Sunday, September 29, 2013

ရော် ရီ ရူး ရ



......................

တစ်စက် နှစ်စက် ကိုယ့်ဘ၀ ကို လက်အုပ်ခံရင်း ရနံ့ဟောင်းတွေကို ရင်ဘတ်ထဲက ဆွဲရစ်လျက်
အတိတ်ဆိုတာ ပြန်လည် တမ်းတ မက်မောစရာ အစစ်အမှန် ဟုတ်ပါရဲ့လား
ဘောင်တစ်ခုခုနဲ့ ကျဉ်းကျပ်နေတဲ့ ကဗျာတွေအတွက် ဘယ်လို နှလုံးသားနဲ့ ဘယ်လို ဦးနှောက်နဲ့
ဘ၀ဆိုတာ ဈေးတွက် တွက် ရမယ့် အရာတစ်ခု လား
မျက်လုံးပေါက်ကျဉ်းကျဉ်းနဲ့ အသွေးအသားတွေကို စုပ်ယူဝါးမြိုတတ်သူတွေ ခြေခင်းလက်ခင်းသာတဲ့ နေ့
သွေးနီရောင်တွေ ရွှန်းစိုနေတဲ့ မြို့တော်ကြီးရဲ့ လမ်းမအနှံ့မှာ ဘယ်သူတွေရဲ့ အပြုံး က မြန်မာအဆန်ဆုံးလဲ
ဟိုးအဝေးက တိမ်ပြိုစ တွေဟာ တစ်ခါတုန်းဆီက တိမ်ပြိုစတွေပဲလား ကိုယ့်ခေါင်း ကိုယ် ခါယမ်း
သိစိတ်မှာ ပြာဝေမှိုင်းရီနေတဲ့ ရက်လွန်အိပ်မက်တွေနဲ့
နောက်လှည့်မကြည့်တော့ဘူး စိတ်တင်းပြီး အရှေ့ကို မျှော်လင့် အားတင်း
တစ်ခါတစ်ခါ ခလုတ်တွေ တိုက်ရတဲ့အကြောင်း တစ်ခါတစ်ခါ ရွှံ့ဗွက်တွေကို နင်းမိတဲ့အကြောင်း
တစ်လောကလုံးကို လက်ထဲမှာ ထည့်ထားတယ် ဆိုတဲ့ သူတွေ ။ ချောက်တွေ နက်တာ အကြောင်းမဲ့တော့ မဟုတ်
လေလေလွင့်လွင့် စကားတွေ ဆိုခဲ့ပြီး စိတ်ကို ပြန်ခါလိုက်တိုင်း ထွက်လာလိုက်တဲ့ အညစ်အကြေးဆိုတာ
အချိန်ဆိုတာ ကိုယ်တို့ကို ပိုမို ညစ်ထေးစေတဲ့ အရာ လား
ကိုယ့်ကို ပြောပါ ဘ၀ထက် မြတ်တယ်ဆိုတဲ့ ပညတ် တွေကို  
ပုစွန်ဆီရောင် တောက်တယ်ဆိုတဲ့ ကောင်းကင်ချိန်တွေမှာ စကားလုံးတွေ ဘယ်လောက်မှားခဲ့မိသလဲ သစ္စာကို ခါး ထိုး ရှာသူကြီးတွေ ၊ ကိုယ့်လက်ရေးနဲ့ ရေးတဲ့ စာကိုမှ မဖတ်နိုင်သူကြီးတွေ အဲဒီ ညနေတွေမှာ ကိုယ်ရယ် နေမင်းကြီးရယ် စိတ်အနွမ်း တစ်စ ရယ်..ဘာတဲ့.. အလွမ်းဆိုလား

မိုးအိမ်လူ

Monday, September 23, 2013

အရေခွံ လန် နေတဲ့ ကမ္ဘာ ကဗျာ






အကြောင်းတရားတစ်ခုခုအရ ဖြစ်လိမ့်မယ်
ဆိုလိုရင်း တစ်ခုခု အရ လည်း ဖြစ်လိမ့်မယ်
ကျွန်တော့်မှာ သုံးမရတဲ့ ကောင်းကင် အတု တစ်ခု ဟာ ရှိနေခဲ့တုန်း
သစ်ရွက်တွေ ကြွေ တဲ့ အသံ သံမဏိစိတ်ဓာတ်လေးဟာ တဖြုတ်ဖြုတ် အရည်ပျော်ကျ
သစ္စာလမ်းဟာ မေတ္တာလမ်းထက် ကောင်းတယ် မကွေးမြို့မှာ။

သူတို့သွားလို့ ဖြစ်သွားတဲ့ လမ်း ကို အခု မသုံးတော့ဘူး
ရုတ်ရုတ်သဲသဲ မုန်တိုင်းသတင်းလည်း အခုတော့ လွမ်းစရာလိုလို
နေ့မှာ အပူပြင်းပြီး ညမှာ ခြင် ကိုက်တဲ့ အရပ်ဒေသ
ဒီလိုပါ
ကျွန်တော့်မှာ တုံးရိနေတဲ့ စကားလုံးတွေနဲ့ ကျွန်တော်ကိုယ်တိုင်တောင် မကြိုက် မနှစ်သက်နိုင်တဲ့
              ကဗျာ၊ စကားပြေ တွေ ရှိခဲ့တယ်
ကျွန်တော်သည် လူငယ်တစ်ယောက် ဖြစ်နေနိုင်ပါသေးသည်။

ယုတ်မာခွင့် ရှိတယ် ကောက်ကျစ်ခွင့်မရှိဘူး
ထူးသလား မကွာဘူးလား
ရိုးသားခွင့်  ရှိတယ် ထက်မြက်ခွင့် မရှိဘူး
တော်တော်တော့ သိသာကွဲပြားမှု ရှိနိုင်ပါတယ်
နောက်ပိုင်းမှာပေါ့
အချို့ဟာလည်း ဟမ်ဘာဂါလို ပေါ်ကာစမှာတော့ ဘာလဲဟ ဘာလဲဟ ပေါ့
နောက်ပိုင်းမှာပေါ့
အချို့ဟာလည်း နှစ်သိန်းတန် ဆင်းမ်ကဒ်တွေလို ဟုတ်တယ်ဟ ကောင်းတယ်ဟ ပေါ့
နောက်ပိုင်းမှာပေါ့
ထင်းစီးတွေပြေတော့ ဂျာမနီဟာ ပထမကမ္ဘာစစ်မှာ နောက်ကျောကနေ ဓားနဲ့ အထိုးခံလိုက်ရတယ်

ကျွန်တော့်အခန်းတံခါးကို ဂျက်ထိုးထားပါလျက် အတင်းကာရော ဆွဲဖွင့်ကြတယ်
ကြာတော့ တံခါးလည်း ပျက်ရောပေါ့
ပွင့်လင်းမြင်သာမှု ရှိလာတဲ့ ဒီအခြေအနေမှာ အလကာင်္အချို့ကို တောင်စွယ် နေကွယ်မှာ
မထူးခြားနား သူတို့လိုပဲ ဘ၀မှာ ဖြတ်သန်းလာခဲ့ရခြင်းမှာ
ကိုယ့်ဇာတ်ကိုယ်ခင်း လူမျိုးရေးပဋိပက္ခတွေနဲ့ ကမ္ဘာမြေကနေပျောက်ဆုံးသွားမယ့် သူတို့မှာ
ကျောက်သားမြို့တော်မှာ ဒါလီရဲ့ နာရီ ဆိုလားပဲ ရောင်းအားကောင်း။

မျက်နှာမူရာအရပ်ဟာ အရှေ့အရပ်ပဲ ဖြစ်တာကောင်းတယ်
ဆန့်တန်းထားတဲ့ လက်တွေဟာ ချိတ်ဆက်ဖို့ ဖြစ်တာကောင်းတယ်
မှန်ထဲက လူကို ကြည့်တဲ့အခါ အတွင်းသားကိုပါ မြင်အောင်ကြည့်ဖို့ ဖြစ်တာ ကောင်းတယ်
လူ လူချင်း မျက်လုံးတပြေးတည်း မြင်တတ်ဖို့ ဖြစ်တာကောင်းတယ်
ဘေးမှာ ထိုင်တာ အားပေးကူညီဖို့ ဖြစ်တာကောင်းတယ်

ဖြစ်တာ ကောင်းတယ်
မဖြစ်တာ ကောင်းတယ်
မကောင်းတာတွေ ဖြစ်တယ်
ဖြစ်တာတွေ မကောင်းဘူး
မဖြစ်မကောင်းတာတွေ ဖြစ်တယ်
မကောင်းမဖြစ်တွေလည်းကောင်းနေရပြန်တယ်
ဖြစ်ဖြစ် ကောင်းကောင်း ဖြစ်နေဖို့ ဖြစ်နေရတာဟာလည်း ကောာင်း၏ မကောင်း၏။

မိုးအိမ်လူ
19.5.2013

ရယ်စရာ မဂ္ဂဇင်း ၊ အောက်တိုဘာ ၊ ၂၀၁၃