Sunday, December 11, 2011

ရံဖန်ရံခါ နှင့် မကြာခဏ ဆင်ခြင်မဲ့မှုများ






ကျွန်တော်၏ ချစ်သူလေး နေမကောင်းပါ။ တေးမဆိုသော ငှက်များ လာမနားစေလို။ အဆင်မပြေသော အိပ်မက်များဖြင့် ကျွန်တော်၏ ည
များ နေထိုင်မကောင်းကြ။ နေသည် ထွက်လာလေပြီ။ ပန်းများ ပွင့်တော့မည်။ ပွင့်လင်းရာသီ ရောက်တော့မည် ဟု ကြားနေရသည်။
ပြတင်းတံခါးများ ကို ပြန်ပြင်ဖို့ လိုအပ်နေပြီ။ စကားလုံးများ အတိုင်းအဆ ရှိသင့်ပါသလား။ ဆောင်းရာသီတွင်ရေးသော ဤရသစာတမ်း
အတွက် နှင်းခဲတစ်ဆုပ်လောက် ရှာပေးကြပါ။ လေအေးအေးများ ၀င်မလာရ။ အချစ်သည် ကျွန်တော်၏ အခန်းနံရံထက်တွင် ပျင်းရိစွာ
သန်းဝေနေသည်။ တစ်ခါတစ်ရံ မနက်စာများ ကျွန်တော်ထံမှာ ထွက်ပြေးကြသည်။ တစ်ခါတစ်ရံ ညစာများ ကျွန်တော်ထံမှ ထွက်ပြေးကြ
သည်။ အိပ်မက်များ မကောင်းပါ။ ယတြာများ မလိုအပ်ပါ။ နာရီသံတစ်ချက်ချက်ဖြင့်သာ ကျွန်တော်၏ ယုံကြည်မှုကို တည်ဆောက်ပါမည်။

*

အခန်းနံရံထက်မှာ ရွက်ဆုပ် ပြက္ခဒိန်တွင် မာရ်နတ်သည် တည်၏။ အရေးမကြီးပါ။ ကျောက်သားထက်မှာ အသေထွင်းထုထားခြင်း မဟုတ်
သော ကျိန်စာများအတွက် ကျွန်တော် အသက်ရှုမပျက် နေတတ်ပါသည်။ ကန်ရေပြင်တွင် လှေမလွှတ်ရ။ အချစ်တို့ကိုသာ လိုအပ်သည်။
ထိုးသွင်းထားသော ဓားများကို အချိန်မီ ရုတ်သိမ်းပေးကြပါ။ မုန်တိုင်းလာတော့မည်။ အာရုဏ်ဦး လာတော့မည်။ နေခြည်ဦးလာတော့ မည်။
ချစ်သူ သည် ဆံနွယ်ရှည်များ မထား။ ချစ်သူသည် မာယာရှည်များ မထား။ ချစ်သူသည် ။ ဤအရာကို အချစ်ဟု ခေါ်လျှင် ထိုအရာကို
ဘာဟု အမည်တပ်မည်လဲ။ မိသားစုများ စုဝေး တိုင်ပင်သင့်သည်။ မနေ့က ချုပ်ခဲ့သော အင်္ကျီသည် ဒီနေ့ စုတ်ပြဲသွားပြီ ဖြစ်သည်။
ကွမ်းစားခြင်းဖြင့် အမုန်တရားများ ထွေးထုတ်ပါ။ အလွမ်းမသင့်သော လူမှုရေးကို အလွမ်းသင့်လောက်အောင် ခံစား ထုဆစ်မနေချင်။
ကမ္ဘာမြေတွင် ကျွန်တော်သည် လူသားတစ်ဦးသက်သက်သာ ဖြစ်ပါသည်။

*

အလွမ်းဟူသည် ဘယ်လိုမျိုးလဲ။ သီတာခုနှစ်တန်တွင် ကျွန်တော် ရေချိုးချင်သည်။ တောင်စဉ်ခုနှစ်ထပ်ကိုတော့ တက်ဖို့ စိတ်ကူး မရှိ။
အားလျှင် အားသလို ကျွန်တော် ချစ်သူကို လွမ်း ပေးပါသည်။ အချစ်များလည်း အတိုးပေးထားသည်။ ဘာလိုအပ်သေးသနည်။ လိုအပ်
ချက်သည် ဘယ်တော့မှ ကုန်မည်မဟုတ်။ ကျွန်တော်၏ ချစ်ခြင်း များ မြင်းခင်းသဘင်သို့ ထွက်သွားကြပြီ။ ကျွန်တော်တစ်ယောက်
တည်း လမင်းနှင့် ရည်ငံရင်း ကျန်ခဲ့သည်။ ဒါ လွမ်းလောက်စရာမဟုတ်ပါ။ ကျွန်တော် မုန့်ဟင်းခါး ကြိုက်ပါသည်။ ပြည်ပမှ မြန်မာ များ
မုန့်ဟင်းခါး ကြိုက်ကြပါသလား။ လမင်းကို ကြည့်၍ လွမ်းကြပါ။ မနေ့က ကြတ်ခဲ့သော လမင်းသည် ယခုတော့ ဖြူစင်လျက်။
စကြာဝဠာတွင် အချစ်သည် နာမည်ကြီး ဆယ်လီဘရစ်တီ ဖြစ်သည်။ ကျွန်တော်၏ ချစ်သူအား နှင်းဆီပွင့်ဖြူဖြူစွတ်စွတ်များ ပေးချင်လှ
သည်။ ယခုတော့ နှင်းဆီပန်းများနှင့် ကျွန်တော်သည် ဝေးလံနေဆဲ။

*

မျှော်လင့်ခြင်းများ မပါဝင်သော။ ရမ္မက်များ မပါဝင်သော။ သ၀န်တိုစိတ်များ မပါဝင်သော။ ချုပ်ချယ်မှုများ မပါဝင်သော။ အစရှိသဖြင့်။
အချစ်သည် ကျွန်တော်နှင့် ညှိနှိုင်းရ ခက်ခဲလှသည်။ ကျွန်တော်၏ ချစ်သူလေးကို စိတ်ချမ်းသာစေချင်လှသည်။ မကောင်းဆိုးဝါးများအား
မေတ္တာ နာနာ ပို့ပေးကြပါ။ အချစ်များ နာဖျားနေဆဲလား။ အချစ်တစ်ခုတည်းရယ်ပါ။ ကျန်တာ ဘာမှမလိုအပ်ပါ။ ၀ိဥာဉ်တော်တို့ ရှာပေး
ကြပါ။ မြင်းရိုင်းတို့၏ ခွာကြမ်းရှများအောက်တွင် ကျွန်တော်၏ အချစ်ကို မထားစေလိုပါ။ မနက်ဖြန်သည် နှစ်နာရီ ရှိပြီ ဖြစ်သည်။
စမ်းချောင်းလေး၏ ရေအလျဉ်တွေ မျောပါနေသော ပန်းပွင့်နီနီသည် အချစ်ဖြစ်သည်။ လက်မခံချင်ဘူးလား။ လေစီးကြောင်းထဲတွင်
မျောပါနေသော သစ်ရွက်ခြောက်စ လေးသည် အချစ်ဖြစ်သည်။ ပြန်လည် သိမ်းယူလို့ မရသော တိမ်တိုက်များသည် အချစ်ဖြစ်သည်။
မြစ်တစ်စင်းထဲတွင် အချစ်သည် ရေနှစ်ခါ ချိုးခဲ့၏။ ကျွန်တော်၏ ချစ်သူလေးကို နေခြည်ဖြာလှည့်ပေးကြပါ။ မြက်ခင်းစိမ်းများ ပေါ်တွင်
ကျွန်တော်အချစ်များ ဖြူဖြူစင်စင် ပွင့်ဝေလျက်ရှိသည်။

* * *

မိုးအိမ်လူ
၁၁ ဒီဇင်ဘာ ၂၀၁၁
ည ကိုးနာရီ နှစ်ဆယ့်သုံးမိနစ်

တောသီချင်း ( ၆ )







လေယာဉ်ပျံကြီး မိုးပေါ်မှာ ပျံသန်းသွား
မီးရထားကြီး သံလမ်းပေါ်မှာ ကမူးရှူးထိုး သွား
သွား သွား သွား

ညည မက်တဲ့ အိပ်မက်မကောင်းတွေနဲ့
လာမယ့် လပြည့်ညများနဲ့
အတွေးတွေ သိပ်မလှဘူး။

မိုးအိမ်လူ