင်လား ၊ ဒါ အိပ်မက်လား ၊ ဒါ စိတ်ကူးယဉ်လား ၊ ဒါ ထင်ယောင်ထင်မှားလား
မလောက်ငမှုတွေ မျက်လုံးမှာ ချိတ်ရင်း ပြုံးရယ်နေတဲ့ အသုပ်သည်ရဲ့ နှုတ်ခမ်း
တစ်ခုခုပြောပါလား လို့ ပြောတော့ ခို မဖြစ်ချင်ဘူး မပြောပါရစေနဲ့ တဲ့
မြို့ ပြလမ်းမပေါ်က အသက်ရှူသံ မညီမျှခြင်းတွေကြား
ဘယ်သူဖျော်တာပဲ ဖြစ်ဖြစ် ဒီနေ့  သောက်ရတဲ့ ကော်ဖီ မကောင်းဘူးဗျာ။
                                                                                                          

  မိုးအိမ်လူ

အိုင်ဒီယာ ၊ ကျည်ဆန်အခွံချွတ် နှင့် မပြောသင့်သော စကားများ

အိုင်ဒီယာ ၊ ကျည်ဆန်အခွံချွတ် နှင့် မပြောသင့်သော စကားများ


ခေတ်သစ် ဒိုင်ယာလောခ့် ကျင့်ဝတ်အရ ဘာမှမပြောချင်လည်း အာမေဋိတ်သံတော့ပေး
သူ့ ဘက် ကိုယ့်ဘက် ဆိုတာ မမြင်တတ်လည်း ကြည့်တတ်ရတယ်
ဘာလုပ်မှာလဲ ညဥ့်နက်သန်းခေါင် ဂစ်တာလျှောက်တီးတာ
ဘာလုပ်မှာလဲ မိုးလင်းပေါက် အရက်ထိုင်သောက်တာ
ဘာလုပ်မှာလဲ လက်ဖျံမှာ တက်တူး ထိုးပြီး တွေ့ တဲ့သူ မိုက်ကြည့် ကြည့်တာ
ပလက်ဖောင်း ဇာတ်ထုပ်တွေ ခေတ်မရှိတော့ဘူး
အခါလွန်မှ ခွင့်သာခိုက်မှာ မလိုက်မိလို့  ပြဇာတ်မင်းသားလို ငိုချင်း လာမချနဲ့ 
စာအုပ်ထဲကအတိုင်း ပြောကြည့်တာလေ
သက္ကရာဇ် မကိုက်တဲ့ ကိစ္စ ဒီမှာ တိုင်လာမပတ်နဲ့  သမိုင်း ပညာ၇ှင်မဟုတ်ဘူး
ဘာလွန်ပြီ ညာလွန်ပြီ ဘာပြီးဆုံးသွားပြီ ညာပြို ကျသွားပြီ
အဖြစ်အပျက်ကို မြင်ကွင်းကျယ် ချဲ့ ပြီး တရားခံပဲ ပတ်ရှာမနေနဲ့ လေ
အဓိက က သူဘယ်လို ခြေလှမ်းကြောင့် ဒီရလဒ် ရလာသလဲ သိရင် တော်ပြီ
ဟောဒါ ငါ့ကဗျာပဲ ဟောဒီမှာ ငါ က အနုပညာသမားပဲ
အော် ဟုတ်လား မှတ်တောင် ထားရဦးမယ်
ကိုယ့်ကဗျာ နေရာရရုံနဲ့  ကိုယ့်ကို ကိုယ် ဘွဲ့ တံဆိပ်ကပ်
ဘွဲ့ တံဆိပ် ဒီလောက် လိုချင်နေရင်လည်း သင်္ကန်းသာ စည်းလိုက်တော့ ( ကန်တော့ပါရဲ့ဗျာ )
အဲ့ဒီလို တောင်မရောက် မြောက်မရောက် အသံတွေကို အမုန်းဆုံးပဲ
အနုပညာကို လှေကားလို့  မြင်တဲ့သူတွေ ရှိသ၍တော့…
လာပါပြီ လာပါပြီ ကလောင်ကို ဓားအိမ်ထဲထည့်ထားတဲ့ စာပေပြုပြင်ရေး သူရဲကောင်းကြီး
စာမျက်နှာတွေပေါ်မှာ သတ်လိုက်ဖြတ်လိုက် ပါဝါနဲ့  အဆင့်မြှင့်ပေးလိုက်
သွေးချောင်းစီးစေတာလည်း သူပဲ သရဖူတွေ ဖန်တီးပေးတာလည်း သူပဲ
နယ်နယ်ရရတော့ မဟုတ်ဘူး စာပေလောကရဲ့ အဓိပတိကြီးလို့ ပြောလည်း ရတယ်
အခေါက်ခေါက် အခါခါ သုံးစွဲပြီးလို့  တွန့် ကြေနေပြီ
အတွေးအခေါ်တွေကို ပြောတာပါ
နေပူရင်လည်း အဲဒါကြောင့် မိုးရွာရင်လည်း အဲဒါကြောင့်
အရှေ့အိမ်တွေ အနောက်အိမ်တွေက ထိုးထိုးထောင်ထောင် ကိုဖိုးမောင်တွေ ဖြစ်နေပြီ
ဒီအိမ်က အခုထိ မိသားစုတွေ ထမင်းလက်စုံ မစားနိုင်သေးဘူး
မချစ်တာနဲ့ ပဲ အပြစ်တွေမြင် မကောင်းတွေပြော
ခေါင်းကဆံပင်က ဆိုးဆေးဗူး ငါးဆယ်လောက် သောက်ပြီးနေပြီ
တရားကို ကိုယ်မှာ မရှာနိုင်သေးဘူး
သူလား ငါလား အတ္တအသုံးတွေ နဲ့  ရေမရောနဲ့ လေ
သိချင်ရင် သိချင်တယ်ပြော ဆရာလိုလို သမားလိုလို မျက်နှာဖုံးတပ်မနေနဲ့ 
ဟုတ်တယ် အဲ့ဒါ ပိုစ့် မော်ဒန်ပဲ မရှင်းရင်မေး
ပြောကြဆိုကြနဲ့  အားလုံးဆိုနေကျ သီချင်းတွေလည်း အနားဖွာနေပြီ
သူက အိုဘားမားဆို ကိုယ်က ဟူကျင်တောင်ပဲ
နက်ဝက်ဘ် မသိဘဲနဲ့  အွန်လိုင်း ကဗျာဆရာဆို အထင်မကြီးဘူးဆိုပဲ
ခင်ဗျားဆရာက ခင်ဗျားကို အဲဒီလိုပဲ သင်ထားသလား
မိုးကြိုးတွေက အစင်းလိုက် အစင်းလိုက်ပဲ
ထန်းလက်ကာချိန်မရလို့  ရင်ကောထားလိုက်ရတာလည်း အကြိမ်မနည်း
ဘာလဲဗျာ ကဗျာဆရာပဲ ဆာတတ်တဲ့ ဗိုက်ရှိတာလား
ပြောတော့ သစ္စတရားပါ မေတ္တာတရားပါ
လုပ်လိုက်ရင် အတ္တက တချွန်ချွန် ကိလေသာက တပွပွ
အခုပဲ ဆိုကရေတီးရဲ့ အဆိပ်ခွက်ကို လုသောက်တော့မလိုလို
ထားလိုက်ပါ အကြောင်းတရားတွေကမှ အနားသတ်မလှဘဲ
သူတို့ ကိုယ်တိုင် ချတဲ့ စည်းမျဉ်းတော့ သူတို့  လိုက်နာနိုင်မှာပဲ
အချိန်တန်ရင် ဘယ်သူက ပုံပြင်ထဲရောက်ပြီး ဘယ်သူက သမိုင်းမှာ ကျန်ရစ်မလဲ ဆိုတာ ရှင်းသွားမှာပါ
ရေစီးကတော့ စီးနေမှာပဲ မနေ့ ကဆိုတာ ဘယ်တော့မှ ဒီနေ့ ဖြစ်လာမှာ မဟုတ်သလို
ဒီနေ့ ဆိုတာလည်း….။
                                                                                                           မိုးအိမ်လူ