Wednesday, November 2, 2011

အလင်း ဝေး



တိုးတိုးလေး ရယ်ပါ။ ညင်ညင်သာသာလေးရယ်ပါ။ ကျွန်တော် နှုတ်ခမ်းတွေ လှုပ်ခတ်သွားရုံလေးပါ။
ကျွန်တော့်ကို ခွင့်လွှတ်ပါ..။ ကျွန်တော့်ကို ခွင့်လွှတ်ပေးကြပါ။
ဒီလို အိပ်မက်တွေ အသေသတ်ခံလိုက်ရတဲ့ ညတွေ နေ့စွဲတွေမှာ ကျွန်တော် နူးနူးညံ့ညံ့ အညံ့ခံလေ့ ရှိတာ ဘယ်လောက်ကြာခဲ့ပြီလဲ။
ကြက်ခြေခတ်တွေ ... ကြက်ခြေခတ်တွေလေ.. အရောင်မဲ့ အရိပ်မဲ့ ကျွန်တော့် ရင်ဘတ်ပေါ် ကပ်ကပ်သွားကြတယ်။
တောင်းဆိုမှုတွေဟာ မရပ်တန့်နိုင်သလို ရှုတ်ချမှုတွေဟာလည်း မစဲတော့ဘူး။ အိပ်မက်တွေမလှတော့ဘူး အရှင်။
ဇွဲ လုံ့လ နည်းစွာ ခံနိုင်ရည် နည်းစွာ ရှင်သန်မှုတစ်ခုကို ဖျော့တော့စွာပဲ ကျွန်တော် အသက်သွင်းနေခဲ့တာ ဘယ်လောက်ကြာခဲ့ပြီလဲ။

@   @   @

ချိန်ခွင် မပီသတဲ့ ချိန်ခွင်တစ်ခုကို ကျွန်တော့်နှလုံးသားထဲမှာ ဘယ်သူ လာထည့်ပေးသွားတာလဲ။ ကံကြမ္မာလား ။ နတ်ဆိုးလား။
ချိန်ခွင်လေးဟာ ဘယ်တော့မှ မညီမျှခဲ့ဘူး။ အမြဲတမ်း တစ်ဖက်စောင်းနင်း။ အလေးပေါ့တဲ့ ဘက်ကို အားဖြည့်ပေးလိုက်တိုင်း မဆုံးနိုင်တဲ့
တောင်းဆိုမှုတွေဟာ အမြဲ ပေါ်ပေါ်လာတတ်တယ်။ သာတဲ့ဘက်ကလည်း ထပ်လိုချင်တယ်။ ပေါ့တဲ့ဘက်ကလည်း ထပ်လိုချင်တယ်။
ဘယ်လို စိတ်ဓာတ်မျိုးနဲ့ မှ ညီမျှခွင့် မပေးတဲ့ ကျွန်တော့်ရဲ့ 2011 ချိန်ခွင်လေးပေါ့။ သည်းခံနိုင်စွမ်းနည်းပါးစွာ တုန့်ပြန်လိုက်တော့
ကျွန်တော်ဟာ အပြောကြမ်းတဲ့သူ အတ္တကြီးတဲ့သူ စာရိတ္တညံ့ဖျင်းတဲ့သူ တဲ့။ ကျွန်တော် ပြုံးမိတယ် ။ ပြီးတော့ ကျွန်တော် အားရပါးရ
ရယ်မောမိတယ်.။ ဒါဟာ လောကကြီးက သီကုံးပေးတဲ့ ကျွန်တော့်အတွက် သီချင်းတစ်ပုဒ်။ ကျွန်တော့်  နှလုံးသားတွေ နာကျင်ကျိန်းစပ်မှု
ကို မခံစားနိုင်တော့အောင် မခံစားတတ်တော့အောင် အဲဒီသီချင်းလေးကို နေ့စဉ် နားထောင်ခဲ့ရတယ်။ ဒီလိုနဲ့ပါ ကျွန်တော်ဟာ
လက်မှတ်ရ လူဆိုးလူမိုက်ကြီး ဖြစ်ခဲ့ပါတယ်။ ( လမ်းမှာတွေ့ရင် ရှောင်ကြပေါ့ )

@  @  @

သီချင်းတစ်ပုဒ်ကြားဖူးတယ်။ ကျွန်တော့်သူငယ်ချင်းတစ်ယောက် အရမ်းကြိုက်တဲ့ သီချင်းလေးပေါ့။
တောင်ပံတွေ မီးတောက်တော့မယ်
ပိတ်ဆို့တဲ့ လေနီကြမ်း
အန္တရာယ် မုန်တိုင်းတွေ နဲ့ ခရီးကြမ်း ငါ ဖြတ်သန်း / မခံနိုင်အောင် အရက်စက်ဆုံး
မမြင်နိုင်တဲ့ လမ်းရဲ့ အဆုံးမှာ ကြိုနေမယ် အိပ်မက်များ
အတောင်ပံတွေဖြန့် ငါ ပျံသန်းရင် သေမယ် ဒီလမ်း *
ဘ၀ဟာ ရင်မောစရာတွေနဲ့ ပြည့်နှက်နေသလား။ ဒါမှ မဟုတ် ကျွန်တော်ကပဲ ဆန္ဒတွေ များနေခဲ့တာလား။ သူတို့ကပဲ လိုချင်နေကြတာ
လား။ ဒါမှမဟုတ် ကျွန်တော်ကပဲ ပေးဆပ်လွန်းနေရတယ်လို့ ထင်မှတ်နေပြီး ကိုယ့်အတွက်ကိုယ် လောဘတွေ တက်နေမိခဲ့သလား။
ကျွန်တော့်အတွက်တော့ ဘ၀ဟာ မလှပတဲ့ ပန်းချီကားတစ်ချပ် အရှင်။
မဆုံးနိုင်တဲ့ ခါးသီးမှု တွေနဲ့ နာကျင်မှု လေထုဟာ ကျွန်တော့်ရပ်ဝန်းမှာ သိပ်သည်းလို့။

@ @ @

ကောက်ရိုးတစ်မျှင်။ မနက်ဖြန်။ မျှော်လင့်ချက်။ အဖြူရောင် အလင်းမိုး။
ဟုတ်ပါတယ်။ ကျွန်တော်ဟာ တကယ်ပဲ လောဘ ကြီးတဲ့သူတစ်ယောက်ပါပဲလေ။ အနာတရတွေ များများလာသလောက် အသိဥာဏ်ဟာ
အမှန်တရားနဲ့ ဝေး ဝေး လို့လာ။ ကောင်းမြတ်ခြင်း လက်တစ်ဆုပ်လောက် တပည့်တော်ကို စွန့်ကြဲတော်မူပါ။
ညဘက်ရောက်တိုင်း ကောင်းကင်ထက်မှာ အပြိုင်အဆိုင် တောက်စားနေတဲ့ ကြယ်ပွင့်လေးတွေကို ကြည့်ရင်း ကျွန်တော့်ကို ကိုယ်စားပြု
တဲ့ ကြယ်ကလေးဟာ ဘယ်လို ကြယ်လေးမျိုးလဲလို့ ကျွန်တော် အမြဲ ရှာဖွေနေမိတယ်။ တကယ်က ကျွန်တော် ရူးတာပါ။ ကျွန်တော့်ကို
ကိုယ်စားပြုတဲ့  ကျွန်တော်နဲ့ ထပ်တူကျတဲ့ ကြယ်လေးဟာ ဘယ်လိုလုပ် အခြားကြယ်တွေလို့ တောက်စားနိုင်မှာလဲ။ ဖျော့တော့စွာပဲ
အလင်းနုလေးတွေနဲ့ ဟိုးအဝေးမှာ မှိန်ဖျောက်နေမှာပေါ့။ ကျွန်တော် ရူးခဲ့တာပါ။ အလင်းရောင် အားနည်းတဲ့ ကြယ်လေးဟာ ကမ္ဘာမြေနဲ့
အဝေးဆုံးမှာ တည်ရှိနေလို့ ဒါမှမဟုတ် .....။ အဲ့ဒီလိုမျိုးပေါ့ ကျွန်တော်ရဲ့ ကြယ်လေးလည်း ...။
ကျွန်တော် ပျော်ရွှင်ရပါလို၏ လို့ ဆုမတောင်းတတ်တော့ဘူး ။ ကျွန်တော့်စိတ်လေး ခဏတာ ချမ်းမြေ့ရမယ်ဆိုရင်ပဲ ကျွန်တော် ကျေနပ်
နေမှာ။ ကျွန်တော့်စိတ်လေး ခဏတာ လွတ်လပ် ခွင့်ရရင်ကိုပဲ ကျွန်တော်ပျော်နေမှာ။ ကံကြမ္မာကို အပြစ်မဖို့လိုပါဘူး။ ခဏတာလေးပါပဲ။
ဘယ်သူ့ ဘယ်သူရယ်လို့ အပြစ် မဖို့လိုပါဘူး။ ခဏတာလေးပါပဲ။ ခဏတာ လေး ပါ ပဲ။
အသန့်စင်ဆုံး အလင်းမိုးတို့ မသည်းချင်နေပါ ဖွဲဖွဲလေးပဲ ရွာကျမယ်ဆိုရင်ပဲ ကျွန်တော် ပျော်နေမှာပါ အရှင်။

 @   @  @

*  ငှက်တစ်ကောင်ရဲ့ အိပ်မက် - ဆို / မျိုးကြီး ။ ရေး / ကိုမိုး

မိုးအိမ်လူ

2 November 2011
PM : 8:53

လူယုတ်မာ




ယူတယ် ရိတ်တယ်
စီးတယ် ပြီးတော့
ပြုံးတယ်
ရှေ့မှာ
မျက်ရည် နဲ့ မျက်ခွက်..။

မိုးအိမ်လူ

သံပတ်မြည်ချိန်




လေညွှန်တံနဲ့
လမ်းထွင်ဖို့
နေ မရှိတဲ့ ခေတ်
လ မရှိတဲ့ ခေတ်
လက်ဖ၀ါးနုနုကြောင့်
ပေါက်ပြဲသွားတဲ့
အရေပြားတွေ
အရှေ့ကို ကြိုပါ
မမှောင်ခင် မီးငြှိမ်းကြစို့။

မိုးအိမ်လူ

ချောက်က ခြောက်တယ်




အရှေ့အရပ်က
ခက်ထန်တယ်
အနောက်အရပ်က
စာရိတ္တညံ့ဖျင်းတယ်
တောင် အရပ်က
စိတ်ထားယုတ်တယ်
မြောက်အရပ်က
မာယာများတယ်
အခုရပ်နေတာက
ကောင်းကင် အောက်မှာ.။

မိုးအိမ်လူ

မျှော်လင့်ချက်




လွင့်တက်လာတဲ့
နွေက
ခရမ်းရင့်ရင့်
ဝမ်းသာအားရ
ဆန္ဒတွေနဲ့
မနက်ဖြန်အတွက်
မီးတစ်တို့လောက်။

မိုးအိမ်လူ

တစ္ဆေ




ခေါင်းလောင်း တစ်ချက်တီး
မိုးရွာဖို့ ပြင်နေတယ်
စာရွက်တစ်ရွက်လောက်
စာတစ်ကြောင်းနဲ့
ကမ္ဘာ ဖျက်ချင်လို့…။

မိုးအိမ်လူ