Tuesday, November 29, 2011

မြတ်နိုးတော်မူ






သံစဉ်တစ်ပုဒ်နဲ့ အသေသတ်ခဲ့သော
လက်များ
မမြင်နိုင်မှု သံယောဇဉ်တို့
ရွှဲရွှဲစိုရင်း
မြတ်နိုးတဲ့ အကြောင်းစာစီဖို့
ဆွံ့အ လက်များဖြင့်
ထိုသူမ၏ ပုံရိပ်တို့ကိုသာ အခါခါ ရေးခြစ်
နှလုံးသားနံရံမှာ ဆေးရောင်စုံအထပ်ထပ်နဲ့
အိပ်မက်တို့ ပန်းချီကားထဲက
မထွက်နိုင်ခဲ့သော
လူတစ်ယောက်၏ ၀ိဥာဉ် ။

မိုးအိမ်လူ

မြို့တစ်မြို့ရဲ့ နေခြည်ဖြာဆင်းမှု ဖြစ်စဉ်



ထုချေ ခွဲစိတ်ထားတဲ့ သတင်းစကားတွေ အရ
ကျန်းမာရေး မကောင်းတဲ့
မြို့ဟာ ဒီလိုပဲ အရိုင်းတွေဆန် တစိမ်းတွေ ဆန် မိခင်စိတ်ပျောက်
ဘာတွေ လိုအပ်နေသလဲ ဘယ်သူရဲ့ လိုအပ်ချက်လဲ
ဘယ်သူမှ မတွေးမိဘဲ
အဆင်ပြေရာ တံဆိပ်တွေ ထုရိုက်
အုံမှိုင်းတဲ့ နေ့စွဲတွေနဲ့ မြို့။

အကြမ်းဖက်မှု တွေ သိပ်သည်းလာမှုနဲ့အတူ
မလုံခြုံမှုကို ပစ်ပစ်နှစ်နှစ် ခံစား
အမှားတစ်ရာနဲ့ အမှန် တစ်ပြက်
ဆိုလက်စ သီချင်းကို ဘာလို့ရပ်ပစ်ရတာလဲ
ဒါဟာ ချိုးခေါ်သံပဲ မဟုတ်လား။

ဘယ်အရပ်မှာလဲ ချိုးငှက်ငယ်
သံလွင်ပင်တို့ အပေါက်အရောက်နည်းနေပြီလား။

မိုးအိမ်လူ

အတု တုတဲ့ အတုတွေကို ဖျက်ပြီး စစ်စစ်မြည်တဲ့ အတုကို တုလိုက်တဲ့




မပြောခင်က ပြီးနှင့်တယ်ဆိုတော့ ဒီမှာ ပြောစရာက လျှာတန်းလန်းနဲ့
ဘယ်လိုက ဘယ်လို ဒီလမ်းကြောင်းပေါ် ကလိုရိုဖီးတွေ ယိုစိမ့်လာသလဲ
လိုတဲ့နေရာကို မသွား မလိုတဲ့နေရာမှာ ကျောက်ချချင်တဲ့ သဘာဝစတိုလ်နဲ့တော့
နံရိုးတစ်ချောင်းလွတ် ဘော်ဒီ နဲ့ မြို့ထဲ အနှံ့ နံရိုး အပြည့် ဘော်ဒီတွေကို အသေငမ်း
ဒါက စိတ်ကျန်းမာရေး ထက် ပိုတဲ့ စိတ်ကျန်းမာရေး နဲ့အတူ အာဟာရဖြည့်တင်းမှုလည်း ပါသေး
တဲ့ အကြောင်း ကျွန်တော်တို့ မြို့မှာ ဒီလိုကဗျာတွေ မရေးတော့ဘူး ပြောတဲ့ တောသား ကလေး

တကယ် တပ်လှန့်လိုက်တော့လည်း လက်ခုပ်သံတွေ တိတ်သွားတာပါပဲ
သံဓာတ်ပြည့်ဝဖို့ သံချောင်းတွေ စား စား သံချောင်းတို့ အမေ စိတ်ပူပန်မှုက ကမ္ဘာကျော်သွား
သလို ပေါက်တတ်ကရ တွေးခေါ်မျှော်မြင်မှုတွေနဲ့ လန်းပါတယ်ဆိုတဲ့ ဦးနှောက်က အနုပညာကိုတော့
ကောင်းကောင်း မသိပြန်ဘူး ပြောချင်တာက အနုပညာအယောင်ဆောင်တွေကိုပဲ လက်ခုပ်တီးတတ်တဲ့ လက်က
မောင်ချောနွယ်အတုတွေကိုပဲ လက်ဆွဲနှုတ်ဆက် တကယ့် မောင်ချောနွယ်အစစ်ကလည်း မောင်ချောနွယ်တစ်ယောက်ပဲ
ရှိတာဆိုတော့ နောက်ထပ် မောင်ချောနွယ်ဆိုတာမျိုးတာ နဲဗားပဲ မပေါ်ဘူး ပေါ်လာမှမဟုတ်ဘူး အဲဒီတော့
ခေတ်လူငယ်ပဲ ကျောပိုးအိတ် လွယ် စာရေးစာချီလုပ် လစ်ရင် ကဗျာရေး လစ်ရင် ပွဲစားလုပ် လစ်ရင် အကျိုးဆောင်
လုပ် လုပ်လို့ရတဲ့ သမာအာဇီဝ အကုန်လုပ် ကဗျာရေးခြင်းနဲ့ပဲ ဘ၀ကို အရောင်တောက်ဖို့ မောင်ချောနွယ်ဖြစ်ဖို့
စွမ်းရည်လိုသလား ရှိသလား မရှိဘူးလား သိသိကြီးနဲ့ မိုက်နေတော့လည်း တူးလိုက်စမ်း မိုက်တွင်း

လည်လည်ပတ်ပတ်တွေ အရမ်းများတဲ့ ဒီခေတ်ရောစပ်မှုကြီး ထဲမှာ
အလကားပဲတင်း ၀ါဒဖြန့်ချီရေးသမားတွေကို ယုံမှားမိတော့လည်း ရှုံးလိုက်ဦးပေါ့ တစ်ချီ
ပြီး တစ်ချီ အနိုင်က မပေါ်တော့ဘူး ကိုယ်ကလည်း အခြေမခိုင်ခဲ့တော့ တို့ထိသမျှ အဟုတ်ထင်မိတာကလည်း
တကယ့်ကို ကုလားကို ဘုရားထင်မိတဲ့ တောတွင်းလူသားကြီးလိုပါပဲ
ဘာပဲဖြစ်ဖြစ် ခေတ်မှာ ပေါ်ပင်အသက်ရှုမှု တွေ နဲ့ ပေါ်ပင် ၀မ်းစာရှာဖွေရေးတွေနဲ့
ခက်တာက ကိုယ်ကလည်း အနုပညာနဲ့ ပတ်သက်ရင် ခန္ဓာက ယူရေနီယံ မထွက်သလိုမျိုး
တန်ဖိုးရှိတာ တစ်ခုမှ မရှိလေတော့ တောပုံပြင် မြို့ပုံပြင်တွေပဲ အခါခါဖတ် အခါခါ ဇာတ်လိုက်လုပ်
အခါခါ ရင်ကွဲနာကျ နောက်ဆုံးတော့လည်း ရှေ့ကနေ အရင်ဆုံးနှင့်တဲ့ လမ်းတွေနဲ့
ဟောဒီ ပန်းပေါင်းစုံ ဆင်ယင်ထားတဲ့ နံရံကြီးကို မီးရှို့ဖျက်စီးပစ်လိုက်ပြီ။

မိုးအိမ်လူ
27.11.2011
ရယ်စရာ မဂ္ဂဇင်း

Saturday, November 26, 2011

မိုင်တိုင် ( ၂၁ )



အဝေးက ကြည့်ရင် အစက်အပျောက်
အနီးကပ်ကြည့်ရင် မီးတောက်ကြီး
လောင်ကျွမ်းလိုက်ရတာ အနှစ် ( ၂၀ )
မီးတောက်ကြီးလေ ငြှိမ်းရခက်လေ
မီးစာတွေလည်း ရှာရတယ်
မီးညွှန့်တွေလည်း လွှတ်တင်ရတယ်

မေ့မေ့လျော့လျော့ ထားလိုက်ရင်
အားလုံးဟာ ရေခဲပြင်
ပစ်ထားလို့ရလည်း ပစ်ထားလိုက်
ပစ်ထားလို့ မရလည်း ပစ်ထားလိုက်
နေ့ဖို့ ညစာလည်း မတွေးနဲ့
ရှေ့ဘ၀ နောက်ဘ၀လည်း မတွေးနဲ့

လွတ်ကျလာတဲ့ မိုးရာသီက
ကောင်းကင်က ဗီဇာပါမလာ
ပြန်ကန်ထုတ်လို့ မရတဲ့ သဘာဝ စည်းမျဉ်းအရ
နေလိုက်ပေါ့ စွေလိုက်ပေါ့
တံခါးမထား ဓား မထား ဒီစက်ဝိုင်းမှာ
ဆောင်းကို သတ်တဲ့ နွေက ခပ်ပြုံးပြုံးလေး။

မိုးအိမ်လူ

ခေတ်ပေါ် ကုန်သည် ၏ ရောင်းရေး ၀ယ်ရေး



ရာသီစာများ မပို့ပါနှင့်
ပေါ်ပင်များ မပို့ပါနှင့်
ကျီးအာသီးများ မပို့ပါနှင့်
အနံ့ဆိုး ခံတွင်းများ မပို့ပါနှင့်
ဆင်ခြင်မဲ့ ဦးနှောက်များ မပို့ပါနှင့်

ရှေးဟောင်း ကဗျာအချို့ လိုအပ်နေသည်
တကယ်မှန်သော အမှန်တရားအချို့ ပြတ်လပ်နေသည်
စစ်မှန်သော အနုပညာသမားများအတွက်
လက်ခုပ်သံများ ရှားပါးနေသည်
အလင်းဓာတ်များ ဖျော့တော့နေသည်
နှစ်ရှည် စေတနာများ များများပို့ပေးပါ

မနက်ဖြန်မရောက်လျှင်
ဘယ်တော့မှ မပို့ပါနှင့်

မိုးအိမ်လူ

Friday, November 25, 2011

သံစဉ် မဖြစ်ခဲ့တဲ့ သံစဉ်





တိမ်တိုက်တို့ ပြန်ပေးဆွဲခံလိုက်ရတဲ့ ရာသီ။ လေထုညစ်ညမ်းမှု နဲ့အတူ စိတ်ဓာတ်တွေ ယိုယွင်းလာတဲ့ ပစ္စုပ္ပန် အခင်းအကျင်း။
လက်ဖ၀ါးများအား ရှေ့သို့ ဆန့်တန်းထားရင်း တစ်စုံတစ်ခုကို ကိုယ် တောင့်တလိုက်တယ်။ ဘာတွေ ကျလာမလဲ။ ဘာတွေ ထိတွေ့
လာမလဲ။ စိတ်ဟာ ကိုယ့်ရင်ထဲကနေ ထိုးထွက် ဟိုး အမြင့်ဆုံးအထိ လွင့်တက်သွားတယ်။ တိမ်တိုက်တွေ မရှိတော့ ကွန်းခိုစရာလည်း
မရှိခဲ့ဘူး။ ကျေးဇူးပြု၍ ခဏလောက် နှုတ်ဆိတ်ပေးလို့ရမလား။ ကျေးဇူးပြု၍ ခဏလောက် စိတ်ငြိမ်ပေး၍ ရမလား။ မရလည်း နေပါစေ။
အတင်း မပြုလုပ်ပါနဲ့။ မရလို့လည်း ဘာမှတော့ ဖြစ်မသွားပါဘူး။ ကိုယ် သီချင်းတစ်ပုဒ် သီဆိုချင်လို့ပါ။ ကိုယ့် ဆန္ဒကို အရောင်တင်
ချင်ရုံ သက်သက်ပါ။ ဘာမှ အရေးမကြီးပါဘူး။ ကျေးဇူးပြု၍။

မိုးစက်များ အဝေးသို့ ထွက်ပြေးခြင်း။ ကြောင်။ လေတိုးသံများ တဟူးဟူး။ ရနံ့ချိုအီမွှေး။ သင်္ချိုင်းကို ကြောက်သူများ။ ကမ္ဘာမြေ၏
အမှောင်ဘက်ခြမ်း။ ပြေးနေတယ်။ ပြေးနေတယ်။ မောဟိုက်သံတွေ တညံညံ။ စကားလုံး အကျိုးအပဲ့များ။ တယောအို၏ တေးချင်း။
စစ်မြေပြင်သို့ ပါလာသော မေတ္တာတရား။ ရွှေနားကွပ် ကြက်ခြေခတ် နှစ်ရာ့သုံးဆယ်။ လွယ်လွယ်လေးပါ။ ဘယ်အချိန်လဲ။
နှုတ်ပိတ်ပေးကြပါ။ ပြည်တွင်းစစ်။ ပြည်ပစစ်။ ၀ါဒကွဲများ။ အမေ ထမင်း မကျက်သေးဘူးလားဗျာ။ အပေါစား ခံစားချက်များဖြင့်။
စာသင်ခန်းထက် ကောင်မလေးဘေးမှာ။ ပန်းများ။ အရောင်များ။ ပြယ်လွင့်ခြင်း နိဒါန်း။ စကားတွေရယ်လေ။ ပွလိုက်ကြတာ။
ဖောင်းလိုက်ကြတာ။ ကဗျာတဲ့။ မေမေ သားကို မေတ္တာရေတိုက်ပါဦး။ အနှစ်မဲ့ ခမ်းခြောက်ခြင်းများ။

ကိုယ်က သီချင်းလေး တစ်ပုဒ် ဆိုရုံရယ်ပါ။ သူတို့တွေလေ ရနံ့ရိုင်းတွေ လွှတ်လိုက်ကြတာ ဇက်ကြိုးပြတ်။ နှလုံးသွေးတို့
အသိုက်အအုံ ကွဲတဲ့အထိ။ ကိုယ် မမှုပါဘူး။ ဘယ်လိုပဲ ဖြစ်ဖြစ် ကိုယ်ပိုင်ဆိုင်တဲ့ အောက်စီဂျင်တော့ ၇ှိသေးတယ်မဟုတ်လား။
ကိုယ်မမှုပါဘူး။ ကိုယ့် သီချင်းအတွက် သူတို့ နှလုံးသားမှာ နေရာမရှိလည်း ကိုယ်မမှုပါဘူး။ တစ်ချိန်ချိန် တစ်နေရာရာမှာတော့
ကိုယ့်သီချင်းလေးကို နွေးထွေးပေးနိုင်မယ့် နှလုံးသားတွေ ဟာ ရှိနေမှာပါ။ ကိုယ် ယုံကြည်တယ်။ ကိုယ့် သီချင်းရဲ့သစ္စာကို
ကိုယ် ယုံကြည်တယ်။ ဗုဒ္ဓရဲ့ သစ္စာလမ်းကြောင်းအတိုင်း ကိုယ့်သီချင်းရဲ့သစ္စာဟာ စီးမျောသွားလိမ့်မယ်။ ကိုယ် ယုံကြည်ပါတယ်။

စမ်းသပ်ခန်းထဲက ကုတင်ထက်မှာ ကိုယ် မေ့မျောနေတာ ဘယ်လောက်ကြာပြီလဲ။ တစ်ဘ၀ လား။ နှစ်ဘ၀လား။ မရေမတွက်နိုင်သော
ဘ၀များစွာနဲ့လား။ ဘယ်အချိန်ထိ ကိုယ့်ကို စမ်းသပ်နေကြဦးမှာလဲ။ ဘယ်အချိန်ထိ ကိုယ်ဟာ အစမ်းသပ်ခံ ဖြစ်နေဦးမှာလဲ။
သံသရာဟာ စက်ဝိုင်းဆိုတာ သေချာရင် ။ ထားလိုက်ပါ။ ဒါဟာ သံစဉ်တစ်ပုဒ်မှမဟုတ်ဘဲ။ သံစဉ်တစ်ပုဒ်လို့ ဆိုခဲ့ရင်တောင်
ကိုယ်နှစ်သက်တဲ့ သံစဉ်တစ်ပုဒ် ဖြစ်မှာမဟုတ်ဘူး။ ဒီလိုနဲ့ ကိုယ်လည်း နာကျင်မှုတွေ အထပ်ထပ်။ ကမ်းပါးပြိုလို့ ပါသွားတဲ့
အိမ်ငယ်လေးတွေထဲမှာ ဘ၀အချို့ သံစဉ်မမှန်ခဲ့တဲ့ အကြောင်း။ အင်း ပြောရင် ရှည်ဦးမယ်။ အဲ့လို သံစဉ်မမှန်တဲ့ ဘ၀တွေကို
မြင်နေပါလျက်နဲ့ ကြိုးဖျက်ရက်သူတွေ ပွဲဖျက်ရက်သူတွေ။ အမုန်းတွေ ဖြေလျော့ပါတော့။ ကမ္ဘာမြေအတွက် သံစဉ်တွေ စိုက်ပျိုးပေး
ကြပါ။ ချိုသာသော။ နူးညံ့သော။ သံစဉ်တောအုပ်မှာ ကိုယ် တို့ ပျော်ချင်လှပြီ။

မိုးအိမ်လူ
၂၄ နိုဝင်ဘာ ၂၀၁၁
ည ကိုးနာရီ လေးဆယ့်တစ်

Thursday, November 24, 2011

အက်ကြောင်းများ၏ အစ





စ တည်ခဲ့တဲ့ နေရာက  အမှောင်ကျလွန်းတော့
လွင့်ဝဲလာတဲ့ လှိုင်းတွေဟာ ရောင်စဉ်မမှန်ချင်ဘူးပေါ့
ခံယူတဲ့ လက်ထဲမှာ ဗလာအပြည့်နဲ့ မျက်ဝန်းတွေမှာ ငတ်မွတ်သံတွေ စီညံ
အရှေ့ဘက်ကုန်းမြေဆီ ၀ပ်တွားနေတဲ့ လခြမ်းနီရဲ့ သောက က ဘာပါလိမ့်

တကယ်တော့
ကလေးငယ်တွေဟာ ကမ္ဘာကြီးရဲ့ ဖန်ဆင်းရှင်တွေပါ
ရင်ငွေ့ ခမ်းခြောက်မှုတွေနဲ့ ခေတ်ရဲ့ အော်ဟစ်တောင်းဆိုမှုတွေက
ခါးလှဖို့ မတွေးရဲ ၀မ်းဝအောင် မနည်းအသက်ရှူရမှုတွေ နဲ့
အသိုက်အမြုံ ယိုယွင်းမှုတွေဟာ တစ်စုံတစ်ခုကို ငတ်မွတ်မှုကနေ မြစ်ဖျားခံလာခဲ့
ခေါင်းတွေ ရမ်းမိတယ်  နှလုံးသားတွေ ရမ်းမိတယ်   ဦးနှောက်တွေ ရမ်းမိတယ်
မိဘ ဆိုတာ ကလေး မဟုတ်ဘူးလေ

လှုပ်ခါနေတဲ့ ဆက်ဆံရေးတွေနဲ့ မွမ်းမံထားတဲ့ မိသားစုတွေ
တစ်စုံတစ်ရာကို နားလည် မပေးနိုင်တာ အပြစ်မဟုတ်ဘူး
အကြောင်းပြချက်တွေ ရှည်လျားလွန်းနေတဲ့ သချာင်္ပုဒ်စာဟာ
တိကျမှန်ကန်တဲ့ အဖြေ တစ်ခု ထွက်ဖို့လား…… ဒါမှမဟုတ်…..
အိပ်ရာထက်က သက်ပြင်းရှိုက်သံ အတိမ်အနက်နဲ့
ညတာတွေ ရှည်လာသလို နေ့တစ်နေ့ကို ရင်ဆိုင်ဖို့လည်း စိုးရွံ့ မိ
အစ… စ ခဲ့ မိတဲ့ အစ တွေဟာ ဘယ်လို သင်းပျံ့တဲ့ ရနံ့တွေ ရှိကြသလဲ
ဘယ်လို ဆွဲဆောင်အားကောင်းခဲ့တဲ့ ပုံရိပ်တွေ ရှိကြသလဲ
သားငယ်ရဲ့ လက်တစ်ဖက် ပြုတ် စူပါမင်း အရုပ်ကလေးရဲ့ အစ
သမီးငယ်ရဲ့ ပုံဆွဲစာအုပ် အနွမ်းလေးရဲ့  အစ
ဒုက္ခသစ္စာရဲ့ မြစ်ခွဲ သောက ကလည်း မီးလို တကယ်ပူတာပါပဲလားကွယ်။

                                                                                      မိုးအိမ်လူ

ဲIdea Magazine,December 2011

Wednesday, November 23, 2011

မိုးတွေ ရွာတော့ နေလို့ မကောင်းဘူး အဲဒါနဲ့ မြို့ ထဲ ထွက်လိုက်တာ




ကိုယ်နဲ့ မထိုက်တန်မှု များစွာ အလုံးအရင်း နေ့ တွေထဲမှာ သဲသဲမဲမဲ ဖွဲဖွဲစဲစဲ ရွာကျ
ဒါဟာ မိုးလား ဒါဟာ လောကဓံလား ချုပ်ရိုးတွေ အစအန ဖွာလန်ကြဲ
မပြောသင့်တဲ့ စကားတွေ အထပ်ထပ် လှိုင်းလုံးတွေလို အလိပ်လိုက် အလိပ်လိုက်
ကျင့်ဝတ်သိက္ခာတွေ စောင့်ထိန်းမှု သီလ တွေ လောကရဲ့ အဖြူရောင်နယ်နိမိတ်ကို ချုံ့ပစ်မိ
ဒါဟာ မနေ့ က ဆိုတဲ့ သီချင်း နားထဲ ကြားမိလိုက်တယ်
မပြောချင်ရင် လည်း မပြောချင် သလို မပြောဘဲ မနေနိုင်တော့ မပြောချင်ပါဘူးကွာ နဲ့ စ ပြီး
ရေးလက်စ ကီးဘုတ်က စကားလုံးတွေ အ နေတယ် မဟုတ်ဘူး လက်က အ နေတယ် မဟုတ်သေးဘူး
တစ်ခုခု အ နေတယ် မွေးကတည်းက အကုန်လုံး အ နေတယ် အချိန်တိုင်းကို အ နေတယ်
ပြောခဲ့ပြီးပြီ ထားလိုက်တော့ ခြေလှမ်းပြင် နောက်ကျောလှည့် ဓားနဲ့ ထိုး မျက်ရည်တွေ ကျ ကဗျာတစ်ပုဒ် မွေး
အဆင်ကို ပြေလို့ အစဉ်လိုက် မဟုတ်ရင်တော့ ဖတ်ရတာ ကို့ ရို့ကားယား နည်းနည်းတော့ စဥ်ပေးဦး
အဲဒါမှ အဆင်ပြေမှာ ထင်တယ် စာရွက်ပေါ်မှာ မြန်မာ ဗျည်းတွေ သရတွေ အကုန်ထင်နေတယ်
စိတ်တည်ရာမဲ့ အကုန်လုံး ထင်နေတယ် လို့ ထင်နေခဲ့တာ အတော်ကြာပြီ ဆိုတော့
နာရီတွေ ပုပ်သိုးနေတာ လည်း အတော်ကြာပြီ အချိန်တွေ လည်း မှိုတက် အပုပ်နံ့ထွက်
ဒါဟာ ခေတ်သစ် ၀တ္တရား နိစ္စဓူဝ လုပ်ဆောင်မှု အခင်းအကျင်း ဘာလို သေးလဲ
အဲဒီလိုနဲ့  နဲ့  နဲ့ သွား နည်းနည်းသွား နည်းနည်းသွား နယ်နယ်သွား တဖြည်းဖြည်း နပ်နပ်သွားတာပေါ့
ဟောဒီမှာ ကမ္ဘာဦး နည်းပညာရုပ်ရှင် လို့ ပြောတဲ့  ရုပ်တွေ သေနေတဲ့ ရုပ်ရှင်
ဒီလိုပါပဲလေ တောင်စဉ်ရေမရ ပေါက်တက်ကရ တွေ့ ကရာ ခြောက်ဆယ် အကုန်လုံး ဒီအထဲ သွတ်သွင်း
ကျန်ခဲ့သမျှ ဘာမှ မကျန်တော့ဘူး အဲဒီမှာ နိတ္ထိတံဖို့  အကြောင်းကြောင့် အကျိုးဖြစ်သွားတယ်
ဤတွင် ပြီး၏။

မိုးအိမ်လူ ( 15 / 7 / 2011 – PM; 9:47 )

ကော်ဖီတစ်ခွက်





ကော်ဖီတစ်ခွက် နောက်ကျစွာ အေးစက်သွားခြင်း ဖြစ်စဉ်၏ နောက်ပိုင်း
သူမ ထွက်သွားခဲ့သည်။ အလှတရားတို့ ရုတ်သိမ်းသွားသည်။ စကားစတို့ ဖြတ်တောက်သွားသည်။ အမုန်းတရားတို့ ချန်ရစ်ခဲ့သည်။
မဲ့ပြုံးတို့ တန်းလန်း ပါသွားသည်။ ရေဒီယို အသံလှိုင်းပျောက်ရှသွားသည်။ ကမ္ဘာမြေ ကြောင်အ ရပ်တန့်သွားသည်။ မီးလုံးတို့
အလင်း မဲ့သွားသည်။ ကဗျာတစ်ပုဒ် အော်ဟစ်နေသည်။ လေညှင်းတို့ မတိုက်တော့ပါ။ ပန်းပွင့်တို့ ပွင့်ရန် တွန့်ဆုတ်သွားသည်။
လမင်းငယ် တိမ်ကွယ်၍ ပုန်းလေသည်။ သီချင်းသံတို့ အဝေးမှာ ပျယ်လွင့်သွားသည်။ ဆွံ့အမှုတို့ လည်ချောင်းနာနေသည်။
မျက်ဝန်းတစ်စုံ ငွေ့ရည်ဖွဲ့ရန် ပြင်သည်။

ကော်ဖီတစ်ခွက် နောက်ကျစွာ အေးစက်သွားခြင်း ဖြစ်စဉ်၏ နောက်ပိုင်း
ကျွန်တော် ရှိနေပါသလား။ မသိပါ။ မျက်လုံးသည် ပုံရိပ်ကို ဖမ်းနေပါသလား။ မသိပါ။ စကားကြွင်းများ ရှိနေသေးသလား။ မသိပါ။
သိဖို့လိုအပ်ပါသလား ။ မသိပါ။ ကျွန်တော်သည် ကျွန်တော် ဖြစ်ကြောင်း သက်သေပြချက် တစ်ခု အမြန်လိုအပ်နေပါသည်။
ရင်နင့်အောင် ရှိပါသလား။ အမြန်အကြောင်း ကြားပါ။ နေလင်းထွန်း ရှိပါသလား။ အမြန် အကြောင်းကြားပါ။ ဂျိုးငယ် ရှိပါသလား။
အမြန်အကြောင်းကြားပါ။ ကဗျာ ရှိပါသလား။ အမြန်အကြောင်းကြားပါ။ စကားပြေ ရှိပါသလား။ အမြန်အကြောင်းကြားပါ။
ထိုအရာတို့ ရှိလျှင် ကျွန်တော်ရှိကြောင်း သေချာနိုင်ပါသည်။

ကော်ဖီတစ်ခွက် နောက်ကျစွာ အေးစက်သွားခြင်း ဖြစ်စဉ်၏ ရှေ့ပိုင်း
စစ်သွေးကြွ စကားလုံးများ ဖြင့် သူမ ကျွန်တော့်ကို တိုက်ခိုက်ဖို့ ပြင်နေ၏။ ကော်ဖီထဲသို့ သကြားထည့်ဖို့ ကျွန်တော် ပြင်နေ၏။
အဘယ်ကြောင့် တစ်သိန်းဖြင့် သူမကို မေးခွန်းထုတ်ဖို့ရာ ကျွန်တော်သည် ဒေါက်တာဘွဲ့ရသူ မဟုတ်ပါ။ သို့ဖြစ်၍ သူမကလည်း 
မည်သည့် မေးခွန်းကိုမှလည်း ဖြေဖို့ စိတ်ကူး ရှိမည် မထင်ပါ။ ဤနေရာတွင် ဇာတ်လမ်းတစ်ပုဒ် လိုအပ်ပါသလား။ လိုအပ်သည်ထင်လျှင်
သင် နှစ်သက်ရာ အချစ်အလွမ်း ဇာတ်လမ်းတစ်ပုဒ် ထည့်သွင်းနိုင်သည်။ တစ်ခုတော့ ရှိသည်။ ဇာတ်လမ်းအဆုံးတွင် မင်းသမီးက
မင်းသားကို ထားခဲ့ဖို့တော့ လိုသည်။ ဆက်ပါမည်။ သူမ၏ ချွန်ထက်မြိရှသောစကားလုံးများသည် ကျွန်တော်၏ နှလုံးသားထဲသို့
အတိုင်းမသိ ထိုးစိုက်နေသည်။ ကျွန်တော် ပြာကျဖို့ ပြင်နေသည်။ ပြာကျဖို့သင့်သလား မသင့်ဘူးလား ဆိုတာလည်း စဉ်းစားရသေး
သည်။ သူမကတော့ အာဖဂန် စစ်သွေးကြွ တစ်ဦးလို အဆက်မပြတ် အသေအကြေကို တိုက်ခိုက်နေသည်။ ကြာတော့ ကျွန်တော်
သနားလာမိသည်။ သေချာတာကတော့ ဒီနေရာမှာ ဇာတ်သိမ်းဖို့ ပဲ ဖြစ်သည်။

ကော်ဖီတစ်ခွက် နောက်ကျစွာ အေးစက်သွားခြင်း ဖြစ်စဉ်၏ ရှေ့ပိုင်း
ကဗျာမဟုတ်သော ကဗျာများ ကျွန်တော်ကို ကိုလိုနီပြုဖို့ ကြံနေသည်။ နွားထိုးကြီး FM မှ မင်းယုမာန်၏ အင်တာဗျူးကို နားထောင်
လိုက်ရသည်။ ၀တ္ထုဆန်သော ၀တ္ထုတိုများ ရေးချင်စိတ် မရှိတော့ပါ။ စကားပြေ ဟူသည် အဘယ်နည်း။ ရင်နင့်အောင်တစ်ယောက်
မှန်ထဲမှ ပုံရိပ်ကို ထိတ်လန့်စွာ စောင့်မျှော်နေသည်။ စကားလုံးများဖြင့် ဖွဲ့တည်ထားသော သို့မဟုတ် တည်ဆောက်ထားသော
အရေးအသားများကို ဘယ်ပုံဘယ်နည်းနှင့် ကဗျာဝတ္ထုဟူ၍ အမျိုးအစားခွဲကြပါသည်။ ခွဲခြားပုံ ခွဲခြားနည်းကို ဘယ်သူတွေ စတင်
သတ်မှတ် တီထွင်လိုက်ပါသနည်း။ နေလင်းထွန်းတစ်ယောက် မှန်တစ်ချပ်နှင့် ရန်ဖြစ်နေသည်။ မှန်ထဲမှ နေလင်းထွန်းက မှန်အပြင်မှ
နေလင်းထွန်းကို အနိုင်ရသွားသည်။ အဘယ်ကြောင့်ဆိုသော် မှန်ထဲမှ နေလင်းထွန်းကို ရင်နင့်အောင်၏ ပုံရိပ်က ကူညီ ပေးသော
ကြောင့် ဖြစ်သည်။ ကြားလျှင် အကိုတော်နှစ်ယောက်က ကျွန်တော့်ကို လာသတ်ပါလိမ့်မည်။ ကျေးဇူးပြု၍ သွားမပြောပါနှင့်။
အသိကို အသိမှာပဲ ရပ်တန့်ပေးကြပါ။ ဆက်လက်၍

ကော်ဖီတစ်ခွက် အေးစက်စွာ ကျကွဲသွားခြင်းနှင့် အတူ
သူမ နှုတ်မဆက်ဘဲ ထွက်သွား၍ သို့မဟုတ် ကျွန်တော့်ကို ထားသွား၍ ကျွန်တော် များစွာ ၀မ်းမနည်းမိ။ ရေစက်သည် မီးစက်မဟုတ်
ကြောင်း သင် သိမည် ထင်ပါသည်။ ဆက်လက်၍ ဇာတ်လမ်းပီသသွားအောင် သို့မဟုတ် ခံစားတတ်သောလူတစ်ယောက် ဖြစ်ကြောင်း
သက်သေပြရန် ကော်ဖီခွက်ကို ကျွန်တော် ဟန်ဆောင်ပန်ဆောင် အားနှင့် မာန်နှင့် ရိုက်ခွဲပစ်လိုက်ပါသည်။ မျက်နှာမှာတော့ ဒေါသ
အပြည့်နှင့်။ ဂျွန်နီဒပ်တို့ တွမ်ဟင်ခ့်တို့ ဘရက်ပစ်တို့ မြင်ရင် ကျွန်တော့်ကို ဆရာတင်ချင်စိတ်ပေါက်သွားလောက်သော အိုက်တင်ဖြင့်
ဖြစ်သည်။ သို့သော် ဇာတ်လမ်းသည် အဲဒီမှာမှ စကြောင်း နောင်တကြီးစွာ ကျွန်တော်သိလိုက်ရသည်။ ကျွန်တော်ခွဲပစ်လိုက်သော
ကော်ဖီခွက်ဖိုးကို အလျော်တောင်းလေသောအခါ ။
ကြီးကြီးကျယ်ကျယ် ငါးထောင်တန် ကော်ဖီကိုမှ သောက်တတ်သော ( တကယ်လည်းမသောက်ဘဲနှင့် မှာယူသော ) သူမ ကို မုန်းသည်။
ကြီးကြီးကျယ်ကျယ် ရည်စားမှာတိုင်း ကိုယ့်အခြေအနေကိုယ် မသိ ၀ယ်ကျွေးချင်သော ကျွန်တော့်ကိုယ် ကျွန်တော် မုန်းသည်။
ကြီးကြီးကျယ်ကျယ် ရိုးရိုးခွက်သုံးလည်း ရရဲ့သားနှင့် တန်ဖိုးကြီး ခွက်တွေသုံးသော ကော်ဖီဆိုင်ကို မုန်းသည်။
ကြီးကြီးကျယ်ကျယ် ကော်ဖီခွက်ကွဲတာတောင် ဘာမှမဖြစ်သလို ယဉ်ယဉ်ကျေးကျေး အလျော်တောင်းနေသော ဆိုင်ပိုင်ရှင်ကို မုန်းသည်။

လမ်းသွားရင်း ကော်ဖီဆိုင်တစ်ဆိုင်မှာ ကော်ဖီခွက် အကွဲတွေနဲ့ ဆိုင်ပိုင်ရှင်နဲ့ စကားများနေသော လူတစ်ယောက်ကို တွေ့လျှင်
ဝေးဝေးက ရှောင်ကြပါ။ ထိုသူသည် ကော်ဖီဖိုးသာ တတ်နိုင်ပြီး ကော်ဖီခွက်ဖိုးမတတ်နိုင်သော ရည်းစားပစ်ခံရသော ကြီးကြီးကျယ်ကျယ်
လုပ်တတ်သော သူငယ်ချင်းမြင်လျှင် ပိုက်ဆံချေးဖို့ လျှာမလေးသော သင်၏ ချစ်လှစွာသော ရောင်းရင်းကြီး မိုးအိမ်လူ ဖြစ်သောကြောင့်
တည်း။


မိုးအိမ်လူ
၂၃ နိုဝင်ဘာ ၂၀၁၁
ည ကိုးနာရီ နှစ်ဆယ့်သုံး မိနစ်

ရောက်တတ်ရာရာ အိပ်မက်တွေနဲ့ 




တေးဆိုတတ်တဲ့ ငှက်တွေ
အသံဝင်တဲ့ နေ့ 
ရုပ်လောကတစ်ခုလုံး
တိတ်ဆိတ်သံ မကြားရအောင်
တိတ်ဆိတ်နေတဲ့ နေ့ 

ကမ္ဘာဦး ဇာတ်လမ်းတွေ
ယောင်လို့ တောင် မပြောမိခဲ့တာ ဘယ်လောက်
အချိန်ဟာ ဒီလိုပဲ တိုက်စား
လူတွေ ဖြစ်ရပ်တွေ ပြောင်းလဲမှုတွေ
ဘာကျန်ခဲ့လဲ ကြည့်တော
အားလုံး နတ္ထိ

သီချင်းတွေ ဆိုရင်း
ကဗျာတွေ ရွတ်ရင်း
စပါးခင်းတွေလည်း ရွှေရည်ဝင်းခဲ့ပြီ

ဘာတွေ ပြောနိုင်ဦးမှာလဲ
နာကျင်ရပါတယ်ဆိုတဲ့
နှလုံးသားတွေ
အိပ်မက်တွေ မကောင်းတဲ့ အကြောင်း
စာစီရင်း ကဗျာတစ်ပုဒ်ကို
ဘယ်လို အဆုံးသတ်ရမလဲ


မိုးအိမ်လူ

17 / 7 /2011

Tuesday, November 22, 2011

သို့ .... နှင်းဆီဝါ




ဝိဥာဉ်နက်တို့ စစ်ဝတ်တန်ဆာအပြည့်နှင့် စစ်လက်နက်တို့ ပြင်နေကြပြီ။ ကောင်းကင်ထက်ဝယ် အမှောင်သခင်သာ ပိုင်စိုး။
အလင်းစတို့ ကွပ်မျက်ခံလိုက်ရတဲ့...။ မကောင်းဆိုးဝါး နတ်မိစ္ဆာတို့၏ စေစားမှုဖြင့် ကျွန်တော်၏ ပစ္စုပ္ပန်များ ရနံ့မလှခဲ့။ ဆိုးယုတ်မှုတို့သာ
နေ့ အဆက်ဆက် ည အဆက်ဆက် မိုးလို သည်းရင်း ငရဲတစ်ပိုင်း ကျနေခဲ့သော အချိန်နာရီများ။ မလှပခဲ့ပါ။ ဘယ်လိုမှ မလှပခဲ့ပါ။
ထိုစကားလုံးကို ကျွန်တော် သုံးဖူးခဲ့ပြီးပြီ ထင်သည်။ သို့သော် သေချာရေရာစွာ မမှတ်မိတော့။ ကျွန်တော်တစ်ကိုယ်တည်း စိတ္တဇအိပ်မက်များ
ရေမျောသောက်ရင်း နေ၀င်သွားပြီလား နေထွက်သွားပြီလား။ မသိတော့ပါ။ သွေးညှီနံ့တို့ ကြားထဲမှ နှင်းဆီရနံ့တစ်စကို ကျွန်တော့်
အာရုံက အမူးအရူး လိုက်ရှာနေဆဲ။ဘယ်ရောက်နေသလဲ နှင်းဆီဝါ။

ချစ်ခြင်းတရားတို့ အငွေ့ပျံထွက်သွားသော ရာသီ။ ပန်းပွင့်သံတို့ တိုးတိုးညှင်းညှင်း။ ရင်ခုန်တပ်မက်ဖွယ်ရာ အတိတ်တို့ အမှောင်ထု
အောက်တွင် ပြားပြားဝပ်၍ မသေချာသော မနက်ဖြန် ကို စောင့်မျှော်လျက်။ လွမ်းရပါသည်။ စကားလုံးများဖြင့် ထုံးဖွဲ့ဖို့ရာ မမီနိုင်သော
မြင့်မြတ်ခြင်းဖြင့် ချစ်ခြင်းမေတ္တာသည် ဟိုး ဘုံခုနှစ်ဆင့်မှာ။ ပြန်မလာတော့သော အချစ်သီချင်းတို့ ကိုသာ ကျွန်တော် စောင့်မျှော်ရင်း
ဝိဥာဉ်နက်တို့၏ ကြမ်းကြုတ်မှုတွင် သွေးစတို့ ပျံလွင့်လို့ နေသည်။ လွဲခဲ့ပြီလား။ ဘယ်ကမ္ဘာမှာ အခြေချနေသလဲ။ ဘယ်အချိန်မှာ
ပြန်ဆုံမှာလဲ။ နှင်းဆီဝါ၏ ပွင့်ဖတ်ဝါတို့ ကျွန်တော့် နှလုံးသားပေါ် အသာအယာ ကြွေကျ။ နှလုံးသွေးတို့ အချစ်မြူး၍ တရူးရူး စီးဆင်း
ကြလေသည်။ နာကျင်ရက်စက်ခြင်း ကမ္ဘာဟောင်းကို ပြန်မခေါ်သွားကြပါနဲ့။ အချစ်တို့ မလာရင် နေပါ။ အလွမ်းတွေတော့ ယူဆောင်
မသွားပါနဲ့လားကွယ်။ လွမ်းရပါသည်  နှင်းဆီဝါ။

ခွင့်လွှတ်ခြင်း သစ္စာတစ်ပုဒ်ဖြင့် ကျွန်တော်၏ ကျိန်စာတစ်ပိုဒ်ကို ဖြေဆည်နိုင်မည် မထင်ပါ။ ခြေရာတို့သည် ဘယ်တော့မှ ပျောက်ပျက်
သည်မရှိ။ လွမ်းချင်စိတ်သာ ရှိခဲ့သည်။ လွမ်းရတိုင်း နာကျင်ရတာကို မနာကျင်တတ်တော့တာကတော့ ကျိန်စာ တစ်ခုရဲ့ အပြင်ဘက်ကို
ရောက်နေခဲ့ပြီလား။ ဒါမှမဟုတ်။ နှင်းဆီဝါလေး၏ မေတ္တာ လေပြေတို့ ကျွန်တော်၏သားရဲတွင်းဆီသို့ အရောက်လာနိုင်ခဲ့ပြီမို့လား။
ေ၀၀ါးခြင်း။ တစိမ်းတရံထက်ပိုသော ရန်သူထက်ပိုသော ထိုသူများ၏ အလယ်မှာ ကျွန်တော့်အတွက် အလင်းတစ်စသည် ဘယ်တော့မှ
ကြွေကျလာပါမည်လဲ။ နက္ခတ်တို့ ရက်စက်စွာ ပြောင်းလဲခဲ့ပြီ။ ကံကြမ္မာဆိုးတို့၏ အောင်မြင်မှုမှာ တသည်းသည်း။
မြင်တွေ့မှု မြင်ကွင်းများကို မုန်းတီးသည်။ ကြားနာမှု အသံများကို မုန်းတီးသည်။ ထိရှမှု အတွေ့များကို မုန်းတီးသည်။ လိုချင်မှု
လောဘများကို မုန်းတီးသည်။ အမှန်ကို မမြင်နိုင်မှု အ၀ိဇ္ဇာကို မုန်းတီးသည်။ မုန်းတီးခြင်းများကို မုန်းတီးသည်။

ဘယ်လို အိပ်မက်မျိုးကို ရက်ရှည် ကျွန်တော် မက်ချင်ပါသလဲ။ ရွေးချယ်ခွင့်တို့ မျိုးသုဉ်းပျောက်ကွယ်ခဲ့သည်မှာကြာပြီ ဖြစ်သည်။
ချစ်ရပါသော နှင်းဆီဝါအား လွမ်းဆွတ်ခြင်း နှင့် အတူ နောင်တတရားများ။ လွန်ခဲ့ပြီဟု သိသည့်အချိန်တွင် လွန်ခဲ့သည်ထက် ပို၍
လွန်နေခဲ့ပြီ။ ကြက်ခြေခတ် နက်နက်ဖြင့် ကျွန်တော့်၏ နှလုံးသားကို စုတ်ထိုးထားခဲ့သည်မှာ ထိုဖြစ်ရပ်များ၏ နောက်တွင်။
စကားလုံးတွေ နှင့် ရန်ဖြစ်ရသည်မှာလည်း မောပန်းလှပါပြီ။ သေချာမှုတစ်ခုကို သေချာချင်တော့သည်။ နှင်းဆီဝါ။ ရနံ့။ ပွင့်ဖတ်။
အရာအားလုံး ဟိုးအဝေးမှာ လှပနေပြီလား။ ကျွန်တော်နဲ့ အဝေးဆုံးမှာ လှပနေပြီလား။ ချစ်ခြင်းမေတ္တာနှင့် မသက်ဆိုင်သူအတွက်
လွမ်းဆွတ်ခြင်းတို့သာ ပွင့်ဝေခဲ့ရ။ လွမ်းလွမ်းလေးပဲ ပြောနေမိတယ်။ စကားလုံးများ။ အချိန်နှင့်အမျှ။ လွမ်းရပါသည်။
သို့ ...နှင်းဆီဝါ။


မိုးအိမ်လူ
၂၂ နိုဝင်ဘာ ၂၀၁၁
ည ကိုးနာရီခွဲရန် ငါးမိနစ်အလို

Sunday, November 20, 2011

ကျူးကျော်မှုများနှင့် ကျူးကျော်ခံရမှုများ တို့နှင့် ဆက်စပ်လျက်



တိမ်တိုက်တွေ ရွေ့လျားနေသည်။ မြင်နေရပါသလား။ ထိုအရာများသည် တိမ်တိုက်များ ဟုတ်ပါသလား။ တိမ်တိုက်ဆိုတာ ဘာပါလဲ။
တိမ်တိုက်။ ငွေ့ရည်တွေ နဲ့ ဖွဲ့တည်ထားတဲ့ တိမ်တိုက်တွေ။ အခိုးအငွေ့တွေနဲ့ ဖွဲ့တည်ထားတဲ့ တိမ်တိုက်တွေ။ အခု ။ လက်ရှိ။ ခေတ်။
အဆိပ်ငွေ့များဖြင့် ဖွဲ့တည်ထားတဲ့ တိမ်တိုက်တွေ။ ရွေ့လျားနေပါသည်။ ခင်ဗျားတို့ ခေါင်းပေါ်မှာ။ ကျုပ်တို့ ခေါင်းပေါ်မှာ။
ငွေ့ရည်တွေ တင်းပြည့်ကျပ်ပြည့် ဖွဲ့တည်ပြီးနောက် ပြိုကျ ရွာကျလာခြင်းဖြစ်စဉ်။ အက်ဆစ်မိုးများ။ ကမ္ဘာမြေပေါ်သို့။ မြေကမ္ဘာပေါ်သို့။
သို့မဟုတ်။ ခင်ဗျား တို့ မြေပေါ်သို့။ ကျုပ်တို့ မြေပေါ်သို့။ ခင်ဗျား ပိုင်တဲ့ ခင်ဗျား ချစ်လှပါပြီရဲ့ ဆိုတဲ့ မြေပေါ်သို့။ ကျုပ် ပိုင်တဲ့
ကျုပ် ချစ်လှပါပြီရဲ့လို့ နှလုံးသားနဲ့ ဟစ်ကြွေးထားတဲ့ ကျုပ်ရဲ့ အမိမြေပေါ်သို့။

ခေတ်မီ ခြင်း။ ဖွံ့ဖြိုးတိုးတက်ခြင်း။ သိပ္ပံ ။ နည်းပညာ။ တီထွင်မှု။ ဘေးဘီမကြည့်။ စမ်းသပ်မှု။ စွမ်းအင်။ နိုင်ငံ ဘဏ္ဍာ။ ပြည်သူ့ ဘဝ
တိုးတက်ရေး။ လိုအပ်ချက်များ ဖြည့်ဆည်းရေး။ မလိုအပ်ချက်များ ဖြည့်ဆည်းသယောင်ဆောင်။ အိတ်ကပ်ထဲ လက်လျှိုထည့်သော
လူသတ်စက္ကူ။ အတ္တ။ လောဘ။ သူတည်းတစ်ယောက် ကောင်းဖို့အရေး။ အစရှိသဖြင့် ကောင်းခြင်း ဆိုခြင်း မြစ်ဖျားခံ အကြောင်းတရားများ
ဖွဲ့တည်လာမှုနှင့် အကျိုးဆက်များ။ ကမ္ဘာမြေကို အမဲဖျက်သလို ဖျက်ဆီး။ သယံဇာတတွေကို အတုံးလိုက် အတစ်လိုက် ။
နာဇီ အဆိပ်ငွေ့စခန်းတွေထက် ဆိုးတဲ့ ။ ဒီလိုနဲ့ ကိုယ့်ခြံမြေမှာ သုတ်သင်စရာ နွားတွေ မြေတွေ မ၇ှိတဲ့အခါ...။

ခင်ဗျား ခြံစည်ရိုးက ခိုင်မာပါရဲ့။ ခင်ဗျားကြီးက ပညာရှိပါရဲ့။ ခင်ဗျားကြီးက ချမ်းသာကြွယ်ဝလွန်းပါရဲ့။ ဒါပေမယ့် မနက်တိုင်း ညနေတိုင်း
ခင်ဗျားအိမ်မှာ အမှိုက်ပုံ မီးရှို့တဲ့ မီးခိုးတွေက ကျွန်တော့်အိမ်ကို လာလာမွှန်တယ်။ မနက်တိုင်း ညနေတိုင်း ခင်ဗျား အိမ်နောက်ဖေးက
ထွက်လာတဲ့ အညစ်အကြေး ရေပုပ်တွေက ကျုပ်အိမ်ထဲ စီးဝင်တယ်။ မနက်တိုင်း ညနေတိုင်း ခင်ဗျားအိမ်က ဗရုတ်ကျ တေးသီချင်းတွေ
ယုတ်ကြမ်းစကားလုံးတွေ က ကျုပ်အိမ်ထဲကို ၀င်ဝင်လာတယ်။ ကြာလာရင် ကျူပ်သားသမီးတွေ ခင်ဗျားတို့လို စိတ်ယုတ်စိတ်ကြမ်းတွေ
ဖြစ်ကုန်တော့မယ်။ မနက်တိုင်း ညနေတိုင်း ခင်ဗျားနဲ့ ခင်ဗျား မိတ်ဆွေတွေရဲ့ ကားအကောင်းစားကြီးတွေက ကျုပ်အိမ်ရှေ့တံခါးကို
လာလာပိတ်ရပ်တယ်။ မနက်တိုင်း ညနေတိုင်း..............................................................................................။

တစ်ချိန်က သပ်လျှိုသွေးခွဲမှုတွေနဲ့ ဖိနှိပ်ထားတယ်။ အခုတော့လူကြီးလူကောင်းတွေလို ခွင့်လွှတ် စာနာမှုတွေ အယောင်ပြတယ်။
လမ်းပေါ်တက်ဖို့ ခြေထောက်ကို ပြင်ရုံရှိသေးတယ် ကမ္ဘာကြီးက ကျန်းမာရေး မကောင်းတော့ဘူးတဲ့။ ခြေလှမ်းတွေ အိမ်ထဲ ပြန်လှည့်။
ကိုယ့်အိမ်ကိုယ် ပြန်ပြင်။ ဘယ်အချိန်မှာ ကြွယ်ဝမှာလဲ။ အခုတော့ အလံတွေ လာလာစိုက်။ အားပေးနေတာပါ။ အခုတော့ အလံတွေ
လာလာစိုက်။ ကူညီပေးနေတာပါ။ အခုတော့ အလံတွေ လာလာစိုက်။ ထောက်ပံ့ပေးနေတာပါ။ အခုတော့ အလံတွေ လာလာစိုက်။
လက်ကမ်းပေးနေတာပါ။ အခုတော့ အလံတွေ လာလာစိုက်။

မီးခိုးတွေ ခင်ဗျား ခေါင်းပေါ်မှာ တိမ်တိုက်တွေ အဖြစ်
အဆိပ်ရည်တွေ ခင်ဗျား ခြေထောက်အောက်မှာ မြေဆီလွှာတွေ အဖြစ် ရေကြောတွေ အဖြစ်
လက်တွေ ခင်ဗျား အိတ်ထောင်ထဲမှာ ကာကွယ်သူ အဖြစ် စောင့်ရှောက်သူအဖြစ်
ယဉ်ကျေးမှုတွေ ခင်ဗျားစိတ်ထဲမှာ ခေတ်မီမှု အဖြစ် အမြင်ကျယ်သူအဖြစ် အယောင်ဆောင် ဖျက်စီးနေတယ်။

နေမကောင်းရင် ဆေးခန်းပြဖို့ ပိုက်ဆံ မတွန့်တိုပါနဲ့။
ခင်ဗျားအိမ်မှာ ညစ်ပတ်နေရင် သန့်ရှင်းရေး လုပ်ဖို့ မပျင်းပါနဲ့။
ခင်ဗျားတို့ အိမ်ကို တင်တင်စီးစီး ဆက်ဆံနေတဲ့သူတွေကို တွန်းလှန် တိုက်ခိုက်ဖို့ မကြောက်ရွံ့ပါနဲ့။
အယောင်ဆောင် နောက်ကျောထိုးမယ့်ဓားတွေကို စာနာမသနားပါနဲ့။
ကျွန်တော်တို့ လက်တွေ အတွဲညီပါစေ။
ကျွန်တော်တို့ သီချင်းတွေ သာယာ ငြိမ့်ညောင်းပါစေ။
ကျွန်တော်တို့ အဖေအမေတွေ ကောင်းစွာ ဘုရားဝတ်ပြုနိုင်ပါစေ။
ကျွန်တော်တို့ သားသမီးတွေ အိပ်မက်ကောင်းမက်နိုင်ပါစေ။


မိုးအိမ်လူ
၂၀ နိုဝင်ဘာ ၂၀၁၁
ဆယ်နာရီ ထိုးပြီး တစ်မနစ်

သုတေသန လုပ်သင့်တဲ့ သုတေသန





ဖြစ်တည်မှု တစ်ခုအနေနဲ့ တွက်ကြည့်လိုက်ရင် ဘီစီ ဘယ်လောက်က ဘယ်သူဆိုလား ရောက်ရာပေါက်ရာ တောခြစ်တောင်ခြစ်တွေ
ခြစ်ပြီး ။ အဲ့ဒါကို အေဒီ ဘယ်လောက်က ဘယ်သူဆိုလား ဘွဲ့ငါးခုခြောက်ခု ယူပြီး သုတေသန လုပ်တော့။ ဆိုလိုတာက ဘာအတွက်။
ပြောနေလို့ မထူးပေမယ့် ပြောလက်စတွေ က ထပ်ကာ ထပ်ကာ ဆက် ဆက်လာ တော့။ စကားမစပ် မနေ့ညက မိုးရွာတယ်။ ဘာကြောင့်။
သုတေသန လုပ်မလားလို့ မေးနေတာ ဘယ်သူ။
အခုချိန်က နွေဦး လဆန်း သုံးရက်နေ့။

@

ပေါက်တက်ကရ တေးသီချင်းတွေ တကြော်ကြော် အော်ဆိုကြတယ်။ လယ်ကွင်းတွေထဲကနေ ရွာလမ်းအထိ။ လမ်းကြိုလမ်းကြားကနေ
မြို့လယ် လမ်းမကြီး အထိ။ ရွေ့လျားလာတာ။ ဘယ်သူတွေ သယ်လာသလဲ။ ဘယ်သူမှ မသယ်ဘူး ။ စိတ်တွေက သယ်လာတာ။
သုတေသန လုပ်ဖို့ အစိုးရကို တင်ကြည့်တော့ နိုး နိုး နိုး။ အရေးမပါဘူး။ တိုင်းပြည်တစ်ခု ဖွံ့ဖြိုးတိုးတက်ဖို့ အရေးမပါဘူး။ အဲဒီတော့
အရာမလုပ်နိုင်ဘူး။ အရေးတယူ အရာမလုပ်နိုင်ဘူး။ နောက် ငါးနှစ်ကြာတော့ အိမ်နီးချင်းတိုင်းပြည်ဟာ သုတေသန တစ်ခုကြောင့်
ကိုယ့်ထက် ကြွယ်ဝသွားလိုက်တာ သူတောင်းစား မရှိ တဲ့ တိုင်းပြည်ဖြစ်သွားတယ်။ ပေါက်တတ်ကရ တေးသီချင်းတွေ တကြော်ကြော်
အော်ဆိုကြတယ်။ ကမ္ဘာအနှံ့။

@

တကယ်က ဒါက သိပ်တော့မလိုအပ်လှဘူး။ ခါးလှဖို့ မတွေးရဲ ၀မ်းဝအောင် ရုန်းနေရတဲ့သူတွေအတွက်တော့ သိပ်တော့ အရေးမပါလှဘူး။
ဒါပေမယ့် သိတဲ့အတိုင်းပဲ ။ အရေးလုပ်နိုင်တဲ့သူ လုပ်မှ အရေးမလုပ်နိုင်တဲ့သူတွေ အခြေမြင့်မယ့် ကိစ္စရပ်မျိုးထဲမှာ။ ကွင်းဆင်းဖို့ ကိစ္စ
စာရွက်ပေါ်တင်ဖို့ ကိစ္စ ဖြန့်ဝေဖို့ ကိစ္စ ။ တသီတတန်းကြီးကြားထဲ ဘယ်သူ ၀ါသနာ ရှင်လဲ။ နိုဗယ်ဆု မှန်းသလား။ အခြား အဖွဲ့အစည်း
တွေက ပေးတဲ့ ဆုတွေ မှန်းသလား။ ပရောဂျက်အောင်မြင်ဖို့ မှန်းသလား။ မှန်းချက်က နှမ်းထွက်ရင် ကောင်းသလား။ နှမ်းထွက်အောင်
လုပ်တဲ့ မှန်းချက်မှ မဟုတ်ဘဲ။ သုတေသန။ ဘာလဲ။ အဲဒီစကား ရှင်းရှင်းပြောစမ်း။

@

ဒီမိုကရေစီ ဖွံ့ဖြိုးဖို့ အကောင်အထည်ပေါ်ဖို့ လက်တွေ ကမ်းကြ။ ကမ်းထားတဲ့ လက်တွေ စုစည်းကြ။ ပြီးရင် အဲဒီကို မြှင့်တင်ပေးကြ။
ဘာကိုလဲ သုတေသန။ ဘာကို လုပ်မှာလဲ။ ဘယ်မှာလဲ။ ဒီမှာလား။ ပုံလို့။ တောင်ပုံရာပုံလောက်တော့ သနားတယ်။ လုပ်ကြ ကိုင်ကြ။
ဖွင့်ကြ တံခါးတွေ။ ထုတ်ကြ လှေကားတွေ။ ဦးတည်ချက်ကို သေချာပြော။ ရမယ့် ရလဒ်ကို သေချာပြော။ ဖြစ်နိုင်ချေကို သေချာပြော။
သေချာပြောလို့ သေချာမဖြစ်နိုင်တာကိုလည်း သေချာပြော။ ပြောစရာရှိတာ အကုန်ပြော။

@

ကျွန်တော်တို့မှာ နာမကျန်းဖြစ်နေတဲ့ မြစ်ကြီးလေးစင်းနဲ့ အခြားသော မြစ်အသွယ်သွယ်တို့ ရှိကြပါသည်။
ကျွန်တော်တို့မှာ ခုတ်ထစ် သုတ်သင်ခံရသော ဒုက္ခတိ သစ်တောများ ရှိကြပါသည်။
ကျွန်တော်တို့မှာ သွေးစုပ်ခံခဲ့ရသော မြေဆီလွှာ အထပ်ပေါင်းများစွာ ရှိကြပါသည်။
ကျွန်တော်တို့မှာ ........... ................................................................... ရှိကြပါသည်။
ကျွန်တော်တို့မှာ ........... ................................................................... ရှိကြပါသည်။
ကျွန်တော်တို့မှာ ........... ................................................................... ရှိကြပါသည်။
ကျွန်တော်တို့မှာ ........... ................................................................... ရှိကြပါသည်။
ကျွန်တော်တို့မှာ ........... ................................................................... ရှိကြပါသည်။
......................
......................
.....................
သုတေသန ပြီးလျှင် ထပ်မံ သုတေသနဖို့ သုတေသန စရာများ များစွာ ရှိနေပါသည်။

@ @ @

မိုးအိမ်လူ
၁၉ နိုဝင်ဘာ ၂၀၁၁
ကိုးနာရီ ငါးဆယ့်သုံးမိနစ်

ကဗျာအတွက် စကားလုံးများ လိုအပ်ခဲ့သည် ရှိသော်



ဒါဟာ ကဗျာပဲ တဲ့လား
စကားလုံးများ
အကျိုးအပဲ စကားလုံးများ

အောက်ပါ စကားလုံးတို့မှ
သင်နှစ်သက်ရာ စကားလုံးများကို ရွေးနှုတ်၍
သင့်စိတ်ကြိုက် ကဗျာတစ်ပုဒ် ဖန်တီးနိုင်ပါသည်

သစ္စာတရား။ မေတ္တာတရား။ အချစ်။ အလွမ်း။
ကြေကွဲစရာ။ လပြည့်ည။ လရောင် ရွှန်းမြ။
မှောင်မိုက်ခြင်း။ အတ္တ။ တိတ်ဆိတ်မှု။ ဆူညံမှု။
သီချင်း။ ကဗျာ။ အိပ်မက်။
ဆွေးမြေ့နေသော။ ပူလောင်လွန်းသော။
မိုးနေ့တစ်နေ့။ နှင်းငွေ့ဝေေ၀။ ကန်ရေပြင်။
ပြတင်းပေါက်။ တံခါး။ မွန်းကြပ်မှု။ ပေါက်ကွဲမှု။
ချစ်ခြင်းများစွာဖြင့်။ သတိရခြင်းများစွာဖြင့်။
အမိုက်မ။ အသည်းခွဲဘုရင်မ။ မိန်းမ။ ကောင်မလေး။
အဆင်မပြေဘူး။ နေလို့ မကောင်းဘူး။ ဆေးလိပ်။

မှတ်ချက်။  ။
ယနေ့ ကဗျာဆရာတော်တော်များများ
အသုံးများသော စကားလုံးများကို
ရွေးချယ်ထားခြင်း ဖြစ်သည်။
သင်စိတ်နှင့် မကိုက်ညီ၍ အခြားစကားလုံးမှာ မှာယူလိုသော်
လာရောက် မှာယူ နိုင်ပါသည်။

မိုးအိမ်လူ
19.11.2011

Friday, November 18, 2011

ယုံကြည်ခြင်း အနုပညာ




နံရံ တစ်ချပ်ရဲ့
ထူးခြင်း ပါးခြင်းမှာ
အနုပညာတစ်ခု
ငါ ရိုက်ထွင်း

အထူ သိပ်သည်းမှု
အပါး ထူထဲမှု
ဘာထူးသလဲ
ဒီလိုပဲ

အချိန်ကာလတွေ
နေရာဒေသတွေ
လူပုဂ္ဂိုလ်တွေ
ရှိသမျှ အမှတ်အသားတွေ
အားလုံး
နာဇီစစ်စခန်းထဲ ပို့

ဒီနေ့အတွက်
အနုပညာတစ်ရပ်အနေနဲ့
ကဗျာတစ်ပုဒ်
ငါ ရေးလိုက်တယ်

သင်၏ ၀င်သက်ထွက်သက်
ရှူရှိုက်ခြင်း အောက်စီဂျင်သည်
ကျွန်ုပ်၏ ကဗျာ ဖြစ်သည်။

မိုးအိမ်လူ
18.11.2011

ပန်းသီးတစ်လုံးနဲ့ စီးချင်းတိုက်နေတဲ့ သူ




သူက ဓားနဲ့ ထိုးရင် ကျွန်တော်က သေပေးရမှာလား။
ခက်တာက နှင်းဆီရောင် နံနက်ခင်း ၊ နှင်းတွေ ဝေသလိုလိုနဲ့ ၊ အမြင်မှားမှုတွေ တစ်ထပ်ကြီး သိမ်းကျုံးပစ်သွင်းလိုက်တာ ၊ ဘယ်ရမလဲ
ကျွန်တော်ကလဲ လူပဲ ၊ ပက်ပက်စက်စက် မှားလိုက်တာ ၊ ကမ္ဘာကြီးတောင် မူးသွားတယ်။ တကယ်က ကျွန်တော်ဘက်က မှားခဲ့တာလား ၊
သူ့ဘက်က စတင် ကျူးကျော်လိုက်တာလား ၊ ကျွန်တော်ဖြင့် မဝေခွဲတတ်ပေါင်။ ဒါပေမယ့်လည်း နောက်ဆုံး ရလဒ်က တော့ ၊
ကျွန်တော့် အမှားပေါ့၊ ကျွန်တော့်အရှုံးပေါ့ ၊ အဲဒီတော့ ၊....။

သူက ဓားနဲ့ ထိုးရင် ကျွန်တော်က သေပေးရမှာလား။
ရှေးဟောင်း အီဂျစ်တွေ ရဲ့ ပုံပြင်တစ်ပုဒ်ရှိတယ်။ တစ်ခါမှာပေါ့ဗျာ နတ်ဘုရားတွေနဲ့ လူသားတွေ အသေအကြေ စစ်ဖြစ်ကြသတဲ့။
အဲ့လို စစ်ဖြစ်တော့ နောက်ဆုံးမှာ လူသားတွေ အနိုင်ရသွားတယ်။ ဘယ်လိုက ဘယ်လို အနိုင်ရသွားသလဲ ဆိုတာတော့ ကျွန်တော်လည်း
သေချာ မသိဘူး။ ကျွန်တော်ကြားဖူးတာလည်း ကြာပြီလေ။ အရင်ဘ၀ကတည်းက ကြားဖူးနေတာ။ အဲဒီမှာ ကျွန်တော့်ကို ဦးနှောက် ခြောက်
စေတာက လူသားတွေ နိုင်ပြီး နတ်ဘုရားတွေ ရှုံးတဲ့ ကိစ္စပဲ။ ခင်ဗျားလည်း အသိပဲ။ ဘယ်လိုပဲ စဉ်းစားစဉ်းစား နတ်ဘုရားဆိုတာ လူထက်
အသာကြီးပဲမဟုတ်လား။ တန်ခိုး စွမ်းပကားကော လက်နက်ကော တိုက်ရည်ခိုက်ရည်ကော။ ဒါပေမယ့် လူသားက နိုင်သွားတာပဲ ပုံပြင်
အရပေါ့နော်။ ပုံပြင်ဆိုတော့လည်း ပုံပြင်လိုပဲပေါ့ဗျာ။ ဒီတော့ အခု ကျွန်တော် ရင်ဆိုင်နေရတာက စီးချင်းထိုးတဲ့ကိစ္စလည်းမဟုတ်ဘူး
နတ်ဘုရားနဲ့ ရန်ဖြစ်နေတာလည်းမဟုတ်ဘူး။ အဲ့လို ကိစ္စမှာတောင်

သူက ဓားနဲ့ထိုးရင် ကျွန်တော်က သေပေးရမှာလား။
အပြုံးပဲဗျ။ အဲဒီအပြုံးကတော့ နတ်ဘုရားမတွေ အောချရလောက်တယ်။ ကျွန်တော်ဘာကို ဆိုလိုတယ်ဆိုတာ ခင်ဗျား သိမှာပါ။
အဲဒီ အပြုံးနဲ့ပဲ ဒီကကောင် ကျွန်တော့်မှာ နေ့ မအိပ် ညမအိပ်ပဲနဲ့ ဟို ရက်ပါလေး သီချင်းလို ဖြစ်နေတာ။ ဒါပေမယ့် ဒီလို တည့်တိုးကြီး
နှင်းဆီဖူးတွေ ကျွန်တော့်ရင်ဘတ်ကို လာထိုးမယ်လို့တော့ ကျွန်တော်လည်း ဘယ်တွေးထားပါ့မလဲ။ ဒါက ရှောခ့်လေ။ တကယ့်ေ၇ှာခ့်။
ဒီလောက်ဆို ကျွန်တော် ဘယ်သူနဲ့ ဘာတွေ ရင်ဆိုင်နေရမလဲ ခင်ဗျားသိမှာပါ။ ခင်ဗျားလည်း အချစ်ဝတ္ထုတွေ ကျမ်းကြေအောင်
ဖတ်ဖူးပြီးသားပဲ။ အဲဒီတော့ အဲဒီလို ၀တ္ထုတွေထဲမှာ သာ စာရေးဆရာက သူ့စိတ်ကြိုက် အဆန်းကြယ်ဆုံးဇာတ်လမ်းတွေဆင်
သူ့စိတ်ကြိုက် ဇာတ်တွေသိမ်းလို့ရပေမယ့် သိမ်းထားပေမယ့် ဒီမှာက တကယ့်လက်တွေ့ဗျ။ ကျွန်တော့်မှာ လူတစ်ကိုယ်လုံး ထူပူပြီး
ဘာလုပ်လို့ ဘာကိုင်ရမှန်းကိုမသိဘူး။ ကျွန်တော် သူ့ကို တစ်ချက် ခိုးကြည့်တော့ စိတ်ညစ်စရာပါဗျာ စောစောက သေလောက်တဲ့
အပြုံးလှလှကြီးနဲ့။ ကဲ

သူက ဓားနဲ့ ထိုးရင် ကျွန်တော်က သေပေးရမှာလား။
အချိန်တွေတောင် အတော်ကြာသွားပြီ။ စကားတွေလည်း နှုတ်ခမ်းတွေက ထွက်မလာဘဲ အတော်ပြောပြီးကုန်ပြီ။ ဆွေးနွေးညှိနှိုင်းမှုက
လည်း အဆင်မပြေဘူး။ ကျွန်တော့်အတွက်ပေါ့။ ချစ်ခြင်း ကိစ္စတွေ အိမ်ထောင်ပြုခြင်း ကိစ္စတွေဆိုတာကလည်း ဒီလို တစ်ထိုင်တည်း
ပြောလို့ ပြီးမလား။ ဘယ်ပြီးမလဲ။ ဘာတဲ့ ဆိုရိုးတောင်ရှိသေးတယ်။ အဲဒီဆိုရိုး ခင်ဗျားသိပါတယ်။ ကျွန်တော်ပြောနေရင် ဆရာလုပ်
တယ်ဖြစ်ဦးမယ်။ အဲဒီတော့ ကျွန်တော် တောင်းပန်စရာရှိတာ အမြန်တောင်းပန်တယ်။ မရဘူး။ လိုက်လျောသင့်တန် အကုန်
လိုက်လျောတယ်။ မရဘူး။ ကဲ ဒါဆို ဘာလုပ်ရမလဲဆိုတော့။ လုပ်ပြီ သူက သူ့လက်နက် အပြုံးထက်ထက်ကြီးကို ဘယ်လိုမျိုးလဲဆို
ဟို တရုတ်သိုင်းကားတွေမှာ သိုင်းသမားတွေ ဓားချင်းယှဉ်ဖို့ နေရာယူပြီး သူတို့ ဓားကို ဖြည်းဖြည်းချင်း စတိုင်လ်တွေ မလိုင်တွေနဲ့
ဆွဲထုတ်နေသလိုမျိုး တကယ် အသည်း ယားစရာပါဗျာ။ သူ့ရဲ့ အဲဒီအပြုံးကြီးကို ထုတ်လည်းပြီးရော

သူက ဓားနဲ့ ထိုးရင် ကျွန်တော်က သေပေးရမှာလား။
မသေနိုင်ပါဘူးဗျာ။
သူဓားနဲ့ထိုးတာ ကျွန်တော့်ကိုမှ မဟုတ်ဘဲ။
သူ့ရှေ့က ပန်းသီးကြီးကို ။
ပြီးတော့ ပြောတယ်။
ဒီပန်းသီးကို အသည်းပုံ အစိတ်လေးတွေ ခြောက်စိတ် ရအောင်စိတ်ပြီး သူ့ကို ခွံကျွေးပါတယ်။
အဟီး။ ရှေ့က ဟာတွေအတွက် ဆောရီးဗျာ။ ကျွန်တော် အထင်မှားပြီးစိတ်ကူးတွေ ယဉ်မိသွားတာ။
ကျွန်တော့် ချစ်သူလေးက အဲ့လောက်မဆိုးပါဘူးဗျ။

သူက ဓားနဲ့ ထိုးရင်......
ဟုတ်ကဲ့ .. ကျွန်တော် ပန်းသီးခွဲနေလို့ မအားသေးဘူး ဗျာ။
အခြားပိုစ့်တွေ သွားဖတ်လိုက်ဦးနော် ။ နောက်မှ တွေ့မယ်။ တာ့တာ။

@  @   @

မိုးအိမ်လူ
၁၈ နိဝင်ဘာ ၂၀၁၁
ကိုးနာရီ ထိုးပြီး နှစ်ဆယ့် လေးမိနစ်