
ကမ္ဘာဦးသူရဲကောင်းတို့ စစ်ဝတ်တန်ဆာတို့ ပြင်ကြပြီ။ မုန်းတိုင်းသံတို့ သည်းသည်းထန်အောင် ကြားနေရသည်။ ဘာအတွက်ပါလဲ။ ဘာအတွက် သူရဲကောင်းတို့ စစ်ပြင်နေကြပါသလဲ။ တိမ်တိုက်ကိုယ်စီ နှင့် နှင်ခဲ့ရသော ဒီခရီးလမ်းမှာ ဘယ်သူ့တိမ်တိုက်က မိုး အရွာဆုံးလဲ။ လပြည့်ညတိုင်း လရောင်ကို အပြည့်အ၀ သောက်ခွင့် မရသူသည် ဘယ်သူပါလဲ။ စကားလုံးများ ပေါင်ချိန်တက်နေပြီ။ သေနတ်ထဲက ကျည်ဆံကို ပြန်ထုတ်ထားဖို့ ကောင်းသည်။ အခုတော့။ အရေးအသားများ သည် ဆယ်စုနှစ် တစ်ခုအတွင်း မြန်မာလူမျိုးနှင့် ရင်းနှီးအောင် မနေနိုင်ကြသေး။ သူရဲကောင်းတို့ စစ်ပြင်နေကြသည်။ ဘာအတွက်ပါလဲ။ ယနေ့သည် နှင်းဆီသက္ကရာဇ်၏ အတောက်ပဆုံးသော လပြည့်နေ့ တစ်နေ့ ဖြစ်သည်။ သို့မဟုတ်။ လပြည့်ည တစ်ည ဖြစ်ပါသည်။ လိုအပ်သော စကားလုံးများဖြင့် အတ္တများကို စိတ်ကြိုက်ဖော်ဆောင်ကြပါ။ လမ်းမကောင်းလျှင် လမ်းဟောင်းအတိုင်းသွားပါ။ လမ်းဟောင်းကြီးက ပျင်းစရာကြီးပါဟု ဆိုလျှင် လမ်းသစ်ကို ကိုယ့်ဘာသာ ဖောက်ပါ။ လမ်းသစ်ဖောက်သူများအား ပြောင်လှောင် ပြက်၇ယ်ပြုခြင်း မလုပ်ရ။
@
အသည်းငယ်သူတို့
အချစ်၏ အရိပ်ဝယ် နားခိုနေကြသည်။ ဘယ်အချိန်ထိ ဤရနံ့ဟောင်းများမှာ
ပျော်မွေ့နေဦးမှာလဲ။ နောက်ခံ ပိတ်ကား လဲပါတော့မည်။ စကားပြေ..ကဗျာ။
စကားပြေအရေးအသားကဗျာ။ စကားပြေ...အရေးအသား ...ကဗျာ။ လစ်ဟသွားသော
အပိုင်းအဆစ်လေးသည် မည်မျှပင် သေးငယ်သည် ဆိုစေ အနုပညာဖြစ်သည်။ ပင်ပန်းလှသည်။
ခံစားချက်များ အငွေ့ပျံကုန်ကြပြီ။ ရေးသူ ကဗျာ ဖတ်သူ။ ထိုသုံးပါး
ပြည့်စုံမှ အနုပညာမည်ပါသည်။ တစ်ခုတည်းနှင့် ဘာမှဖြစ်မလာ။
နှစ်ခုတည်းနှင့်လည်း ဘာမှဖြစ်မလာ။ ဒါဆို ဘာကြောင့် ဖတ်သူကို
ထည့်မတွက်ကြသနည်း။ အသံတွေ ဆူညံလှသည်။ အချို့ ပေါက်ကွဲကြသည်။ အချို့ ပြန်လည်
ပေါက်ကွဲကြသည်။ ရောင်စုံ မီးပန်းများ တဖောင်းဖောင်း ထပေါက်ကြသည်။
အမှန်တရားသည် ဘာပါလဲ။ ဘာအတွက် ကျွန်တော် မိုးအိမ်လူ စာတွေ ရေးနေပါသလဲ။
ဘာလို့ စာတွေကို သူများတွေကို လိုက်ပြနေပါသလဲ။ လိုက်ပြဖို့ ရေးတာလား။
လိုက်မပြဘဲ ဒီအတိုင်းေ ရးနေရင်ကော မဖြစ်ဘူးလား။ ဘာအတွက် စာတွေ ရေးနေတာလဲ။
ဘာအတွက် ကဗျာတွေ ရေးနေတာလဲ။ ဆင်ခြင်ခြင်း၏ စည်းဝိုင်းထဲသို့ အနုပညာသမားဟု
ခေါ်ဆို ခံယူသူများ တစ်ယောက်မှ ရောက်မလာကြပါ။ အနုပညာသမားဟူသည် လူ နှင့်
အရူးကြားက စည်မျဉ်းပေါ်တွင် တက်ထိုင်နေသော သူများ ဖြစ်သည်။
လက်မခံချင်ဘူးလား။ လက်မခံချင်လျှင် လက်မခံပါဟုပဲ ပြောခဲ့ပါ။ အခြား
မီးပန်းများ မဖောက်ခဲ့ပါနှင့်။ ဆူညံသံများကို မကြိုက်လှပါ။
@
၁၉၇၀ ခုနှစ် လောက်က
မောင်ချောနွယ်တို့ လူငယ်တွေ လေးလုံးစပ် ကာရန်များ၏ ပိတ်လှောင် တင်းကျပ်မှု
စည်းမျဉ်းများအောက်တွင် အသက်ရှူကျပ်ခဲ့ကြသည်။ သူတို့ တော်လှန်ပုံကန်ကြသည်။
ကာရန်များ ဖြုတ်ပစ်သည်။ ကျစ်လစ်သိပ်သည်းသော စကားလုံးများဖြင့်
ကာရန်မဲ့ကဗျာများ ရေးစပ်ကြသည်။ နိမိတ်ပုံများ သင်္ကေတများ ဥပမာများ
စသဖြင့်တို့ဖြင့် ကာရန်များကို တိုက်ဖျက်ခဲ့ကြသည်။ ဘ၀၏ အဆင်မပြေမှုများ
မပြည့်စုံမှုများ နာကျည်းမှုများ ကို အလုံးအရင်းနှင့် ခံစားရေးဖွဲ့ခဲ့ကြသည်။
၂၀၀၀ ခုနှစ်နောက်ပိုင်း ဇေယျာလင်း တို့ တစ်သိုက် နိမိတ်ပုံများဖြင့်
တင်းကျပ်နေသောစကားလုံးများ နာကျင်မှု စကားလုံးများ ကြားတွင်
အသက်ရှူကျပ်ခဲ့ပြန်သည်။ ကဗျာများကိုလိုင်းအပြည်စီသည်။ ကဗျာ၏
အကြောင်းအရာကို ဖျက်ပစ်သည်။ ရင်နှင့် ခံစား၍ နှလုံးသားနှင့် ခံစား၍
ကဗျာများကို မရေးစပ်ချင်တော့။ ပင်ပန်းလှသည်။ မောပန်းလှသည်။ အရာရာအားလုံးကို
အပိုင်းပိုင်းဖြတ်ပစ်သည်။ အပိုင်းအစများစွာကို ဆက်စပ်ပစ်သည်။ လမ်းမှာ
သွားရင်းလာရင်း တွေ့ရသော ဆောင်ပုဒ်များ သတိပေးတာမြစ်ချက်များ ကြားနေရသော
စကားများ ဘန်းစကားများ မြင်နေရသော ခေတ်ပေါ် နည်းပညာပစ္စည်များ ခေတ်ပေါ်
ရောဂါများ ဆေးဝါးများ ထိုအ၇ာများကို ကဗျာများကို ထည့်သွင်း
အသုံးပြုလာကြသည်။ သူတို့အတွက် ဒါသည်ပင် လူသားတို့၏ နေ့စဉ်ဘ၀။ အရာအားလုံးသည်
ပြုလုပ်ခြင်း ခံထားရသည် ။ အစရှိသဖြင့် မြစ်ခွဲပေါင်းစုံဖြင့် ရေစီးတွေ
ကြမ်းနေဆဲ။ မသိလျှင်ဘာမှမဟုတ်ပါ။ သိလျှင် ရူးချင်စဖွယ်။ ဘာလုပ်ရမည်နည်း။
ဒါတွေက ဘာအတွက်လဲ။
@
မနက်ဖြန်။ အချိန်။
သေဆုံးခြင်း မိုးစက်များ။ အိပ်မက်တွေပေါ့။ ခရမ်းရင့်ရင့် တိမ်တိုက်များ
အုပ်လိုက်။ သိုးတစ်ကောင်ရဲ့ ဖြူစင်မှုတွေထဲ။ ကမ္ဘာဟာ ငါ့ကို အသေသတ်။ ကဒါဖီရဲ့
သားငယ်။ မိုဘာဟုခေါ်သော။ ကဗျာဆရာရဲ့ အကျီ။ မှော်ဆရာဟာ။ စိတ္တဇ။ ဗိုင်းရပ်စ်။
ဗိုင်းရပ်စ်ကိုက်ထားတဲ့ ကဗျာတွေနဲ့။ မိုးလုံးမှိုင်း ပြီးတော့။ ကွန်နက်ရှင်
စလိုးနေလို့။ ဒုန်း။ ဒုတ်။ ဒုတ်။ ၀ိဥာဉ်ပြန်ဝင်လာလာ။ ရေ ။ ရေ။ ဘယ်မှာလဲ။
အချိန်ကော။ နှင်းနှောင်းရာသီဦး၏ ငှက်ကလေး။ ဂွမ်းတယ်။ ငနီတွေ
များများလာမှတော့။ ပိတ်ပစ်လိုက်။ ဒီပိုစ့်ကို ဖျက်။ အဖျက်တွေ။ ဘင်လာဒင်တွေ။
ကဒါဖီတွေ။ အယ်လ်ကိုင်းဒါးတွေ ။ စစ်သွေးကြွရဲ့ သမီးလေးခဗျာ။ ငိုတဲ့အခါ
အပြုံးဟာ။ သေချင်သေလိုက်။ ဒါဟာ စကားပြေ။ မဟုတ်။ ကဗျာ။ မဟုတ်။ ဘာမှမဟုတ်။
စိတ်ထဲ ခံစားရသလို။ မီးလို အော်ဟစ်လိုက်။
@ @ @
မိုးအိမ်လူ၁၃ ဒီဇင်ဘာ ၂၀၁၁
ည ကိုးနာရီ ငါးဆယ့်လေးမိနစ်