Monday, October 29, 2012

အသစ်လို့ပြောကြတဲ့ ခေတ်ထဲက အဟောင်းနဲ့ ဆက်စပ်သမျှ ရှင်သန်မှု


.


ပြောဖို့ ကြိုးစားပြီး ပြောလိုက်တာပဲ ဖြစ်မလာတော့လည်း စကားတွေပဲ စိတ်ထဲမှာ ကျန်တာပေါ့
စဉ်းစဉ်းစားစား ကိစ္စတွေ သိပ်မစဉ်းစားချင်တော့သလိုလို နဲ့ အတ္တကိစ္စပဲ ရှေ့တန်းတင်
စနစ်ဟောင်းထဲက / အကျင့်ဟောင်းထဲက / အစဉ်အလာဟောင်းထဲက / မကျွတ်လွတ်နိုင်
နေ့စဉ်ရက်ဆက်တွေမှာ လူမှုဆက်ဆံရေး တံတိုင်းကို ဘယ်လို ခတ်ထားရမလဲ
သင်ကောင်းလျှင် ကျွန်ုပ်မဆိုးပါ ဆိုတာကြီးက ရိုးလွန်းတယ်
သုံးစွဲနေတဲ့ ဘာသာစကား အဆောက်အအုံထဲမှာ နေ့စဉ်ဘ၀ကို အခါခါ စဉ်
ကြိမ်နှုန်းများ ကျင့်သားရ လက်ဖ၀ါးတွေလို တွေဝေခြင်း ကင်းမဲ့နေဆဲ
အသိအမြင်သစ်ပါ သင်ခန်းစာအသစ်ပါ အရေးအသားအသစ်ပါ ကဗျာအသစ်ပါ
ကျွန်တော်ဟာ နှင်းဆီဝါ ပွင့်ဖတ်တစ်ချပ်ပေါ်ကနေ လမင်းကြီးကို ငေးကြည့်ချင်နေတုန်း
အသွေးအသားနဲ့ တည်ဆောက်ထားပြီး သံယောဇဉ်တွေ မေတ္တာတွေ နဲ့ ပျိုးထောင်
ထားတဲ့ အသက်ဓာတ်ကိုယ်စီ ကိုယ်စီဆိုတော့ မက်မောကြမှာပဲ
ပါဠိဘာသာစကားနဲ့ ဘ၀ကို ရှုပ်ထွေးမပစ်ချင်ပဲ ရှုပ်ထွေးပစ်နေရ
ဆုံးရှုံးသွားတဲ့ အနာဂတ်တွေရော။ ပြင်ဆင်လိုက်ရတဲ့ မနက်ဖြန်တွေရော။
မင်ရည်ကျဲ စိတ်ဓာတ်တွေ ယိုစီးကျမြဲ ကျပြီးနောက် အခုချိန်မှာ
ခင်ဗျားကို အဲဒီစိတ်ဓာတ်ကြီးနဲ့ မြင်ရတာ အော့နှလုံး နာတယ်။
တစ်ခုခုတော့ ပြီးမြောက်သွားပြီး ပေးဝေသူနဲ့ လက်ခံသူ လည်း ချိန်ညီသွားပြီး
ကျွန်တော့်အိပ်မက်တွေကို အဲဒီလို အစကနေ ပြန်ကောက်ယူ
ပြီးတော့လည်း မယုံမရဲ မိုးလင်းနေရတုန်း။

5.9.12
မိုးအိမ်လူ

.မျက်နှာ လွှဲ၍ ပစ်လိုက်သော ခဲ များ၏ လားရာ

.

ဒီနေ့ ဖတ်လိုက်ရတဲ့ ရက်လွန်သတင်း အစအန များ အရ
ပြည်တွင်းစစ် မရပ်တန့်နိုင်မှု။ အကြမ်းဖက်မှု။ ဒုက္ခသည်များ၏ ဒုက္ခအထွေထွေ။
သွေးနုသားနု နိုင်ငံရေးလမ်းကြောင်းသစ်အပေါ် ကျရောက်လာတဲ့
လောကဓံက ကြမ်းတယ်။ စမ်းသပ်မှုက ခက်ထန်တယ်။ ထိုးနှက်မှုက ပြင်းတယ်။
ခေတ်ပေါ် ကိစ္စရပ်များအပေါ် ရှုမြင်ပုံ ထောင့်အသီးသီး၏ မောဟသံများ
ဘယ်ဟာမှန်လဲ ဘယ်ဟာ မှားလဲ ။ ငါ ၊ သူ ၊ တစ်ပါး စသဖြင့် မတွေးနိုင်
မဆင်ခြင်နိုင် လွှတ်လိုက်တာနဲ့ အသားကုန်သုတ်ပြေးတဲ့ မြင်းရိုင်းခွာသံများ
ရဲရင့် လူငယ်များကိုကြည့်ပါ။ တက်သစ် နုနယ်လူငယ်များ၏ အနာဂတ်ကို စာနာပါ။
မောဟမီးခိုးများ မွှန်လှ၏။ အမာရွတ်များကို မေ့ထားသလိုလိုနဲ့ လှန်လှန်ပြ
အများသုံးလမ်းမှာ တစ်ဦးပိုင် စိတ်ကိလေသာများဖြင့် ဗွက်ထလျက်ရှိသော
ဒီနေ့မှ ဖတ်လိုက်ရပေမယ့် သတင်းတွေက ရက်လွန် လွန်း သွားသလား
မီဒီယာ လွတ်လပ်ခွင့် ။ များစွာ လိုအပ်ပြီး များစွာ ထိန်းညှိပေးမယ့် ၀ါဂွမ်းထည်
ရှုပ်ထွေး အပိုင်းအစများဖြင့် shut down ချထားသော လူငယ်များ၏ ယုံကြည်မှုများသည်လည်း။

16.7.12

မိုးအိမ်လူ

မြို့တော်ခန်းမ မှာ က တဲ့ က ဇာတ်မှာ ကျွန်တော် မကြိုက်တဲ့ အရိပ်တွေ ပွင့်

.


သန့်စင်မှု အပြည့် အောက်စီဂျင် ပိုပိုလျှံလျှံ နဲ့ အသက်ရှူရကျပ်တည်းခြင်း အဖြစ်ဆိုး
တိမ်မဲ့ အရိပ်မဲ့  အေးမြမှု မဲ့ မဲ့ပြုံးတွေပဲ မဲ့ မဲ့ ပြုံး
မကြားချင်တဲ့ စကားတွေပဲ အထပ်ထပ် နားထဲ ကူးသွင်း အတင်းအဓမ္မ
ဒီလို ရေပေါ်ဆီ နေ့စွဲထဲမှာ ရေပေါ်ဆီ လူသားအဖြစ် ကျောက်ရုပ်ကြီး
ခပ်ပျော့ပျော့ မယ်လိုဒီတွေနဲ့ နှပ်ထားတဲ့ စိတ်ပျော့ပျော့ ခွေခေါက်ချောင်ခွေ
ဒါဟာ အရေးမပေါ်တဲ့ ဘ၀ စာမျက်နှာ။

Lonely ။ Home sick ။ Love ။ Sex ။ သစ်ရွက်မကြွေတော့ စိတ်ရွက်ကြွေ
ကြွေရည်သုတ်ပြီး စားပွဲခုံပေါ်တင်ထားတဲ့ ဘ၀မျိုးကို မပိုင်ဆိုင်ခဲ့ခြင်း
ဆိုရိုးစကားတွေ မလှပဘူး ။ ဆိုမြဲစကားတွေ မရိုးသားဘူး ။ ဆိုထုံးစကားတွေ အပုပ်နံ့ထွက်။
 တန်ကြေးကြီး ပညာတတ်တစ်ယောက်ဖြစ်ခဲ့ပြီးမှ။ ဖုန်းလိုင်း မကောင်းဘူး။
Mixer ထဲ နှံ့အောင် အမွှေခံပြီးမှ ရေလောင်းလို့ အကျဲရည် အဖြစ်ခံရသူ။
ကျွန်ုပ်တို့အားလုံးဟာ တစ်သွေးတည်း တစ်သားတည်း ထပ်တူညီ။

အကြံဥာဏ် အကပ်အသတ် မကျန်အောင် ခြစ်ထုတ် စီရင်ရေးသား စကားလုံးများ
သေလောက်တဲ့ အလွမ်းဓာတ်အစုအပေါင်း များစွာရဲ့ ဖိစီးနှိပ်စက်မှုနဲ့
သက်သေ ခိုင်လုံစရာမလိုဘဲ အသေကောင် ဇာတ်သွင်း လို့ရတယ်
အရောင်လွင့်ပြယ် မွေးကင်စ စိတ်အသားနုမှာ ကြိမ်ရာ ဒဏ်ရာ အရှိုးရာ
ရောခ့်သီချင်းတွေကို ရောခ့်ကာကြီးတွေလို အော်ဟစ်ပေါက်ကွဲသီဆို
မောသွားတော့ Rocker တစ်ဗူး ဖောက်သောက် အမေပြောတဲ့ အမောပြေ

စိတ်ကျွမ်းလောင်စတွေ မီးခိုးပင့်လို့ လွင့်သွားသလိုမျိုး
စကားလုံးတွေမှာ ခံစားချက်တွေ ကော်ကပ်ပြီး အဲ့သလို အဲ့သလို လွှင့်  လွင့်။

31.1.12

မိုးအိမ်လူ

B + D + L + A + A + R + C + K

.



အဆင်မပြေတဲ့ ကိစ္စတွေ သိပ်များလာတော့ အ၇င်းခံကို ခြေရာကောက်ကြည့်လိုက်တဲ့အခါ
ဘာမှ မတွေ့ရဘူး ။ ကောက်နေတဲ့ ခြေရာလည်း မရှိ ဖြောင့်နေတဲ့ ခြေရာလည်း မရှိ
အကျိုးအကြောင်းမဲ့ အောက်စီဂျင်ရှူရှိုက်မှုက ရင်ခွဲရုံကုတင်ပေါ်က လူသေကောင်ထက် မပို
လိုအပ်ချက် ဖုန်းခေါ်ဆိုမှုတွေ ပြတ်တောက်သွားတယ် ဆန္ဒစစ်စစ် အီးမေးလ်တွေလည်း အလားတူ
ဆိုလိုရင်းတွေ ပျောက်ပျက်သွားတဲ့ စာတမ်းရှည်ကြီး တစ်ခုလို သူတို့ အခေါ် Lifestyle က ဂွမ်း
နေပြီ မလန်းနိုင်တဲ့ နှစ်ဆယ့်လေးနာရီ ရက်သုံးဆယ် / သုံးဆယ့်တစ် / နှစ်ဆယ့်ရှစ် / ကို လုံး
အပုပ်နံ့သာ ထွကလို့လာတယ်
မှတ်တိုင်မှာ စောင့်နေရင်း မမီလိုက်တဲ့ ဘတ်စ်ကားတွေနဲ့
နာမည်ကြီး အမှတ်တံဆိပ် စံတော်ချိန် အတိအကျ နာရီ ပတ်ထားပါလျက် နောက်ကောက်ကျမှုတွေ
စိတ်ရဲ့ စံနက်တံကို ဘယ်လိုစိတ်နဲ့ မီးရှို့ ။ စိတ်ကူးယဉ် လှလှပပလေးတွေ ရောင်းချတဲ့နေရာ
ရှာဖွေဖို့ ကို စိတ်က မရွေ့လျားနိုင်ခြင်း ။ ကမ္ဘာ့ကမ္ဘာတို့ နေ၀င်ကုန်ပြီ။
မီးအမှောင်ကျနေတဲ့ စိတ်တစ်ဖက်ခြမ်းမှာ ယောင်မှားလို့ ပွင့်မလာတဲ့ လမင်းနှင့် ကြယ်များ။
တိတ်တိတ်ဆိတ်ဆိတ်။ နံရိုးကြားက ပုံပြင်တွေကို နှဲ့ထွင်ပြီးတဲ့နောက်။
လာရာလမ်းအတိုင်း လည်ပြန်မျှော်။ ကြည့် ။ ငါးကလေးတွေ စိတ်ကို ကိုက်သွား။
စိတ်အမှောင်လမ်း စိတ် အမှောင် ခရီး စိတ် အမှောင် ခန္ဓာ စိတ်ဟာ အမှောင် အတိ
အမှောင့်ပယောဂ မိလေသလား။ နေ၀င်ချိန် တချက်ချက် ရထားကြီး နှလုံးသားကို ကြိတ်ချေ
စိတ်ဟာ အလင်းကို မရှာ ။ အလင်းနဲ့ဝေး။ အလင်းဝေး ဆိုတဲ့ စကားပြေတစ်ပုဒ် ရေးသားဖူး။
စိတ်ဖွင့်တဲ့စကားလုံးတွေလည်း သံချေးတက် အသွားတုံးသွားတဲ့အခါ
စိတ်ဟာ အမှောင်။ အမှောင်စိတ် နဲ့။ အမှောင့်ပယောဂမှာ မှောင်မိုက်ဆဲ။

1.2.12

မိုးအိမ်လူ