Saturday, December 3, 2011

အတိတ်ရဲ့ ဖြစ်စဉ်ထဲမှာ နှင်း ကျမနေဘူး





ဂျီတော့ ပွင့်တော့ မိုးအိမ်ကို တွေ့လိုက်တယ်။ ဒီကောင်နဲ့ မတွေ့ဖြစ်တာလည်းကြာပြီ။ အဲဒါနဲ့ လှမ်းခေါ်လိုက်တော့ ဆရာသမားက
တော်တော်နဲ့ ပြန်စာ မလာဘူး။ အတင်းခေါ်မှ ဟဲဟဲ အရင်လာတယ်။ ဘာလုပ်နေလဲ မေးတော့ ဒီလိုပါပဲတဲ့။ သိတယ် ဒီကောင့် ဒီလိုပါပဲက
ဘယ်လိုလဲဆိုတာ။ နေကောင်းလားဘာညာမေးပြီး မြို့ သူငယ်ချင်းတွေအကြောင်း မေးရတယ်။ ကျွန်တော့်ဆီမှာက မြို့က သူငယ်ချင်း
အကောင့်ဆိုလို့ အဲဒီတစ်ကောင်ပဲရှိတာ။ ကျန်တဲ့ ကောင်တွေနဲ့က သိပ်အကြောမတည့်ဘူးလေ။ မိုးအိမ်က သူငယ်ချင်းတွေ အကြောင်း
ရောက်ရာပေါက်ရာ အကုန်ပြောပြတယ်။ ဆတ်ကြီးကောလို့ ကျွန်တော်က မေးတော့ မင်းကောင် သိပ် မဟုတ်ဘူး တဲ့။ ကျွန်တော်
လန့်သွားတယ်။ ဆက် ဘာဖြစ်လို့လဲပေါ့။ အရမ်းကို ပေပေတေတေ နေနေတာတဲ့။ ဟုတ်လို့လားလို့ ကျွန်တော် ပြန်မေးမိတယ်။
ဆက်က အဲ့လို ဘ၀ကို ရည်ရွယ်ချက်မရှိနေမယ့်သူမှ မဟုတ်တာ။ အေး ကျန်တဲ့သူတွေက အဲ့လို မြင်တာကို ပြောတာတဲ့။ ဒါဆို မင်းက
ကော ဘယ်လိုမြင်လဲလို့ ကျွန်တော်မေးတော့ မိုးအိမ်က တန်းပြန်မဖြေဘဲ နည်းနည်းကြာမှ  ဒီကောင် အခု ဂီတ ဘက်လိုက်နေတာကွ တဲ့။
ဂစ်တာတွေ တီးတယ်ကွာ။ ခွေကြမ်းတွေ လုပ်တယ်။ အကုန်ပဲဆိုပါတော့။ ငါ့အထင်တော့ ဒီကောင် ဂီတဘက်မှာ အောင်မြင်အောင်လုပ်ဖို့
ကြိုးစားနေတယ်ထင်တာပဲ တဲ့။ ဒါပေမယ့် ပတ်ဝန်းကျင် အမြင်မှာတော့ ဘာမှမလုပ်ဘဲ တစ်နေကုန် ဂစ်တာတကိုင်ကိုင်နဲ့ဆိုတော့
မကောင်းပြောကြတာပေါ့ကွာ တဲ့။ အင်း အဲ့ဒါတော့ ဟုတ်မှာ။ ဆက်က ဘယ်အလုပ်မဆို ပြီးမြောက်အောင် အောင်မြင်အောင် လုပ်တတ်
တယ်။ သူ စိတ်မ၀င်စားရင် အနံ့တောင် ခံတာ မဟုတ်ဘူး။ အေး ငါလည်း အဲ့လိုပဲ ထင်ပါတယ်လို့ ကျွန်တော် ပြန်ပြောလိုက်တယ်။
အရမ်းကြီးလည်း ပေမနေနဲ့ဦးလို့ ပြောခိုင်းလိုက်တယ်။ ပြီးတော့ ကျွန်တော့်ကို ဆက်သွယ်ဖို့လည်း ပြောလိုက်တယ်။ မိုးအိမ်ကတော့
အေးပါ ဆိုပြီး ပြန်တော့မယ် တာ့တာ လုပ်သွားတယ်။ ကျွန်တော်လည်း ဘယ်သူနဲ့မှ ပြောချင်စိတ်မရှိတာနဲ့ အောက်ပြီး အပြင်ထွက်ခဲ့
တယ်။ အပြင်မှာ နှင်းတွေက ကျလို့။ ဆက်တို့ ဆီမှာတော့ နှင်းတွေ ကျမှာမဟုတ်ဘူး။ အေးတော့ အေးနေလိမ့်မယ် ထင်တယ်။
                         ဒီလိုနဲ့ ဘားမှာ ၀ီစကီ ထိုင်သောက်ရင်း ဆက် အကြောင်း ပြန်တွေးနေမိတယ်။ ဟိုး အရင် ဘယ်လောက်ကြာပြီလဲ
ဆိုတာ ကျွန်တော်တောင် မမှတ်မိတော့ဘူး။ လေးငါးနှစ် မကလောက်တော့ဘူး။ ကျွန်တော် မြို့မှာ ရှိတုန်းက ဒီလို ဒီဇင်ဘာလကြီးပဲ
ဆက်နဲ့ ကျွန်တော် အရက် အတူသောက်တာကို မှတ်မိသေးတယ်။ အဲဒီတုန်းက  ဘာလို့ သောက်ကြမှန်းတော့ မမှတ်မိတော့ဘူး။
ဆက်တို့ အိမ်မှာ။ ဆက်ရဲ့ မိဘတွေ ဘုရားဖူးထွက်သွားကြတော့ အိမ်မှာ ဆက် တစ်ယောက်တည်း ရှိတာနဲ့ အဲဒီမှာပဲ နှစ်ယောက်သား
ဝိုင်း ဖွဲ့ ဖြစ်သွားတာ။ အရက်သောက်ရင်း ပေါက်တတ်ကရ ပြောကြပေါ့။
                          ငါ့ကို နှင်းက မာယာများတယ် တဲ့ကွ လို့ ကျွန်တော်က ဆက်ကို ပြောပြတော့ ဆက်က ခေါင်းထောင်လာတယ်။
ဟုတ်တယ် အဲဒီတုန်းက ကျွန်တော်တို့ အဖွဲ့ကြားမှာ အက်ကြောင်း ထဖို့ အစ ဦးကာလ။ မင်းက ဘာကို မာယာများရတာလဲ လို့
ဆက်က နားမလည်သလိုမေးတယ်။ မသိဘူးကွ ..သူပြောတာကတော့ ငါက ဘာမှ နားမလည်ချင်ယောင် စိတ်မ၀င်စားချင်ယောင်
ဆောင်နေတာတဲ့။ အဲ့လို ဟန်ဆောင်ပြီးတော့ လူတွေဆီက ငါ လိုချင်တာတွေ ယူလို့ ယူမှန်းမသိအောင် ယူနေတာတဲ့။ ဟေ ဆိုပြီး
ဆက်တစ်ယောက်အံ့သြသွားတယ်။ မင်းကို တိုက်ရိုက်ပြောတာလားလို့လည်း မေးတယ်။ အင်း ဟုတ်တယ် လို့ ကျွန်တော်လည်း
အမှန်တိုင်း ဖြေလိုက်တယ်။ အေးကွာ ။ သူ လောကကြီးကို မြင်ပုံကလည်း တစ်မျိုးပဲကွ။ ငါတို့နဲ့ မတူဘူး လို့ဆက်က မှတ်ချက် ချ
တယ်။ အေး ဟုတ်တယ် ဆိုပြီး ကျွန်တော်လည်း ထောက်ခံမိတယ်။
                          မင်းကော ငါ့ကို ဘယ်လိုမြင်လဲလို့ ကျွန်တော် ဆက်ကို မေးမိတယ်။ ဆက်က ထ ရယ်တယ်။ မင်းကို ငါက
ဘယ်လို မြင်ရမှာလဲကွ။ မင်းက လူပဲလေ ဟဲဟဲ လူနဲ့ တူတာပေါ့တဲ့။ ကျွန်တော် လည်း ဆဲမိတယ်။ အဲဒါတော့ မင်းပြောမှပဲ ။
နှင်း ပြောသလို ဟုတ်သလား လို့ မေးတာ လို့ ရှင်းပြရတယ်။ အင်း ဒါကတော့ ငါလည်း မပြောတတ်ဘူး။ သူ့ အမြင်မှာ မင်းက
အဲ့လို ဖြစ်နေပေမယ့် မင်းအမြင်မှာတော့ မင်းက အဲ့လိုလူ မဟုတ်ဘူးလို့ မြင်မှာပဲ။ ဘယ်အရာမဆို ကိုယ်မြင်တဲ့ အမြင်အရတော့
မှန်နေတာပဲ မဟုတ်လား။ သူက မင်းကို ဘယ်လို ကြည့်လဲမှမသိတာ။ ရိုးရိုးကြည့်တာပါကွာလို့ ကျွန်တော်က ရိလိုက်တယ်။
ဆက်က ရယ်တယ်။ အမှန်တော့ ငါတို့ အဖွဲ့က ငကြောင် အဖွဲ့ပဲကွ လို့ ဆက်ပြောပြန်တယ်။ ကျွန်တော်လည်း ကြောင်သွားတယ် ။
သူပြောမှပဲ။ ဘာလို့ ကြောင်တာလဲကွ လို့ မေးတော့ ဟုတ်တယ်လေ ။ ငါတို့ အဖွဲ့ သူငယ်ချင်းတွေအားလုံးက အခြား ငါတို့နဲ့
အရွယ်တူ နဲ့ ယှဉ်ကြည့်လိုက်ရင် နေပုံ ထိုင်ပုံ တွေးပုံ တွေက တူမှမတူပဲ။ လူငယ်တွေ ဆိုပြီး လူငယ်တွေလိုလည်း မနေဘူး။
ကိုယ်နဲ့ မဆိုင်တာတွေ အကြီးကြီးတွေ တွေး အကြီးကြီးတွေ လုပ် အကြီးကြီးတွေ ပြောနဲ့။ အဲဒီတော့ ကျန်တဲ့ ကောင်တွေ အမြင်မှာ
ငကြောင်တွေ ဖြစ်နေတာပေါ့ လို့ ပြောတယ်။ ဟာ မဟုတ်သေးပါဘူးလို့ ကျွန်တော်လည်း ငြင်းမိတယ်။ ကျွန်တော်တို့က ကျွန်တော်
တို့ ခံယူချက် နဲ့ ကျွန်တော်တို့ ကိုယ် လိုချင်တဲ့ ဘ၀ကို တည်ဆောက်နေကြတဲ့သူတွေချည်းပဲ။ လူငယ် လို နေတယ် မနေဘူး ဆို
တာကိုတော့ ကျွန်တော်လည်း သိပ် မသိဘူး။ အဲဒါနဲ့ ဆက်ကို မေးမိရော။ လူငယ်လိုနေတယ် ဆိုတာ ဘယ်လိုတုန်း လို့ မေးတော့
မင်းကလည်းကွာ ပိန်းပါ့ ။ အခု ငါတို့နဲ့ ရွယ်တူတွေ ဘယ်လိုနေလဲ။ ကျောင်းတက်ချိန်မှာ ကျောင်းတက် ။ ကျောင်းနားချိန်မှာ ကိုယ်
စိတ်ဝင်စားတာ ဖျော်ဖြေရေးတစ်ခုခုလုပ်။ ကျောင်းလစ်ချင် လစ်။ ရည်းစားထားချင်ထား။ အာ အစုံပဲပေါ့ကွာ တဲ့။ ကျွန်တော်လည်း
သက်ပြင်းချမိတယ်။ လွဲတော့ လွဲနေပြီ လို့ပြောမိတယ်။ အဲဒီအခါ ဆက်က အလန့်တကြား ဟေ့ကောင် အရက်တွေ ဘယ်ရောက်
ကုန်လဲတဲ့။ ကျွန်တော်လည်း အဲဒီအခါမှ အရက်ပုလင်းကြည့်မိတယ်။ ပြောင်သလင်းခါလို့။ ဟိတ်ကောင် မင်း တော်တော် သောက်
တဲ့ကောင်လို့ ကျွန်တော်က ဆက်ကို ပြောတော့ မှတ်တောင်ထားရဦးမယ် မင်းလည်း သောက်နေတာပဲ အတူတူ ထည့်ပြီး အတူတူ
သောက်တာကို ငါ့လာပြောနေသေးတယ် အဲဒါကြောင့် မင်းကို ငကြောင်လို့ ပြောကြတာ ဆိုပြီး ကျွန်တော့်ကို ဖဲ့ပါလေရော။
ကျွန်တော်လည်း ရယ်မိတယ်။ အရက်က တစ်တောင့်နော် ဟေ့ကောင် တဲ့ ဆက်က မယုံသလို ပြောတယ်။ ဟုတ်တယ် ငါတို့
သောက်နေကြ လစ်မစ်ထက် တော်တော်ကျော်သွားပြီကွ ၊ မင်း မူးနေပြီလားလို့ ကျွန်တော် မေးတော့ မမူးဘူးကွ တဲ့။ ငါလည်း မမူးဘူး
လို့ ကျွန်တော်က ပြောပြီး ဆက်သောက်ချင်သေးတယ်ကွာ လို့ ပြောမိတယ်။ လာကွာ အပြင်သွားချမယ်တဲ့။ အချိန် က သန်းခေါင်
ကျော်နေပြီ။ ဘယ်သွားရှာမှာလဲလို့ ကျွန်တော်က မေးတော့ ငါ သိတယ် လိုက်ခဲ့စမ်းပါကွာ ဆိုပြီး ရှေ့က ထွက်သွားလေရဲ့။
                                အပြင်မှာ တော်တော်အေးနေပြီ။  ကျွန်တော်တို့ နှစ်ယောက် ကုပ်ကုပ်နဲ့ လမ်းလျှောက်ထွက်လာတုန်း
တံတားနားရောက်တော့ တံတားအောက်က ခုံမှာ မိုးအိမ်ကို တွေ့တယ်။ ဆရာသမားက တစ်ယောက်တည်းအရက်တစ်တောင့် ဖြိုနေ
တာ။ တစ်ဝက်ကျိုးနေပြီ။ ဆက်က ပြေးသွားပြီ နရင်း အုပ်တယ်။ ဟိုကောင်လည်း ရုတ်တရက် လန့်ပြီး နောက်မှ ဆက်မှန်းသိတော့
ဆဲပါလေရော။ မင်းတို့ နှစ်ကောင်က ညကြီးအချိန်မတော် ဘာကိစ္စ အပြင်ထွက်နေတာလဲတဲ့ သူက မေးသေးတာ။ ကျွန်တော်တို့လည်း
အဆဲလေးတွေ ကိုယ်စီ စကားဦးသန်းပြီးမှ မင်းက မေးရသေးတယ်။ မင်းက တစ်ယောက်တည်း ဘာလို့ ထိုင်သောက်နေတုန်း။
အပြင်မှာ အေးက အေးနဲ့။ သေချင်နေပြီလား။ လို့ မေးတော့ အဟီးဆိုပြီး သွားဖြဲပြတယ်။ ချဦးလေလို့လည်း ဖိတ်ခေါ်သေး တာ။
ကျွန်တော်တို့လည်း အကိုက်ကျသွားပြီး သုံးယောက်ဝိုင်း ဖွဲ့ဖြစ်သွားရော။ မင်းက ဘာလို့ တစ်ယောက်တည်း ဒီမှာ ထိုင်သောက်နေ
တာလဲလို့ ဆက်က ပြန်မေးပြန်တယ်။ ပျင်းလို့ကွ တဲ့။ အေးတာပဲ။ ဒီကောင်က အဲဒီကတည်းက ကဗျာလေးဘာလေး လျှောက်ရေးနေ
ပြီ။ ကျွန်တော်တို့ စကားတွေ ပေါက်ရာရောက်ရာ ပြောပြီး သောက်စားနေလိုက်ကြတယ်။
                                  ခဏနေမှ ဆက်က မိုးအိမ်ကို မင်းက ကဗျာရေးတဲ့ကောင်ဆိုတော့ မေးရဦးမယ်။ ဟိုကောင်က ခေါင်းးညိတ်
ပြတယ်။ မင်း အချစ်ဆိုတာကို ဘယ်လို ထင်လဲတဲ့။ ကျွန်တော်သိလိုက်တယ်။ ဒီကောင် နှင်း ဆုံးဖြတ်တာကို သိပ်သဘောကျပုံ မရဘူး။
မိုးအိမ်က အံ့သြသလို ဆက်ကို ပြန်ကြည့်တယ်။ ပြီးမှ မင်းနဲ့ ဘာဆိုင်လို့လဲတဲ့။ ကျွန်တော်တို့နှစ်ယောက်လည်း ကြောင်သွားတယ်။
ဟုတ်တယ်လေ။ မင်းနဲ့ ဟိုကောင်ရော မင်းတို့ငါးယောက်လုံး နဲ့ အချစ်နဲ့ က ဘာဆိုင်လို့လဲတဲ့။ ကျွန်တော်တို့ တစ်ဖွဲ့လုံးကိုပါ
မေးတာ။ ဟ ဆိုင်တာပေါ့ကွ။ ငါတို့လည်း လူပဲ၊ ချစ်တတ်တာပေါ့လို့ ဆက်က ပြောတော့ သွားစမ်းပါတဲ့ ဆရာသမားက။ မင်းတို့
တကယ်လည်း မချစ်တတ်ကြဘဲနဲ့ အချစ်အကြောင်းမမေးစမ်းပါနဲ့တဲ့။ ကျွန်တော်တို့လည်း ထပ်ကြောင်သွားတယ်။ မင်းဟာက
မဟုတ်သေးပါဘူးလို့ ကျွန်တော်က ပြောတော့။ ငါသိပါတယ်တဲ့။ မိုးအိမ်က ပြောရင်း အရက်ခွက်ကို ကောက် မော့တယ်။ မင်းတို့
လောကကြီးကို ကြည့်တဲ့ ထောင့်ကနေ အချစ်ကို မမြင်ရဘူး။ ဆိုလိုတာက မင်းတို့ လောကကြီးကို မြင်တဲ့ အမြင်မှာ အချစ်ဆိုတာ
အရေးမပါဘူး။ တကယ်မရှိဘူး။ မယုံစားဘူး။ ဟုတ်တယ်မလား ။ အမှန်တိုင်းပြောတဲ့။ ကျွန်တော်တို့နှစ်ယောက်လုံး ဘာမှ မပြောနိုင်
ဘူး။ ခက်တာက ကျွန်တော်ကိုယ်တိုင်လည်း မဟုတ်ဘူးလို့ မငြင်းနိုင်သလို ဟုတ်တယ်လို့ ၀န်ခံဖို့ကျတော့လည်း တစ်ခုခုက တစ်နေ
တယ်။ ဆက်က ဟုတ်ပါပြီလေ ထားပါ။ မင်းကို ငါက မေးတာ ။ အချစ်ကို ဘယ်လို ထင်လဲ ဘယ်လိုမြင်လဲပေါ့။ လို့ မေးတော့
ငါလည်း မင်းတို့ နဲ့ သိပ်မထူးပါဘူးတဲ့ ။ အေးတာပဲ။ ဟင် မင်းက အချစ်ကဗျာတွေ ရေးနေတဲ့ကောင်လေ ။ အချစ်ကို မယုံဘူးလား။
အချစ်မရှိဘူးလားလို့မေးတော့။ အဟဲ အဲ့ဒါ လျှောက်ရေးတာတွေ ။ငါလည်း ဘာမှသိတာမဟုတ်ဘူးတဲ့။
ကျွန်တော်တို့နှစ်ယောက်လည်း ရယ်မိတယ်။ ဟိုကောင်လည်း ရယ်လို့။ အဲဒီနောက် ကျွန်တော်တို့ ဆက်ပြီး ကိုယ် မယုံကြည်ရာတွေ
ပြောဖြစ်ခဲ့ကြတယ်။
                     အပြင်မှာ နှင်းတွေ ကျတုန်း။ ဟိုကောင်နှစ်ကောင်လည်း အခုချိန် ၀ီစကီ သောက်နေမလားပဲ။ ကျွန်တော်လည်း
တော်တော်သောက်မိသွားတယ်။ ဆိုင်ပိတ်ချိန်ရောက်တော့ မှ အခန်းပြန်ဖြစ်တယ်။ နှင်းတွေကတော့ ကျတုန်း။

မိုးအိမ်လူ
၃ ဒီဇင်ဘာ ၂၀၁၁
ည ဆယ်နာရီ