Saturday, December 17, 2011

အခြားတစ်ပါး ဘာမှ မရှိတော့ပါ





မကာရ ရာသီ ၏ နှင်းဖွဲများနှင့်အတူ

မက်မောဖွဲကောင်းလောက်အောင် ဆောင်းက အေးနေတယ်။ မက်မောဖွယ်ကောင်းလောက်အောင် နှင်းမြူတွေ ကျဆင်းနေတယ်။ မက်မော ဖွယ်ကောင်းလောက်အောင် ကျွန်တော့်ရှေ့ကလမ်းလေးဟာ လှပနေတယ်။ မက်မောဖွယ်ကောင်းလောင်အောင် လမ်းဘေးသစ်ပင်တွေ ဟာ နှင်းတို့နဲ့ စိုစွတ်နေတယ်။ မက်မောဖွယ်ကောင်းလောက်အောင် သူမ လမ်းလျှောက်လာတယ်။ မက်မောဖွယ်ကောင်းလောက်အောင် သူမဟာ လှပလွန်းနေပြန်တယ်။ မက်မောဖွယ်ကောင်းလောက်အောင် သူမရဲ့ အလှမှာ မာနတွေဟာ စွန်းထင်းလို့။ မက်မောဖွယ် မကောင်းစရာက ကျွန်တော် ရင်တွေ ခုန်လာတယ်။ မက်မောဖွယ်မကောင်းစရာက ကျွန်တော် ရဲ့ အကြည့်တွေက သူမ ဆီကနေ မခွာနိုင်ဘူး။ မက်မောဖွယ်မကောင်းစရာက အချစ်ဟာ ကျွန်တော့်နှလုံးသားထဲကို ကျိန်စာအဟောင်းကြီး ထည့်သွားတယ်။ နှင်းတွေဟာ အုံ့သည်းနေတုန်း။ သူမ ကတော့ ကျွန်တော့်ရဲ့ မြင်ကွင်းထဲကနေ ပျောက်ကွယ်သွားခဲ့ပြီ။ ကျွန်တော့်ရင်တွေကတော့ ခုန်နေဆဲ။ ဒါဟာ  ဘယ်လို မုန်တိုင်းတွေရဲ့ လေပြေတွေပါလဲ။ မက်မောဖွဲကောင်းလောက်ပါတယ်။

*

ကုမ်ရာသီ အစွန်းမှာ ပန်းတွေဟာ ကြွေဆင်းလို့

သူငယ်ချင်းတွေနဲ့ သေချာတိုင်ပင်ပြီးမှ သူမ ရဲ့ လျှောက်လမ်းမှာ ကျွန်တော် ပန်းတွေ ကြဲပက်ထားခဲ့တာပါ။ မဆိုစလောက်လေးတောင် သူမရဲ့ အာရုံက ပွင့်ဖတ်တွေပေါ်မှာ ရှိမနေခဲ့ဘူး။ ဒါဟာ မိန်းမတစ်ယောက်ရဲ့ မာနလား။ လွန်ခဲ့သော ညနေချိန်တွေက ကျွန်တော်ရဲ့  ရီဝေငေးမောမှုတွေကို မိန်းမပီပီ သူမ ရိပ်မိကောင်း ရိပ်မိနိုင်ပါလိမ့်မယ်။ ဒါကြောင့်ပဲ အခုလို ပွင့်ဖတ်တွေ ခင်းထားတဲ့ လမ်းပေါ်မှာ လျှောက်နေရတာတောင်မှ ဘာမှမသိသလို ဘာမှမဖြစ်သလို နေနိုင်တာလား။ ဒါဟာ မိန်းမတစ်ယောက်ရဲ့ မာယာလား။  ဘာမှမဆိုင်ပဲ ကျွန်တော့်ရဲ့ မြစ်ရေစီးတွေ ရပ်တန့်ကုန်တယ်။ သူမကတော့ ပန်းခင်းတဲ့လမ်းကို ကျော်လွန်သွားခဲ့ပြီ။
ဒီတစ်နည်းမရရင် နောက်တစ်နည်းပေါ့ သူငယ်ချင်းရာ
လို့ ပြောရင်း ကျွန်တော့်ပခုံးကို လက်နဲ့ လာပုတ်တဲ့ သူငယ်ချင်း အထိအတွေ့နဲ့ အသံကြားမှ ကျွန်တော်ဟာ အသက်ရှူရကောင်းမှန်း ပြန်လည် သိမြင်လာခဲ့တယ်။ ကျွန်တော် ခေတ္တခဏတော့ သေခဲ့ဖူးပြီ။ သေဖူးသွားပြီ။ ဟိုးကျောင်းဆောင်ကြီးရဲ့ ခေါင်မိုးပေါ်မှာ အချစ်က ကျွန်တော့်ကို လှောင်ပြောင်လို့။ ရူးပါပေတယ် ကောင်လေးရယ်လို့များ ပြောနေသလား။

*

မိန်ရာသီမှာ သီချင်းသံတွေဟာ ဝေးကွာနေဆဲ

ရင်းနှီးခင်မင်ဖို့ နည်းမျိုးစုံတော့ သုံးခဲ့ရတယ်။ ဒါပေမယ့်လည်း ရှေးရိုးနည်းကြီးပါပဲ။ ဘယ်လိုပဲ ဖြစ်ဖြစ် သူမနဲ့ ရင်းနှီးခင်မင်ဖို့က အရေးကြီးဆုံးပဲ မဟုတ်လား။ သူမက စကားနည်းတယ်။ ရည်မှန်းချက်ကြီးတယ်။ ထက်မြက်တယ်။ ပေါက်တတ်ကရတွေနဲ့  ရေလောင်း ပေါင်းသင်လို့ မရဘူး။ ကျွန်တော့်ရဲ့ မျက်ဝန်းတွေကို ရံဖန်ရံခါ ရီဝေေ၀ ငေးကြည့် နေတတ်တာကတော့ ကျွန်တော့်အတွက် ၀မ်းသာစရာ ကိစ္စတစ်ခုပဲလား။ ကျွန်တော် ရေရေရာရာမသိခဲ့ဘူး။  ညစဉ် ညတိုင်း သူမ အဆောင်ေ၇ှ့မှာ သီချင်းတွေ သွားသွား ဆိုမိတယ်။ ဇာတ်ကားတွေထဲကလို ခန်းစလိုက်ကာလေးကို ကွယ်ပြီး မြင်သာအောင် သူမက ချောင်းပြီး နားမထောင်ဘူး။ ဇာတ်ကားတွေထဲကလို ၀ရန်တာမှာ ထွက်ပြီး သူမ အားမပေးဘူး။ ၀တ္ထုတွေ ထဲကလို သီချင်းလာဆိုတဲ့ ကျွန်တော်တို့ကို သူမက ရေဗူး လာမပေးဘူး။ စားစရာလာမပေးဘူး။ ဘယ်လိုပဲဖြစ်ဖြစ်ပါ တန်ပြန်သံကို ကြားရမှာ ကျွန်တော့် သစ်ပင်လေးက ပန်းတွေပွင့်ပေးမှာ မဟုတ်ပါဘူး။ မျက်ဝန်းသီချင်းလေးတွေနဲ့ပဲ ကျွန်တော် တစ်ပင်လုံး ဝေပေးနေမှာ ပါ။

*

မိဿရာသီကို အလွမ်းတွေ သိမ်းပိုက်လိုက်ကြပြီ

ကမ္ဘာမြေရဲ့ အနောက်ဘက်ခြမ်းက ပြတ်ရွေ့ကြောင်းတွေဟာ ကျွန်တော့်နှလုံးသားဆီကို ရောက်လာတယ်။ နွေက ပူတာလား။ ကျွန်တော့် ၇င်က ပူတာလား။ အိပ်မက်တွေဟာ ရေငတ်ပြီးရင်း ငတ်။ နာရီ တံ မိနစ်တံ စက္ကန့်တံတွေဟာ ကျွန်တော့်အပေါ် ဖိစီးလို့။ ဥသြငှက်တို့  အိမ်လည်လာကုန်ကြပြီ။ ဘယ်အရပ်မှာ နတ်သမီးငယ် တေးဆိုနေသလဲ။ မမြင်နိုင်ခြင်း မောဟ နဲ့ တပ်မက်လိုချင်ခြင်း လောဘတို့ကြား မှာ ကျွန်တော် အမောဖောက်နေပြီ။ အဆောင်ပြတင်းပေါက်တို့ ဖွင့်မယ့်ရက်။ မလွမ်းတတ်တဲ့ သူငယ်ချင်းတွေ ကြားမှာ ကျွန်တော်က ငကြောင်တစ်ကောင်လို ဖြစ်နေရတာ ပင်ပန်းလာပြီ။ မချစ်တတ်တဲ့ သူငယ်ချင်းတွေကြားမှာ အချစ်အကြောင်း စာဖွဲ့ဖို့  အရူးတစ်ယောက် လို တောင်းပန်ခယနေရတာ ပင်ပန်းလာပြီ။ မိုးရေစက်တို့ရေ ဒီရင်ကို အမြန်လာ အေးစေပါတော့။ လွမ်းတဲ့အကြောင်း ပြောပြဖို့ တရား မ၀င်နိုင်သေးပေမယ့် ရူးရူးမက်မက် လွမ်းနေရတာကိုတော့ သူမ ကို ပြောပြချင်သေးတယ်။ သူမကော ဒီအချိန်မှာ ဘာတွေ လုပ်နေမလဲ။
တိမ်တိုက်တို့ မရွာမဲ့ မိုးရေစက်တွေ ထမ်းပြီး ကျွန်တော့်ခေါင်းပေါ်မှာ မှိုင်းညှို့နေလေရဲ့။

*

ကရကဋ်ရာသီ မှာ ရွာတဲ့ စကားလုံးတွေ

ပန်းတွေ အရမ်းလှတာပဲ
မင်းက ပိုလှပါတယ်
ရေလေးက အေးနေတာပဲ
မင်း အပြုံးက ပိုအေးပါတယ်
.... .... .....
အချစ် ကို ဘယ်လိုမြင်လဲ
မမြင်နိုင်တဲ့ အရာတစ်ခုကို ဘယ်လို မြင်ရမလဲ
တစ်ခုခုပေါ့ ထင်မြင်ချက်ပဲ ဖြစ်ဖြစ်
မရှိဘူး ရှိတယ်လို့ကို ယုံလို့မရတာ
ဒါဆို တစ်ယောက်ယောက်က ရှိတယ်လို့ သက်သေပြလာရင်ရော
အခြားသူတွေအတွက် ရှိချင်ရှိမှာပေါ့။ တို့အတွက်ကတော့
ကိုယ် မင်းကို ချစ်တယ်
ကျွန်မ ချစ်လို့မရဘူး
ကိုယ် မင်းကို ချစ်တယ်
ကျွမ်မ မချစ်တတ်ဘူး
ကိုယ် မင်းကို ချစ်တယ်
ကျွန်မ ဘ၀မှာ အချစ်အတွက် နေရာမရှိဘူး
ကိုယ် မင်းကို ချစ်နေမှာပါ။

*

သိဟ်ရာသီမှာ အချို့ မရဲရင့်နိုင်ခဲ့ကြဘူး

ဘာကြောင့်ရယ် ဖြစ်ဖြစ်ပေါ့ ။ မင်း တောင့်တလိုက်ပါ။ ကိုယ့်အစွမ်းနဲ့ တတ်နိုင်တာ ဖြစ်ခဲ့ရင် ဖြည့်ဆည်းပေးချင်ပါတယ်။ ဘာကြောင့်ရယ် ဖြစ်ဖြစ်ပေါ့။ မင်း တောင့်တလိုက်ပါ။ မင်း ဘ၀ရဲ့ လှေကားပဲ ဖြစ်ဖြစ် လမ်းပဲ ဖြစ်ဖြစ် တံတားပဲ ဖြစ်ဖြစ်။
ဘာကြောင့်ရယ်ဖြစ်ဖြစ်ပေါ့။ မင်း တောင့်တလိုက်ပါ။ မင်း အတွက် လူရွှင်တော်ပဲ ဖြစ်ဖြစ်။ ဘာကြောင့်ရယ်ဖြစ်ဖြစ်ပါ။
ဒီလိုနဲ့ ကျွန်တော့်ရဲ့ အိပ်မက်တွေဟာ အခြားတစ်ပါးမှာ မပျော်မရွှင် ပွင့်ဝေနေ၇တယ်။ မကြွေခင်အထိ။ သူမ ရဲ့ မျက်ဝန်းတွေကို ကျွန်တော် အကြိမ်ကြိမ် ဖတ်ခဲ့တယ်။ နားလည်ဖို့လည်း အကြိမ်ကြိမ်ကြိုးစားခဲ့တယ်။ ကျွန်တော်ရဲ့ အချစ်က သူမအတွက် တစ်စုံတစ်ခုတောင် စိတ်မှာ မခံစားစေဘူးလား။ ကျွန်တော် လောဘတွေ မတက်ချင်ပါဘူး။ တင်းတိမ်ရောင့်ရဲခြင်းတွေ မဖြစ်နိုင်ဘူး ဆိုပေမယ့် ကျွန်တော်တတ်နိုင်သမျှ တင်းတိမ်ရောင့်ရဲခဲ့ရတယ်။ အချစ်ဟာ ဘယ်လိုလဲ။ အခုတော့ ကျိန်စာတို့ ကျွန်တော့် နေ့စွဲတွေမှာ မင်းမူနိုင်ကြပြီပေါ့။ ချစ်သူရယ်..မြင်တွေ့ခွင့်လေးကိုပဲ ကိုယ်က အဖိုးမဖြတ်နိုင်အောင် တန်ဖိုးထားနေတတ်တာပါ။ တေးတွေ ခါးခဲ့ရင်လည်း ပြတင်းတံခါးကိုသာ ဖြည်းညင်းစွာ ပိတ်လိုက်ပါတော့။ ကိုယ်တစ်ယောက်တည်းပဲ ရူးလိုက်တော့မယ်။

*

ရာသီတွေဟာ ဘယ်လို သဘောတရားတွေ ဘယ်လို ဓာတ်သတ္တိတွေ နဲ့ ဖွဲ့စည်းထားသလဲ ကျွန်တော်မသိဘူး။ ကျွန်တော့်ရဲ့သိခြင်းမှာ သူမနဲ့ သူမ အိပ်မက်တွေပဲ ရှိတော့တယ်။ အခြားတစ်ပါး ဘာမှ မရှိတော့ဘူး။ နောက်ထပ် နောက်ထပ် ၇ာသီတွေ ၀တ်စုံသစ်တွေနဲ့ ရောက်လာခဲ့ကြတယ်။ ဇာတ်လမ်းတစ်ပုဒ်ဟာ ဒီလိုပဲ ပြီးဆုံးသင့်သလား။ သူမကတော့ ကျွန်တော်ရဲ့ မြင်နိုင်မှုတွေနဲ့ အဝေးဆုံးမှာ။ သူမ ပျော်နေသလား။ သူမ ၀မ်းနည်းနေသလား။ တစ်စုံတစ်ခုသော ထူးခြားလင်းပွင့်မှုလေးတောင်မှာ ကျွန်တော့်ကို သူမ အိပ်မက်လာမပေးခဲ့ဘူး။ ဒါဟာ ဇာတ်လမ်းတစ်ပုဒ် ဖြစ်မြောက်ဖို့ မလုံလောက်ဘူး ဆိုလည်း ဒီအတိုင်းလေးပဲ ထားလိုက်ပါ။ သေချာတာကတော့ ကျွန်တော်ဟာ ကျိန်စာကနေ မပြယ်နိုင်သေးပါဘူး။ အချစ်ဟာ နံနက်ခင်းတိုင်း ကျွန်တော့်ကို လာလာနှိုးတယ်။ ညနေချိန်တိုင်း ကျွန်တော့်ကို လာလာ နှိပ်စက်တယ်။ ညတိုင်း ကျွန်တော့်ကို အိပ်မက်ပေးတယ်။ အခုတော့ ကျွန်တော်နဲ့ အချစ် ပဲ ကျန်တော့တယ်။ အခြားတစ်ပါး ဘာမှ မရှိတော့။ နှင်းတွေဟာ မိုးခေါင်ခေါင်ကြီး ပူလောင်စွာ ကျဆင်းလို့။

* * *

မိုးအိမ်လူ
၁၇ ဒီဇင်ဘာ ၂၀၁၁
ည ကိုးနာရီ လေးဆယ့်ရှစ်မိနစ်