Wednesday, June 29, 2016

ဇာတ်လမ်း#၂၇.၆.စ၁၆#




လွယ်တယ် ခက်တယ် ပစ္စုန်ပ္ပန် မီးပွင့်များရယ်
မပြောခင်က ဖူးပွင့်နှင့်တဲ့ အဓိပ္ပါယ် ချစ်စရာများရယ်
လေဟာ လမ်းလျှောက်သူလို သူ့လမ်းကြောင်းအတိုင်း ပွေ့ချီလာခဲ့

စကားလုံးတွေမဖိတ်စင်ခင်မှာပဲ
ဝှက်ထားတဲ့ဖဲချပ်တွေ လန်ကျလာခဲ့

ဒါဟာ ဇာတ်သိမ်းကောင်းတစ်ခုပဲလို့ တုန်တုန်ရီရီမြည်ထွက်လာတဲ့
အသံအိုတစ်ခု
ဘယ်သူ့နားရွက်ဖျားဆီကိုမှ မချိတ်မိဘဲ အငွေ့ပျံသွားခဲ့တယ်။

မိုးအိမ်လူ

Saturday, June 25, 2016

မဟောင်းခင် အဟောင်းတွေအကြောင်း အသစ်ပြန်ရှာ။




ချန်ခဲ့တယ်။ စိတ်ခြစ်ရာတွေ။ ရုပ်ကြွရာတွေ။
မမျှော်လင့်ခြင်းကို ဒီနေရာမှာ အသားပေးဖို့ စိတ်မလာတော့တဲ့အခါ
မြို့တော်အကြောင်း။ တောရွာအကြောင်း။ စာလုံးပေါင်းဖို့ သီလသမာဓိဟာ မပြည့်စုံခဲ့ပြန်ဘူး။
နာရီထဲမှာ ရွေ့နေဆဲ ။ ကိုယ့်စိတ်ဟာ အရောင်ဖျော့ဖျော့တွေမှာ ငြိတွယ်တယ်။
စက္ကူပေါ်မှာ မရေးခြစ်မိသမျှတွေ ။ မိတ်ဆွေအကြောင်း ပြန်စဉ်းစားတယ်။
လွန်ခဲ့တဲ့ ကိုယ်ဟာ အခု ကိုယ်နဲ့ မင်နီမျဉ်းပိတ်ခံထားရသလို။ ရုပ်ရှင်တွေ ထဲမှာ ထည့်ကြည့်ရင် ကောင်းမလား။
နားထောင်နေကျ သီချင်းတွေ နားယဉ်မလာတဲ့အခါမျိုးမှာ ။ တူရိယာတစ်ခုခု ။
မတီးတတ် မဆိုတတ် မအော်တတ် မဖောက်ခွဲတတ်တဲ့ ပုရွက်ဆိတ်သာသာ။
ဒီအထဲမှာ ဘာရှိသလဲ လာရှာသမျှ ကိုယ်ကျိုးနည်း ပြန်ရဖို့ချည်း။
ဘာမှမရှိခြင်းတွေအကြောင်း အများကြီးရှိအောင် ရေးခဲ့သမျှ ။ ဘာမှမရှိတော့ဘူး။
အားလုံးဟာ အစက်အပြောက်။
ရာသီဥတုဖောက်ပြန်သည်ဖြစ်စေ။ လူသားစိတ်ဆန္ဒ ဖောက်ပြန်သည်ဖြစ်စေ။
ဖောက်ပြန်မှ ပြောင်းလဲတာ မဟုတ်ဘူးလို့ စကားပြေတစ်ပုဒ်ထဲ ထည့်ရေးဖို့ တေးမှတ်ထားတယ်။
ချန်ခဲ့တယ်။ ကြောင်းကျိုးညီညွတ်မှု အကောင်းတရားမှန်သမျှ။

မိုးအိမ်လူ
22.6.2016

စိတ်




ရွာမလိုလိုနဲ့ ဖွဲသွားတယ်
မိုးရေစက်တွေက

ဝံ့ဝံ့ကြွားကြွား တိုးထွက်လာတယ်
 နေရောင်ခြည်က

ရာသီဥတုဟာ မတည်ငြိမ်
ငါ့လက်ထဲက ဘောလ်ပင်လေးဟာ လှုပ်ကာ လှည့်ကာ...။

မိုးအိမ်လူ
22.6.2016

မိသားစု




မြန်မာပြည် မြောက်ဖျားက ကျောက်စရစ်ခဲလေးရယ်
မြန်မာပြည် တောင်ဖျားက ခရုခွံလေးရယ်
အရှေ့ဘက် ကုန်းပြင်မြင့်ဆီက ရေတံခွန်းလေးရယ်
အနောက်ဘက် ကမ်းရိုးတန်းက ကျွန်းစုလေးရယ်

အတူတကွ
နံနက်ခင်း နေရောင်ခြည်မှာ နွေးထွေးခဲ့တယ်
အတူတကွ
ညကောင်းကင်မှာ ကြယ်တွေကို ရေတွက်ခဲ့တယ်

ဝေးနေခဲ့သလားဆိုတော့ မဝေးခဲ့ဘူး
အတူတကွ ရှိခဲ့သလားဆိုတော့ မရှိခဲ့ဘူး
စိတ်တစ်ခုတည်းနဲ့ အဓိပ္ပာယ်တစ်ခုတည်းဖြစ်အောင်
အတူတကွ ကြိုးစားဖွဲ့သီနေခဲ့ကြရ။

မိုးအိမ်လူ
21.6.2016

Monday, June 20, 2016

အလေအလွင့် အောက်စီဂျင်များ


ဘယ်လို ကျစ်လျစ်မှုနဲ့  ရွေ့လျားရမယ် ငါ တွေးတယ် ငါတို့ တွေးတယ်
ငါ တွေးတယ် ဒါကြောင့် ငါ ရှိတယ်လို့ ဒေးကား ပြောခဲ့လို့
ငါ တွေးနေလျက်က ငါ မတွေးတော့ဘူး
အတွေးဟာ ပေါင်းမြက်ပဲ လို့ ငါ မကြာခဏ ညည်းတွားနေကျ အတိုင်း
ငါဟာ ပေါင်းမြက်ထဲမှာ ပျော်မွေ့နေတဲ့ အင်းဆက်တစ်ကောင် ဖြစ်ခဲ့တယ်
ငါ တစ်ယောက်တည်းမဟုတ်ဘူး ငါတို့ အတူတကွပေါ့



သရဲတွေ ဘယ်လို လောဘမုန်တိုင်း ထန်ကြောင်း သိခဲ့ပြီးပြီလား
ဘီလူးတွေ ဘယ်လို စည်းမစောင့်ကြောင့် သိခဲ့ပြီးပြီလား
နတ်ဆိုးတွေ ဘယ်လို ကောက်ကျစ်ကျိန်စာ မန္တန်တွေ ချတတ်ကြောင်းသိခဲ့ပြီးပြီလား
မြေခွေးတွေမှာ ဘယ်လို စွမ်းအားတွေ ပြည့်ဝနေကြောင်း သိခဲ့ပြီးပြီလား
ဗီလိန်တွေဟာ ရုပ်ရှင်တွေထဲကလို ကျဆုံးခန်း မရှိတဲ့အကြောင်း သိခဲ့ပြီးပြီလား
မကောင်းဆိုးဝါးဇာတ်လမ်းတွေမှာ ပြေးလွှားအသက်ရှင်နေရတဲ့ ဇာတ်ကောင် ဖြစ်ခဲ့ဖူးပြီလား
မှန်တယ် မှားတယ် ပြောဖို့မလိုအောင် လောကကြီးက သူ့တရားနဲ့သူ လှနေတုန်း



အများပိုင် လမ်းမကြီးမှာ အများပိုင် အတွေးတွေ မတွေးခေါ်နိုင်တဲ့ လူသားမျိုးစိတ်တွေနဲ့
ကိုယ့်အတွေးမှ လှတယ်လို့ မတွေးမိခဲ့တာလည်း ကြာခဲ့ပြီ
လမ်းသစ်မှာ လမ်းဟောင်းက လူတွေနဲ့ပဲ တွေ့နေရတဲ့ ကံကြမ္မာက နည်းနည်းတော့ လွန်သွားပြီလို့
ငါတို့ ဖေ့ဘွတ်မှာ စတေးတပ်တွေ စိတ်မပါလက်မပါ တင်နေကြ
ရယ်ပြီးသား ဟာသတွေ ပြန်ဖတ်ပြီး ပြန်ရယ်နေကြ
ခံစားပြီးသား ဇာတ်လမ်းတွေ ပြန်ဖတ်ပြီး ပြန်ခံစားနေကြ
လမ်းပြောင်းပြန် မောင်းတဲ့သူတွေနဲ့ နေ့စဉ် ရန်ဖြစ်မြဲ ရန်ဖြစ်ခဲ့ကြ
ထုံအနေတဲ့ စိတ်တွေနဲ့ နေ့စဉ် ဆဲဆိုမြဲ ဆိုဆဲနေခဲ့ကြ
ဘယ်သူမှ မတွေးဘဲ မိတ်ဖွဲ့ကြ
ဘယ်သူမှ မတွေးဘဲ ပြတ်ဆဲကြ
ဘယ်သူမှ မတွေးဘဲ ချစ်ခင်ကြ
ဘယ်သူမှ မတွေးဘဲ မုန်းတီးကြ
ဘယ်သူမှ မတွေးဘဲ ချီးမွမ်းကြ
ဘယ်သူမှ မတွေးဘဲ ရှုံ့ချကြ
ဘယ်သူမှ မတွေးဘဲ အချိန်တွေ ပျော်ပျော်ကြီး ဖြုန်းတီးကြ
ဘယ်သူမှ မတွေးဘဲ တွေးခဲ့ကြ
စိတ်ကူး သေ ကြီးတွေ ဒရွတ်ဆွဲရင်း....။



မိုးအိမ်လူ
20.6.2016