ကျွန်တော့်ကို ကျွန်တော် ကြက်ခြေခတ်ပစ်လိုက်တော့ လွယ်လင့်တကူပဲ ကျွန်တော်ဟာ
မှားသွားတယ်
စာသားထဲမှာ စာသားထပ်နေတဲ့ စာသား အထပ်ထပ်တွေကြားမှာ ခရင်မ် ရောင်စုံတွေ
ကျွန်တော် ခရင်မ် မကြိုက်ဘူးလို့ ပြောပြီးပြီဟာ
လက်ညှိုးထိုးတော့ ကျွန်တော့်ကို ၀င်တိုးတဲ့ နာနာဘာဝ အကောင်တွေရဲ့ ဖြူစင်မှုဆိုလား
ကောင်းကောင်း မစစ်ထုတ်နိုင်တော့ ကောင်းကောင်းတွေ ကောင်းကောင်း မရဘူး
ရွက်ဆုတ် ပြက္ခဒိန်ကို ဆွဲဆုတ်ပစ်လိုက်တာပါပဲ ရိုးသားစွာ စိတ်တွေပဲ ပြဲပြဲသွား
ထင်တဲ့အတိုင်းပဲ ကျွန်တော်တို့ ပျော်ပျော်ကြီး စာရိတ္တအနားတွေ ဖွာကြ
မြန်မာပြည် သရုပ်မှန်ဝတ္ထုခေတ်ကလိုပါပဲ အင်တာနက်ခေတ်မှာလည်း ပြင်ပဇာတ်ကောင်တွေ
ဝတ္ထုဆန်ဆန် ရိုးအသလိုလို ယုတ်မာကြ တော်သလို တတ်သလို ကောက်ကျစ်ကြ
မြို့လယ်ခေါင်မှာတော့ မီးပွိုင့်ကြီး နီရဲလို့ နေပြန်ပါတယ်
အသက်တွေ ရလည်း အချစ်တွေ ယူလို့ မ၀နိုင်သေးကြဘူး လူ့အကျင့်
မနက်ဖြန်ပြီးတော့ မနက်ဖြန်
တနင်္ဂနွေ ပြီးတော့ သောကြာလိုမျိုး အယူသည်းမှုလား အယူသီးမှုလား
ကျွန်တော် ရုန်းမထွက်နိုင်ပေမယ့် ကျွန်တော် ပိန်ပိန်လိန်လိန် လွတ်လပ်နေပါတယ်
နောက်ဆုံး စိတ်မရတဲ့အခါ
အနားတွေကို ကတ်ကြေးနဲ့ ကိုက် ကိုယ့်ကိုယ်ကို ပုံသွင်းပစ်လိုက်တော့
ကောင်းကင်နီနီကြီးမှာ ကြယ်စုံလစုံ ထွက်လို့။
၁၃ မတ် ၂၀၁၂
မိုးအိမ်လူ
No comments:
Post a Comment