Wednesday, October 3, 2012

ရနံ့ မြစ် ကို ဆန်တက်နေကြသူများ

.

စိတ်ကျဉ်းကျပ် ညစ်ညူးဖွယ်ရာ တိမ်တိုက်များကို ဖယ်ချန်၍ ကျွန်တော်တို့ ဆက်လက် ခရီးထွက်ခဲ့ သည်။ ရနံ့မွှေးသော ပန်းများကို တွေ့ရမှ မဟုတ်။ အေးမြ ကြည်လင်သော စိမ့်စမ်းရေကို သောက်ရမှ မဟုတ်။ တစ်စုံတစ်ခုသော စိတ်ကြည်လင်ဖွယ်ရာ တစ်ခုခုကို တွေ့ရမည်ဆိုလျှင်ပင် ကျွန်တော်တို့ ပျော်ရွှင်ရမည် ။ ပျော်ရွှင်ကြမည် ဖြစ်၏။ ခရီးလမ်းသည် ကြမ်းတမ်းလှပါသည်။ ချောမွေ့မယောင်နှင့် နက်နဲစွာ ကြမ်းတမ်းခက် ထန်နေပါသည်။ အတုအယောင်များ ၊ အလိမ်အညာများ ၊ မုသားများ တောထနေ၏။ ကောက်ရိုးမီးများကလည်း တဟုန်းဟုန်း ။ ဖွဲမီးများကလည်း ဟိုနေရာ ဒီနေရာ။ မီးခဲပြာဖုံးများ၏ အော်ဟစ်သံများကိုလည်း ကြားနေရ၏။  ကျွန်တော်တို့ စိတ်ထဲတွင် ငရဲလမ်းဟု ထင်မှတ်လာရသည်အထိ ခြောက်ခြား တုန်လှုပ်ဖွယ်ရာ ခြောက်လှန့်မှု များက တစ်မျိုးပြီး တစ်မျိုး ပေါ်ထွန်းနေသည်။ သို့သော် ကျွန်တော်တို့ ဇွဲကို မလျှော့ ။ စစ်မှန်မှု သစ္စာတရား သည် ရှိကို ရှိရမည်ဟု ယုံကြည်လျက် ကျွန်တော်တို့ ခရီးကို ဆက်လက်နှင်ခဲ့ကြသည်။ လမ်းခရီးတစ်လျှောက် ပုံသဏ္ဍာန် အမျိုးမျိုးသော စမ်းသပ်မှုများက ကျွန်တော်တို့ကို ဆီးကြိုလျက် ။ မိုးရေစက်များကြားမှ ထိုးထွက် လာသော ရောင်ခြည်နွေးတို့၏ အလှကိုလည်း ကျွန်တော်တို့ မက်မောခဲ့ရသည်။ ဆီးနှင်းများကြားမှ ရုန်းထွက် လာသော နေခြည်ပျိုမ၏ ကကြိုးမှာလည်း ကျွန်တော်တို့ မင်သက်ခဲ့ရသည်။ ထိုနည်းတူ လွင်ပြင်ပူလောင်  ကန္တရအလယ်တွင် ရွာသွန်းဖြိုးသော မိုးစက်ကြမ်းတို့၏ အေးမြမှုကိုလည်း ကျွန်တော်တို့ ခံယူခဲ့ရသည်။ အလှ တရားတို့ ကိုယ်စီ ရှိကြပါ၏။ သို့သော် ပုံရိပ်ယောင်များ ပမာ တစ်နေကွယ်တော့ အားလုံး ပျောက်ရှသွားကြ သည်။ သင်္ခါရတရားပေပဲလား။ ကျွန်တော်တို့ မမှုပါ။ သီချင်း သံပြိုင်သီဆို၍ တစ်ယောက်စိတ်ကို တစ်ယောက် အားတင်း ဆုပ်ကိုင်ရင်း ကျွန်တော်တို့၏ ခရီးကို ဆက်လက် နှင်နေခဲ့ကြဆဲ။
တနင်္ဂနွေ …. တနလာင်္ … နေ့စွဲတွေကို ရေပေါ်ဆီ အဖြစ် သတ်မှတ်ထားပါသည်။ မိုးရေထဲသို့ တိုးဝင် နေသူများ ၊ မိုးရေထဲမှ ပြေးထွက်လာသူများ… စိုစွတ်ခြင်း ဒုက္ခထက် ပို၍ အခါးဓာတ်များသော ဒုက္ခများဖြင့် ထို သူတို့၏ မျက်နှာများ မရွှင်လန်းကြချေ။ သီချင်း တကြော်ကြော် အော်ဆိုနေသူများလည်း ရှိ၏။ စကားလုံးများ သည် အနှစ် ခြောက်သွေ့လျက် ။ ဘယ်ဘက်ရင်အုံတွင် နှင်းဆီတစ်ပွင့် ထိုးစိုက်၍ သစ္စာတရားသည် မမှန်ကန် ဟု ပြောသူများလည်း ရှိ၏။ အမုန်းတရားတို့ တောက်ပြောင်လင်းလက်လျက်။ အမှန်ကို မမြင်နိုင်ခြင်း ရောဂါ  စွဲကပ်နေသူများ၏ ကပ်စခန်းကိုလည်း ရောက်ခဲ့ပါ၏။ မလှပ ပါ။ ဘယ်လို နည်းနှင့်မှ မလှပခဲ့ပါ။
ကျွန်တော်တို့၏ ခရီးသည် မှန်ကန်ပါ၏လော။ သင့်တင့်ပါ၏လော။ မဝေခွဲနိုင်ပါ။ မဝေခွဲနိုင်၍လည်း ဤခရီးသည် ပေါ်ပေါက်လာခဲ့ရခြင်း ဖြစ်သည်။ အမှားများလည်း ရှိလိမ့်မည်။ ကျွန်တော်တို့ ကြိုတင် တွက်ဆ ထားပါသည်။ လောက၏ သစ္စာဟု လူပြောသူပြောများသော အရာများကို အရန်ခုံမှာ ထား၍ မြူကင်းစင်သော နံနက်ခင်းများကိုသာ ကျွန်တော်တို့၏ နှလုံးသားထဲသို့ ထည့်သွင်းယူဆောင်လာခဲ့ကြခြင်း ဖြစ်သည်။ မျှော်လင့် မထားသည်များလည်း မျှော်လင့်မထားလောက်အောင် ကျွန်တော်တို့၏ ရှေ့မှောက်မှာ တစ်ခင်းပြီး တစ်ခင်း ပွင့်ဝေလျက်။ ကျွန်တော်တို့ မအံ့သြနိုင်ပါ။ အံ့သြခြင်းဟူသော စိတ်ခံစားမှုကို မယုံကြည်ခဲ့ကြခြင်း တူညီသူများ မို့ ကျွန်တော်တို့ မအံ့သြခဲ့ကြပါ။

*

နွေရာသီ ပန်းပွင့်များ ၊ မိုးရာသီ ပန်းပွင့်များ ၊ ဆောင်းရာသီ ပန်းပွင့်များ ရောင်စုံခြယ်၍ ရနံ့ အလီလီ သင်းခဲ့ပြီ ဖြစ်သည်။ အဖူးအငုံတို့၏ ရနံ့ ၊ ၀င့်ငွားပွင့်ဝေမှု ၏ ရနံ့ ၊ ကြွေကျ မြေခမှု၏ ရနံ့…. ကျွန်တော်တို့၏ နှလုံးသားထဲသို့ စူးနစ် ၀င်ရောက် သင်းပျံ့ခဲ့ကြ၏။ စိတ်မှ ထိရှတိုင်း ကဗျာတစ်ပုဒ် ၊ သီချင်းတစ်ပုဒ် ၊ ပန်းချီကားတစ်ချပ် ၊ ဓာတ်ပုံ တစ်ပုံ စသည်တို့ဖြင့် အလင်းပွင့်များကို ကောက်သီခဲ့ကြသည်။ အဆုံးသတ်သည် မည်သည့် အရာလဲ ။ ကျွန်တော်တို့ သိလိုလှသည်။ ထို့အတူ ကျွန်တော်တို့ မသိချင်ပါ။

*

ထက်မြိ ဓားသွားတို့၏ ရမ္မက်နှုတ်ခမ်းဖျားထက်ဝယ် ကျွန်တော်တို့၏ နှလုံးသွေးများ ဖိတ်စင်ဖူး၏။ ကြမ်းတမ်း ခက်ထန်မှုကို အလိုမရှိပါ။ မွန်းကျပ် ပိတ်လှောင်မှုကို အလိုမရှိပါ။ ချိုမြိန်ခြင်းကို ကျွန်တော်တို့ ဆင်ခြင်မဲ့ မတောင့်တကြသော်လည်း ခါးသီးခြင်း အမုန်းတရားများကိုတော့ ကျွန်တော်တို့ ငြင်းပယ်လိုသည်။ ထင်ပေါ် ကျော်ဇောလိုခြင်း ၊ အောင်မြင် ပေါက်ရောက်လိုခြင်း ၊ အသိအမှတ် အပြုခံရခြင်း ၊ ချစ်ခင်လေးစားခံ ရခြင်း စသည်ဖြင့် စကားလုံးကွဲပြား၍ အဓိပ္ပာယ်သိပ်မကွာလှသော ထိုအရာများကို ကျွန်တော်တို့ မနှစ်သက်ပါ။ ဟန်လုပ်၍ ပြောဆိုနေခြင်း မဟုတ်။ ကျွန်တော်တို့၏ အရိုးခံ စိတ်သဘောအတိုင်း ဗီဇစိတ်ဖြင့် ရူးသွပ် တန်ဖိုး ထားသည့်အရာအပေါ် သက်ဝင်ယုံကြည်မှုကို ဖွင့်ဆိုပြခြင်းသာ ဖြစ်ပါသည်။ ကျွန်တော်တို့၏ ရွေ့လျားမှုအား ခရီးတစ်ခု သွားနေခြင်းဟု မမြင်လည်း ကျွန်တော်တို့ စိတ်ဆိုးကြမည် မဟုတ်။ ကိုယ်နှစ်သက်သော ရောင်စဉ် ဖြင့် ကိုယ်နှစ်သက်သော နေရာတွင် လူသားတိုင်း ထွန်းလင်းတောက်ပခွင့် ရှိသည် မဟုတ်ပါလော။

*

စစ်မှန်မှု သစ္စာတရားသည် အမှန်တကယ် ရှိနေလိမ့်မည်။ ထိုအရာကိုေ၀၀ါးခြင်း အလျဉ်းမရှိ တိကျစွာ သိရအောင် ကျွန်တော်တို့ ကြိုးစားကြမည် ဖြစ်သည်။ ကျွန်တော်တို့၏ ရွေ့လျားမှုသည် ကျွန်တော်တို့၏ အတွေ့အကြုံ သို့မဟုတ် ရင့်ကျက်မှု များဆီသွားရာလမ်းလည်း ဖြစ်ချင် ဖြစ်လိမ့်မည်။ မှန်ကန်စွာ ရွေ့လျား ခြင်းဖြင့် မှန်ကန်သော ရင့်ကျက်မှု ဖြစ်ဖို့ရန်အတွက် ကျွန်တော်တို့ အချိန်တိုင်း သတိနှင့် အားထုတ်နေမည် ဖြစ်ပါသည်။ ယုံကြည်မှုသည် တစ်ခုတည်းသာ ရှိပါသည်။ မှားခြင်း ၊ မှန်ခြင်း များ သည်လည်း အချိန်ကာလ အလျောက် နောင်တတရားများ ၊ ပျော်ရွှင်မှုများ အဖြစ် ပြောင်းလဲ၍ ကျွန်တော်တို့ကို သင်ကြားပေးလိမ့်မည်။ ထိုအတွက် ၀ပ်တွားစွာ နာခံရန် ကျွန်တော်တို့ အသင့် ရှိနေကြပါသည်။

*

ကျွန်တော်တို့သည် လွန်လေပြီးသော သမိုင်းမဟုတ်။ ကျွန်တော်တို့သည် ဆရာဇော်ဂျီ ရေးဖွဲ့ဖို့ ကျန် နေခဲ့သော ကဗျာတစ်ပုဒ် ၊ မောင်ချောနွယ် ရေးဖွဲ့ဖို့ ကျန်နေခဲ့သော ကဗျာတစ်ပုဒ် ၊ မြို့မငြိမ်း ရေးစပ်ဖို့ ကျန် နေခဲ့သော သီချင်းတစ်ပုဒ် ၊ ဗဂျီအောင်စိုး ရေးဖို့ ကျန်နေသော ပန်းချီကားတစ်ချပ် ။ ကျွန်တော်တို့၏ အိပ်မက် သည် ကျွန်တော်တို့၏ ရင်ထဲမှ အမှန်တရား ဖြစ်သည်။
ကျွန်တော်တို့ ခရီးပေါင်း မြောက်များစွာ နှင်ခဲ့ပြီးသော်လည်း ကျွန်တော်တို့၏ ဇာတိမြေကို ကျွန်တော် တို့ တစ်ရက်မှ မမေ့ ။ ဇာတိမြေမှာ သင်းသော ဒေသပန်းရနံ့တို့ဖြင့် ကျွန်တော်တို့၏ အသိဥာဏ်ကို ပြုစုခဲ့ရ သည် မဟုတ်ပါလော။ ဇာတိမြေမှာ ၀င့်ငွားခဲ့သော ပန်းပွင့်တို့၏ ရာဇ၀င်ကို အောက်မေ့ တမ်းတ လွမ်းဆွတ်မိ ပါသေးသည်။ မည်သို့ပင် ကြမ်းတမ်းခက်ထန်မှုတို့ ရိုက်ခတ်ပါစေ… ကျွန်တော်တို့၏ အသွေးအသားထဲတွင် သနပ်ခါးရနံ့တို့ ပြယ်လွင့်မည်မဟုတ်။ ထို့အတူ ပိတောက်ရနံ့ ၊ တမာရနံ့ ၊ စေတီဦးမှ ဆည်းလည်းရနံ့ ၊ လှပသော ယဉ်ကျေးမှု ရနံ့ ၊ သိမ်မွေ့သော ဓလေ့ထုံးစံတို့၏ ရနံ့ ၊ မြစ်ညီအစ်မလေးဖော်တို့၏ စီးဆင်းမှု ရနံ့ ၊ တောင်တန်းတို့၏ ရနံ့ …စသည်ဖြင့် ရနံ့အထပ်ထပ်တို့ ကျွန်တော်တို့ သွေးကြောထဲမှာ အစဉ် စီးဆင်းနေ လိမ့်မည်။

*

ခရီးမိုင်တိုင်များ မရေမတွက်နိုင်အောင် ကျွန်တော်တို့ ကျော်ဖြတ်ခဲ့ပြီ။ မှတ်တိုင်များ ၊ အမှတ်အသား များ တော့ ကျွန်တော် မစိုက်ထူမိကြ။ ထိရှမှုတိုင်းအတွက်တော့ စစ်မှန်သော အလင်းတန်းများ ဖြာထွန်းဖူးခဲ့၏။ အလင်းတန်းများသည် အလင်းတန်းများ အဖြစ်သာ ခေတ္တလင်းထင်း၍ အချိန်တန်တော့ ပျောက်ကွယ်သွားခဲ့ သည်ချည်း။ ကျွန်တော်တို့၏ ခရီးကတော့ မဆုံးသေး။ သဘာဝတရားထဲမှာ သဘာဝကျမှုကို ကျွန်တော်တို့ မခုံမင်တတ်သေး။ သို့မဟုတ် သဘာဝကျနေခြင်းကို မသိရှိခဲ့ကြသေး။ မည်သို့ပင်ဖြစ်စေ ကျွန်တော်တို့ ဆက်လက် ခရီးနှင်နေဦးမည် ဖြစ်သည်။ ကျွန်တော်တို့၏ စိတ်ကို ကျွန်တော်တို့ အတည်တကျ ဖမ်းဆုပ်နိုင် သည်အထိ ကျွန်တော်တို့ ခရီးနှင်နေဦးမည် ဖြစ်ပါသည်။

*

မိုးအိမ်လူ

မဟေသီ . အောက်တိုဘာ. ၂၀၁၂

သင်မျှော်လင့်ထားသလို ဖြစ်မလာတဲ့ ကဗျာ


.

အခုတော့ ပြောချင်တာတွေ လွတ်လွတ်လပ်လပ် အားရပါးရ ပြောလို့ရပြီ
ရွာထဲက သိုးတွေ ဆိတ်တွေ ပျောက်တဲ့အကြောင်း။ မြို့လယ်က နာရီစင်ကြီး အချိန်မမှန်တဲ့အကြောင်း။ သူကောင်းတို့ အရပ်မှာ သဘာဝဘေးအန္တာရယ်တွေ များပြားလာတဲ့အကြောင်း။ ရိုးရာယဉ်ကျေးမှုတွေဟာ လုပ်သင့်တဲ့ အလုပ်တစ်ခု အဖြစ်နဲ့ပဲ ။ ကြီးကြီးကျယ်ကျယ်ပြောရရင် သမိုင်းပေးတာဝန်ပေါ့။ မကွေးမြို့မှာ ရောက်ရှိနေတဲ့ လူသစ်တွေကို ကျွန်တော် မသိတော့ဘူး။ ဆင်းရဲနွမ်းပါးတဲ့ တောသူတောင်သားတွေမှာ မလုံခြုံတဲ့ စည်းရိုးနဲ့။ ယုတ်မာတဲ့ သူခိုးက တစ်နှစ်စာ စုဆောင်းရသမျှကို တစ်ညတည်း အိပ်ရေးပျက်ခံပြီး သမ သွားတယ်။ ဘာတတ်နိုင်မှာလဲ။ ဟယ်ရီပေါ်တာ လို အစွမ်းရှိရင်လည်း မှော်တောင်ဝှေးနဲ့ အစောင့်အကြပ်ဂါထာ ချထားလို့ ရသေးတယ်။ မပွင့်တဲ့ ပန်းတွေမှာလည်း ရနံ့ တစ်ခုခုနဲ့။ ရပ်ကြည့်နေစဉ်မှာပဲ ခင်ဗျားဟာ ဘက်ပြောင်းသွားတယ်.။  အမှားအမှန်မခွဲခြားနိုင်သေးတာကတော့ ခေတ်အဆက်ဆက်။ ကဗျာထဲကနေ ဘာသာစကားကို အသရေ ဖျက်လိုက်ပြီ။ လုပ်ကြံလိုက်ပြီ။ အဆုံးသတ်လိုက်ပြီ။ ရေးစရာမရှိတဲ့အခါ ဦးပုညရဲ့ အလကာင်္တွေကို မျက်စောင်းထိုး၇မလိုလို။ ဒီခေတ်မှာ လူငယ်ဖြစ်ရတာ ခေါင်းခြောက် သလို ကဗျာရေးရတာလည်း စိတ်ပျောက်နေပြီ။ မနေ့ကတည်းက သူတို့ ၀င်ရောက်ထွက်ခွာပြီးပြီ။ တစ်မိုးပြီး တစ်နေ ပွင့်။ အရေးအကြောင်းဆို သေခြင်းကိစ္စက ၀င်လာပြန်တယ်။ မကစားတတ်ဘူး။ ငယ်ငယ်ကတည်းက မအားခဲ့လို့ မကစားနိုင်ခဲ့ဘူး။ အခုလည်း ကစားခိုင်းနေပြန်ပြီ။ လွတ်ပြီဆို ပြီး ရမ်းချင်တဲ့ အဲဒီလက်တွေကြောင့်ပဲ ရှေ့နေတွေ ချမ်းသာဦးမယ်။ ဒါပါပဲ။ စိတ်ထဲမှာ မရှိတဲ့အတိုင်း ရှာဖွေလိုက်တာ။ မကွေးမြို့ကို ပြန်ချင်သလိုလိုနဲ့ မပြန်ချင်သေးဘူး။
မိုးအိမ်လူ
16.9.12

Status


.

တစ်ကျော့ပြန် မိုးရေစက်တွေ
ပြိုကျတော့
ဘာရယ် ညာရယ် မဟုတ်
အလွမ်းတွေ ရွှဲပစ်လိုက်တာ

အသံတိတ် မိုးကြိုးတစ်စင်း
နှလုံးသား တည့်တည့်ကို
ပစ်ခွင်းလိုက်တတောင်
မသိတဲ့ အထိ။

20.7.12
မိုးအိမ်လူ